အခန်း ၉၁၄
Vol. 61 Ch. 914
အခန်း ( ၉၁၄ ) ထိပ်တန်းတော်ဝင်မျိုးနွယ်၊ ဥဒေါင်းနက်တော်ဝင်မျိုးနွယ်မှ ခုန်းရှန်း။
"အခု မင်းမှာ စဉ်းစားဖို့ နေရာမရှိတော့ဘူး"
"ကောင်းကင်အင်မော်တယ်ပွဲတော်ကလည်း စတင်တော့မယ်။ ဒီလို နေ့ကောင်းနေ့မြတ်မှာ မင်း ငါ့ကို ဘာဖြစ်လို့ တခါတည်း လက်မထပ်လိုက်ရမှာလဲ"
မင်းသားယန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"နင်က ငါ့ကို နင့်ရဲ့ကိုယ်လုပ်တော်အဖြစ် လက်ထပ်ချင်တယ်၊ နင့်မှာ ဒီအရည်အချင်းမျိုး ရှိလို့လား"
ဖေးချင်ရွယ် ပြောလိုက်၏။
ဤအခိုက်အတန့်တွင် သူမ၏ လှပသော မျက်လုံးများက ယုံကြည်မှုနှင့် အေးစက်ပြီး မာနကြီးသော အရိပ်အမြွက်တို့ ရှိနေခဲ့သည်။
သူသည် ယခင်က အသုံးမကျသော မင်းသမီးလေး မဟုတ်တော့ပေ။
"ကောင်းကင်သင်္ချိုင်းကနေ အခွင့်အလမ်း နည်းနည်းရတာနဲ့ မောက်မာနိုင်မယ်လို့ မင်းတကယ်ထင်နေတာလား"
မင်းသားယန်၏ မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားသည်။
နောက်အခိုက်တွင် သူက ခြေတစ်လှမ်းတိုးပြီး လက်တစ်ဖက်နှင့် ဖေးချင်ရွယ်အား ဖိနှိပ်လိုက်၏။
မီးလျှံများက မီးပင်လယ်အဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် လောင်ကျွမ်းလာတော့သည်။
မင်းသားယန်၏ တိုက်ခိုက်မှုကိုမြင်တော့ ဖေးချင်ရွယ်၏ နှုတ်ခမ်းများက အေးစက်စက်အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
ယခင်ကတော့ မင်းသားယန်ကို ဆန့်ကျင်ရန် အစွမ်းအစမရှိခဲ့ပေ။
သို့သော်၊ ယခုအချိန်မှာတော့ သူ၏နှလုံးသားက ယုံကြည်မှုအပြည့်နေပြီ ဖြစ်သည်။ ဘာကိုမျှ မကြောက်တော့ချေ။
"ဝမ်"
ဖေးချင်ရွယ်၏ ရင်ဘတ်မှ တောက်ပသော ရေခဲပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင် လေထုက အလွန်အမင်းအေးစက်လာ၏။
ကျွင်းရှောင်ယောက်က ဖေးချင်ရွယ်ကို သွေးတစ်စက် ပေးထားခဲ့ကြောင်း သိထားကြရမည် ဖြစ်သည်။
ဤသွေးတစ်စက်က ဖေးချင်ရွယ်၏ ကျိုးပဲ့နေသော အေးခဲရေခဲအရိုးကို ရေခဲတာအိုအရိုးအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
ဤပြောင်းလဲမှုလေးတစ်ခု၏ စွမ်းအား ပြောင်းလဲမှုက ကြီးမားလှပေသည်။
"အကြွင်းမဲ့ သုည"
ဖေးချင်ရွယ်က ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်သည်။
ရေခဲတာအိုအရိုးက မကြုံစဖူး ထူးကဲသော စွမ်းအင်အတက်အကျများနှင့် အအေးလှိုင်းများ ထွက်ပေါ်လာ၏။
မင်းသားယန်၏ အမူအရာ ပြောင်းသွားသည်။
ယင်းက သူ့မျှော်လင့်ချက်ထက် လုံးဝကျော်လွန်သွားပြီ။
ရေခဲစွမ်းအားက ပြင်းထန်လွန်း၍ မီးပင်လယ်သည်ပင် အေးခဲသွားရသည်။
ခဏလေးအတွင်းမှာပင်...
မင်းသားယန်၏ တကိုယ်လုံးက ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားတော့သည်။
"အရှင်မင်းသား..."
ပတ်ဝန်းကျင်မှ မီးလျှံကျောက် တော်ဝင်မျိုးနွယ်၏ ကျွမ်းကျင်သူအချို့ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။
သို့သော်လည်း မင်းသားယန်၏ အရှိန်အဝါကို ခံစားမိသေးသောကြောင့် တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။
ထို့နောက် ဖေးချင်ရွယ်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်သည်။
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အသုံးမကျသော မင်းသမီးလေးက အဘယ်အချိန်ကစပြီး ဤမျှအစွမ်းထက်လာသနည်း။
ကောင်းကင်သင်္ချိုင်းမှာ အခွင့်အလမ်းကောင်းများ ရခဲ့လျှင်ပင်၊ အချိန်တိုအတွင်း ဤမျှ အားကောင်းလာရန် မဖြစ်နိုင်ပေ။
ပတ်ဝန်းကျင်မှ လူတိုင်း၏ အံ့ဩ တုန်လှုပ်နေသော အကြည့်များအောက်တွင် ဖေးချင်ရွယ်က လှောင်ပြောင်သရော်သော အပြုံးတစ်ခုကို ထုတ်ဖော်ထားခဲ့သည်။
သူတို့ကဲ့သို့ အားနည်းသူများက ကံကြမ္မာနှင့်ဖန်ဆင်းခြင်းနတ်ဘုရား မည်မျှတန်ခိုးကြီးသည်ကို အဘယ်မှာ သိနိုင်ပါမည်နည်း။
သွေးတစ်စက်နှင့် အတတ်ပညာတစ်ခုကပင် သူမ၏ ကံကြမ္မာကို ပြောင်းလဲစေနိုင်သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် ပျင်းရိပျင်းတွဲ ရယ်မောသံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဟင်းဟင်း၊ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်က မင်းသမီးလေးရဲ့ နည်းလမ်းတွေက တကယ် ပြတ်သားတာပဲ"
ထိုအသံကိုကြားတော့ လူတော်တော်များများက အသံလာရာကို လှမ်းကြည့်လိုက်ကြ၏။
ခေါင်းကိုးလုံး အနီရောင်နဂါးကြီးတစ်ကောင်က လှပသော ရထားတစ်စီးကိုဆွဲကာ ကောင်းကင်မှ ပျံသန်းလာနေသည်။
နောက်အခိုက်တွင်၊ သားမွေးကော်လာနှင့် အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက် ရထားအတွင်းမှ ထွက်လာခဲ့သည်။
ဤလူငယ်က ချောမောသည့်အပြင် ထူးကဲသော စိတ်နေစိတ်ထား ရှိ၏။
သူက ဖေးချင်ရွယ်ကို အထင်မြင်သေးသော အကြည့်ဖြင့် သာမန်ကာလျှံကာ သဘောမျိုး ကြည့်လိုက်သည်။
"အဲဒါက ထိပ်တန်းတော်ဝင်မျိုးနွယ် ဆယ်စုထဲက တစ်ခုဖြစ်တဲ့ ဥဒေါင်းနက်တော်ဝင်မျိုးနွယ်ကပဲ"
"သူက ဥဒေါင်းနက်တော်ဝင်မျိုးနွယ်ရဲ့ သခင်လေး ခုန်းရှန်း"
"ဒီခုန်းရှန်းကိုယ်တိုင်က အတော် အစွမ်းထက်တဲ့အပြင် သူ့မှာ ခုန်းချမ်ချမ်လို့ခေါ်တဲ့ ဝမ်းကွဲတစ်ယောက်လည်း ရှိသေးတယ်။ သူ့ခွန်အားက မျိုးဆက်သစ် ဘုရင်ဆယ်ပါးထက် သိပ်ပြီးအားမနည်းဘူး"
"နောက်ပြီးတော့ ခုန်းချမ်ချမ်က အင်မော်တယ်ဧကရာဇ်မျိုးနွယ်က ပါရမီရှင်ရဲ့ အနာဂတ်ဇနီးလောင်းလို့ ကြားတယ်"
လူငယ်ကို မြင်ရပြီးနောက် ပတ်ဝန်းကျင်မှ အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။
ထိပ်တန်းတော်ဝင်မျိုးနွယ်စု ဆယ်ခုသည် အင်မော်တယ်ဧကရာဇ်မျိုးနွယ်ဖြစ်လာရန် အလားအလာ အလွန်များကြသူများ ဖြစ်သည်။
ချီရှောင်းမျိုးနွယ်သည် ဤအတွက် ဥပမာကောင်းတစ်ခု ဖြစ်၏။
ချီရှောင်းဘုရင်က အင်မော်တယ်ဘုရင်နယ်ပယ်သို့ ချိုးဖြတ်နိုင်သောအခါ ချီရှောင်းမျိုးနွယ်ကလည်း အင်မော်တယ်ဧကရာဇ်အဆင့်သို့ ချက်ချင်း တက်လှမ်းနိုင်ခဲ့ပေသည်။
ထို့ကြောင့်ပင်၊ ဤထိပ်တန်းတော်ဝင်မျိုးနွယ်ဆယ်စုကို မည်သူမျှ မပစ်မှားဝံ့ပေ။
ဥဒေါင်းနက်တော်ဝင်မျိုးနွယ်၏ ပါရမီရှင် ခုန်းချမ်ချမ်က ထိပ်တန်းဘုရင်ငယ်ဆယ်ပါးထက် များစွာအားမနည်းသည့်အပြင်...
သူမက မကြာမီ အင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ ချွေးမလည်း ဖြစ်လာတော့မည် ဖြစ်သည်။
သူမ၏ အရည်အချင်းနှင့် အထောက်အထားက သာမန်တော်ဝင်မျိုးနွယ်များမှ ပါရမီရှင်များ မယှဉ်သာဟု ဆိုနိုင်သည်။
သူမ တစ်ဦးတည်းကြောင့်ပင် ဥဒေါင်းနက် တော်ဝင်မျိုးနွယ်တစ်ခုလုံးကို လူတိုင်း မထိပါးဝံ့ပေ။
ခုန်းရှန်း ရောက်ရှိလာတာကိုမြင်တော့ ဖေးချင်ရွယ်၏ နှလုံးသားမှာ အနည်းငယ် လေးလံသွားသည်။
သူမက မီးလျှံကျောက်တော်ဝင်မျိုးနွယ်ကို မကြောက်သလို မင်းသားယန်ကိုလည်း မကြောက်ပေ။
သို့ရာတွင်၊ သူမက တစ်ယောက်တည်းမဟုတ်ဘဲ သူ့နောက်မှာ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ် ရှိသည်။
ဥဒေါင်းနက်တော်ဝင်မျိုးနွယ်နှင့် ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်တို့၏ အင်အားက တူညီသော အဆင့်တွင် လုံးဝ မရှိပါ။
သူမတွင် ခုန်းရှန်းကိုထိပါးရန် အရည်အချင်း မရှိပေ။
"ဟင်း၊ ငါ့ကောင်က တကယ်ကို သနားစရာပါလား။ သူ့မိန်းမကိုတောင် မကိုင်တွယ်နိုင်ဘူး"
ခုန်းရှန်းက ခေါင်းကိုခါယမ်းလိုက်သည်။
သူနှင့် မင်းသားယန်က စားသောက်ပွဲတစ်ခုမှာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် လောက်လောက်လားလား ရင်းနှီးမှုမျိုး မရှိပေ။
သို့သော်လည်း မင်းသားယန်က အဖားအယားတတ်သောကြောင့် ခုန်းရှန်းနှင့် သင့်မြတ်ခဲ့သည်။
ခုန်းရှန်းကလည်း သူ့ကို အလွန်တရာ မြှောက်ပင့်တတ်သော မင်းသားယန်အပေါ် ကျေနပ်အားရဖြစ်ပြီး အခက်အခဲရှိပါက သူ့ထံသို့လာနိုင်ကြောင်း ပြန်ပြောခဲ့ပေသည်။
သို့ပေသော်ငြား အမှန်တကယ် အလေးအနက်ထားရသော အခြေအနေဖြစ်ပါက ခုန်းရှန်းဟာ လူလုံးပြရန် ပျင်းရိမည် ဖြစ်သည်။
သို့သော်ငြားလည်း မိန်းမကိစ္စကဲ့သို့ အသေးအဖွဲကိစ္စများကိုတော့ ပါဝင်လိုစိတ် ရှိချေသည်။
ခုန်းရှန်းက သူ့လက်တစ်ဖက်ကို မြှောက်လိုက်သည်။ သူ့လက်ဖဝါးတွင် နတ်အလင်းရောင်များ စီးဆင်းသွား၏။
သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သောအခါ ကွဲအက်သံနှင့် မင်းသားယန်၏ခန္ဓာကိုယ်မှ ရေခဲများ ကွာကျသွားတော့သည်။
မင်းသားယန်လည်း ဤတော့မှ လှုပ်ရှားနိုင်လာပြီး တကိုယ်လုံး တုန်ယင်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
"မင်း ခွေးမ..."
မင်းသားယန်က ဖေးချင်ရွယ်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သည်။
"မင်းသားယန်၊ မင်းက ကိုယ့်မိန်းမကိုတောင် မထိန်းနိုင်သေးဘူးပဲ"
ခုန်းရှန်း သက်ပြင်းချလိုက်၏။
"အစ်ကိုကြီးခုန်းရှန်းပဲ၊ ငါ့ကိုကူညီပေးတာ ကျေးဇူးတင်ပါတယ်"
မင်းသားယန်လည်း ဤတော့မှ ခုန်းရှန်းကို သတိပြုမိကာ အမြန်ဦးညွတ်လိုက်သည်။ ယခုတော့လည်း သူ့တွင် မင်းသားတစ်ပါး၏ အရှိန်အဝါတို့ မရှိပေ။
သို့ရာတွင်၊ မီးလျှံကျောက်မျိုးနွယ်မှ အခြား ကျွမ်းကျင်သူများက ယင်းကို အမှားအယွင်းရှိသည်ဟုမထင်ပါ။
တိုင်းတစ်ပါးတွင် အဆင့်အတန်း မြင့်မားနှင့် တန်ခိုးကြီးသူများကိုသာ ရိုသေလေးစားသည်။
"မင်းရဲ့ ဒီကိုယ်လုပ်တော်က သိပ်နာခံတတ်ပုံမရဘူး"
ခုန်းရှန်း ပြောလိုက်သည်။
"အစ်ကိုကြီး ခုန်းရှန်းရှေ့မှာ ရယ်စရာဖြစ်စေမိပါပြီ"
မင်းသားယန် ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်၏။
"ကိစ္စမရှိဘူး၊ မင်းနဲ့ငါက သူငယ်ချင်းတွေပဲလေ။ ဒါက အသေးအဖွဲကိစ္စပါပဲ။ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်က ငါ့ကို ငြင်းပယ်ဖို့ သတ္တိရှိလို့လား"
ခုန်းရှန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ဒါဆိုရင် အစ်ကိုကြီးခုန်းရှန်းကို ကြိုပြီး ကျေးဇူးတင်ထားလိုက်တော့မယ်နော်"
မင်းသားယန်လည်း ဝမ်းသာအားရဖြစ်သွားသည်။ ထို့နောက် ဖေးချင်ရွယ်ကို အေးစက်ပြီး ခက်ထန်သောအမူအရာဖြင့် လှည့်ကြည့်လိုက်၏။
ဖေးချင်ရွယ်ကို သူ လက်ထပ်ပြီးပါက သေချာ လေ့ကျင့်ပေးရလိမ့်မည်။
ခုန်းရှန်းကလည်း ဖေးချင်ရွယ်ကို ကြည့်လိုက်သည်။
ဖေးချင်ရွယ်သည် အေးစက်ပြီး လှပသော ရေခဲတောင်ကြာပွင့်ကဲ့သို့ အလှပိုင်ရှင်မျိုး ဖြစ်၏။
သို့သော်လည်း ဥဒေါင်းနက်တော်ဝင်မျိုး၏ ပါရမီရှင်တစ်ဦးအနေဖြင့် မိန်းမလှများစွာကို မြင်တွေ့ခဲ့ဖူးသောကြောင့် မက်မောနေတော့မည် မဟုတ်ပေ။
"ငါ့သူငယ်ချင်းက မင်းကို သဘောကျတာ မင်းအတွက် ကံကောင်းခြင်းတစ်ခုပဲဆိုတာ မှတ်ထားပါ။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်မယ်။ ဒါပေမဲ့ ကောင်းကင်အင်မော်တယ်ပွဲတော်ပြီးတာနဲ့ မင်း မင်းသားယန်ရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့ လက်ခံရမယ်"
ခုန်းရှန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူ့စကားက အလွန်ပြတ်သားပြီး ဖေးချင်ရွယ်ကို ရွေးချယ်ပိုင်ခွင့် လုံးဝမပေးခဲ့ပေ။
ဖေးချင်ရွယ် ငြင်းဝံ့မည်ဟုလည်း သူမထင်ပါ။
သို့ရာတွင်၊ နောက်အခိုက်အတန့်တွင် ထွက်ပေါ်လာသော ဖေးချင်ရွယ်၏စကားက ခုန်းရှန်းကို အံ့အားသင့်သွားစေခဲ့သည်။
"ငါ ဖေးချင်ရွယ် အသက်သေရရင်တောင် မင်းသားယန်ရဲ့ ကိုယ်လုပ်တော် အဖြစ်ခံမှာမဟုတ်ဘူး။ နောက်ပြီး..."
"နင်ကလည်း အရမ်းရွံ့စရာကောင်းတယ်"
ဖေးချင်ရွယ်၏ လေသံက အေးစက်တင်းမာပြီး ခုန်းရှန်းကို လုံးဝ မျက်နှာသာမပေးခဲ့ပေ။
ဘာကြောင့်မှန်းတော့မသိပါ။
အကယ်၍ အတိတ်မှာဖြစ်ခဲ့လျှင် သူမ ကြောက်ရွံ့ပြီး တုံ့ဆိုင်းကောင်း တုံ့ဆိုင်းနိုင်သည်။
သို့ရာတွင်၊ ကောင်းကင်ဂူသင်္ချိုင်းမှ အန္တိမတည်ရှိမှုကို တွေ့ရပြီးနောက်မှာတော့ အတွေးတစ်မျိုး ဝင်လာခဲ့သည်။
ကိုယ့်ကံကြမ္မာကိုပင် မထိန်းချုပ်နိုင်ပါက...
သို့ဆိုလျှင် ကံကြမ္မာနှင့်ဖန်ဆင်းခြင်းနတ်ဘုရားကို ယုံကြည်သူဖြစ်လာရန် အဘယ်အရည်အချင်းများ ရှိမည်နည်း။