← Chapters

အခန်း ၉၀၃

Vol. 61 Ch. 903

အခန်း ၉၀၃

Vol. 61 Ch. 903

အခန်း ( ၉၀၃ ) အနှိုင်းမဲ့အရိုး နိဗ္ဗာန။

ကျွင်းရှောင်ယောက်ပင်လျှင် လူများကို လှည့်စားရန် ဤမျှလွယ်ကူလိမ့်မည်ဟု မမျှော်လင့်ထားပေ။

အင်မော်တယ်ဘုရင်အဆင့် ရုပ်သွင်ကတော့၊ သဘာဝအတိုင်း ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာထဲမှာ တံဆိပ်ခတ်ထားသော နတ်ဘုရား၏မိစ္ဆာအတွေး ဖြစ်သည်။

ယင်းက ဟန်ထုတ်သောနေရာတွင် အလွန်အသုံးတည့်၏။

ထို့အပြင် ကမ္ဘာစွမ်းအားများ စီးဆင်းနေသော ကမ္ဘာ့သစ်ပင် ရှိသည်။

အမှန်အတိုင်းပြောရလျှင် ဤနည်းလမ်းများက တကယ်အထာကျပေသည်။

ကျွန်မျိုးနွယ်ဝင် လူငယ်လေး ထိုပါ့ယွိက ကျွင်းရှောင်ယောက်၏ စစ်တုရင်ရုပ် အသေးလေးတစ်ခုမျှသာ ဖြစ်သည်။

ယခုအချိန်တွင် သူက အားနည်းလွန်းသလောက် အဆင့်အတန်းကလည်း ဟိုးအောက်ဆုံးမှာပင်။

သို့သော်...

မိုင်ထောင်ချီသော တာတမံတစ်ခုသည်ပင် ပုရွက်ဆိတ်အသိုက်ကြောင့် ပျက်စီးသွားနိုင်ကြောင်း သိထားကြရမည် ဖြစ်သည်။

ထို့အပြင်၊ ကျွင်းရှောင်ယောက်က ထိုပါ့ယွိ၏အနေအထားဖြင့် တိုင်းတပါး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်သွားစေရန် မမျှော်လင့်ပေ။

သူက ထိုပါ့ယွိကို ယုံကြည်ခြင်းစွမ်းအား စုဆောင်းရန် ကိရိယာတစ်ခုအဖြစ်သာ မှတ်ယူခဲ့သည်။

ဤအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာထဲမှာ...

ယုံကြည်ခြင်းမျိုးစေ့က လေထဲတွင် ငြိမ်သက်စွာ ရှိနေသည်။

ဤအခိုက်တွင် အလင်းစက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

ယင်းက အထူးကြီးမားခြင်းမရှိသော်လည်း ပြိုးပြိုးပြက်ပြက် တောက်ပမှုရှိဆဲပင်။

ယင်းက ထိုပါ့ယွိ၏ ယုံကြည်ခြင်းစွမ်းအား ဖြစ်သည်။

သူကိုယ်တိုင်က အားနည်းသောကြောင့် ယုံကြည်ခြင်းစွမ်းအားကလည်း သိပ်တော့ မခိုင်မာပေ။

သို့သော်လည်း သူဟာ ကျွင်းရှောင်ယောက်အပေါ်မှာ ရူးသွပ်သော ယုံကြည်ရှိသောကြောင့် တောက်ပနေခဲ့သည်။

ဤယုံကြည်ခြင်းစွမ်းအားက ယုံကြည်ခြင်းမျိုးစေ့တွင် ပေါင်းစပ်သွား၏။

သို့ပေသော််ငြား၊ ပင်လယ်အတွင်းသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ပြောင်းလဲမှုတစ်စုံတစ်ရာတော့ မရှိခဲ့ပေ။

ကျွင်းရှောင်ယောက်လည်း ယုံကြည်ခြင်းမျိုးစေ့ကို ပွင့်စေချင်လျှင် ယုံကြည်ခြင်းစွမ်းအားများ ပို၍လိုအပ်မည်ဖြစ်ကြောင်း နားလည်လိုက်သည်။

"ငါကတော့ ထိုပါ့ယွိကို သူ အယောက်တစ်ထောင်နဲ့ ညီမျှတဲ့ စွမ်းရည်ကို ပေးအပ်ထားခဲ့ပြီ။ နောက်ပိုင်း ဘယ်လိုဆက်လုပ်မယ်ဆိုတာက သူ့အပေါ်မှာပဲ မူတည်တယ်"

ကျွင်းရှောင်ယောက် ပြုံးပြီး ရေရွတ်လိုက်သည်။

တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့က အခြားကျင့်ကြံသူများကို ပင်ကိုယ်ပါရမီများ ဆုချနိုင်စွမ်း ရှိသည်။

ကျွင်းရှောင်ယောက်က ထိုပါ့ယွိကို သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းပါရမီ တစ်ထောင်ပုံတစ်ပုံနှင့် ညီမျှသော အရည်အချင်း ပေးခဲ့သည်။

ဤအတွက် ကျွင်းရှောင်ယောက်၏ အရည်အချင်းက နိမ့်ကျသွားမည် မဟုတ်ပေ။

ထို့အပြင် ကျွင်းရှောင်ယောက်၏စွမ်းရည် တစ်ထောင်ပုံတစ်ပုံကို လျှော့မတွက်သင့်ပါ။

ကျွင်းရှောင်ယောက်၏ ပါရမီက မကောင်းဆိုးရွား အစရှိသော စကားလုံးများဖြင့် ဖော်ပြ၍မရကြောင်း သိထားကြရမည် ဖြစ်သည်။

သူ့သွေးတစ်စက်က ထိပ်တန်းပါရမီရှင်တစ်ဦးကို ဖန်တီးနိုင်ပေသည်။

တစ်ဖက်တွင်...

ထိုပါ့ယွိက စိတ်လှုပ်ရှားမှု၊ တက်ကြွမှုအပြည့်ဖြင့် ကောင်းကင်သင်္ချိုင်းမှ ထွက်ခွာသွားခဲ့သည်။

သူ့အစ်မနှင့် တခြားမျိုးနွယ်ဝင်များကို ကယ်တင်ရန် ဆိုက်ကလော့မျိုးနွယ်ကို လိုက်သွားရန် စိတ်ကူးထား၏။

ထိုပါ့ယွိက ယခုအချိန်တွင် အစစ်အမှန်နတ်ဘုရားအဆင့် ကျင့်ကြံခြင်းအဆင့်သာရှိသော်လည်း၊ သူ၏ အဆင့်ထက်ကျော်လွန်၍ စိန်ခေါ်တိုက်ခိုက်နိုင်စွမ်း ရှိသည်။

ထိုဆိုက်ကလော့များကို ကိုင်တွယ်ဖြေရှင်းရန် သူ့အတွက် ပြဿနာကြီးကြီးမားမားမရှိတော့ပါ။

သူ့ကို ပို၍ အားဖြစ်ပြီး ဝမ်းသာစေတာက သူ့အင်အားများ တချိန်လုံး တိုးလာခြင်း ဖြစ်သည်။

အသက်ရှူလိုက်တိုင်း သူ၏ ကျင့်ကြံခြင်းက တိုးတက်လာသလို ခံစားရ၏။

ယင်းက သဘာဝအတိုင်း ကျွင်းရှောင်ယောက်‌ ပေးအပ်ထားသော အရည်အချင်းကြောင့် ဖြစ်သည်။

ကျွင်းရှောင်ယောက်ကိုယ်တိုင်ဆိုလျှင် နေ့တိုင်း အိပ်နေလျှင်ပင် သူ၏ ကျင့်ကြံမှုအရှိန်က ကြိုးကြိုးစားစား ကျင့်ကြံနေသော ကျင့်ကြံသူအများစုထက် များစွာ သန်မာနေသေးသည်။

'ဒါကြီးက ကောင်းကင်ကို ဆန့်ကျင်လွန်းသွားပြီ။ ဒါက ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားပေးတဲ့ ဆုလာဘ်ပဲလား။ ငါ နတ်ဘုရားကို စိတ်မပျက်စေရဘူး'

ထိုပါ့ယွိ ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။ တချိန်တည်းမှာပင် သူ့ယုံကြည်မှုက ပို၍ အားကောင်းလာတော့သည်။

ရက်အနည်းငယ်က လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။

ထိုပါ့ယွိလည်း ဆိုက်ကလော့အဖွဲ့ကို လိုက်မီသွားခဲ့ပြီ။

"ကောင်လေး၊ မင်း သေချင်လို့ လိုက်လာတာလား"

ထိုပါ့ယွိ တစ်ယောက်တည်း ပေါ်လာတာကိုမြင်တော့ ဆိုက်ကလော့ခေါင်းဆောင်က အစွယ်များကို လှစ်ဟပြရင်း အေးစက်စက်ဖြင့် ပြုံးလိုက်သည်။

"ရှောင်ယွိ၊ မလုပ်နဲ့..."

ကြိုးများဖြင့် ချည်နှောင်ခံထားရသော လူများကြားမှ ထိုပါ့လန်လည်း ဤမြင်ကွင်းကြောင့် မျက်စိမျက်နှာပျက်သွားသည်။

"ဒီနေ့ ငါ ထိုပါ့ယွိ မင်းကို ပြောလိုက်မယ်။ ရေနက်မျိုးနွယ်က ဘယ်တော့မှ ကျွန်ဖြစ်တော့မှာ မဟုတ်ဘူး"

ထိုပါ့ယွိထံမှ အားကောင်းသော အငွေ့အသက်များက ကျားပေါက်တစ်ကောင်ပမာ ပေါက်ကွဲထွက်လာခဲ့၏။

တခဏလေးအတွင်းမှာပင်၊ ပတ်ဝန်းကျင်ရှိ ဆိုက်ကလော့မျိုးနွယ်ဝင်အားလုံး အသွေးအသား အပုံကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ရှောင်... ရှောင်ယွိ... နင်..."

ထိုပါ့လန်လည်း လွန်စွာ အံ့အားသင့်ပြီး မျက်လုံးလေးများ ပြူးကျယ်သွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ အခြားကျွန်များအားလုံးလည်း အံ့အားသင့်သွားကြ၏။

"ဘာမှမဖြစ်တော့ပါဘူးအစ်မ၊ အခြေအနေတွေကို နောင်မှ ကျွန်တော် ပြောပြမယ်"

လူတိုင်းကို ကယ်တင်ပြီးနောက် ထိုပါ့ယွိက ထိုပါ့လန်ကို တစ်ယောက်တည်း ခေါ်ထွက်ခဲ့သည်။

"အစ်မ၊ ကျွန်တော် ဘာတွေကြုံခဲ့ရမှန်း အစ်မသိမှာမဟုတ်ဘူး..."

ထိုပါ့ယွိလည်း သူ့အစ်မကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်လေသည်။

ထို့အပြင် သူက ကံကြမ္မာနှင့် ဖန်ဆင်းခြင်း နတ်ဘုရား၏ ဘုန်းအသရေကိုလည်း ဖြန့်ချင်သည်။

ထို့ကြောင့် ဘာကိုမှ မဖုံးကွယ်ထားတော့ပါ။

"ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားလား"

ထိုပါ့လန် အံ့အားသင့်သွားသည်။

ဤအရာက မည်သို့သော ဖြစ်တည်မှုမျိုးနည်း။

သို့သော်လည်း မယုံကြည်ဘဲ မနေနိုင်ပေ။

နောက်ဆုံးတွင် လက်ရှိ ထိုပါ့ယွိက လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူက ရေနက်မျိုးနွယ်၏ ခေါင်းဆောင်ထက်ပင် ပိုအစွမ်းထက်သေးသည်။

"အစ်မ၊ မင်းလည်း ကံကြမ္မာနဲ့ ဖန်ဆင်းခြင်း နတ်ဘုရား ချီးမြှင့်ထားတဲ့ ဒီကျင့်စဉ်ကို လေ့ကျင့်နိုင်တယ်"

"မင်းတင်မကဘဲ တခြား‌ ရေနက်မျိုးနွယ်ဝင်တွေလည်း ဒါကို လေ့ကျင့်ရမယ်။ ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားကို ယုံကြည်ကြရအောင်ပါ"

ထိုပါ့ယွိက တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့ ကျင့်စဉ်ကို ထိုပါ့လန်ထံသို့ လွှဲပြောင်းပေးလိုက်သည်။

ထိုပါ့လန်လည်း ကြည့်လိုက်ပြီးနောက် မျက်နှာပြင်တစ်ခုလုံး တုန်လှုပ်မှုတို့က နေရာယူသွားသည်။ ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းမျိုးကို သူမ တစ်ခါမှ မမြင်ဖူးပါ။

ပို၍ အံ့ဩစရာ‌ကောင်းတာက ယင်းကို သူမ အမှန်တကယ် နားလည်နိုင်ခြင်း ဖြစ်သည်။

ယင်းက ကျင့်ကြံခြင်းအခြေခံ နိမ့်ကျလွန်းသော သူများပင်လျှင် ဤနည်းလမ်းကိုလေ့ကျင့်ရန် အရည်အချင်း ပြည့်မီသေးသော အဓိပ္ပာယ်ပင်။

"ကံကြမ္မာနဲ့ ဖန်ဆင်းခြင်း နတ်ဘုရားရဲ့ ဘုန်းအသရေကို အဖိနှိပ်ခံ ကျွန်မျိုးနွယ်အားလုံးအပေါ် ထာဝစဉ် ထွန်းလင်းစေချင်တယ်"

ထိုပါ့ယွိမှာ ပို၍ ယုံကြည်လာခဲ့သည်။

သူ့ကိုယ်သူ အမိန့်ကိုဆန့်ကျင်ပြီး စည်းမျဉ်းများကို ချိုးဖောက်နိုင်သူ ဖြစ်လာနိုင်ပြီဟုလည်း ယုံကြည်လာတော့သည်။

ကောင်းကင်သင်္ချိုင်းမှာ...

အပြောင်းအလဲတစ်ခုကို ကျွင်းရှောင်ယောက် ချက်ချင်း သတိပြုလိုက်မိသည်။

ယုံကြည်ခြင်းစွမ်းအားသည် မသိနိုင်သော တစ်နေရာမှ ဆင်းသက်လာခြင်း ဖြစ်၏။

ယင်းက အတွင်းစကြာဝဠာထဲသို့ ဝင်ရောက်ပြီး ယုံကြည်ခြင်း၏ အလင်းတန်းအဖြစ် ပြောင်းလဲကာ ယုံကြည်ခြင်းမျိုးစေ့များအဖြစ် ပေါင်းစည်းခဲ့ခြင်း ဖြစ်သည်။

ဤယုံကြည်ခြင်းအလင်းစက်တစ်ခုစီက မကြီးမားသော်လည်း အလွန်သန့်စင်ပြီး ပြိုးပြိုးပြက်ပြက် တောက်ပနေသေးသည်။

ယင်းက ယုံကြည်မှုအသစ်များ၏ သက်သေ ဖြစ်သည်။

'မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ထိုပါ့ယွိကတော့ အလုပ်စလုပ်နေပြီ'

ကျွင်းရှောင်ယောက်လည်း ဤစစ်တုရင်ရုပ်အတွက် အတော်လေး ကျေနပ်သွားမိသည်။

တချိန်တည်းမှာပင် နတ်ဆိုးမျိုးစေ့များ ထိုကျွန်သတ္တဝါများ၏ ခန္ဓာကိုယ်ထဲတွင် စတင်မွေးဖွားလာပြီဟု သူခံစားရ၏။

ကျွင်းရှောင်ယောက်၏ အတွေးတစ်ခုတည်းဖြင့် သူတို့၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ထိန်းချုပ်နိုင်သည်။

ထို့နောက်မှာတော့ ကျွင်းရှောင်ယောက်ဟာ ယုံကြည်ခြင်းမျိုးစေ့ကို အာရုံမစိုက်တော့ပေ။

ယုံကြည်ခြင်းမျိုးစေ့ အပြည့်အဝ ပွင့်စေရန်အတွက် ယုံကြည်ခြင်းစွမ်းအား များစွာလိုအပ်မည်ဖြစ်ကြောင်း သူသိသည်။

ယင်းက နေ့ချင်းညချင်း ပြီးမြောက်စေနိုင်တာ မဟုတ်ပေ။

‌ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က သူ့ခန္ဓာကိုယ်ကို အာရုံစိုက်လာခဲ့သည်။

ကွဲအက်နေသော အနှိုင်းမဲ့အရိုးမှ သွေးများ စိမ့်ထွက်လာသည်ကို သူတွေ့လိုက်ရ၏။

ထိုသွေးများတွင် မိုးနှင့်မြေ၏နိယာမများ ပါ၀င်နေသကဲ့သို့ တောက်ပပြီး အရောင်အသွေး စုံလင်လှပေသည်။

"ဒါက..."

ကျွင်းရှောင်ယောက် ဂရုတစိုက် ကြည့်လိုက်သည်။

မူလက ကျွင်းရှောင်ယောက်ဟာ အနှိုင်းမဲ့အရိုး ကျိုးသွားခြင်းကြောင့် ဤတာအိုခန္ဓာကို ဆုံးရှုံးလောက်သည်ဟု ထင်ခဲ့သည်။

သို့သော်လည်း ယခုတော့ အသစ်တစ်ခု မွေးဖွားလာတော့မည့်ပုံပင်။

အနှိုင်းမဲ့အရိုးက ပျောက်ကွယ်မသွားသည့်အပြင် ပို၍အားကောင်းသည့် ပုံစံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"အနှိုင်းမဲ့သွေး"

ကျွင်းရှောင်ယောက် ရေရွတ်လိုက်၏။

အနှိုင်းမဲ့အရိုးများ အဆုံးစွန်သော အသွင်ကူးပြောင်းမှုကို ကျရောက်ပြီးလျှင် ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသော အနှိုင်းမဲ့သွေးအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ဆိုကြသည်။

ယခုတော့ ဤတောက်ပသော ရောင်စုံသွေးမှာ အနှိုင်းမဲ့အရိုးမှ အသွင်ပြောင်းသွားသော အနှိုင်းမဲ့သွေး ဖြစ်ပုံရသည်။

"မဆိုးဘူး၊ အနှိုင်းမဲ့သွေးအဖြစ် ပြောင်းလဲပြီးရင် စတုတ္ထမြောက် စွမ်းရည်တစ်ခု မွေးဖွားလာနိုင်တယ်"

"ဒါ့အပြင် အရင်က အနှိုင်းမဲ့အရိုးရဲ့ စွမ်းရည်သုံးခုကိုလည်း ဆက်လက် အသုံးပြုနိုင်သေးတယ်"

ကျွင်းရှောင်ယောက်လည်း ကြီးမားသော အမြတ်အစွန်းကြောင့် လွန်စွာ ကျေနပ်သွားမိသည်။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က ကောင်းကင်ဂူသင်္ချိုင်း၏ မှောင်မိုက်သောချိုင့်ဝှမ်းတွင် ဆက်လက်နေထိုင်ခဲ့လေသည်။

ရုပ်ခန္ဓာမရှိဘဲ စိတ်ဝိညာဉ်ခန္ဓာဖြင့် အပြင်ထွက်ခြင်းက အလွန်အန္တရာယ်များသည်။ ယင်းက လူအများ၏ အာရုံစိုက်မှုကိုလည်း ဆွဲဆောင်မိလိမ့်မည်။

ကျွင်းရှောင်ယောက်က သူ့ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်မည့်အချိန်ကို စောင့်ဆိုင်းနေချိန်တွင်၊ စနစ်ရဲ့ စက်ရုပ်ဆန်ဆန်အသံက သူ့စိတ်ထဲမှာ ထပ်မံ ပေါ်လာသည်။

"ဒင်၊ ဂုဏ်ပြုပါတယ် ပိုင်ရှင်။ လက်မှတ်ထိုးဝင်တဲ့ တည်နေရာအသစ်ကို ပြန်လည်ဆန်းသစ်ပြီးပါပြီ၊ ကျေးဇူးပြုပြီး ကောင်းကင်သင်္ချိုင်းရဲ့ နက်နဲရာအရပ်မှာ လက်မှတ်ထိုးဝင်ပါ"

All Chapters