အခန်း ၉၀၅
Vol. 61 Ch. 905
အခန်း ( ၉၀၅ ) ကံကောင်းခြင်း၏ သမီးတော်တစ်ယောက်ကို ဖန်တီးသည်။
ကောင်းကင်သင်္ချိုင်းအပြင်ဘက်တွင် တော်ဝင်မျိုးနွယ်၏ အဖွဲ့များစွာတို့ စုရုံးရောက်လာခဲ့ကြသည်။
ဟင်းအိုးကြီးထဲမှ ဟင်းရည်ပဲသောက်ရသောက်ရ သောက်ချင်ကြသော စစ်သူကြီးမျိုးနွယ် အဖွဲ့များလည်း ရှိနေသေး၏။
"အဲဒါ ရေခဲဝိညာဉ် တော်ဝင်မျိုးနွယ်ရဲ့ မင်းသမီးလေ ဖေးချင်ရွယ်ပဲ။ သူက ငါတို့ ကောင်းကင်သင်္ချိုင်း ပတ်ဝန်းကျင်မှာတော့ နာမည်ဂုဏ်သတင်း မွှေးပျံ့တဲ့ မိန်းမလှလေးတစ်ယောက်ပဲ"
"သူက အရမ်းလှရင်တောင် ဘာဖြစ်ဦးတော့မှာလဲ။ ဟော့ယန်တော်ဝင်မျိုးနွယ်ရဲ့ မင်းသားယန်က သူ့ကို ကိုယ်လုပ်တော်အဖြစ် ခေါ်သွားမယ်လို့ သတင်းကြားရတယ်"
"ဟင်း၊ သနားစရာပဲ…”
ပတ်ဝန်းကျင်တွင် တီးတိုး ဆွေးနွေးသံများ ထွက်ပေါ်နေခဲ့သည်။
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ် အဖွဲ့ထဲမှ ဖေးချင်ရွယ်ကတော့ ထိုမှတ်ချက်များကို ဂရုမစိုက်ပေ။
သို့ရာတွင်၊ သူမ၏ ကျောက်စိမ်းလက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။
မည်သည့် မိန်းကလေးမှ တစ်ပါးသောယောက်ျား၏ ကိုယ်လုပ်တော် မဖြစ်လိုပါချေ။
"ချင်ရွယ်၊ တကယ်ပဲ မင်း ဒီကို ရောက်လာခဲ့တာပဲ"
အဝေးမှ စကားသံတစ်ခု ထွက်ပေါ်လာသည်။
အနီရောင် ဖီးနစ်ငှက်တစ်ကောင်က မီးလျှံရထားတစ််စီးကို ဆွဲလာခဲ့၏။
ရထားခေါင်းပိုင်းမှာတော့ အနီနှင့်ရွှေရောင် တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောသည့် အမျိုးသားတစ်ဦး ရပ်နေပေသည်။
သူ့ဆံပင်များကလည်း မီးတောက်နေသကဲ့သို့ အနီရောင် ဖြစ်သည်။
ဟော့ယန်တော်ဝင်မျိုးနွယ်မှ မင်းသားယန်။
သူဟာ အသက်တစ်ထောင်အောက်သာရှိသေးသော်လည်း သူတော်စင်ဘုရင်နယ်ပယ်သို့ ရောက်နေပြီ ဖြစ်သည်။ ဤအရည်အချင်းက တိုင်းတပါးမှ တော်ဝင်မျိုးနွယ်များ၏ ပါရမီရှင်များကြားတွင် မဆိုးဘူးဟု ဆိုနိုင်ပေသည်။
ဖေးချင်ရွယ်ကတော့ အေးစက်စက် အမူအရာနှင့် ပြန်မဖြေဘဲ နှုတ်ဆိတ်နေခဲ့သည်။
မင်းသားယန်ကလည်း ပြုံးရုံသာပြုံးလိုက်ပြီး ဂရုမစိုက်ပါ။
မည်သို့ပင်ဆိုစေ၊ ဖေးချင်ရွယ်က ယခုအခါ လှောင်အိမ်ထဲက ငှက်တစ်ကောင်သာ ဖြစ်သည်။
အချိန်တန်ပါက သူ့လက်ထဲကို မလွဲဧကန် ကျရောက်ရလိမ့်မည်။
"ချင်ရွယ်၊ မင်း ငါ့ရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့ လက်ခံလိုက်တာက ပိုကောင်းလိမ့်မယ်"
"မဟုတ်လို့၊ ကမ္ဘာနှစ်ခုကြား စစ်ပွဲကြီးတွေ ထပ်မံဖြစ်လို့ ရေခဲဝိညာဉ်တော်မျိုးနွယ်ရဲ့ မင်းအဖေလို အကြီးအကဲတွေ ထပ်သေသွားရင် ရေခဲဝိညာဉ် တော်ဝင်မျိုးနွယ်ဆိုတဲ့ အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်တော့မှာ မဟုတ်ဘူး"
မင်းသားယန်က ပြုံးလျက် ပြောလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးများမှာတော့ လှောင်ပြောင်သရော်မှု အရိပ်အမြွက်တို့ အထင်းသား ပေါ်လွင်နေ၏။
"နင် ငါ့ကို ခြိမ်းခြောက်နေတာလား"
ဖေးချင်ရွယ် အံကြိတ်လိုက်သည်။
"မဟုတ်ပါဘူး၊ ဒါက လိုမှမလိုတာ။ ဘာပဲဖြစ်ဖြစ် ငါ့ကိုလက်ထပ်လိုက်တာက မင်းအတွက်ကောင်းလိမ့်မယ်"
"ဖြစ်ကောင်းဖြစ်နိင်တာက၊ မင်းရဲ့ ရေခဲအရိုးက အသုံးမဝင်ရင်တောင် မင်းနဲ့ငါ တူနှစ်ကိုယ်လေ့ကျင့်နိုင်သေးတယ်"
"နင်က တကယ်ရွံစရာပဲ"
ဖေးချင်ရွယ်၏ မျက်နှာက မှုန်ကုပ်သွားသည်။
"ဖေးချင်ရွယ်၊ ငါက မင်းကောင်းဖို့အတွက် ပြောနေတယ်ဆိုတာ သိထားပါ။ ငါက ဥဒေါင်းနက်မျိုးနွယ်ရဲ့ ပါရမီရှင်နဲ့ ပတ်သက်မှုရှိတဲ့သူ"
"ဒီကောင်းကင်သင်္ချိုင်းကိစ္စတွေပြီးရင် ကောင်းကင်အင်မော်တယ်ပွဲတော်ဖွင့်တော့မယ်။ ဒီမင်းသားလည်း သွားမှာ၊ အဲဒီအခါကျမှ မင်းကို ခက်ခဲတဲ့အရာတွေလုပ်မိလို့ ဒီမင်းသားကို အပြစ်မတင်နဲ့"
မင်းသားယန်က လှောင်ပြောင်ပြောဆိုလိုက်သည်။ ထို့နောက် ဟော့ယန်တော်ဝင်မျိုးနွယ်မှ လူတစ်စုနှင့်အတူ ကောင်းကင်သင်္ချိုင်းတွင်းသို့ ဝင်ရောက်သွား၏။
ဖေးချင်ရွယ်သာ အနည်းငယ် တုန်လှုပ်ရင်း ကျန်ခဲ့တော့သည်။
ကောင်းကင်အင်မော်တယ်ပွဲတော်က ကောင်းကင်သင်္ချိုင်းဒေသရှိ ပါရမီရှင်များအတွက် ပွဲတစ်ခုဖြစ်သည်။
အချိန်တန်ပါက တော်ဝင်မျိုးနွယ်နှင့် ထိပ်တန်းတော်ဝင်မျိုးနွယ်များအပြင် ဧကရာဇ်တစ်ပိုင်းမျိုးနွယ်နှင့် အထက် မျိုးနွယ်များမှ ပါရမီရှင်များပင် ပေါ်လာပေလိမ့်မည်။
မင်းသားယန်က သူ့ကို ထိုအချိန်တွင် အဖြေတောင်းမည် ဖြစ်သည်။ သူမ လက်မခံပါက ဥဒေါင်းနက်မျိုးနွယ်၏ စွမ်းအားကိုသုံးပြီး သူမကို ဖိအားပေးလိမ့်မည်။
ထို့နောက်တွင် ဖေးချင်ရွယ်သည်လည်း ကောင်းကင်သင်္ချိုင်းသို့ ဝင်ရောက်ခဲ့သည်။
သို့သော်လည်း၊ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ လူများကို ထိတ်လန့်သွားစေအောင်...
ဖေးချင်ရွယ်က တစ်ယောက်တည်း ပြေးထွက်သွား၏။
ယင်းက သေမင်းကို ပြေးတွေ့ခြင်းနှင့် မခြားပေ။
"သခင်မလေးချင်ရွယ်"
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ လူများအားလုံး ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။
ဖေးချင်ရွယ်က သူ့ကိုယ်သူ သတ်သေရန် ကြိုးစားလိုက်ခြင်းဖြစ်ကြောင်း သိသာထင်ရှားနေပြီ။
"တောင်းပန်ပါတယ် အဖေ၊ ချင်ရွယ် ဒီလို စော်ကားတာကို လက်မခံနိုင်တာကြောင့် သေပါရစေတော့"
ဖေးချင်ရွယ်က ရေခဲလိပ်ပြာလေးတစ်ကောင်ကဲ့သို့ ကောင်းကင်သင်္ချိုင်းအတွင်းကို လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
သူမ၏ မျက်လုံးများမှာလည်း ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ပေါ်လွင်နေ၏။
မင်းသားယန်၏ ရုပ်သေးဖြစ်ခြင်းထက် အသက်သာ အသေခံလိုက်မည်။
သို့သော်...
ဖေးချင်ရွယ်က စိတ်ပိုင်းဖြတ်ပြီး ကောင်းကင်သင်္ချိုင်း၏ မှောင်မိုက်သောချိုင့်ဝှမ်းထဲသို့ ပြေးဝင်သွားလိုက်သည်နှင့် တပြိုင်နက် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရသည်။
ဖေးချင်ရွယ် သတိပြန်ဝင်လာပြီး ကြည့်လိုက်တော့ သူမက ကျယ်ပြောသော စကြဝဠာကြီးတစ်ခုသို့ ရောက်ရှိနေပြီ။
ဖေးချင်ရွယ် အလွန် အံ့သြတုန်လှုပ်သွားသည်။
"ဝုန်း"
ထိုအချိန်တွင် စကြဝဠာ၏ ဝေးကွာသော အနက်ရှိုင်းဆုံးအပိုင်းမှ တင်ပျဉ်ခွေထိုင်နေသော ဧရာမ ရုပ်သွင်ကြီးတစ်ခု ပေါ်လာသည်။
မဟာတာအိုနိယာမ အမျိုးမျိုး၊ ရှည်လျားသော အချိန်မြစ်ကြီးနှင့် ကမ္မကြိုးများက သူ့အား ဝန်းရံထား၏။
ထိုမှုန်ဝါးဝါး ရုပ်သွင်ကြီးက ကောင်းကင်၏မူလ၊ အရာခပ်သိမ်း၏အစ၊ ဖန်ဆင်းခြင်း၏ မူလကဲ့သို့ပင့် ဖြစ်သည်။
သူ့နောက်မှာလည်း ကောင်းကင်ထိတိုင် တိုးထွက်နေသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ရှိသေးသည်။
အုပ်ဆိုင်းနေသော သစ်ပင်ကြီး၏ သစ်ကိုင်းသစ်ခတ်များက ကျယ်ပြောလှသော စကြဝဠာကြီးကို ဖုံးလွှမ်းထားသည်။
ယင်းက သစ်ရွက်တစ်ရွက်တွင် ကမ္ဘာတစ်ခု ပါဝင်နေသကဲ့သို့ပင်။
"ဒါ... ဒါက ကမ္ဘာသစ်ပင်လား"
ဖေးချင်ရွယ်၏ စိတ်ထဲတွင် လွန်စွာ တုန်လှုပ်ချောက်ချားသွားခဲ့သည်။
ထိုပါ့ယွိနှင့်ယှဉ်လျှင် တော်ဝင်မျိုးနွယ်မှာ မွေးဖွားလာသော ဖေးချင်ရွယ်၏ မြင်နိုင်စွမ်းက သဘာဝအတိုင်း ပို၍ မြင့်မားသည်။
သို့တိုင် သူ့ရှေ့မှ မြင်ကွင်းကြောင့် တုန်လှုပ်သွားပြီး စကားတောင် မပြောနိုင်တော့ပေ။
သို့သော်လည်း ယင်းက အဆုံးသတ်မဟုတ်သေးပါ။
နတ်ဆိုးနတ်ဘုရားကဲ့သို့ အဆုံးမဲ့ အငွေ့အသက်များနှင့် ရုပ်သွင်ကြီးတစ်ခု ရှိနေသည်။
"အဲဒါ... အဲဒါက အင်မော်တယ်ဘုရင်ရဲ့ အငွေ့အသက်ပဲ"
ဖေးချင်ရွယ်၏ ခန္ဓာကိုယ်ကလေးက တုန်တုန်ယင်ယင်ဖြစ်သွားပြီးနောက် မထိန်းနိုင်တော့ဘဲ ဒူးထောက်ကျသွားသည်။
တိုင်းတပါးတွင် အင်မော်တယ်ဘုရင်က နတ်ဘုရားနှင့်မခြားပေ။
သူတို့ ဒေါသထွက်ပါက မိုးနှင့်မြေ ကမောက်ကမ ဖြစ်နိုင်သည်။
ယခုမူကား၊ အင်မော်တယ်ဘုရင်၏ အရှိန်အဝါများဖြင့် ရုပ်သွင်က အစေခံတစ်ဦးကဲ့သို့ မှုန်ဝါးဝါး ရုပ်သွင်ကြီးနောက်တွင် ငြိမ်သက်စွာရှိနေပြီ။
ဖေးချင်ရွယ်လည်း လိပ်ပြာလွင့်မတတ် တုန်လှုပ်သွားမိသည်။
"ငါသည်ကား ကံကြမ္မာကို စီမံသူ၊ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရား၊ ကောင်းကင်အားလုံးရဲ့ မူခနဲ့ ခေတ်ရဲ့အဆုံးသတ်ပင်တည်း"
အရှိန်အဝါကြီးသော အသံတစ်ခုက စကြဝဠာတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။
တော်ဝင်မျိုးနွယ်မှ မင်းသမီးတစ်ပါးဖြစ်သော်လည်း ဖေးချင်ရွယ် အလွန်တုန်လှုပ်နေမိဆဲပင်။
အလွန်တရာ မြင့်မြတ်သည့် တည်ရှိမှုတစ်ခုနှင့် တွေ့နေရပြီဖြစ်ကြောင်း သူမ နားလည်လိုက်သည်။
ဤတည်ရှိမှုက မယုံနိုင်လောက်အောင် စွမ်းအားကြီးမားပြီး သူမ စိတ်ကူးနိုင်မှုထက် ကျော်လွန်သွားပြီ။
အကယ်၍ တခြားတစ်နေရာမှာဖြစ်လျှင် ဖေးချင်ရွယ် သံသယများ ရှိနိုင်သည်။
သို့သော်လည်း ဤသည်မှာ ထာဝရတားမြစ်မြေ ကောင်းကင်သင်္ချိုင်း ဖြစ်၏။
ဤနေရာတွင် အစစ်အမှန် နတ်ဘုရားများကို မြှုပ်နှံထားသည်ဟူသော ကောလဟာလများပင် ရှိသည်။
ဆိုရလျှင်၊ ဤကိစ္စမျိုး တစ်စုံတစ်ရာ ကြုံတွေ့ရခြင်းမှာ အံ့သြစရာမရှိပါ။
"ဖေးချင်ရွယ်က အန္တိမအရှင်ကို ဂါရဝပြုပါတယ်..."
ဖေးချင်ရွယ်က ခေါင်းငုံ့ကာ ဒူးထောက်လိုက်သည်။
သူမက မင်းသမီးတစ်ပါးဖြစ်သော်လည်း အန္တိမ တည်ရှိမှုရှေ့တွင် ဘာမျှမဟုတ်ပေ။
ဖေးချင်ရွယ်လည်း သူ့ဘဝဟာ ပုရွက်ဆိတ်လောက်တောင် အရေးမပါဘူးဟု ခံစားခဲ့ရသည်။
ထို့နောက်မှာတော့ လိမ်လည်မှုတစ်ခု ထပ်မံဖြစ်ခဲ့သည်။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က ဖေးချင်ရွယ်အား တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ ကျင့်စဉ်ကို လွှဲပြောင်းပေးခဲ့ပေသည်။
ထိုမျှသာမကဘဲ သွေးတစ်စက်ကိုတောင် ပေးခဲ့သည်။
ဤသွေးတစ်စက်က အရောင်အသွေးစုံလင်ပြီး ပြိုးပြိုးပြက်ပြက် တောက်ပနေ၏။ ယင်းက ကျိုးပဲ့သွားပြီးနောက် အနှိုင်းမဲ့အရိုးမှ အသွင်ပြောင်းသွားသော အနှိုင်းမဲ့သွေး၏ သွေးတစ်စက် ဖြစ်သည်။
ဖေးချင်ရွယ်၏ ခန္ဓာကိုယ်ထဲတွင် မပြည့်စုံသော အေးစက်ရေခဲအရိုးတစ်ခုရှိကြောင်း သူ သတိပြုမိ၏။ ဤအနှိုင်းမဲ့သွေးတစ်စက်က သူမအတွက် အဆုံးမဲ့ အကျိုးကျေးဇူးရှိသည်။
"လက်ဆောင်အတွက် ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားကို ကျေးဇူးတင်ပါတယ်"
ဖေးချင်ရွယ်၏ လှပသော မျက်လုံးများက ကြီးစွာသော ယုံကြည်ခြင်းတို့ ပြည့်နှက်သွားလေသည်။
ဤအန္တိမတည်ရှိမှုက ကောင်းကင်ကိုဆန့်ကျင်နေသော ကျင့်စဉ်တစ်ခု သူမကို ပေးအပ်သည့်အပြင်...
အဖိုးတန်သော နတ်သွေးတစ်စက်ကိုပင် ဆုချီးမြှင့်ခဲ့သေးသည်။
ဤနတ်သွေးတစ်စက်က ဖေးချင်ရွယ်၏ ခန္ဓာကိုယ်ရှိ မပြည့်စုံသော အေးစက်ရေခဲအရိုးထဲသို့ ရောနှောသွားသောအခါ...
"ဝမ်"
အေးစက်ရေခဲအရိုးက ရုတ်တရက် ပြောင်းလဲသွားသည်။
အမျိုးမျိုးသော ရေခဲနိယာမများ ထွက်ပေါ်လာ၏။
ဖေးချင်ရွယ်ဟာ သူ၏ အေးစက်ရေခဲအရိုးက ရေခဲတာအိုအရိုးအဖြစ် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
ထို့အပြင် ပြီးပြည့်စုံမှု ရှိ၏။
ထိုမျှသာမကဘဲ ဖေးချင်ရွယ်၏အင်အားက တဟုန်ထိုး တက်လာကာ အတားအဆီးကိုချိုးဖြတ်၍ သူဝောာ်စင်ဘုရင်နယ်ပယ်သို့ တိုက်ရိုက် ဖြတ်ကျော်သွားတော့သည်။
ဖေးချင်ရွယ်၏ ကျောက်စိမ်းခန္ဓာကလေးက တုန်ခါသွားသည်။ ဖြူနုသော ရေခဲကျောက်စိမ်း မျက်နှာလေးမှာလည်း စိတ်လှုပ်ရှားမှုကြောင့် နီမြန်းသွားတော့သည်။
သွေးတစ်စက်က သူမ၏ မပြည့်စုံသော ရေခဲအရိုးများကို ရေခဲတာအိုအရိုးအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ထိုသို့သော ဖန်တီးမှုစွမ်းအားက...
စစ်မှန်သော အန္တိမနတ်ဘုရားမှတပါး အခြားမည်သူ လုပ်နိုင်ဦးမည်နည်း။
"ကျွန်မ ဖေးချင်ရွယ်က ကံကြမ္မာနဲ့ ဖန်ဆင်းခြင်း နတ်ဘုရားကို ထာဝရယုံကြည်သူ ဖြစ်ဖို့ ဆန္ဒရှိပါတယ်"
ဖေးချင်ရွယ်လည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်လောက်အောင် စိတ်လှုပ်ရှားသွားသည်။
ကံကြမ္မာနှင့်ဖန်ဆင်းခြင်း နတ်ဘုရားက သူမကို သူ၏ကိုယ်ပိုင်ကံကြမ္မာအား ထိန်းချုပ်နိုင်စေခဲ့သည်။
ဤအန္တိမတည်ရှိမှုကို ကံကြမ္မာ၏သခင်ဟု ညွှန်းဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
ယခုအခါ ကျွင်းရှောင်ယောက် ဖေးချင်ရွယ်ကို သေစေလိုလျှင်ပင်...
ဖေးချင်ရွယ် ကျေကျေနပ်နပ် လက်ခံမည် ဖြစ်သည်။
နောက်ဆုံးတွင် ဖေးချင်ရွယ်လည်း ထိုစကြာဝဠာမှ ထွက်သွားလေသည်။
သူ့မျက်လုံးထဲမှာတော့ ယုံကြည်မှုတို့ ပြည့်နေပြီ ဖြစ်သည်။
ကောင်းကင်အင်မော်တယ် ပွဲတော်မှာ သူမက မင်းသားယန် အပါအဝင် လူတိုင်းကို သေချာပေါက် အံ့အားသင့်စေလိမ့်မည်။
ယုံကြည်မှုအပြည့်ဖြင့် ထွက်ခွာသွားသော ဖေးချင်ရွယ်ကိုကြည့်ရင်း၊ အမှောင်ချိုင့်ဝှမ်းအတွင်းမှ ကျွင်းရှောင်ယောက်မှာ လက်နှစ်ဖက်ကို နောက်ပစ်၍ ပြုံးလိုက်သည်။
"အဆင့်အတန်း နိမ့်ကျတဲ့ ကျွန်ကောင်လေးနဲ့ ရေခဲအရိုး ဆုံးရှုံးခဲ့ရတဲ့ အဆင့်ကျ မင်းသမီးလေး"
ကျွင်းရှောင်ယောက်မှာ သူကိုယ်တိုင် ဖန်တီးထားသော ကံကြမ္မာ သားတော်နှင့် သမီးတော်အတွက် အတော်လေး ကျေနပ်ခဲ့ပေသည်။
"ငါက အခုလောလောဆယ်မှာ တော်ဝင်မျိုးနွယ်တွေထဲထိ စိမ့်ဝင်ဖို့ အစီအစဉ်မရှိသေးပေမဲ့ စစ်တုရင်ရုပ်တွေကိုတော့ ကြိုပြီး ချထားလိုက်ပြီ"
"ဒါ့အပြင် ကောင်းကင်အင်မော်တယ် တွေ့ဆုံပွဲလည်း ရှိသေးတယ်။ အင်း... စိတ်ဝင်စားစရာပဲ"
ကျွင်းရှောင်ယောက်လည်း တစ်ယောက်တည်း ရေရွတ်လိုက်လေသည်။