အခန်း ၉၀၂
Vol. 61 Ch. 902
အခန်း ( ၉၀၂ ) ကံတရားနှင့်ဖန်ဆင်းခြင်း၏ နတ်ဘုရား။
"သေစမ်း"
ကောင်းကင်သင်္ချိုင်း၏ အပြင်ဘက်စွန်းမှ နွံတောတစ်ခုတွင်...
ထိုပါ့ယွိ၏ မျက်နှာက ဖြူဖျော့ပြီး နဖူးမှာလည်း ချွေးအေးများ စီးကျနေသည်။
သူ့ခြေထောက်တစ်ဖက်က ရွှံ့နွံပျော့ မတော်တဆ ကျွံဝင်သွား၏။
ခြေထောက်တစ်ခုလုံး တိုက်စားခံရပြီး သွေးချင်းချင်းနီရဲကာ ခြေထောက်အရိုးများကိုပင် မြင်လိုက်ရတော့သည်။
"ဟားဟားဟား... မျှော်လင့်ထားတဲ့အတိုင်းပဲ။ ငါဟာ ဇာတ်လမ်းထဲက ဇာတ်ကောင်မဟုတ်ဘူး..."
ထိုပါ့ယွိလည်း သေခြင်းတရား၏ အငွေ့အသက်များကို ခံစားမိပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
စိတ်မကောင်းစွာဖြင့် သူ ပြုံးလိုက်မိ၏။
စိတ်ပျက်အားငယ်နေသော်လည်း သူ လက်မခံချင်ပါ။
ထိုပါ့ယွိမှာ သင်္ချိုင်းတွင်းသို့ နက်နက်ရှိုင်းရှိုင်းပင် မရောက်ခဲ့ဘဲ...
အပြင်ဘက်အစွန်းမှာပင် အမှန်တကယ် ကျဆုံးရတော့မည် ဖြစ်သည်။
ထိုပါ့ယွိ၏ အသိစိတ်က မှုန်ဝါးသွားချိန်တွင်...
ရှေးဦးခေတ်မှ ထွက်ပေါ်လာသကဲ့သို့ အနှိုင်းမဲ့ ခမ်းနားထည်ဝါသော အသံတစ်ခုက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
"လူငယ်လေး၊ မင်း ပိုသန်မာလာပြီး မင်းရဲ့ကံကြမ္မာကနေ လွတ်မြောက်ချင်လား"
ထိုအသံက မိုးကြိုးထစ်ချုန်းသကဲ့သို့ ထိုပါ့ယွိ၏ စိတ်ထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
"ဘယ်သူလဲ"
ထိုပါ့ယွိ၏ မျက်လုံးများက ရုတ်တရက် မျက်လုံးပြူးကျယ်သွားသည်။
ဤသင်္ချိုင်းမှာ ဘယ်သူမှလည်း မရှိပေ။
ဘယ်သူက သူ့ကို စကားလာပြောနေတာလဲ။
"ငါက ကံကြမ္မာရဲ့စီစဉ်သူ၊ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရား၊ ကောင်းကင်အားလုံးရဲ့ မူလ၊ ထာဝရရဲ့ အဆုံးသတ်ပဲ"
"အရာအားလုံးက ငါနဲ့ စတင်တယ်"
"အရာအားလုံးက ငါနဲ့ပဲ အဆုံးသတ်လိမ့်မယ်"
အရှိန်အဝါကြီးမားသော ထိုအသံကြီးအောက်တွင် ထိုပါ့ယွိ လွန်စွာတုန်လှုပ်သွားမိသည်။
ကံကြမ္မာရဲ့စီစဉ်သူ၊ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရား၊ ကောင်းကင်အားလုံးရဲ့ မူလ။
ဒါက ဘယ်လိုဖြစ်တည်မှုမျိုးလဲ။
ဝေးကွာသောအရပ်မှ ဟင်းလင်းပြင်တွင်...
ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က ပြုံးရွှင်သော အမူအရာဖြင့် လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်နေသည်။
ကျွင်းရှောင်ယောက်က လှည့်စားခြင်းအတတ်တွင် အတော် ထူးချွန်သူ ဖြစ်၏။
သူက လျှို့ဝှက်ဆန်းကျယ်လေလေ၊ တစ်ဖက်လူမှာ ပို၍ ယုံကြည်လာလေပင်။
ကျွင်းရှောင်ယောက်အတွက်တော့ ဤသည်မှာ ကစားပွဲတစ်ခု ဖြစ်သည်။
တစ်ဖက်တွင်...
ထိုပါ့ယွိမှာ အသက်ရှူမြန်လာပြီး မျက်လုံးများလည်း ပြူးကျယ်လာခဲ့သည်။
မူလက သေခါနီးအခြေအနေသို့ ရောက်သွားသော်လည်း ယခုအခါ အသက်ဓာတ်တို့ အနည်းငယ် ပြန်လည်ပြည့်ဝလာပုံရ၏။
"သေချာတယ်၊ ကောင်းကင်က ငါ့ကို မသေစေချင်သေးဘူး"
ထိုပါ့ယွိ စိတ်လှုပ်ရှားလွန်းလို့ အကြောပေါင်းတစ်ထောင်က ထုံကျဉ်သွားခဲ့သည်။
သူ့တွင် အခွင့်အလမ်းကောင်းတစ်ခု အမှန်တကယ် ရလာပြီ ဖြစ်၏။
အခြားသူများ၏ အခွင့်အလမ်းများက မပြည့်စုံသော ကျင့်စဉ်၊ နတ်ဆေးပင်များ သို့မဟုတ် အမွေဆက်ခံမှု တစ်မျိုးမျိုး ဖြစ်သည်။
သူ ထိုပါ့ယွိကတော့...
နတ်ဘုရားတစ်ပါးနှင့် တွေ့ခဲ့ရ၏။
အကယ်၍ ဤနေရာတွင် အခြား သာမန်နေရာဖြစ်လျှင်တော့ လွယ်လွယ်နှင့် အလိမ်ခံရမှာ မဟုတ်ပါ။
သို့ရာတွင် ဤနေရာက အဘယ်နည်း။
ဤသည်က ထာဝရတားမြစ်နယ်မြေဟု လူသိများသော ကောင်းကင်သင်္ချိုင်း ဖြစ်သည်။
ကောလဟာလများအရ၊ နတ်ဘုရားများကိုပင် မြှုပ်နှံထားခဲ့၏။
ဤနည်းဖြင့် စဉ်းစားကြည့်လျှင် ရှင်ပြန်ထမြောက်သော နတ်ဘုရားတစ်ပါးကို တွေ့ရခြင်းမှာ မဖြစ်နိုင်တာ မဟုတ်ပါ။
ထို့အပြင် သူကဲ့သို့ ရေနက်မျိုးနွယ်မှ ကောင်လေးတစ်ယောက်ကို လှည့်စားလောက်သည်အထိ ပေါက်ကရလုပ်သော နတ်ဘုရားမျိုး ရှိမည်မထင်ပေ။
"ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ ကြီးမြတ်တဲ့ နတ်ဘုရားအရှင်၊ ကျုပ်ကို ကယ်ပါ။ ကျုပ် ခင်ဗျားရဲ့ ထာဝရ ယုံကြည်သူ ဖြစ်လာဖို့ ဆန္ဒရှိပါတယ်..."
ထိုပါ့ယွိလည်း ဤအခွင့်အရေးကို ဆုံးရှုံးရမှာ ကြောက်ရွံ့ဟန်ဖြင့် အော်ပြောလိုက်သည်။
ကျွင်းရှောင်ယောက် အနည်းငယ် ဆွံ့အသွား၏။
သူ မလိမ်လည်ရသေးခင် ထိုပါ့ယွိက ထောင်ချောက်ထဲသို့ အစပြုကာ ခုန်ဆင်းလာသည်။
သို့သော်လည်း ရှိသင့်ရှိထိုက်သည့် မြင်ကွင်းများ ထုတ်ဖော်ပြသရန် လိုသေးသည်။
ထိုပါ့ယွိမှ သူ့ကိုယ်သူ နတ်ဘုရားများ၏ မျက်နှာသာပေးခံရသော သားတော်ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်စေရမည် ဖြစ်သည်။
ဤနည်းဖြင့်သာ စိတ်နှလုံးအကြွင်းမဲ့ ဆွယ်တရားဟောနိုင်လိမ့်မည်။
"ဝုန်း"
နောက်အခိုက်အတန့်မှာ ထိုပါ့ယွိ၏ မျက်လုံးရှေ့မှ ကမ္ဘာကြီးက ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အဆုံးမဲ့ စကြာဝဠာအတွင်းသို့ ရောက်နေသည်ကို မြင်လိုက်ရ၏။
“ဒါ… ဒါ…"
ထိုပါ့ယွိ အံ့အားသင့်သွားပြီး အသက်ပြင်းပြင်းရှူလိုက်မိသည်။
ဤစကြာဝဠာက တိုင်းတစ်ပါးနှင့် လုံးဝ ခြားနားကြောင်း သူခံစားနိုင်ပေသည်။
'ဟုတ်တယ်၊ သူက တကယ့်ကို ဖန်ဆင်းခြင်းရဲ့ ကြီးမြတ်တဲ့ နတ်ဘုရားပဲ'
ထိုပါ့ယွိ တုန်လှုပ်သွားခဲ့သည်။
သူ့အဆင့်နှင့် အတွင်းစကြာဝဠာကို ပိုင်ဆိုင်ထားသော ထိပ်တန်း ပုဂ္ဂိုလ်များအား ထိတွေ့ခွင့်မရပါ။
သို့ရာတွင် အကယ်၍ ထိတွေ့ဖူးလျှင်ပင် သံသယဖြစ်မည် မဟုတ်ပေ။
အကြောင်းမှာ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာက သူတစ်ဦးတည်း၏ ကိုယ်ပိုင်နိယာမများ အပြည့်ရှိသောကြောင့်ပင်။
တိုင်းတပါးမှ ပုဂ္ဂိုလ်ကြီးများတွင် အတွင်းစကြာဝဠာရှိသော်လည်း တိုင်းတပါး၏ နိယာမများကိုသာ ဆွဲယူအသုံးပြုကြခြင်း ဖြစ်သည်။
ထိုပါ့ယွိ တုန်လှုပ်သွားသည်။
ဝေးကွာသော အဆုံးမဲ့ စကြာဝဠာတွင်...
ကောင်းကင်သို့ လွှမ်းခြုံနေသော အရှိန်အဝါမျိုးဖြင့် ဝိုးတဝါး ရုပ်သွင်တစ်ခု တင်ပျဉ်ခွေထိုင်နေသည်။
ထိုရုပ်သွင်ကို အနှိုင်းမဲ့ နတ်အလင်းများက လွှမ်းခြုံထား၏။ တောက်ပသော ကမ္ပည်းများနှင့် မဟာတာအိုအလင်းများလည်း ရစ်ပတ်နေသေးသည်။
ထိုရုပ်သွင်မှာ အရာခပ်သိမ်း၏အစ၊ ဖန်ဆင်းခြင်း၏ မူလ ဖြစ်ပုံရသည်။
ကမ္ဘာပေါ်ရှိ အရာခပ်သိမ်း၏ ကံကြမ္မာ၊ အကြောင်းနှင့်အကျိုးတို့က သူ့အောက်တွင် စီးဆင်းနေသော မြစ်ကြီးများအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
သူ့နောက်မှာလည်း ကြယ်ကောင်းကင်ထိ မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ရှိ၏။
သစ်ပင်ကြီး၏ သစ်ရွက်တိုင်းတွင် ကမ္ဘာတစ်ခု ရှိနေပုံရသည်။
ထိုပါ့ယွိလည်း အလွန်တုန်လှုပ်ပြီး သူ့တစ်ကိုယ်လုံး တုန်ခါသွားလေသည်။
သဘာဝအတိုင်း၊ ယင်းက ကမ္ဘာ့သစ်ပင်မှန်းတော့ သူ မသိပါ။
ယင်းက နတ်ဘုရားတိုင်း မပိုင်ဆိုင်နိုင်သော ကြီးကျယ်ခမ်းနားသည့် ဖန်တီးမှုစွမ်းအားတစ်ခုဟု သူ ခံစားခဲ့ရသည်။
သို့သော်လည်း ပို၍ တုန်လှုပ်ဖွယ်ကောင်းသည့်အရာက ထွက်ပေါ်လာခြင်းမရှိသေးပါ။
မှုန်ဝါးဝါး ရုပ်သွင်၏နောက်ကွယ်တွင်...
ရှေးနတ်ဆိုးနတ်ဘုရားကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သဏ္ဍာန်တစ်ခု ရှိနေသည်။
ထိုရုပ်သွင်၏ အရှိန်အဝါက ကောင်းကင်ကိုတောင် ချေမှုန်းပစ်နိုင်ပုံရ၏။
ကမ္ဘာပေါ်ရှိ ဝိညာဉ်များအားလုံး သူ့လက်ထဲတွင် ပျက်သုဉ်းသွားခဲ့သလိုပင်။
"မဟုတ်ဘူး... မဖြစ်နိုင်ဘူး... အင်မော်တယ်ဘုရင်..."
ထိုပါ့ယွိမှာ ကြောက်လွန်းသဖြင့် စကားကိုတောင် ဖြောင့်ဖြောင့် မပြောနိုင်တော့ပေ။
အင်မော်တယ်ဘုရင်များကို တစ်ခါမှ မတွေ့ဖူးသော်လည်း...
အင်မော်တယ်ဘုရင် ဒေါသထွက်သောအခါ၊ တိုင်းတစ်ပါးပြည်တစ်ခုလုံး တုန်လှုပ်၍ ကောင်းကင်နှင့်မြေပြင်၏ အရောင်ပြောင်းသွားကြရမည် ဖြစ်သည်။
ယခု သူမြင်နေရသည့် အရှိန်အဝါများက အင်မော်တယ်ဘုရင်များထက် အားအနည်းပေ။
ထို့အပြင် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုက ထိုမှုန်ဝါးဝါးရုပ်သွင်၏နောက်တွင် အမှန်တကယ် ငြိမ်သက်စွာ ရှိနေခြင်း ဖြစ်သည်။
ယင်းက အစေအပါးတစ်ဦးကဲ့သို့ပင်။
'ဘုရား ဘုရား၊ အင်မော်တယ်ဘုရင်က တကယ်ကို အစေအပါးတစ်ယောက်ပဲ"
ထိုပါ့ယွိ အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။
ဤသည်မှာ တိုင်းတစ်ပါးရှိ မျှော်စင်တစ်ခု၏ ထိပ်တွင် ရပ်တည်နေသော တည်ရှိမှုတစ်ခု ဖြစ်သည်။ သာမန်လူများအတွက်တော့ ကြည့်ရန်ပင် ခက်ခဲ၏။
ယခုတော့ သူဟာ ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားနောက်ကွယ်မှ အစေအပါး တစ်ဦးမျှသာ ဖြစ်နေပြီ။
ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားက သာမန်နတ်များထက် ပို၍ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သည်ဟု သူခံစားလိုက်ရသည်။
"ထိုပါ့ယွိ၊ ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားကို နှုတ်ခွန်းဆက်ပါတယ်"
ထိုပါ့ယွိ ဒူးထောက်ပြီး တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်သည်။
ကောင်းကင်သင်္ချိုင်းကို ဝင်ရောက်သည်နှင့် ရှင်ပြန်ထမြောက်လာသော နတ်ဘုရားဆီသို့ တည့်တည့် ရောက်သွားမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထိုပါ့ယွိမှာ ထိုရုပ်သွင်ကို ကြည့်ပင်မကြည့်ဝံ့ဘဲ ခေါင်းငုံ့လိုက်သည်။
မထင်မှတ်ဘဲ နတ်ဘုရားကို စော်ကားမိမည်အား သူ ကြောက်ရွံ့မိလေသည်။
"ငါ့နာမည်ကို ရွတ်ဆိုသူတိုင်း ဆမ်ဆာရာမှာ ထာဝရအသက်ကို မြင်တွေ့ရလိမ့်မည်…”
အင်မော်တယ်တစ်ပါးကဲ့သို့ အရှိန်အဝါကြီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုပါ့ယွိ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့နှလုံးမှာ လည်ချောင်းထဲထိ ခုန်ထွက်လုနီး ဖြစ်လာသည်။
ယခုအချိန်မှာတော့ ထာဝရအသက်ကိုမရရှိလျှင်ပင် ကိစ္စမရှိပေ၊ သူ ပိုပြီးသန်မာလာသရွေ့ လုံလောက်သည်။
"ဝမ်"
လေထဲတွင် အလင်းလုံးတစ်ခု ပေါ်လာပြီး နောက်ဆုံး ထိုပါ့ယွိလက်ထဲသို့ ကျရောက်သွား၏။
၎င်းက တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့ကျင့်စဉ်ကို မှတ်တမ်းတင်ထားသော ကျောက်စိမ်းပြားတစ်ခု ဖြစ်တော့သည်။
"လက်ဆောင်အတွက် ကံကြမ္မာနဲ့ ဖန်ဆင်းခြင်း နတ်ဘုရားကို ကျေးဇူးတင်ပါတယ်"
ထိုပါ့ယွိ အလွန်စိတ်လှုပ်ရှားပြီး အသက်ရှူမြန်လာခဲ့သည်။
သို့သော်လည်း ထိုမျှနှင့်မရပ်ပါ။
ကမ္ဘာ့သစ်ပင်၏ သစ်ရွက်များက လှုပ်ရှားသွားခဲ့သည်။
ကမ္ဘာ့စွမ်းအားရောင်ခြည်က ထိုပါ့ယွိ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး တိုက်ရိုက် ပေါင်းစပ်သွား၏။
သူ၏ ကျင့်ကြံခြင်းအဆင့်က တဟုန်ထိုး တက်လာတော့သည်။
သူ့နယ်ပယ်က အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
ထိုပါ့ယွိလည်း ခဏတာ တုန်လှုပ်သွားပြီးနောက် အသိစိတ်လွတ်သွား၏။
သူ့ခန္ဓာကိုယ်အတွင်းမှ တဟုန်ထိုးတက်လာသော စွမ်းအားများကို ခံစားမိတော့ ထိုပါ့ယွိလည်း မျက်လုံးများ နီရဲလာကာ အော်ဟစ်လိုက်မိတော့သည်။
"ထိုပါ့ယွိ... ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားကို ရိုရိုသေသေ ယုံကြည်ကိုးကွယ်လိုပါတယ်။ ထာဝရနတ်ဘုရားရဲ့ ဘုန်းအသရေက ဒုက္ခနွံထဲ နစ်မျောနေတဲ့ သတ္တဝါတွေအပေါ်မှာ ထာဝစဉ် ထွန်းလင်းတောက်ပပါစေ"
ထိုပါ့ယွိက ကိုယ့်အကြောင်းကို သိသည်။
သူဟာ တစ်ဖက်လူ၏ ကြီးစွာသော ကြင်နာမှုအား ခံစားခဲ့ရပြီမို့ ရိုသေလေးစားသမှု ပြရသည်မှာ သဘာဝ ဖြစ်ချေသည်။
ခဏကြာတော့ ထိုပါ့ယွိ၏ မျက်စိရှေ့မှ မြင်ကွင်းများ ရုတ်တရက် ပျောက်ကွယ်သွားသည်။ မူလ ထိုနေရာကို သူ ပြန်ရောက်လာ၏။
သူ့ဒဏ်ရာများကတော့ လုံးဝ ပျောက်ကင်းသွားပြီ။
သူ၏ ကျင့်ကြံခြင်းကလည်း အစစ်အမှန်နတ်ဘုရားအဆင့်တွင် ဖြစ်သည်။
ထို့နောက် သူ့လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်လိုက်မိတော့ ထိုပါ့ယွိ မစောင့်နိုင်တော့ပါ။
အတန်ကြာ စူးစမ်းပြီးနောက် သူ့မျက်လုံးများ တောက်ပလာခဲ့သည်။
"တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့က တကယ်ကို ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့နတ်ဘုရား ချီးမြှင့်လိုက်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်ထိုက်ပါပေတယ်"
ထိုပါ့ယွိ အသက်ပြင်းပြင်းရှူလိုက်သည်။
ဤကျင့်စဉ်ကို အခြားသူများလေ့ကျင့်ရန် လွှဲပြောင်းပေးလိုက်ပါက ထိုသူများ၏ ကျင့်ကြံခြင်း စွမ်းရည်များနှင့် အောင်မြင်မှုများကို ရရှိနိုင်သည်။
တစ်ဦးမှ တစ်ဆယ်၊ တစ်ဆယ်မှတစ်ရာ...
ထိုသို့ ဆက်လက် တိုးများလာပါက ထိုပါ့ယွိမှာ မည်မျှ ကြမ်းလာမည်ကို တွေးတောင်မတွေးနိုင်တော့ပေ။
"ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းနတ်ဘုရားရဲ့ ဘုန်းအသရေကို သက်ရှိအားလုံးအပေါ်မှာ ထာဝစဉ် ထွန်းလင်းတောက်ပစေရပါမယ်"
ထိုပါ့ယွိ ရိုသေလေးစားစွာ ရေရွတ်လိုက်သည်။
သို့သော်၊ သူထွက်ခွာသွားခြင်းကို ဟင်းလင်းပြင် တစ်နေရာမှ စောင့်ကြည့်နေသော လူတစ်ဦး ရှိနေတာကိုတော့ သူ မသိလိုက်တော့ပေ။
"စစ်တုရင်ရုပ်တစ်ခု ချလာပြီ၊ ကစားပွဲသစ်တစ်ခု စတင်ပြီ"