အခန်း ၉၁၃
Vol. 61 Ch. 913
အခန်း ( ၉၁၃ ) ကောင်းကင်အင်မော်တယ်ပွဲတော်။
ချွန်းချွန်း၏ အသက်အရွယ်ကို သူမ၏ရုပ်ရည်ဖြင့် သဘာဝအတိုင်း မဆုံးဖြတ်နိုင်ပေ။
သို့သော်လည်း သူသည် လုံခြုံမှုရှိသော ပတ်ဝန်းကျင်တွင် ကြီးပျင်းလာခဲ့သောကြောင့် ထိုကဲ့သို့ အပြစ်ကင်းစင်ပြီး ရိုးသားသောစရိုက်လက္ခဏာတို့ ရှိခဲ့သည်။
ကျွင်းရှောင်ယောက်လည်း ခေါင်းကို အနည်းငယ်ခါယမ်းလိုက်လေသည်။
သူမက ထောင်စုနှစ်များစွာ ကြာသည့်တိုင်အောင် မပြောင်းလဲနိုင်သော တရားဝင်လိုလီလေးဖြစ်သည့် ကျန်းလော့လီနှင့်တော့ မတူပေ။
ချွန်းချွန်းလည်း ဤတော့မှ သူမကို ကျွင်းရှောင်ယောက် စနောက်နေမှန်း သဘောပေါက်သွားသည်။ ယင်းကြောင့် မနေနိုင်ဘဲ နှာမှုတ်ပြီး ပြောလိုက်သည်။
"ဟွန့်၊ သခင် ချွန်းချွန်းကို ကျေးဇူးပြုပြီး မခြောက်ပါနဲ့နော်။ ချွန်းချွန်းက ကလေးမဟုတ်တော့ဘူး၊ ကလေးလိုချင်ရင် ယူလို့ရနေပြီ"
ချွန်းချွန်း၏ စကားကြောင့် ကျွင်းရှောင်ယောက် အနည်းငယ် ဆွံ့အသွားသည်။
အကယ်၍ ယခင်ဘဝတွင်သာ ဤလိုလီလေးမျိုးကို တစ်ခုခုလုပ်ဝံ့ပါက၊ စား၍ကောင်းသော ထောင်ထမင်းရှိမည် မဟုတ်ပေ။
ထို့နောက်တွင် ကျွင်းရှောင်ယောက်က ကောင်းကင်ဂူသင်္ချိုင်းမှ ထွက်ခွာသွားခဲ့သည်။
ချွန်းချွန်းကလည်း သဘာဝအတိုင်း လိုက်သွားခဲ့လေသည်။
လမ်းတစ်လျှောက်တွင် ချွန်းချွန်းက စကားကို အဆက်မပြတ် ပြောခဲ့သည်။
သူ ဗိုက်ဆာလာပါက ရတနာအိတ်ထဲမှ ကြက်ပေါင်တစ်ချောင်းကို ထုတ်စားလေ့ရှိ၏။
သူမက ကြက်သားစားရတာကို အလွန်ကြိုက်ကြောင်း ထင်ရှားသည်။
ကျင့်ကြံသူတစ်ဦးအနေဖြင့် မိုးနှင့်မြေ၏ အနှစ်သာရကို စုပ်ယူနေရုံသာလိုသည်။ အစားအသောက်က ဤမျှအရေးမကြီးပေ။
ဤလိုလီလေးကိုယ်တိုင်က အစားကောင်းကြိုက်ခြင်း ဖြစ်နိုင်သည်။
"သခင်၊ အခု ဘယ်ကိုသွားမလို့လဲ"
ချွန်းချွန်းက မေးသည်။
"ခြေဦးတည့်ရာပဲ"
ကျွင်းရှောင်ယောက်က ရိုးရိုးရှင်းရှင်း ပြန်ပြောလိုက်၏။
အချက်အလက်များများ စုဆောင်းချင်ပါက ခရီးများများသွားရမည် ဖြစ်သည်။
"ဒါဆို ကောင်းကင်သင်္ချိုင်းတိုင်းပြည်ထဲမှာ မကြာခင်ကျင်းပတော့မဲ့ ကောင်းကင်အင်မော်တယ်ပွဲတော်အကြောင်း သိပြီလား"
ချွန်းချွန်းက ထပ်မေးပြန်သည်။
"ကောင်းကင်အင်မော်တယ်ပွဲတော်လား"
ကျွင်းရှောင်ယောက် ရုတ်တရက် သတိရသွား၏။
ယခင်က ဖေးချင်ရွယ်ကို သင်ခန်းစာပေးနေချိန်တွင် တိုင်းတပါးသတ္တဝါများထံမှ ကောင်းကင်အင်မော်တယ်ပွဲတော်အကြောင်း တစ်စွန်းတစ သူ ကြားခဲ့ဖူးသည်။
"ဟုတ်ပါတယ်၊ ကောင်းကင်သင်္ချိုင်းပြည်နယ်မှာ ထူးခြားတဲ့နေရာတွေ အများကြီးရှိတယ်။ ကောင်းကင်သင်္ချိုင်းအပြင် ကြွေလွင့်အင်မော်တယ်တောင်ကြောလို့ခေါ်တဲ့ အခြား နေရာတစ်ခု ရှိသေးတယ်"
"ကြွေလွင့်အင်မော်တယ်တောင်ကြောမှာ ကောင်းကင်အင်မော်တယ်သစ်ပင်ရှိတယ်လေ။ ကောလဟာလတွေအရ၊ ကြွေလွင့်အင်မော်တယ်သစ်ပင်က အင်မော်တယ်သွေးတစ်စက်နဲ့ ထောက်ပံ့ထားတဲ့ ရှေးဟောင်းသစ်ပင်တစ်ပင်ပဲ။ သူ့ရဲ့ သစ်ရွက်တွေမှာ အင်မော်တယ်တာအို အမှတ်အသားတွေ ရှိတယ်"
"အဲဒီ အင်မော်တယ်ဝိညာဉ်သစ်ရွက်နဲ့ ကျိုထားတဲ့ လက်ဖက်ရည်တစ်ခွက် သောက်ရရင်တောင် တာအိုကို သိနားလည်စေနိုင်တယ်တဲ့"
"ဒါ့အပြင် အင်မတန်ရှားပါးပြီး နှစ်တစ်ထောင်မှ တစ်ကြိမ် အသီးသီးတာ။ အခု ကောင်းကင်အင်မော်တယ်သစ်သီး သီးဖို့ ရက်သိပ်မလိုတော့ဘူး"
စကားအဆုံးတွင် ချွန်းချွန်းက နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။
သူသည်လည်း ကောင်းကင်အင်မော်တယ်ပွဲတော်ကို တက်ရောက်ရန် ကောင်းကင်ဂူသင်္ချိုင်းသို့ ရောက်လာခြင်း ဖြစ်၏။ ကောင်းကင်အင်မော်တယ်သစ်သီးကို မြည်းကြည့်နိုင်ပါက အကောင်းဆုံး ဖြစ်လိမ့်မည်။
ကျွင်းရှောင်ယောက်လည်း ချွန်းချွန်းထံမှ သတင်းအချို့ကို ရခဲ့သည်။
ယခု သူရောက်နေသောနေရာမှာ တိုင်းတပါး၏ အဓိကပြည်နယ်ဆယ်ခုထဲမှ ကောင်းကင်သင်္ချိုင်းပြည်နယ် ဖြစ်သည်။
လာမည့် ကောင်းကင်အင်မော်တယ်ပွဲတော်ကတော့ မကြာသေးမီ အချိန်များအတွင်း စိတ်လှုပ်ရှားစရာအကောင်းဆုံး ပွဲဖြစ်သည်မှာ သေချာလှပေသည်။
'အင်မော်တယ်သွေးနဲ့ ကျွေးမွေးထားတဲ့ ကောင်းကင်အင်မော်တယ်သစ်ပင်လား'
ကျွင်းရှောင်ယောက် စိတ်ဝင်စားလာသည်။
သူကိုယ်တိုင် ဖန်တီးထားသော ကံကြမ္မာ၏သမီးတော် ဖေးချင်ရွယ်သည်လည်း ကောင်းကင်အင်မော်တယ်ပွဲတော်မှာ ပါဝင်မည်ဆိုတာကို သူ မှတ်မိသေးသည်။
တိုက်တိုက်ဆိုင်ဆိုင်၊ ဤယုံကြည်သူနှင့် တွေ့ဆုံပါက နောက်တစ်ဆင့်အတွက် စတင် စီစဉ်နိုင်သည်။
"ဒါဆိုရင်လည်း ကောင်းကင်အင်မော်တယ်ပွဲတော်ကို သွားကြတာပေါ့"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းပါပြီ"
ချွန်းချွန်းလည်း ဝမ်းသာအားရ ရယ်မောလိုက်တော့သည်။
ကောင်းကင်အင်မော်တယ်ပွဲတော်တွင် အစွမ်းထက် ပါရမီရှင်လူငယ်များ ပေါ်လာမည် ဖြစ်သည်။
ချွန်းချွန်းတစ်ဦးတည်းဖြစ်ပါက ကောင်းကင်အင်မော်တယ်သစ်သီးကို ဆွတ်ခူးနိုင်မည်ဟု မသေချာပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်က မတူပါ။
ကောင်းကင်ဂူသင်္ချိုင်းမှလာသူ၊ ဤအမျိုးသား၏ အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ သူ့ကို မည်သူမျှ မမြင်နိုင်လောက်အောင် နက်နဲ၏။
ကောင်းကင်သင်္ချိုင်းပြည်နယ်မှ အခြားပါရမီရှင်များက ဤလူငယ်၏ ပြိုင်ဘက်မဟုတ်နိုင်ကြောင်း သူမ၏စိတ်ထဲတွင် အလိုလို ခံစားမိခဲ့သည်။
ထို့နောက်မှာတော့ ကျွင်းရှောင်ယောက်နှင့် ချွန်းချွန်းတို့လည်း ကောင်းကင်အင်မော်တယ်ပွဲတော်ကို ဦးတည်သွားတော့သည်။
ဤလမ်းတစ်လျှောက်မှာတော့ ကျွင်းရှောင်ယောက်ဟာ ပျင်းရိခြင်းမျိုး မရှိခဲ့ရပေ။
ချွန်းချွန်းနှင့်အတူ ခရီးလမ်းက စိုပြေနေခဲ့သည်။
သို့သော်လည်း ချွန်းချွန်းက သူ့ကို အသေးလေးဟု ခေါ်တာကို မကြိုက်ပါ။
ထို့ကြောင့် သူမ၏ခါးရှိ ရတနာအိတ်ထဲမှ မြေခွေးမျက်နှာဖုံးကို ထုတ်ယူဝတ်လိုက်သည်။
ထိုအခါ မီးခိုးလုံးများ တက်လာပြီးနောက် အကွေ့အကောက် အမို့အမောက်တို့ဖြင့် လှပသော မိန်းမပျိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဘယ်လိုလဲသခင်၊ ငါ ကြီးပြီလား"
ချွန်းချွန်းက ကျေနပ်စွာပြုံးပြီး ပြောလိုက်သည်။
ကျွင်းရှောင်ယောက် ဆွံ့အသွား၏။
ဤတော့မှ ချွန်းချွန်း၏ ပြောင်းလဲနိုင်စွမ်းမှာ အလွန်မြင့်မားကြောင်း သဘောပေါက်ခဲ့သည်။
ကြွေလွင့်အင်မော်တယ်တောင်ကြောနှင့် မိုင်တစ်ရာအကွာတွင်...
ရှေးဟောင်းမြို့တစ်မြို့ ရှိသည်။
ပုံမှန်အားဖြင့် ဤမြို့တွင် လူသိပ်မနေကြပေ။
သို့သော်လည်း ကောင်းကင်အင်မော်တယ်ပွဲတော် ကျင်းပမည့်ရက်သို့ ရောက်လာသည်နှင့် ထိုမြို့မှာ စည်ကားလာတတ်သည်။
မီးတောက်နဂါးမြင်းများဆွဲသော ရထားများနှင့် တော်ဝင်မျိုးနွယ်ဝင်များ ရောက်လာကြ၏။
ကောင်းကင်မှာလည်း ပျံဝဲနေသော နတ်ဆိုးသားရဲများ၊ လှေပျံများနှင့် ကြေးရထားများ... အမျိုးမျိုး ရှိသေးသည်။
ပတ်ဝန်းကျင်က အလွန်တက်ကြွသည်ဟု ဆိုနိုင်သည်။
ဤနေရာသို့ ရောက်ရှိလာသော ပါရမီရှင်များထဲတွင် တော်ဝင်မျိုးနွယ်များနှင့် ထိပ်တန်းတော်ဝင်မျိုးနွယ်များမှ ပါရမီရှင်များလည်း အများအပြား ပါဝင်သည်။
ဧကရာဇ်တစ်ပိုင်း မျိုးနွယ်များပင် ရောက်လာကြသေးသည်။
ဤအခိုက်တွင်၊ မြို့အပြင်ဘက်သို့ အဖြူရောင်ဝတ် လူငယ်တစ်ဦးနှင့် ဆံပင်ဖြူ လိုလီလေးတစ်ဦး ရောက်လာခဲ့သည်။
"နောက်ဆုံးတော့ ငါတို့ရောက်လာပြီ၊ ဒါပေမဲ့ ကောင်းကင်အင်မော်တယ်ပွဲတော်ကို စတင်ဖို့က ရက်နည်းနည်းလိုသေးတယ်။ သခင်၊ ငါတို့ မြို့ထဲမှာ ရက်နည်းနည်းလောက် စောင့်ကြရအောင်"
ချွန်းချွန်းက ပြောလိုက်သည်။
ကျွင်းရှောင်ယောက်လည်း ခေါင်းညိတ်ပြပြီး နှစ်ဦးသား ဝင်ရောက်လာခဲ့၏။
သို့သော်လည်း ချွန်းချွန်းက မြို့ထဲသို့ ဝင်ခါနီးတွင် မြေခွေးမျက်နှာဖုံးကိုဝတ်ကာ နီခမ်းနီနီ၊ ဖြူဖွေးသောသွားများနှင့် မိန်းကလေးအဖြစ်သို့ ပြောင်းလိုက်သည်။
"ဒီလိုကမှ သခင်ရဲ့ပုံစံနဲ့ လိုက်ဖက်ညီမယ် မဟုတ်လား"
ချွန်းချွန်းက ပြုံးပြီး ပြောလိုက်လေသည်။
ကျွင်းရှောင်ယောက်လည်း ပြုံးပြီး ခေါင်းကိုခါယမ်းလိုက်မိသည်။
တစ်ချိန်တည်းမှာပင်၊ မြို့ထဲမှ လူစည်ကားနေသော လမ်းတစ်ခုမှာ...
တိုင်းတပါးသတ္တဝါများ ရုတ်စုရုတ်စု ဖြစ်နေသည်။
သူတို့မျက်နှာများကို ကြည့်ရလျှင်တော့ ပြပွဲကောင်းတစ်ခုကို စောင့်ကြည့်နေကြပုံရ၏။
အကြောင်းမူကား ဤနေရာတွင် တော်ဝင်မျိုးနွယ်နှစ်ခု ထိပ်တိုက်ရင်ဆိုင်နေကြခြင်းကြောင့် ဖြစ်တော့သည်။
ဤတော်ဝင်မျိုးနွယ်နှစ်ခုကလည်း ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်နှင့် မီးလျှံကျောက်တော်ဝင်မျိုးနွယ်တို့ ဖြစ်သည်။
ကောင်းကင်သင်္ချိုင်းပြည်နယ်မှ တိုင်းတပါးသတ္တဝါတိုင်း ဤမျိုးနွယ်နှစ်ခုကြားမှ ရန်ငြိုးများကို မသိဘဲမနေပေ။
ရေခဲဝိညာဉ်မျိုးနွယ် အားကောင်းစဉ်က မီးလျှံကျောက်မျိုးနွယ်ကို ခေါင်းမထောင်နိုင်လောက်အောင် ဖိနှိပ်ခဲ့ကြသည်။
ယခုမူကား၊ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်က တဖြည်းဖြည်း ဆုတ်ယုတ်လာကာ မီးလျှံကျောက် တော်ဝင်မျိုးနွယ်က ပို၍ အားကောင်းလာခဲ့ပြီ။ ထို့ကြောင့် သူတို့က တစ်ဖန် ပြန်လည်ဖိနှိပ်လာကြခြင်း ဖြစ်သည်။
"ဟင်း၊ မင်းသားယန်က ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ရဲ့ မင်းသမီးဖေးချင်ရွယ်ကို သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် ရယူဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်"
"ဒါပေမဲ့ ဖေးချင်ရွယ်က ကောင်းကင်ဘုံဂူသင်္ချိုင်းကနေ အခွင့်ကောင်းတစ်ခုခု ရခဲ့တယ်လို့ ကြားတယ်နော်"
"ဟုတ်တယ်၊ သူ့နယ်ပယ်က သူတော်စင်ဘုရင်နယ်ပယ်ကို ချိုးဖြတ်သွားတဲ့အပြင် အေးခဲရေခဲအရိုးကလည်း ပြန်ကောင်းလာတယ်တဲ့"
ပတ်ဝန်းကျင်မှ တီးတိုး စကားသံများ ထွက်ပေါ်နေခဲ့သည်။
လူအုပ်၏ အလယ်မှာတော့...
အရပ်မြင့်မြင့်နှင့် တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ရပ်နေသည်။ သူကား မီးလျှံကျောက်တော်ဝင်မျိုးနွယ်မှ မင်းသားယန် ဖြစ်၏။
ပတ်ဝန်းကျင်မှ မှတ်ချက်များကိုကြားတော့ ဆန့်ကျင်ဘက်တွင်ရပ်နေသော မိန်းကလေးကို လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်လိုက်လေသည်။
"ဖေးချင်ရွယ်၊ ဒီမင်းသားလည်း မင်းကို ကောင်းကင်သင်္ချိုင်းမှာ အခွင့်ကောင်းတစ်ခု ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ကြက်ကလေးက ဖီးနစ်တစ်ကောင် ဖြစ်လာပြီ"
"ဒါပေမဲ့... ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ် ဆုတ်ယုတ်နေတဲ့အချက်ကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး။ ဒီမင်းသားရဲ့ ကိုယ်လုပ်တော်ဆိုတဲ့ မင်းရဲ့ကံကြမ္မာကို မင်းမပြောင်းလဲနိုင်ဘူး "
မင်းသားယန်က ဖေးချင်ရွယ်၏ကံကြမ္မာကို စီရင်ထားနိုင်သူပမာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။
အကယ်၍၊ ရှေးယခင်ကသာ ထိုစကားမျိုး ကြားရပါက ဖေးချင်ရွယ်မှာ ရှက်ရွံ့ခြင်း သို့မဟုတ် ဒေါသထွက်သွားပေလိမ့်မည်။
ယခုမူ သူမ လှောင်ရယ်နေမိပြီ ဖြစ်သည်။
ကံကြမ္မာနှင့်ဖန်ဆင်းခြင်းနတ်ဘုရားကို တွေ့ဆုံပြီးနောက်...
ဖေးချင်ရွယ်ဟာ အမှောင်ထဲတွင် သူ့ကံကြမ္မာကို ချုပ်ကိုင်ထားသူတစ်ဦးရှိနေလျှင်ပင်...
ကံကြမ္မာနှင့်ဖန်ဆင်းခြင်းနတ်ဘုရားကဲ့သို့ အနှိုင်းမဲ့တည်ရှိမှု ဖြစ်ရမည်ဟု ယုံကြည်ထားခဲ့သည်။
သူ့ရှေ့မှ မင်းသားယန် မဟုတ်ပေ။
သူမ၏ ကံကြမ္မာကို ကံကြမ္မာနှင့် ဖန်ဆင်းခြင်းနတ်ဘုရားထံ အပ်နှံနိုင်သော်လည်း...
မင်းသားယန်ကို လွှဲပြောင်းပေးရန်ကတော့ လုံးဝမဖြစ်နိုင်ပါချေ။