အခန်း ၉၁၂
Vol. 61 Ch. 912
အခန်း ( ၉၁၂ ) ငါက ကောင်းကင်သင်္ချိုင်းကနေ လာခဲ့တာ။
တိတ်ဆိတ်သည်။
အပ်ကျသံကို ကြားရလောက်အောင် တိတ်ဆိတ်သွား၏။
ယင်းက သာမန်နေရာမဟုတ်ဘဲ ကောင်းကင်ဂူသင်္ချိုင်း၏ နက်နဲသောနေရာ ဖြစ်သည်။
ကောင်းကင်ဂူသင်္ချိုင်းကိုယ်တိုင်က ထူးဆန်းပြီး ထာဝရတားမြစ်နေရာတစ်ခု ဖြစ်နေပြီ။
ကောင်းကင်သင်္ချိုင်း၏ နက်နဲရာကို မဆိုထားဘိ၊ အတွင်းစက်ဝိုင်းသို့ ဝင်ရောက်ရန်ပင် လူအတော်များများ လက်တွန့်ကြသည်။
အကြွင်းအကျန်တစ်ခုခု သို့မဟုတ် မပြည့်စုံသော အစီရင်တစ်ခုကပင် သင့်အသက်ကို နှုတ်ယူနိုင်သေးသည်။
ထို့ကြောင့် ရတနာမုဆိုးများပင် အထဲကို တစ်လက်မမှ လှမ်းဝံ့မှာ မဟုတ်ပေ။
သို့ရာတွင် အခုကော။
သူတို့ ဘာမြင်ခဲ့သနည်း။
အဖြူရောင်အဝတ်အစားဝတ်ထားသည့် ရုပ်ပုံက တည်ငြိမ်သောခြေလှမ်းများနှင့် ထွက်လာခဲ့သည်။
ကောင်းကင်သင်္ချိုင်း နက်နဲရာအရပ်မှ ပေါ့ပေါ့ပါးပါး ထွက်လာခဲ့၏။
ထူးဆန်းသော ကမ္ပည်းများနှင့် မပြည့်စုံသော သတ်ဖြတ်ခြင်း ဝင်္ကပါများကို ထိုလူက တိုက်ရိုက် ချေမှုန်းပစ်ခဲ့သည်။ ၎င်းတို့က သူ့အား အနည်းငယ်မျှ မထိခိုက်စေပေ။
ကောင်းကင်သင်္ချိုင်းကဲ့သို့ ထာဝရတားမြစ်နယ်မြေတွင် ထိုလူငယ်က သူ့အိမ်နောက်ဖေးကဲ့သို့ ပေါ့ပေါ့ပါးပါး သွားလာနေသည်။
ယင်းက မည်မျှ ကြောက်စရာကောင်းသနည်း။
တော်ဝင်မျိုးနွယ်မှ သတ္တဝါအားလုံး တုန်လှုပ်ချောက်ချားပြီး ၎င်းတို့၏ မေးရိုးများ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့သည်။
ထိုပုဂ္ဂိုလ်က မည်သူနည်း။
အဖြူရောင်ဆံပင်နှင့် လော့လီလေးလည်း ချယ်ရီသီးကဲ့သို့ နှုတ်ခမ်းလေးများ အစွမ်းကုန် ပွင့်အာသည်အထိ အံ့ဩသွားမိသည်။
"တားမြစ်နယ်မြေမှာ အိပ်စက်နေတဲ့ ရှေးဦးတည်ရှိမှုတစ်ခုခု နိုးထလာတာများ ဖြစ်နိုင်မလား"
တော်ဝင်မျိုးနွယ်မှ သတ္တဝါများအားလုံး တုန်တုန်ယင်ယင်ဖြင့် ရေရွတ်လိုက်ကြသည်။
သို့သော်လည်း သူ့ပုံစံက ရှေးဦးတည်ရှိမှုတစ်ခုနှင့်တော့ မတူပေ။
အဖြူရောင်ဝတ်စုံဖြင့် ထိုရုပ်သွင်၏ မျက်နှာက နတ်အလင်းများကြောင့် ဝေဝါးနေကာ ရှင်းရှင်းလင်းလင်း မြင်ရန်ခက်ခဲသည်။
သို့ပေသော်ငြား သူ့အသွင်အပြင်ကို ကြည့်ရသည်မှာ ရှေးဦးတည်မှုနှင့်တော့ အမှန်တကယ် မတူပါ။
"ဧကရာဇ်တစ်ပိုင်း မျိုးနွယ် ဒါမှဟုတ် အင်မော်တယ်ဧကရာဇ်မျိုးနွယ်ရဲ့ ပါရမီရှင်တစ်ဦးဦး အထဲကို နက်နက်ရှိုင်းရှိုင်း ဝင်သွားပြီးမှ အခု ပြန်ထွက်လာတာများ ဖြစ်နိုင်မလား"
အခြား တော်ဝင်မျိုးနွယ်မှ ပါရမီရှင်တစ်ဦးက မှန်းဆလိုက်သည်။
သို့သော်လည်း ထိုသူများပင်လျှင် ကောင်းကင်သင်္ချိုင်း၏ နက်နဲရာသို့ ကိုယ့်အိမ်နောက်ဖေးပမာ ပေါ့ပေါ့ပါးပါး ဝင်ထွက်နိုင်မည်ဟု မထင်ပေ။
မည်သို့ပင်ဆိုစေကာမူ...
အဖြူရောင်ဝတ်စုံနှင့် လျှို့ဝှက်ဆန်းကြယ်သော ထိုလူက သူတို့ ထိပါးနိုင်သောအရာမဟုတ်မှန်း ထင်ရှားသည်။
ထိုအချိန်တွင် လေထုက ကြောက်စရာကောင်းအောင် တိတ်ဆိတ်သွားခဲ့သည်။
တော်ဝင်မျိုးနွယ်မှ သတ္တဝါများလည်း အေးစက်သွားကာ မလှုပ်ဝံ့တော့ပေ။
သူတို့ခမျာ အသက်တောင် ပြင်းပြင်းမရှူဝံ့ကြပါ။
ထိုအချိန်တွင် အဖြူရောင်ဆံပင်နှင့် လော့လီလေးက မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး အဖြူရောင်ဝတ် လူထံသို့ ချဉ်းကပ်သွားခဲ့သည်။
သူမက ချစ်စဖွယ်အမူအရာဖြင့် ချိုသာစွာပြုံးရင်း မေးလိုက်၏။
"ဒီကစီနီယာ... ရှင်က ဘယ်ကလာတာလဲဟင်"
"ငါက..."
အဖြူရောင်ဝတ်လူထံမှ တည်ငြိမ်ပြီး အေးချမ်းသော စကားသံ ထွက်ပေါ်လာခဲ့သည်။
'ဟင်၊ ဒီအသံက ကောင်ချောချောလေးရဲ့ စကားသံလိုပဲ'
အဖြူရောင်ဆံပင်နှင့် လော့လီလေး၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။
"ငါက ကောင်းကင်ဂူသင်္ချိုင်းက လာတာ"
ထိုစကားက တော်ဝင် ပါရမီရှင်များကို ပို၍ ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။
တချို့ဆို ဒူးထောက်ကျသွားတော့သည်။
ကောင်းကင်သင်္ချိုင်းမှ လာရောက်ခြင်းဟူသော အဓိပ္ပါယ်မှာ အဘယ်နည်း။
ယခင်က ထူးခြားသော ခြောက်ထောင့်ကြယ်ရူပါရုံကလည်း တိုင်းတပါးတွင် အထင်အရှား ဖြစ်ပေါ်ခဲ့သေးသည်။
ထို့ကြောင့်ပင်၊ ကောင်းကင်သင်္ချိုင်းအတွင်း၌ အမှောင်စီကွမ်တစ်ဦး ရှိ၊မရှိ မည်သူမျှ အတပ်မပြောနိုင်ကြပေ။
ဤအတွက် သဘာဝအတိုင်း၊ ဤအခိုက်မှာ ကျွင်းရှောင်ယောက်ကို မည်သူမျှ အထင်မသေးဝံ့တော့ပါ။
သူတို့ရှေ့မှ အဖြူရောင်ဝတ်လူက သိပ်ကို လျှို့ဝှက်ဆန်းကြယ်လွန်းသည်ဟုသာ သူတို့ ခံစားခဲ့ရသည်။
အမှန်တရားကိုတော့ စူးစမ်းဖို့တောင် မဝံ့ရဲကြချေ။
ကျွင်းရှောင်ယောက်က ထိုသို့ပြောလိုက်ပြီးနောက် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ထွက်သွားသည်။
ဆံပင်ဖြူ လော့လီလေးကလည်း ကျွင်းရှောင်ယောက်၏နောက်မှ တိတ်တဆိတ် လိုက်ပါသွားတော့သည်။
"အဲဒီကောင်မစုတ်လေး၊ ချီးပဲ"
ကျွင်းရှောင်ယောက်နှင့်အတူ ဆံဖြူလော့လီလေး လိုက်သွားသည်ကို မြင်ရပြီးနောက် တော်ဝင်ပါရမီရှင်များ စိတ်ထဲမှ ဒေါသတကြီး ဖြစ်သွားခဲ့ကြသည်။
သို့သော်လည်း အပြင်ပန်းမှာတော့ တောင့်တောင့်ကြီးဖြစ်နေပြီး မလှုပ်ရှားဝံ့ခဲ့ပေ။
ထိုတည်ရှိမှုကို သူတို့ မစော်ကားဝံ့ကြပါ။
ထို့ကြောင့် အံကိုကြိတ်ပြီး ဒေါသကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။
................
လျှို့ဝှက်ဆန်းကျယ်သော အသွင်ပြင်မျိုးဖြင့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးက ရှေ့မှ အေးအေးလူလူ လမ်းလျှောက်နေသည်။
သူ့နောက်မှာလည်း ဆံဖြူလော့လီလေးတစ်ဦးက ကုပ်ကုပ်ကလေး လိုက်ပါနေ၏။
သူတို့နှစ်ဦးက ဤအတိုင်း လမ်းလျှောက်နေကာ ခရီးစဉ်တစ်လျှောက်လုံး စကားမပြောကြပေ။
မိုင်ရာချီအကွာထိ ရောက်လာပြီးနောက် ကျွင်းရှောင်ယောက်က ရုတ်တရက်ရပ်ကာ ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။
"မင်း ငါ့နောက်ကို ဘယ်လောက်ကြာကြာ လိုက်ချင်တာလဲ"
ထိုစကားကိုကြားတော့ ဆံဖြူလော့လီလေးက ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ သူမက မျက်လုံးပြူးပြူးလေးနှင့် ကျွင်းရှောင်ယောက်၏မျက်နှာကို သေသေချာချာ ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်က သူ၏ရုပ်ရည်ကို တမင် မပြောင်းလဲထားပေ။ သို့သော်လည်း ကောင်းကင်ကိုခိုးယူပြီးနေကိုပြောင်းလဲခြင်းအတတ်ကြောင့် အခြားသူများမှ သူ့ကို ရှာတွေ့မည်ကို မကြောက်ပါ။
ထို့အပြင်၊ သူ့မျက်နှာကို ဖုံးအုပ်ထားသည့် နတ်အလင်းအလွှာတစ်ခု ရှိနေသေးသဖြင့် မည်သူမဆို သူ၏အမည်မှန်ကို အသိအမှတ်ပြုရန် ပို၍ ခက်ခဲသည်။
ဆံဖြူလော့လီလေး၏ မျက်လုံးများက အရောင်တစ်ချက်လက်သွားသည်။
သူသည် မျက်လုံးအမြင်ကျင့်စဉ်တစ်မျိုးကို လေ့ကျင့်ထားသောကြောင့် ပုံမှန်အားဖြင့် ကမ္ဘာပေါ်ရှိ ပုံရိပ်ယောင်များစွာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
သို့ရာတွင်၊ အံ့ဩစရာကောင်းအောင် သူ့ရှေ့မှလူကိုတော့ လုံးဝ မမြင်နိုင်ခဲ့ပေ။
သို့သော်လည်း မြူမှုန်များကြားမှ ယောင်ဝါးဝါးမြင်နေရသော မျက်နှာက ဆံပင်ဖြူ လော့လီလေးကို အသက်ရှူမှားသွားစေခဲ့သည်။
သူက သူမထင်ထားသည်ထက် များစွာ ပိုချော၏။
ပထမတော့ ကောင်းကင်သင်္ချိုင်းထဲမှ ထွက်လာသူဟာ နတ်ဆိုးတစ်ကောင် သို့မဟုတ် လူလတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်လိမ့်မည်ဟု သူမ ထင်ခဲ့သည်။
ယင်းက လူငယ်တစ်ယောက်ဖြစ်သည့်အပြင် ဤမျှ ချောမောမည်ဟု မထင်ထားခဲ့ပေ။
'မဟုတ်ဘူး၊ ချွန်းချွန်း... နင်က ဒီလောက် အပေါ်ယံဆန်တဲ့မိန်းမ မဟုတ်ဘူး'
ချွန်းချွန်းအမည်ရှိသော ဆံဖြူလော့လီလေးက စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ လျှို့ဝှက်ဆန်းကြယ်သော မူလဇစ်မြစ်က သူမကို အမှန်တကယ်ပင် ပို၍ သိချင်စိတ်တို့ ဖြစ်စေသည်။
"ချွန်းချွန်းက သူ့အထောက်အထားကို သိချင်မိရုံပါ။ ဟုတ်ပါတယ်နော်၊ အခြား ဘာစိတ်ကူးမှတော့ မရှိပါဘူး"
ချွန်းချွန်းက ခပ်တည်တည်လေး ပြောလိုက်သည်။
"ရှောင်ဝူ၊ မင်းက ဘာသိချင်တာလဲ"
တစ်ဖက်လူ၏ မျက်လုံးကျင့်စဉ် စွမ်းအင်အတက်အကျကို ခံစားမိသောကြောင့် ကျွင်းရှောင်ယောက် လျစ်လျူရှုစွာ ပြောလိုက်၏။
ထိုအခေါ်အဝေါ်ကြောင့် ချွန်းချွန်းမှာ မသိမသာ နှာခေါင်းရှုံ့သွားသည်။
သူမကို ထိုသို့ မည်သူမျှ မခေါ်ဝံ့ကြပေ။
"ချွန်းချွန်းကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ၊ ဒီသွေးဖီးနစ်အင်မော်တယ်ဆေး စီနီယာကို ပေးလိုက်ပါရစေ"
ချွန်းချွန်းက သွေးဖီးနစ်အင်မော်တယ်ဆေးကို ထုတ်ယူလိုက်သည်။
တိုင်းတပါးမှာလည်း အင်မော်တယ်ဆေးက အလွန် တန်ဖိုးကြီးပေသည်။
"မလိုပါဘူး၊ ငါမင်းကိုမကယ်ခဲ့ဘူး"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
အမှန်လည်း သူဟာ ဖြတ်သွားရုံမျှသာဖြစ်ပြီး လုံးဝ မလှုပ်ရှားခဲ့ပါ။
ကျွင်းရှောင်ယောက်၏ သဘောထားက ချွန်းချွန်းတွင် ထူးခြားသော နောက်ခံရှိကြောင်း ပို၍ပင် ယုံကြည်စေခဲ့သည်။
တော်ဝင်မျိုးနွယ်များမှ ပါရမီရှင်များသည်ပင် လေ့ကျင့်ရန် အင်မော်တယ်ဆေးပင်များ အလွယ်တကူ မရနိုင်ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ လုံးဝ ဂရုစိုက်ပုံမရပါ။
ကျွင်းရှောင်ယောက်က ရှေ့ကိုဆက်လျှောက်သွားပြီး ချွန်းချွန်းကလည်း နောက်မှ ကပ်လိုက်သွားခဲ့သည်။
'ဒီကောင်မလေးက နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတာပဲ...'
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် နက်နဲပြီး ရယ်ချင်သော အရိပ်အမြွက်တို့ ဖြတ်ပြေးသွားခဲ့သည်။
မမျှော်လင့်ဘဲ၊ ကောင်းကင်သင်္ချိုင်းမှ ထွက်လာသည်နှင့် ဤမျိုးနွယ်နှင့် တွေ့ခဲ့ရသည်။
သူက ဒီမျိုးနွယ်နဲ့ တကယ်ပဲ ကံပါတာလား။
သို့သော်လည်း ကျွင်းရှောင်ယောက်က ယင်းကို ဂရုမစိုက်ပါ။
ဤဆံဖြူလော့လီလေးကို စစ်တုရင်အဖြစ် မှတ်ယူနိုင်ပြီး သူ့အတွက် အသုံးဝင်သည်ဟုသာ ခံစားမိသည်။
ထို့ကြောင့် သူ ဆက်လက်လိုက်ပါနေခြင်းကို စိတ်ထဲမထားတော့ပါ။
ထို့အပြင် ဤကောင်မလေး၏ အဖြူရောင်ဆံပင်များက၊ သူ့ကြောင့် ညတွင်းချင်း ဆံပင်များဖြူသွားရှာသော မိန်းကလေးအား သတိရသွားစေခဲ့သည်။
'အစ်မစန်းယီ ဘယ်လိုနေလဲ မသိဘူး၊ ဒါပေမဲ့ ငါ သေသွားတယ်ဆိုတာကိုတော့ သူယုံမှာမဟုတ်ပါဘူး'
ကျွင်းရှောင်ယောက်လည်း သူ့စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ထိုအမျိုးသမီးလေးကို သူ အကြွေးအများကြီးတင်နေမှန်း သိပေသည်။
သို့သော်လည်း သူက အချိန်တိုအတွင်း အင်မော်တယ်နယ်မြေကြီးကို ပြန်သွားနိုင်ဦးမှာ မဟုတ်ပါ။
ကျွင်းရှောင်ယောက်လည်း စိတ်မကောင်းဖြစ်နေခြင်းကို အမြန် ဖျောက်ဖျက်လိုက်သည်။
သူက ဝမ်းနည်းခြင်း ခံစားချက်များကို အချိန်သမားတော်နှင့် ကုစားရမှသည့် ကြေကွဲလူငယ် မဟုတ်ပေ။
ဟုတ်သည်၊ တစ်ဖက်မှာလည်း တတွတ်တွတ် စကားပြောရင်း လိုက်ပါနေသည့် ချွန်းချွန်း ရှိသေးသည်။
"ချွန်းချွန်းက စီနီယာရဲ့နာမည်ကို သိရမလား"
"သခင်လေးလို့ပဲ ခေါ်ပါ"
"သခင်လေးလား"
ချွန်းချွန်း အံ့ဩသွားခဲ့သည်။
"ငါက လူတွေကို ဟောပြောပြီး ပညာပေးရတာ သဘောကျတယ်"
ကျွင်းရှောင်ယောက်က ပြောသည်။
"ဟောပြောတာကို ကျွန်မသိပါတယ်။ လူတွေကို ပညာပေးတာက ပညာသင်ကြားရတာကို သဘောကျတာလား"
"မဟုတ်ဘူး၊ လူတွေရဲ့ ရုပ်ခန္ဓာအကြောင်း လက်တွေ့အသိပညာကို ပြောတာ"
ကျွင်းရှောင်ယောက်လည်း စိတ်ကောင်းဝင်နေပြီး လုပ်စရာမရှိသောကြောင့် ဤလော့လီလေးကို စနောက်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ချွန်းချွန်းက ကျွင်းရှောင်ယောက်အနီးမှ ချက်ချင်း ဆုတ်ခွာသွားခဲ့သည်။ ထို့နောက် သူမ၏ မထင်မရှား ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့်ကွယ်ကာ သတိထားပြီး လှမ်းကြည့်လိုက်လေသည်။