အခန်း ၉၀၉
Vol. 61 Ch. 909
အခန်း ( ၉၀၉ ) အမှောင်စီကွမ်နှင့် တိုက်ခိုက်ခြင်း။
အဆုံးမဲ့ဓားအလင်းက ကျယ်ပြောလှသော ဟင်းလင်းပြင်ကို ပိုင်းဖြတ်သွားခဲ့သည်။
ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေကိုသုံးပြီး မဟာနတ်ဘုရားသိုင်းကြီး ငါးခုထဲမှ ကောင်းကင်ဖျက်ဆီးခြင်းကျမ်းကို ထုတ်ဖော်ခဲ့၏။
တစ်ချိန်တည်းမှာပင် ကစဉ့်ကလျား စွမ်းအားကိုလည်း ပေါင်းထည့်ခဲ့သေးသည်။
ကစဉ့်ကလျားစွမ်းအင်နှင့် ရွှေရောင်ဓားအလင်းက လူငယ်၏ခေါင်းကို ဦးတည်ခုတ်ပိုင်းချလိုက်သည်။
ဤကြောက်စရာကောင်းသော အတက်အကျက နတ်ဆိုးဆန်ဆန် လူငယ်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။
သူသည် ဖျက်ဆီးခြင်းဒဏ္ဍာရီ၏ ဖျက်ဆီးခြင်းဘုဂင် ခြောက်ပါးအနက်မှ တစ်ပါးဖြစ်သော်လည်း...
ပြန်လည် မွေးဖွားခါစဖြစ်ပြီး အပြည့်အဝ မကြီးပြင်းမီ အခွင့်အလမ်းအမျိုးမျိုးဖြင့် လေ့ကျင့်ရန်လိုသေးသည်။
ထို့ကြောင့် ယခုအချိန်မှာ ထိုလူငယ်၏ အားအနည်းဆုံးအချိန်ဟု ဆိုနိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်နှင့်မှ တည့်တည့် ဝင်တိုကိမိခဲ့သည်။
သူ့ကံက ဆိုးလွန်းသည်ဟု ဆိုရတော့မည်။
"နတ်ဆိုးဖိနှိပ်ခြင်း"
လူငယ်က ဟိန်းဟောက်ပြီး လှံချက်ထုတ်ဖော်လိုက်သည်။
ငရဲပြည်ကို ရောက်နေသကဲ့သို့ တစ္ဆေသရဲ ငိုကြွေးသံများနှင့် မရေမတွက်နိုင်သော နတ်ဆိုးအရိပ်များ ထွက်ပေါ်လာ၏။
ဤလူငယ်က အလွန်အစွမ်းထက်သည်ဟု ဆိုရမည်။
သာမန် မျိုးစေ့အဆင့် တည်ရှိမှုများပင်လျှင် သူ့ကိုယှဉ်နိုင်မည် မဟုတ်ပေ။
တိုင်းတစ်ပါးမှ လူငယ်မျိုးဆက်၏ ဘုရင်ဆယ်ပါးဆိုပါက သူ့ရှေ့တွင် အမှိုက်များဟု ဆိုနိုင်သည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် ကျွင်းရှောင်ယောက်နှင့် ရင်ဆိုင်ခဲ့ရပေသည်။
"ဝုန်း"
ပေါက်ကွဲသံတစ်ချက်နှင့် အမျိုးမျိုးသော နိယာမများ ထွက်ပေါ်လာခဲ့သည်။
ဟင်းလင်းပြင်က တုန်ခါပြီး စက္ကူတစ်ရွက်ကဲ့သို့ အလွယ်တကူ ဆုတ်ပြဲသွား၏။
"ဖူး"
လူငယ်လေး သွေးတစ်ပွက်ကို ထပ်မံအန်ထုတ်လိုက်ရတော့သည်။
သူဟာ သင်္ချိုင်းတွင်းမှ ခုန်တက်သွားသော်လည်း ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစေရန် မချိန်ညှိရသေးပါ။
ယခုအခါ သူက တကယ်ကို အားနည်းနေခဲ့သည်။
"မင်း သေချင်နေတာပဲ"
နတ်ဆိုးဆန်ဆန်လူငယ် အော်ဟစ်လိုက်သည်။ သူ့မျက်လုံးထဲတွင် နတ်ဆိုးအလင်းတစ်ခု တောက်ပလာ၏။
သူက မည်သူနည်း။
သူဟာ ခေတ်ပေါင်းများစွာကြာအောင် ဆိတ်ဆိတ်နေခဲ့သော အမှောင်စီကွမ်တစ်ဦး ဖြစ်သည်။
ဖျက်ဆီးခြင်းဒဏ္ဍာရီအတိုင်း တိုင်းတပါး၏ကံကြမ္မာကို ထိန်းချုပ်မည့် ဘုရင်ခြောက်ပါးအနက် တစ်ဦး ဖြစ်၏။
ဤအရှက်ခွဲမှုမျိုးကို သူ မည်သို့ သည်းခံနိုင်မည်နည်း။
"ငရဲပင်လယ်၊ ယမမင်းရဲ့ဓမ္မ"
လူငယ် ဟိန်းဟောက်လိုက်သည်။ အနက်ရောင် သူ့ဆံပင်များက အရိုင်းဆန်ဆန် ကခုန်ပြီး ငရဲမီးလျှံများလည်း တောက်လောင်လာပုံရ၏။
သူ့နောက်တွင်လည်း အလွန်ကြီးကျယ်ခမ်းနားသော နတ်ဆိုးဘုရင် ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။
ဤရူပါရုံပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်မြေပြင်တစ်ခုလုံး ပြိုကျသွားခဲ့သည်။
အပျက်အယွင်းများနှင့် ရှေးဟောင်း ခေါင်းတလားများစွာတို့ အပိုင်းပိုင်း ကြေမွသွား၏။
ဤသဘာဝရူပါရုံက အလွန်အစွမ်းထက်သည်။
သူ လှုပ်ရှားလိုက်သည်နှင့် ကျွင်းရှောင်ယောက်ဟာ သူ့ပတ်ဝန်းကျင်က ရွံ့နွံတောအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ လှုပ်ရှားမှုများပင် အနည်းငယ် အဆင်မပြေတော့သလို ဖြစ်လာခဲ့၏။
တစ်ချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်၏ အင်အားကို ဖိနှိပ်ထားသော အဆုံးမဲ့ ဖိအားလှိုင်းများ လိမ့်ဝင်လာတော့သည်။
'မျိုးစေ့အဆင့် ပါရမီရှင်က ဒီလောက်တောင် ကိုင်တွယ်ရခက်တာလား'
ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွားသည်။
ပုံမှန်ဆိုလျှင် မျိုးစေ့အဆင့် ပါရမီရှင်က အားမနည်းသော်လည်း သူ့အင်အားဖြင့် ဤမျှ မခက်ခဲသင့်ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက် မသိသည်မှာ...
တစ်ဖက်လူက မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦးမျှသာ မဟုတ်ဘဲ၊ ဖျက်ဆီးခြင်းဒဏ္ဍာရီထဲမှ ဖျက်ဆီးခြင်းဘုရင်လောင်းလျာတစ်ဦး ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က အံ့ဩမိရုံသာ။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သဘာဝရူပါရုံများကို ယခုအချိန်တွင် အသုံးမပြုနိုင်သော်လည်း... ကစဉ့်ကလျားခန္ဓာနှင့် အနှိုင်းမဲ့အရိုးမှ ဆင့်ကဲပြောင်းလဲထားသော အနှိုင်းမဲ့သွေးကိုပင် ပိုင်ဆိုင်ထားသေးတာကို မေ့ထား၍ မရပေ။
"မင်းတစ်ယောက်တည်း သဘာဝရူပါရုံရှိတယ်လို့ ထင်နေတာလား"
ကျွင်းရှောင်ယောက် တစ်ချက် ပြုံးလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ရှေးဦးကစဉ့်ကလျားသွေးများ ဆူပွက်လာ၏။
အဆုံးမဲ့ ကစဉ့်ကလျားစွမ်းအင်များက ကောင်းကင်သို့ ထိုးတက်သွားခြဲသည်။ စကြာဝဠာကြီး၏မူလကို ပြန်ရောက်လာသကဲ့သို့ သူ့နောက်မှာလည်း ကစဉ့်ကလျားဖြစ်လာတော့သည်။
သို့သော်လည်း ဤကစဉ့်ကလျား ဂလက်ဆီထက်ပင် ပို၍ကြီးမားသော ရှေးဦးနတ်ဘုရား ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုရှေးဦးနတ်ဘုရားကြီးက မိုးနှင့်မြေကိုခွဲခြမ်းပြီး ရှေးဦးကစဉ့်ကလျားကို ဖြတ်ကျော်ရန် ကြိုးစားနေပုံရ၏။
ထိုအတက်အကျမျိုးက အားကောင်းလွန်းသဖြင့် စိတ်ဝိညာဉ်ထဲထိ တုန်လှုပ်သွားစေခဲ့ပေသည်။
ရှေးဦးနတ်ဘုရားကို ရင်ဆိုင်ရသကဲ့သို့ပင်။
ရှေးဦးကစဉ့်ကလျားခန္ဓာ၏ သဘာဝရူပါရုံ။
ရှေးဦးကစဥ့်ကလျား ကောင်းကင်ကိုဖွင့်ခြင်း။
ယင်းက ရှေးဦးကစဉ့်ကလျားခန္ဓာ၏ သဘာဝရူပါရုံဖြစ်သောကြောင့် ကျွင်းရှောင်ယောက် တမင်တကာ နားလည်ဆင်ခြင်ရန် မလိုပေ။
ယင်းကို ထုတ်ဖော်လိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး ကစဉ့်ကလျားစွမ်းအင်များဖြင့် ဖျက်ဆီးခံလိုက်ရသည်။ ရှေးဦးနတ်ဘုရားပုံရိပ်ကြီးကလည်း ကောင်းကင်ကိုဆုပ်ဖြဲပြီး အမှန်တကယ် ထွက်သွားတော့မည့်ပုံရ၏။
ယင်းက ယမမင်းပုံရိပ်ကို တိုက်ရိုက်ဖိနှိပ်ခြင်း သို့တည်းမဟုတ် နတ်ဆိုးဆန်ဆန်လူငယ်ကို တန်ပြန်ဖိနှိပ်လိုက်ခြင်း ဖြစ်သည်။
လူငယ်၏မျက်နှာက အလွန်အကြည့်ရဆိုးကာ မည်းမှောင်နေတော့သည်။
ဒီခေတ်က ပါရမီရှင်တွေက ဒီလောက်တောင် အားကောင်းနေပြီလား။
ဒါမှမဟုတ် သူက ခေတ်နောက်ကျနေတာလား။
"မဟုတ်ဘူး၊ ငါက ကောင်းကင်ရဲ့ အလိုတော်အတိုင်း ကံကြမ္မာကိုထိန်းချုပ်ဖို့ မွေးဖွားလာခဲ့တာ။ ငါက ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးထဲက တစ်ယောက်ပဲ"
လူငယ် ဟိန်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ နတ်ဆိုးအမှတ်အသားများနှင့် အနက်ရောင်လှံက တောက်ပသောအလင်းများကို ထုတ်လွှတ်လာ၏။
ဤအရာက အဓိပဓိနတ်ဆိုးရတနာ ဖြစ်သည်။
"နတ်ဆိုးတစ်ထောင် ကမ္ဘာကို ဝါးမျိုခြင်း"
အားကောင်းသော နတ်ဆိုးစွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
တားမြစ်နယ်မြေတစ်ခုလုံးကို နတ်ဆိုးအရိပ်အမျိုးမျိုးဖြင့် ဝန်းရံထားပြီး အရာအားလုံး အမှုန့်ဖြစ်သွား၏။
ထိုလူငယ်က တကယ်ကို သန်မာသည်။ နတ်ဆိုးသခင်တစ်ပါးကဲ့သို့ အားကောင်း၏။
သူဟာ အမှောင်စီကွမ်တစ်ဦး ဖြစ်ထိုက်သူ ဖြစ်သည်။
တိုင်းတပါး၏ အခြား သာမန်မျိုးဆက်သစ်လူငယ်များက သူ့ကို ထိခိုက်စေရန်နေနေသာသာ၊ ယှဉ်ပြိုင်ရန်ပင် မလွယ်ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် ရင်ဆိုင်ရချိန်မှာတော့ အရာအားလုံး ပြောင်းလဲခဲ့ရသည်။
ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေကို အသုံးပြုပြီး ကောင်းကင်ဖျက်ဆီးခြင်းကျမ်းဖြင့် အလျားလိုက် ခုတ်ပိုင်းချလိုက်သည်။ ကစဉ့်ကလျား ကောင်းကင်ကိုဖွင့်ခြင်း ရူပါရုံကလည်း ထောက်ပံ့ထား၏။
တစ်ချိန်တည်းမှာပင်၊ သူ့ခန္ဓာကိုယ်ထဲမှ အနှိုင်းမဲ့သွေးက အသက်ဝင်လာတော့သည်။
တောက်ပသော ကောင်းကင်အလင်းက ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
သူက သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုစမ်းသပ်ရန် ထိုလူငယ်အား အနီးကပ် တိုက်ခိုက်လိုက်၏။
"ထန်"
အနက်ရောင် နတ်ဆိုးလှံက တာ့လော့ဓားနှင့် တိုက်မိသောအခါ တောက်ပနေသော မီးပွားများ ထွက်ပေါ်လာတော့သည်။
ကျွင်းရှောင်ယောက်က လက်သီးချက်များ ထုတ်ဖော်လိုက်သည်။ ကစဉ့်ကလျားစွမ်းအင်၊ ကောင်းကင်ကပ်ဘေးအလင်းနှင့် အခြား စွမ်းအင်များကလည်း ထောက်ပံ့ထား၏။
လက်သီးသက်သက်ဖြင့် အရပ်ရပ်ကို ဖျက်ဆီးခြင်း။
"ဝုန်း၊ ဝုန်း၊ ဝုန်း"
သူတို့နှစ်ဦးက အနီးကပ်တိုက်ပွဲများ ပြုလုပ်ကြကာ မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ပေါ်လာတော့သည်။
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုလှိုင်းများက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ကြေမွသွားစေခဲ့သည်။
ကျွင်းရှောင်ယောက်က ကစဉ့်ကလျားစွမ်းအင်များနှင့် လက်သီးချက် ထုတ်ဖော်လိုက်၏။
ရှေးဦးကစဉ့်ကလျား မဟာလက်ဝါးတံဆိပ်တော်။
ကစဉ့်ကလျားစွမ်းအင်ကို အစွန်းရောက် ဖိသိပ်ပြီး လက်ဝါးတံဆိပ်တော်အဖြစ် ပြောင်းလဲသည်။ ထို့နောက် ကမ္ဘာကို လွှမ်းမိုးနိုင်သောစွမ်းအားဖြင့် တခဏချင်း ဖောက်ခွဲထုတ်လိုက်ခြင်း ဖြစ်၏။
"ဝုန်း"
လူငယ်လေး နောက်တစ်ကြိမ် လွင့်စဉ်သွားပြန်တော့သည်။
ဤလူငယ်လေး၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အတော်မြင့်မားသည်။
သို့သော်လည်း ကစဉ့်ကလျားခန္ဓာထက်တော့ နိမ့်ကျနေသေးသည်။
သူ့မှာ အနိုင်ရရှိရန် အခွင့်အလမ်းမရှိသည့်အပြင် အန္တရာယ်ကိုပါ ခံစားလာရသောကြောင့် လူငယ် အလောတကြီး အော်ဟစ်လိုက်သည်။
"မင်း ဘယ်အင်မော်တယ်ဧကရာဇ်မျိုးနွယ်ကနေ ဆင်းသက်လာတာလဲ။ ငါက အမှောင်စီကွမ်နော်၊ ငါ့အဆင့်အတန်းက အရမ်းမြင့်မားတယ်ဆိုတာ မင်းသိပါတယ်။ ငါ့ကိုသတ်ရင် မင်းရဲ့ အင်မော်တယ်ဧကရာဇ်မျိုးနွယ်တစ်ခုလုံး အပြစ်ကြီးတစ်ခုဖြစ်ပြီး အပြစ်ခံရလိမ့်မယ်"
လူငယ်၏ စကားကိုကြားတော့ ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွားသည်။
အမှောင်စီကွမ်လား။
အဲဒါက ဘာလဲ။
သို့သော်လည်း နောက်ခဏတွင် ကျွင်းရှောင်ယောက်၏မျက်နှာက လှောင်ပြောင်သရော်မှု အရိပ်အမြွက်တို့ ဖြစ်ပေါ်လာခဲ့သည်။
"ငါက တိုင်းတပါးသတ္တဝါမှ မဟုတ်တာ၊ ဘာဖြစ်လို့ အပြစ်ကြီးခံရမှာလဲ။ ငါ့အတွက်တော့ မင်းကိုသတ်တာက ပုံမှန်ပဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
ဤသို့သော တည်ရှိမှုမျိုးကိုသာ ဆက်လက် ရှင်သန်ခွင့်ပြုထားပါက အင်မော်တယ်နယ်မြေကြီးအတွက် ကြီးစွာသော ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် တတ်နိုင်သမျှ အမြန်ဆုံး ဖျက်ဆီးပစ်တာ အကောင်းဆုံး ဖြစ်သည်။
သူဟာ ဤလူငယ်ကို ကောင်းကင်သင်္ချိုင်းတွင် တခါတည်းသတ်ရန် ဆုံးဖြတ်ထားသောကြောင့် သူ၏အထောက်အထားကို ဖုံးကွယ်ထားရန် စိတ်ကူးမရှိတော့ပေ။
"ဘာ"
သို့သော်လည်း ကျွင်းရှောင်ယောက်၏စကားက လူငယ်ကို ကြောက်လွန်းသဖြင့် မျက်လုံးကျွတ်ထွက်မတတ် ပြူးကျယ်သွားစေခဲ့သည်။
"ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ မင်းက ငါတို့ တိုင်းတပါးရဲ့ သတ္တဝါမဟုတ်ဘူးလား"