အခန်း ၃၉၆
Vol. 35 Ch. 396
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၉၆) - ဟင်းလင်းပြင်ဂိတ်တံခါး
ဘာသာပြန် - အားသစ်
"မဖြစ်နိုင်ဘူး…"
ခေါင်းခွံကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများက ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ် သုံးစင်းစလုံးကို လင်းဖုန်းက တိုက်ရိုက်ချေမွလိုက်သည်ကို မည်သို့မျှ မတတ်နိုင်ဘဲ ကြည့်ရှုနေခဲ့ကြရသည်။ ကောင်းကင်ယံတစ်ခုလုံး မီးတောက်မီးလျှံကြီးများ အပြင်းအထန် တောက်လောင်နေကာ ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။ ဥက္ကဋ္ဌသည်လည်း ဤမြင်ကွင်းကို ကြည့်ကာ မှင်သက်နေ၏။
ပြီးသွားပြီ… အားလုံး ပြီးဆုံးသွားခဲ့လေပြီ။ ခေါင်းခွံကုန်သည်ကြီးများအသင်းအနေဖြင့် သမိုင်းတစ်လျှောက် ဤမျှအထိ ပြင်းထန်လှသော ထိုးနှက်ချက်မျိုးကို တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးချေ။
သို့သော်လည်း ယခုအခါတွင်မူ သူတို့အနေဖြင့် လင်းဖုန်းကို မည်သို့မျှ ထိခိုက်အောင် မစွမ်းနိုင်ကြတော့ချေ။ ဂြိုဟ်တစ်လုံးလုံးကိုပင် ဖျက်ဆီးပစ်နိုင်သော ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ် သုံးစင်းက လင်းဖုန်းရှေ့၌မူ အရာမထင်ခဲ့ချေ။
တိတိကျကျ ပြောရမည်ဆိုလျှင် ယင်းတို့၏ တိုက်ခိုက်မှုများက လုံးဝဥဿုံ အချည်းနှီးဖြစ်သွားခဲ့ခြင်းတော့ မဟုတ်ချေ။ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်သည်လည်း အလွန်တရာ ပြင်းထန်လှသည့် ရိုက်ခတ်မှုကို ခံခဲ့ရသည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုပင် ဆက်လက် ထိန်းသိမ်းထားရန် မစွမ်းနိုင်လုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ဒီရေလှိုင်းနိယာမက ဂြိုဟ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ရာ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကဏ္ဍစုံတွင် အဆပေါင်းတစ်ရာအထိ မြှင့်တင်ပေးထားနိုင်ခဲ့၏။ ထို့ကြောင့်သာ သူ ဤတိုက်ခိုက်မှုကို အားတင်း၍ ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ တစ်ဖက်သူက ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ် အနည်းငယ်မျှ ထပ်မံစေလွှတ်ခဲ့မည်ဆိုလျှင် သူလည်း ဆက်လက် တောင့်ခံထားနိုင်လိမ့်မည် မဟုတ်ချေ။
အထူးသဖြင့် ခေါင်းခွံကုန်သည်ကြီးများအသင်းက လင်းဖုန်းကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ရိုယာအင်ပါယာ အစိုးရအဖွဲ့အား ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ကြိုတင်ညှိနှိုင်းထားခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် လင်းဖုန်းက ကုန်သည်ကြီးများအသင်း၏ လူများနှင့် အာကာသယာဉ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ချေမှုန်းနေသည်ကို သူတို့ ဘာမှ မတတ်နိုင်ဘဲ ဒီအတိုင်းသာ ကြည့်နေကြရတော့သည်။
ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်မှာ ယခုအခါတွင် လင်းဖုန်းက ကုန်သည်ကြီးများအသင်း၏ ဌာနချုပ်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ ဖြစ်သည်။
"ဥက္ကဋ္ဌကြီး… ကျွန်တော်တို့တွေ ဒီကျင့်ကြံသူကို ရင်ဆိုင်မယ့် နည်းလမ်းကို ပြန်ပြီးတော့ သေသေချာချာ စဉ်းစားရပါလိမ့်မယ်"
"ဟုတ်တယ်… စွမ်းအင်ယူနစ် တစ်သန်းဆိုတာ များတယ်ဆိုပေမဲ့ ကျွန်တော်တို့ ထုတ်ပေးနိုင်ပါသေးတယ်။ ဒီကျင့်ကြံသူရဲ့ ဒေါသကိုသာ ပြေငြိမ်းအောင် လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ကုန်သည်ကြီးများအသင်းအနေနဲ့ ဆက်ပြီးတော့ တိုးတက်လာနိုင်ဦးမှာပါ။ ဒီဆုံးရှုံးမှုကိုလည်း အနာဂတ်မှာ ပြန်ပြီးတော့ ကာမိစေနိုင်မှာပါ"
"ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီ… ဒီကျင့်ကြံသူနဲ့ ဆက်သွယ်ဖို့အတွက် လူတစ်ယောက် ချက်ချင်း လွှတ်လိုက်ပါ။ ငါတို့တွေ ငြိမ်းချမ်းရေး ဆွေးနွှေးဖို့ လိုတယ်"
ကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများ အားလုံး တပြိုင်နက်တည်း သဘောထား ပြောင်းသွားကြသည်ကို မြင်တွေ့လိုက်ရချိန်တွင် ဥက္ကဋ္ဌက ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။
"မဖြစ်ဘူး… မင်းတို့တွေ ဘာတွေ တွေးနေကြတာလဲ။ င်တို့က သာမန် ကျင့်ကြံသူလေးတစ်ယောက်ရဲ့ ရှေ့မှာ ဘာလို့ ဦးညွှတ်ရမှာလဲကွ။ ငါတို့ရဲ့ လက်ထဲမှာ ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ် နှစ်စင်း ရှိနေသေးတာပဲ။ တခြားနေရာတွေကနေ အာကာသယာဉ်စုတွေကို ထပ်ပြီးတော့ လှုပ်ရှားစေလို့ရသေးတယ်လေ"
"ဥက္ကဋ္ဌကြီး… မင်းရဲ့ ဆုံးဖြတ်ချက်အမှားကြောင့် ကုန်သည်ကြီးများအသင်းမှာ တွက်ချက်လို့မရနိုင်တဲ့ ဆုံးရှုံးမှုတွေ ကြုံခဲ့ရပြီးပြီ။ ဒါကြောင့်မို့ ကျုပ်တို့တွေအနေနဲ့ မင်းကို ရာထူးကနေ ဖယ်ရှားဖို့အတွက် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်လိုက်ပြီ။ ဥက္ကဋ္ဌကြီးအနေနဲ့ ရာထူးကနေ ဆင်းပေးရပါလိမ့်မယ်။ ဒီကိစ္စ ပြီးသွားတာနဲ့ ကျုပ်တို့တွေ ဥက္ကဋ္ဌအသစ်တစ်ယောက် ပြန်ပြီးတော့ ရွေးချယ်သွားမယ်"
..........
"မဖြစ်ဘူး… မလုပ်ရဘူး… မင်းတို့ ဒီလိုလုပ်လို့မရဘူးကွ။ ခေါင်းခွံကုန်သည်ကြီးများအသင်းကို ငါကိုယ်တိုင် တည်ထောင်ခဲ့တာကွ…"
ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌတစ်ယောက် သူ့အာဏာအားလုံး ရုတ်သိမ်းခံလိုက်ရပြီ ဖြစ်ကြောင်း သိသွားသည်။ လက်ရှိအချိန်တွင် သူ လက်အောက်ငယ်သားများကိုပင် အမိန့်ပေးပိုင်ခွင့် မရှိတော့ချေ။ သူ သွေးရူးသွေးတန်း အော်ဟစ်နေခဲ့သည်။ သို့သော်လည်း ကံဆိုးစွာဖြင့် သူ မည်မျှပင် အော်ဟစ်နေပါစေ အမှန်တရားကိုမူ ပြောင်းလဲနိုင်ခြင်း မရှိတော့ချေ။
ခေါင်းခွံကုန်သည်ကြီးများအသင်းက သူတစ်ဦးတည်းနှင့်သာ သက်ဆိုင်နေသည် မဟုတ်ချေ။ အကယ်၍ သူသာ ဆုံးဖြတ်ချက်အမှားများကို ချမှတ်ခဲ့သည်ဖြစ်သောကြောင့် သူ၏ ဥက္ကဋ္ဌရာထူးကလည်း ထို့အတူပင် အဆုံးသတ်သွားရုံသာ ရှိပေတော့သည်။
…………
လင်းဖုန်း ခေါင်းခွံကုန်သည်ကြီးများအသင်း၏ ဌာနချုပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အပြင်တွင် စက်ရုပ်များနှင့် လက်နက်ကိုင်စစ်သည်များစွာ ထူထပ်သိပ်သည်းစွာ ရပ်နေကြပြီး ယင်းတို့အားလုံး လင်းဖုန်းကို သတိကြီးကြီးဖြင့် စောင့်ကြည့်နေကြသည်။
"မြင့်မြတ်လှတဲ့ ကျင့်ကြံသူ… ဒီကိစ္စတွေအကုန်လုံးက ကျွန်တော်တို့ နားလည်မှုလွဲနေတာ ထင်တယ်ခင်ဗျ"
လူတစ်ဦး တံခါးအတွင်းမှ လှမ်းထွက်လာပြီး လင်းဖုန်းကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်သည်။
"နားလည်မှုလွဲတာ ဟုတ်လား။ ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်တွေကိုတောင် လှုပ်ရှားစေခဲ့တာပဲ။ အဲဒါက နားလည်မှုလွဲတာလို့တော့ ငါ မထင်ဘူး"
"မဟုတ်ပါဘူး… မြင့်မြတ်လှတဲ့ ကျင့်ကြံသူခင်ဗျ။ ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က တရားခံကတော့ ကျွန်တော်တို့ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌဟောင်းပဲ ဖြစ်ပါတယ်။ သူက ဆုံးဖြတ်ချက်အမှားတွေ ချမှတ်ခဲ့တာပါ။ ယခုအချိန်မှာတော့ သူက ကုန်သည်ကြီးများအသင်းကနေ ဖယ်ရှားခံလိုက်ရပါပြီ။ ဥက္ကဋ္ဌရာထူးကို ဆုံးရှုံးသွားခဲ့ပါပြီ။ ဒါ့အပြင် သူ့အပြစ်တွေကြောင့် သူ နှစ်ပေါင်းတစ်ရာတိုင်တိုင် အကျဉ်းချခြင်း ခံရမှာ ဖြစ်ပါတယ်"
ထိုသို့ ပြောဆိုပြီးနောက် တစ်ဖက်လူက လင်းဖုန်းကို ဗီဒီယိုမှတ်တမ်းတစ်ခု ပြလိုက်သည်။ ဗီဒီယိုအတွင်း၌မူ ခေါင်းခွံကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌက စက်ရုပ်များ၏ အတင်းအကြပ် ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အုံ့မှိုင်းနေသော ထောင်ခန်းတစ်ခုအတွင်းသို့ ပစ်ချခံလိုက်ရသည်။
လင်းဖုန်း ကုန်သည်ကြီးများအသင်းက သူ့ဒေါသကို ပြေငြိမ်းစေရန်အတွက် သူတို့၏ ဥက္ကဋ္ဌကိုပင် စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
"ဒါက မင်းတို့ ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်ဆိုပေမဲ့ အဲဒီအချိန်တုန်းက မင်းတို့ရဲ့ ဥက္ကဋ္ဌက ခေါင်းခွံကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုနေခဲ့တာပဲ မဟုတ်လား"
"အဲ့ဒါကို ကျွန်တော်တို့ သဘာဝအတိုင်း နားလည်ပါတယ်ခင်ဗျာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ မြင့်မြတ်လှတဲ့ ကျင့်ကြံသူကို လျော်ကြေးပေးဖို့အတွက် စွမ်းအင်ယူနစ် တစ်သန်းကို ပြင်ဆင်ထားပြီးသားပါ"
တစ်ဖက်လူ၏ လက်ဝှေ့ယမ်းမှုနှင့်အတူ လူတချို့က စွမ်းအင်ယူနစ် တစ်သန်းကို ချက်ချင်း သယ်ဆောင်လာခဲ့ကြသည်။
"စွမ်းအင်ယူနစ် တစ်သန်း ဟုတ်လား။ အဲလောက်နဲ့ မလုံလောက်ဘူး။ လုံးဝကို မလုံလောက်သေးဘူး။ မင်းတို့တွေက ခေါင်းဖြတ်အဖွဲ့ကို စေလွှတ်ခဲ့တယ်။ ဆဲလ်ခဲလက်နက်တွေကို သုံးခဲ့တယ်။ ဒါ့အပြင် ဂြိုဟ်ဖျက်အမြောက်တွေကိုတောင် သုံးခဲ့သေးတယ်။ ငါ အခု မင်းတို့ရဲ့ ဌာနချုပ်အပြင်ဘက်ကို ရောက်နေပြီ။ တကယ်လို့ မင်းတို့သာ ငါ့ကို ကျေနပ်အောင် မလုပ်ပေးနိုင်ဘူးဆိုရင် ငါ ဒီဌာနချုပ်ထဲကို အလည်လာခဲ့မယ်။ ပြီးတော့ မင်းတို့ ခေါင်းခွံကုန်သည်ကြီးများအသင်းကိုလည်း ရိုယာအင်ပါယာ ဂြိုဟ်ပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်"
"မ… မဖြစ်ပါဘူး… မြင့်မြတ်လှတဲ့ ကျင့်ကြံသူအရှင် ကျွန်တော်တို့ ကုန်သည်ကြီးများအသင်းကို ပျောက်ကွယ်သွားအောင် လုပ်ပစ်လို့လည်း အရှင့်အတွက် ဘာကောင်းကျိုး မရှိပါဘူး။ အရှင့်အနေနဲ့ ခဏတာလောက်ပဲ ဒေါသဖြေနိုင်ရုံပြ ဖြစ်မှာပါ"
"မင်းတို့တွေ လုံးဝ ပျောက်ကွယ်မသွားချင်ဘူးဆိုရင်တော့ မင်းတို့ရဲ့ ရိုးသားမှုကို ပြစမ်းပါ။ စွမ်းအင်ယူနစ် ငါးသန်း… တစ်ယူနစ်တောင် လျော့လို့မရဘူး"
"ဒါက…"
ဆွေးနွေးညှိနှိုင်းမှု တာဝန်ခံမှာ တွန့်ဆုတ်သွားသည်။ စွမ်းအင်ယူနစ် ငါးသန်းဟူသော ပမာဏက အလွန့ပေအလွန် များပြားလှပေ၏။ သူ့တွင် ဤဆုံးဖြတ်ချက်ကို ချမှတ်ရန် အာဏာမရှိချေ။
တကယ်တန်းတွင် ခေါင်းခွံကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများသည်လည်း ဤဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို အနီးကပ် စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်၏။ သူတို့အားလုံး စွမ်းအင်ယူနစ် ငါးသန်းဟူသော ကိန်းဂဏန်းကို ကြားလိုက်ရချိန်၌ သူတို့၏ မျက်နှာများ ချက်ချင်း နီမြန်းသွားကြသည်။
လင်းဖုန်း၏ အဆမတန် တောင်းဆိုမှုက သူတို့အား အလွန်တရာ မခံမရပ်နိုင် ဖြစ်စေသည်။
သို့သော်လည်း လင်းဖုန်း ပြောခဲ့သည့်အတိုင်းပင်။ လင်းဖုန်းက ကုန်သည်ကြီးများအသင်း၏ ဌာနချုပ် ပြင်ပတွင် ရှိနေ၏။ အကယ်၍ သူတို့ သဘောမတူခဲ့ကြပါက လင်းဖုန်းက ခေါင်းခွံကုန်သည်ကြီးများအသင်းကို ရိုယာအင်ပါယာ ဂြိုဟ်ပေါ်မှ လုံးဝဥဿုံ ပျောက်ကွယ်သွားအောင် ပြုလုပ်ပေလိမ့်မည်။ လင်းဖုန်းတွင် သူ၏ ခြိမ်းခြောက်မှုကို လက်တွေ့အကောင်အထည်ဖော်နိုင်သော စွမ်းရည်လည်း ရှိနေသည် မဟုတ်ပါလား။
"ပေးလိုက်ပါ… သူ့ကို စွမ်းအင်ယူနစ် ငါးသန်းလုံး ပေးလိုက်။ ဒါက ငါတို့အသင်းအနေနဲ့ နာကျင်ရလောက်တဲ့ စျေးနှုန်းတစ်ခု ပေးဆောင်ရတဲ့ သင်ခန်းစာတစ်ခုပဲ။ ဒီကိစ္စက အဲဒီသောက်ရူး ဥက္ကဋ္ဌဟောင်း ချန်ထားခဲ့တဲ့ အရှုပ်ထုပ်ကြီးပဲ မဟုတ်လား"
"ဟုတ်တယ်… အဲဒီသောက်ရူး ဥက္ကဋ္ဌက ငါတို့ကို ဒီပြဿနာကြီးထဲ ရောက်အောင် ဆွဲသွင်းခဲ့တာပဲ။ သူ မိုက်မိုက်ကန်းကန်း ဆုံးဖြတ်ချက်တွေ ချခဲ့လို့ ငါတို့တွေ ဒီလိုဖြစ်ရတာပဲ။ ဒီသင်ခန်းစာကို ငါတို့ လက်မခံချင်ရင်တောင် လက်ခံရလိမ့်မယ်"
"စွမ်းအင်ယူနစ် ငါးသန်းက အရမ်းများတယ်ဆိုပေမဲ့ ငါတို့ကုန်သည်ကြီးများအသင်းကို လုံးဝ မွဲပြာကျသွားစေနိုင်လောက်အောင်တော့ မဟုတ်ပါဘူး။ အဆိုးဆုံးအနေနဲ့ ငါတို့တွေ အနာဂတ်မှာ ဒါကို တဖြည်းဖြည်း ပြန်ရှာလို့ ရတာပဲ။ ဒါပေမဲ့ အခုအချိန်မှာ ငါတို့ ဌာနချုပ်ရဲ့ ဘေးကင်းမှုက အရေးအကြီးဆုံးပဲ"
ဤကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများက ပြဿနာအားလုံးကို ဥက္ကဋ္ဌဟောင်းခေါင်းပေါ်သို့ အလျင်အမြန် တွန်းပို့လိုက်ကြတော့သည်။ သူတို့ လင်းဖုန်းကို စွမ်းအင်ယူနစ်ငါးသန်း ပေးအပ်ရန် ကတိပြုလိုက်ကြတော့သည်။
"မြင့်မြတ်လှတဲ့ ကျင့်ကြံသူခင်ဗျ… ကုန်သည်ကြီးများအသင်းရဲ့ အမှုဆောင်အရာရှိတွေက အရှင့်ရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်ပါပြီ"
မကြာခင်မှာပင် စွမ်းအင်ယူနစ် ငါးသန်းကို လင်းဖုန်းထံသို့ ပေးအပ်လိုက်ကြသည်။
စင်စစ်တွင်မူ စွမ်းအင်ယူနစ် ငါးသန်းဆိုသော အရာက စွမ်းအင်တုံး ငါးခုမျှသာ ဖြစ်၏။ စွမ်းအင်တုံးတစ်ခုစီက အထွတ်အထိပ်အဆင့်အထိ သိပ်သိပ်သည်းသည်း စုစည်းထားခြင်း ဖြစ်သည်။ လက်သီးဆုပ်ခန့်သာ အရွယ်အစား ရှိသော်လည်း ကြောက်မက်ဖွယ်ရာ စွမ်းအင်ပမာဏများ ပါဝင်နေ၏။
ဤသည်ကား စွမ်းအင်ယူနစ် ငါးသန်း ဖြစ်သည်။ သဘာဝအတိုင်းပင် ယင်းက စကြဝဠာအတွင်းရှိ ခိုင်မာလှသော အစစ်အမှန် ငွေကြေးပင်။ ယင်းကို သာမန် စွမ်းအင်သက်သက်အဖြစ်သာ အသုံးပြုသည်က အလွန်တရာ ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
ဤသည်ကား စွမ်းအင်သုံးစွဲမှုဆိုင်ရာ အခြေခံမူများနှင့် သက်ဆိုင်နေ၏။
ဥပမာအားဖြင့် စွမ်းအင်တစ်ယူနစ်ဖြင့် လက်တွေ့တွင် အာကာသယာဉ်များ ပျံသန်းရာ၌ အသုံးပြုသော သာမန်စွမ်းအင်တုံး အမြောက်အမြားကို ဝယ်ယူနိုင်စွမ်း ရှိသည်။
သို့သော်လည်း လင်းဖုန်းသည် ယခုအခါတွင် အလွန်တရာ ချမ်းသာကြွယ်ဝသွားခဲ့ပြီ ဖြစ်၏။ သူ့တွင် စွမ်းအင်ယူနစ် ငါးသန်းဟူသော ကြီးမားလှသည့် ပမာဏ ရှိနေခဲ့ပြီဖြစ်ရာ သူ ဖြုန်းတီးမှု အနည်းငယ်အပေါ် အဘယ့်ကြောင့် ဂရုစိုက်နေပါဦးမည်နည်း။
ထို့ကြောင့် သူ စွမ်းအင်ယူနစ် ငါးသန်းကို ယူဆောင်ကာ ဆိပ်ကမ်းဧရိယာရှိ အာကာသယာဉ်ဆီသို့ ချက်ချင ပြန်လည် ထွက်ခွာသွားတော့သည်။
"လောင်ဘီသမ်… ငါတို့ စွမ်းအင်တွေ ရပြီ။ ဟင်းလင်းပြင် လမ်းကြောင်းဆီကို ဦးတည်သွားကြစို့"
ထို့နောက် အာကာသယာဉ်သည် ဆိပ်ကမ်းဧရိယာမှ တဖြည်းဖြည်း ထွက်ခွာသွားပြီး ဟင်းလင်းပြင် လမ်းကြောင်းရှိရာသို့ ဦးတည်ပျံသန်းသွားတော့သည်။
စကြဝဠာစံတော်ချိန် သုံးနာရီခန့် ကြာမြင့်ပြီးနောက် သူတို့ ဟင်းလင်းပြင် လမ်းကြောင်းဆီသို့ ရောက်ရှိလာကြသည်။
ဟင်းလင်းပြင် လမ်းကြောင်းဟု အမည်တွင်သော အရာက စကြဝဠာကြီးကို ဖြတ်သန်းတည်ရှိနေသည့် ကြီးမားလှသော ဟင်းလင်းပြင် ဂိတ်တံခါးကြီးတစ်ခုသာ ဖြစ်သည်။ ထိုနေရာတွင် ဟင်းလင်းပြင် လမ်းကြောင်းကို ထိန်းသိမ်းရန်အတွက် သီးသန့်တည်ဆောက်ထားသော ကြီးမားလှသည့် အခြေစိုက်စခန်းတစ်ခု ရှိနေသည်။
လင်းဖုန်း၏ အာကာသယာဉ်က ဟင်းလင်းပြင် လမ်းကြောင်း၏ ဂိတ်တံခါးကြီးဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ ဂိတ်တံခါးကို စောင့်ကြပ်ရန်အတွက် အသိဉာဏ်ရှိသော စက်ရုပ်များလည်း ရှိနေ၏။
"ကျုပ်တို့ ဘီမွန်ဂလက်ဆီဆီကို သွားချင်လို့ပါ"
"ဘီမွန်ဂလက်ဆီအတွက် စွမ်းအင်ယူနစ် တစ်သိန်းကျသင့်ပါတယ်ခင်ဗျ"
လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ အမှန်တကယ်ပင် စွမ်းအင်ယူနစ် တစ်သိန်းအထိ ကျသင့်၏။ ဤသည်ကား သေးငယ်သော ပမာဏတစ်ခု မဟုတ်ချေ။ ကံကောင်းထောက်မစွာဖြင့် သူ ခေါင်းခွံကုန်သည်ကြီးများအသင်းထံမှ ငွေအများကြီး ညစ်ခဲ့၏။ မဟုတ်ပါက သူ ဟင်းလင်းပြင် လမ်းကြောင်းအတွက် ကုန်ကျစရိတ်ကိုပင် တတ်နိုင်လိမ့်မည် မဟုတ်ချေ။
ဟင်းလင်းပြင် လမ်းကြောင်းအတွင်းသို့ အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်ရန်နှင့် ပတ်သက်၍မူ…
လင်းဖုန်း ထိုအချက်ကို စဉ်းစားရန်ပင် ဝံ့ရဲချေ။ ဟင်းလင်းပြင် လမ်းကြောင်းရှေ့၌ ဧရာမအမြောက်ကြီးများ ဒါဇင်ပေါင်းများစွာ ရှိနေသည်။ ယင်းတို့က သာမန် ဂြိုဟ်ဖျက်အမြောက်များထက်ပင် များစွာပို၍ ကြောက်စရာကောင်းပုံရ၏။ ထိုအမြောက်များဆီသို့ အနည်းငယ်မျှ ချဉ်းကပ်လိုက်ရုံဖြင့် လင်းဖုန်းကို တုန်လှုပ်တစ်ခုကို ခံစားရသည်။
ကြည့်ရသည်မှာ သူ ဖျက်ဆီးခြင်းလှံတံကို အသုံးပြုသည့်တိုင် ဤဧရာမ အမြောက်ကြီးများကို ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပုံရသည်။
ဟင်းလင်းပြင် လမ်းကြောင်းက ရိုယာအင်ပါယာမှ အလွန်တရာ တန်ဖိုးထားရသော နေရာတစ်ခု ဖြစ်သည်။ ယင်းကို မဟာဗျူဟာမြောက် လမ်းကြောင်းတစ်ခုအဖြစ် သတ်မှတ်ထားခြင်း ချဲ့ကားပြောဆိုနေသည် မဟုတ်ချေ။ သဘာဝအတိုင်းပင် ဤနေရာ၏ ကာကွယ်ရေးစနစ်က အကောင်းမွန်ဆုံးနှင့် အတင်းကြပ်ဆုံး ဖြစ်ပေလိမ့်မည်။ လင်းဖုန်းကို မဆိုထားနှင့်။ သာမန် ဂြိုဟ်အဆင့် သက်ရှိများနှင့် ဂြိုဟ်အဆင့် နိယာမများကို နားလည်သဘောပေါက်ထားသော သက်ရှိများပင်လျှင် ဟင်းလင်းပြင် လမ်းကြောင်းအတွင်းသို့ အတင်းအဓမ္မ ထိုးဖောက် ဝင်ရောက်ရဲကြမည် မဟုတ်ချေ။
ထို့ကြောင့် လင်းဖုန်း စွမ်းအင်ယူနစ် တစ်သိန်းကို အသာတကြည် လွှဲအပ်ပေးလိုက်တော့သည်။ ထို့နောက် ဧရာမ ဟင်းလင်းပြင် ဂိတ်တံခါးကြီးထံမှ အလင်းလှိုင်းများ ထွက်ပေါ်လာပြီး ပြင်းထန်လှသော စုပ်အားတစ်ခု ထွက်ပေါ်လာတော့သည်။
"သွားကြစို့"
လင်းဖုန်း အမိန့်ပေးလိုက်သည်နှင့် လောင်ဘီသမ်က အာကာသယာဉ်ကို ထိန်းချုပ်ကာ ဟင်းလင်းပြင် ဂိတ်တံခါးကြီးအတွင်းသို့ တဖြည်းဖြည်း မောင်းနှင် ဝင်ရောက်သွားတော့သည်။
ဝီ…
ဟင်းလင်းပြင် ဂိတ်တံခါးကြီး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ထို့နောက် အလင်းတန်းတစ်ခု လက်သွားကာ အာကာသယာဉ်ကြီးလည်း ပျောက်ကွယ်သွားတော့သည်။