အခန်း ၉၁၉
Vol. 62 Ch. 919
အခန်း ( ၉၁၉ ) ခုန်းချမ်ချမ် ပေါ်လာပြီ။
ထိုဇိမ်ခံသင်္ဘောကြီးက ခမ်းနားထည်ဝါပြီး အရှိန်အဝါကြီးမားသည်။
တိုင်းတပါးတွင် အဆင့်အတန်းသတ်မှတ်ချက်က အလွန်တင်းကျပ်၏။
အင်အားနည်းသော တိုင်းတပါးသားများက ဤမျှ အရှိန်အဝါကြီးသော ပျံသန်းရေးယဉ်များကို မစီးဝံ့ကြပေ။
သင်္ဘောကုန်းပတ်ပေါ်တွင်...
လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည်။
အမျိုးသမီးက အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။
သူမ၏ ရုပ်ရည်ကလည်း ထူးထူးကဲကဲ လှပသည်။ ဖီးနစ်မျက်လုံးများ၊ အနီရောင်နှုတ်ခမ်းများနှင့် ကျောက်စိမ်းပမာ မျက်နှာလေးရှိလေသည်။
သူမ၏ အနက်ရောင်ဆံနွယ်များကိုတော့ ဥဒေါင်းဆံညှပ်ဖြင့် ချည်ထားသည်။
သူ့ထံမှ မြင့်မားပြီး အေးစက်သော ဆွဲဆောင်မှုတစ်မျိုး ထွက်ပေါ်နေခဲ့ပေသည်။
ယင်းမှာ ဥဒေါင်းနက်တော်ဝင်မျိုးနွယ်၏ ပါရမီရှင် ခုန်းချမ်ချမ် ဖြစ်သည်။
သူ့ဘေးမှ လူငယ်ကတော့...
ငယ်ရွယ်နုနယ်ပုံရသော မျက်နှာရှိပြီး မျက်ခုံးနှစ်ခုကြား၌ နတ်အမှတ်အသားလိုင်းတစ်ခု ရှိသည်။
ခုန်းချမ်ချမ်ဘေးတွင် ရပ်နေသော်လည်း သူ့အရှိန်အဝါက အားနည်းမှုမရှိပေ။
ထိုမြင်ကွင်းကြောင့် ပထမတော့ အားလုံး အံ့ဩသွားကြသည်။ နောက်မှ သက်ပြင်းချလိုက်ကြလေသည်။
"ဟူး၊ ဒါက ခုန်းချမ်ချမ်ရဲ့ ခင်ပွန်းလောင်းထင်လို့ လန့်သွားတာပဲ။ သူသာ တကယ်ရောက်လာရင် ငါတို့ ဘာလုပ်နိုင်တော့မှာလဲ"
"အမှန်ပဲ၊ မင်ကျောက်မျိုးနွယ်ရဲ့ လီကျိုးမင်က ကောင်းကင်ဘုရင်ဆယ်ပါးမှာ ထိပ်တန်းသုံးဦးထဲ ပါဝင်တယ်။ သူက ဧကရာဇ်မျိုးနွယ်ရဲ့ ပါရမီရှင်တွေကြားမှာတော့ တကယ်ကို ထိပ်သီးတစ်ယောက်ပဲ"
"ခုန်းချမ်ချမ်ဘေးမှာ ရပ်နေတဲ့လူက လီကျိုးမင်ရဲ့ အစေခံဖြစ်ပုံရတယ်။ သူက သူ့ကိုယ်သူလေ့ကျင့်ဖို့ ဒီတစ်ခေါက် လိုက်လာခဲ့ပုံပဲ"
ခုန်းချမ်ချမ် ရောက်ရှိလာခြင်းက ပတ်ဝန်းကျင်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။
ယီတောက်မျိုးနွယ်နှင့် မြွေမျိုးနွယ်မှ ပါရမီရှင်များပင်လျှင် သူ့ကို လျှော့မတွက်ဝံ့ပေ။
ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ပါရမီရှင်များအနေဖြင့် သူတို့၏အဆင့်အတန်းက ခုန်းချမ်ချမ်ထက် မြင့်မားသည်။
သို့ရာတွင်၊ ခုန်းချမ်ချမ်က လီကျိုးမင်၏ အမျိုးသမီး ဖြစ်၏။
သူမက မယားငယ်သာဖြစ်သော်ငြားလည်း သူမ၏အဆင့်အတန်းမှာ သာမန်ဧကရာဇ်တစ်ပိုင်းအဆင့် ပါရမီရှင်များ နှိုင်းယှဉ်နိုင်တာမဟုတ်ပေ။
အင်မော်တယ်ဧကရာဇ်မျိုးနွယ်က တိုင်းတပါးတွင် အမြင့်မြတ်ဆုံးတည်ရှိမှု ဖြစ်သည်။ သူတို့၏အဆင့်အတန်းကို ထိပါး၍မရပေ။
"မိန်းကလေးချမ်ချမ်၊ သခင်က စစ်နတ်ဘုရားနန်းတော်အတွက် ပြင်ဆင်ဖို့ တံခါးပိတ်လေ့ကျင့်ရမယ်လို့ ပြောတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ကောင်းကင်အင်မော်တယ်သစ်ရွက်နဲ့ သစ်သီးတွေကိုခူးဖို့ ငါမင်းကို ကူညီပေးပါမယ်"
လီကျိုးမင်၏ အစေခံက ပြောလိုက်သည်။ သူ့နာမည်မှာ ဝူခွင်း ဖြစ်၏။ သူ့အသက်က ထောင်ချီရှိနေပြီ။
ကျင့်ကြံသူများ၏ သက်တမ်းအရ ဤအသက်ရွယ်ကို လူငယ်တစ်ဦးဟု ဆိုနိုင်သည်။ သူ၏ ကျင့်ကြံခြင်းက အဓိပဓိတစ်ပိုင်းနယ်ပယ်သို့ရောက်နေပြီ။
သို့သော်လည်း ဤအခိုက်တွင် ခုန်းချမ်ချမ်၏မျက်နှာက ပျော်ရွှင်မှုမရှိဘဲ အေးစက်မှုအရိပ်အယောင်များပင် ပေါ်နေသည်။
ယင်းကိုမြင်တော့ ဝူခွင်းက ပါးနပ်စွာ ပြောလိုက်သည်။
"မင်းရဲ့ ဝမ်းကွဲကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတာလား။ စိတ်မပူပါနဲ့၊ အချိန်တန်တဲ့အခါ ဒီကိစ္စကို ငါဖြေရှင်းပေးမယ်"
"ကျေးဇူးတင်ပါတယ်၊ ငါ့ဝမ်းကွဲက အသုံးမကျပေမဲ့ သူနဲ့ငါ့ကြားမှာ သွေးရင်းဆက်နွယ်မှုရှိသေးတယ်။ သူ့ကိုသတ်ခဲ့တဲ့ အဖြူရောင်ဝတ်စုံနဲ့လူ ဒီနေ့ပေါ်လာရင် သူ့ကိုအလွတ်မပေးနဲ့"
ခုန်းချမ်ချမ် ပြောလိုက်သည်။
ခုန်းရှန်းက သူနှင့် ရင်းနှီးသော ဆွေမျိုးတစ်ဦး မဟုတ်သော်လည်း သူသည် သူမ၏မျိုးရိုးမှ ဖြစ်နေဆဲပင်။
ယခုတော့ ခုန်းရှန်း အသတ်ခံလိုက်ရသောကြောင့် ခုန်းချမ်ချမ်ဟာ သဘာဝအတိုင်း တစ်ခုခုလုပ်ရမည် ဖြစ်သည်။
ယနေ့တွင် ထိုအဖြူရောင်ဝတ်လူ ပေါ်လာပါက သေချာပေါက် ဖြေရှင်းရလိမ့်မည်။
မပေါ်လာလျှင်ပင်၊ သူ့မျိုးနွယ်မှ အသန်မာဆုံး ကျွမ်းကျင်သူများကို ရှာဖွေရန် စေလွှတ်နိုင်သည်။
နောက်ဆုံးတွင်၊ ထိပ်တန်းတော်ဝင်မျိုးနွယ်၏ ဂုဏ်သိက္ခာက လူတိုင်းထိပါး၍ မရနိုင်ပေ။
ခုန်းချမ်ချမ်က ထိုသို့ တွေးနေစဉ်တွင်...
ရုတ်တရက် ပတ်၀န်းကျင်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"အဖြူရောင်လူငယ် ဒီကို တကယ်ရောက်လာပြီဟေ့"
"ကောင်းကင်အင်မော်တယ်ပွဲတော်ကို ခုန်းချမ်ချမ်လာမယ်မှန်း သိပါလျက်နဲ့ လာဝံ့တာကတော့ တကယ်ကို ရဲတင်းတယ်"
"ဒီတစ်ခေါက်မှာ ခုန်းချမ်ချမ်နဲ့အတူ ဧကရာဇ်မျိုးနွယ်ကလူလည်း ပါလာခဲ့တယ်လေ။ ဒီသခင်လေးတော့ ခက်ခဲတော့မှာ ငါကြောက်တယ်"
ပတ်ဝန်းကျင်မှ တစ်ယောက်တစ်ပေါက် ဆွေးနွေးပြောဆိုသံများကြားတွင်...
အဖြူရောင်ဝတ်လူငယ်တစ်ဦးက ကောင်းကင်မှ အေးအေးလူလူ လျှောက်လာခဲ့သည်။
သူ့ခြေလှမ်းများက ပေါ့ပါးပြီး နှေးလည်းမနှေးသလို မြန်လည်းမမြန်ပေ။
သူက အံ့ဖွယ်ဖြစ်အောင် အရှိန်အဝါများ ထုတ်မပြမထားသော်လည်း ယင်းကပင် လူတို့ကို နားမလည်နိုင်သကဲ့သို့ ခံစားရစေသည်။
"ကောင်းကင်အင်မော်တယ်သစ်ပင်က အဲဒီမှာပေါ့"
ရောက်လာသူမှာ သဘာဝအတိုင်း ကျွင်းရှောင်ယောက် ဖြစ်သည်။
သူက ခေါင်းကိုအနည်းငယ်မော့ပြီး ပေတစ်သောင်းမြင့်သော တောင်ထိပ်မှ မြူခိုးများဖုံးလွှမ်းနေသော ရှေးဟောင်းသစ်ပင်တစ်ပင်ကို လှမ်းကြည့်လိုက်လေသည်။
"ဝှါး၊ ငါ ကောင်းကင်အင်မော်တယ်သစ်သီး စားချင်လာပြီ..."
ချွန်းချွန်း၏ နှုတ်ခမ်းထောင့်မှ သွားရေနည်းနည်းစီးကျလာသည်။
သူတကယ်ကို မစောင့်နိုင်တော့ပေ။
တစ်ဖက်တွင် ဖေးချင်ရွယ်က အကြောက်ရွံ့ကင်းပြီး တည်ငြိမ်သောအမူအရာဖြင့် ရှိနေခဲ့သည်။
သူမ၏ နှလုံးသားထဲတွင် ကျွင်းရှောင်ယောက်၏ စကားလုံးများက သံသယဖြစ်ဖွယ်ရှိပုံမရပေ။
ကျွင်းရှောင်ယောက်က စိတ်မပူရန် ပြောထားမှတော့ စိတ်မပူတော့ဘဲ နေလိုက်ရုံ ဖြစ်သည်။
ဆန့်ကျင်ဘက်တွင်၊ နောက်လိုက်လာသော ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ အကြီးအကဲများက စိုးရိမ်ပူပန်နေကြသည်။
အထူးသဖြင့် ခုန်းချမ်ချမ်နှင့် ဧကရာဇ်မျိုးနွယ်စုမှ ဝူခွင်းကိုတွေ့ပြီးနောက်တွင် သူတို့၏မျက်နှာများက ဖျော့တော့ပြီး မျက်လုံးများပင် တုန်လှုပ်လာတော့သည်။
"မင်ကျောက်ဧကရာဇ်မျိုးနွယ်က လူ..."
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အကြီးအကဲတစ်ဦးက အနည်းငယ်စိတ်အားငယ်နေသော လေသံမျိုးဖြင့် ပြောလိုက်သည်။
အကယ်၍ ဧကရာဇ်မျိုးနွယ် မပေါ်လာပါက အခွင့်အလမ်းအနည်းငယ်ရှိဦးမည်။
ယခုတော့ ခုန်းချမ်ချမ်ဟာ သူတို့နှင့် အကြွေး တစ်ခါတည်း ရှင်းတော့မည်ဟု ထင်ရသည်။
"ဟန်"
ကျွင်းရှောင်ယောက် ပေါ်လာသည်နှင့် ခုန်းချမ်ချမ်၏ စူးရဲသောအကြည့်က ကျရောက်လာခဲ့သည်။
သူ့စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွား၏။
ကျွင်းရှောင်ယောက်၏ စိတ်နေစိတ်ထားက သာမာန်အသိအမြင်ကို ကျော်လွန်နေသူတစ်ဦးကဲ့သို့ပင်။
သူ့ခန္ဓာကိုယ်မှ အရှိန်အဝါ အနည်းငယ်မျှ မခံစာရသော်လည်း...
ဧကရာဇ်မျိုးနွယ်ထက် ပို၍ မွန်မြတ်သည်ဟု ခံစားလိုက်ရသည်။
"နင်က ငါ့ဝမ်းကွဲကို သတ်ခဲ့တဲ့သူလား"
ခုန်းချမ်ချမ်က မေးသည်။
ကျွင်းရှောင်ယောက်က သူ့အကြည့်ကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းပြီး ခုန်းချမ်ချမ်အား ကြည့်လိုက်၏။
သူတော်စင်သခင်နယ်ပယ် ကျင့်ကြံခြင်းအခြေခံ။
သူ့အသက်အရွယ်ဖြင့် ဤကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားခြင်းမှာ အလွန်ထက်မြက်သူဟု ဆိုနိုင်သည်။
ခုန်းချမ်ချမ်၏ ခွန်အားက ကောင်းကင်ဘုရင်ဆယ်ပါးနှင့် နီးစပ်သည်ဟု ပြောကြသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
သို့ရာတွင်...
ကောင်းကင်ဘုရင်ဆယ်ပါးတွင် အမှန်တကယ်ရှိသော ဖူယောင်ပင်လျှင် ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်မဟုတ်ပါ။
ခုန်းချမ်ချမ်က ဘာမို့လို့လဲ။
ထို့အပြင် လက်ရှိ ကျွင်းရှောင်ယောက်၏စွမ်းအားက ရှန်းရွှီကမ္ဘာတွင် ရှိစဉ်ကထက် များစွာပို၍ အားကောင်းနေပြီ ဖြစ်သည်။
ယခုအချိန်တွင် ဖူယောင်နှင့်ပြန်တွေ့ပါက သူ့ကိုသတ်ရန် အားထုတ်စရာတောင် မလိုပါ။
ကျွင်းရှောင်ယောက်က ပြန်ဖြေရန်ပင် စိတ်ကူးမရှိကြောင်း မြင်ရပြီးနောက်...
ဝူခွင်းက ရှေ့သို့ ခြေတစ်ချက်လှမ်းကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ချမ်ချမ် မေးနေတာကို မင်းမကြားဘူးလား၊ မင်း လုပ်တုံးကလုပ်ပြီး ဝန်မခံရဲဘူးလား"
ပြောပြီးသည်နှင့် အပြောင်းအလဲတစ်ခုကို ဝူခွင်း ခံစားလိုက်ရ၏။
တခဏချင်းမှာပဲ ဝူခွင်းဟာ သူ့အပေါ်ကို တောင်ကြီးတစ်လုံးဖြင့် ဖိနှိပ်နေသကဲ့သို့ ခံစားလာရတော့သည်။
ထိုဖိအားမျိုးက သူ့သခင် လီကျိုးမင်၏ ဖိအားထက် ပို၍ ပြင်းထန်သည်။
"ဒုန်း၊ ဒုန်း၊ ဒုန်း"
ခြေသံပြင်းပြင်းဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရင်း သူ့ကျောပြင်တွင် အေးစက်က်ချွေးများ စိမ့်ထွက်လာတော့သည်။
"ဝူခွင်း၊ ဘာဖြစ်တာလဲ"
ခုန်းချမ်ချမ်က အံ့အားသင့်ဟန်ဖြင့် လှည့်ကြည့်လိုက်သည်။
ဝူခွင်းက အဓိပဓိတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူ ဖြစ်သည်။ သူက လီကျိုးမင်နှင့် အမြဲရှိနေသူဖြစ်ပြီး သူ့အင်အားမှာ ထူးကဲ၏။
"မဟုတ်ပါဘူး၊ ဘာမှမဟုတ်ဘူး..."
ဝူခွင်း အသက်ပြင်းပြင်းရှူလိုက်သည်။
သူ အနည်းငယ်စိတ်ရှုပ်ထွေးသွားပြီး ကျွင်းရှောင်ယောက်ကို နားမလည်နိုင်သလိုလည်း ခံစားလိုက်ရလေသည်။
သို့သော်လည်း သူ၏ အဆင့်အတန်းကို ပြန်တွေးမိသောအခါ ဝူခွင်း ယုံကြည်မှုပြန်ရှိလာခဲ့သည်။
သူ့သခင်မှာ ကောင်းကင်ဘုရင် ဆယ်ပါးမှ လီကျိုးမင် ဖြစ်၏။
မင်ကျောက်အင်မော်တယ်မျိုးနွယ်ကလည်း သူ့နောက်တွင် ရပ်တည်နေသေးသည်။
တိုင်းတစ်ပါးတစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် သူကြောက်ရသူက များများမရှိပါ။
လေထုက အနည်းငယ် တင်းမာနေချိန်တွင်...
ကောင်းကင်အင်မော်တယ်ပွဲတော်ကို လက်ခံကျင်းပမည့် ပုဂ္ဂိုလ်ကြီးများ ပေါ်လာခဲ့သည်။
"ပါရမီရှင်လူငယ်တို့၊ ကောင်းကင်အင်မော်တယ်ပွဲတော်က မကြာခင် စတင်တော့မယ်။ မင်းတို့မှာ ဖြေရှင်းစရာတွေရှိရင် နောင်မှဖြေရှင်းကြပါ"
ထိုပုဂ္ဂိုလ်များ၏ စွမ်းအားက နက်ရှိုင်းလှပေသည်။
"ဟမ့်၊ သူ တောင်ပေါ်ကို တက်ဝံ့ရင် အခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကို ကိုင်တွယ်လိုက်မယ်"
ခုန်းချမ်ချမ်က နှာခေါင်းတစ်ချက်ရှုံ့ကာ ပြောလိုက်သည်။
ဝူခွင်းနှင့်အတူ ဤတစ်ကြိမ်တွင် ကောင်းကင်အင်မော်တယ်သစ်သီးကို ရရှိနိုင်မည်ဟု သူ ယုံကြည်ထားပေသည်။
"ကောင်းပြီ၊ အားလုံးပဲ... ကောင်းကင်အင်မော်တယ်ပွဲတော်ကို စလိုက်ကြရအောင်"
ပုဂ္ဂိုလ်ကြီးတစ်ဦးက ပြောလိုက်သည်။
တခဏအတွင်း မရေမတွက်နိုင်သော လေတိုးသံများက ကောင်းကင်နှင့် မြေပြင်ကြားတွင် ပဲ့တင်ထပ်သွားသည်။
တိုင်းတစ်ပါးမှ ပါရမီရှင်အားလုံးက တောင်ထွတ်ဆီသို့ တဟုန်ထိုး ပြေးသွားကြတော့သည်။
တော်ဝင်မျိုးနွယ်များမှ ပါရမီရှင်များလည်း တပြုင်နက်တည်း ပြေးသွားခဲ့ကြသည်။
ခုန်းချမ်ချမ်ကတော့ ကျွင်းရှောင်ယောက်ကို အေးစက်စက် တစ်ချက်ကြည့်ပြီးမှ ဝူခွင်းနှင့်အတူ တောင်ပေါ်သို့တက်သွား၏။
ပါရမီရှင်အားလုံး တောင်ပေါ်သို့တက်ရန် ဟန်ပြင်လိုက်သည်နှင့် ကြီးမားသောဖိအားတစ်ခုက အားလုံးကို လွှမ်းခြုံသွားသည်။
ထို့ကြောင့် လူတိုင်းမှာ တစ်ဆင့်ပြီးတစ်ဆင့် တက်ရုံသာ တတ်နိုင်တော့သည်။
ယင်းကလည်း စမ်းသပ်မှုတစ်ခု ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်အင်မော်တယ်ပွဲတော်မှာ မပါဝင်ခဲ့သော တိုင်းတပါးသတ္တဝါတချို့က ကျွင်းရှောင်ယောက်ကိုကြည့်ပြီး မျက်လုံးပြူးသွားကြသည်။
အကြောင်းမူ၊ သူက အခြားသူများကဲ့သို့ ပြေးလွှားမနေသောကြောင့်ပင်။
"သခင်လေး၊ ငါတို့..."
ချွန်းချွန်းက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ဝါးသေးသေးလေးနှစ်ဖက်ကို ပွတ်သပ်ရင်း အင်မော်တယ်သစ်သီးများကို ကြည့်လိုက်သည်။
"ဒီကောင်းကင်အင်မော်တယ်ပွဲတော်က နည်းနည်းပျင်းစရာကောင်းတယ်"
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
ဤနေရာတွင် စိတ်ဝင်စားစရာကောင်းသော ပြိုင်ဘက်မျိုးနှင့် တွေ့နိုင်မည်ဟု မျှော်လင့်ထားသော်လည်း...
ဘုရင်ဆယ်ပါးတွင် မည်သူမျှ ပေါ်မလာခဲ့ပါ။
တစ်ဦးတည်းသော အဓိပဓိတစ်ပိုင်းပုဂ္ဂိုလ်ဖြစ်သည့် ဝူခွင်းကလည်း သူ့ကို လုံးဝ စိတ်မဝင်စားစေခဲ့ပေ။
"ဒီလိုဆိုမှတော့ တစ်ခါတည်း သွားခူးလိုက်တာပေါ့"
ကျွင်းရှောင်ယောက်က သက်ပြင်းချပြီး ချွန်းချွန်းနှင့် ဖေးချင်ရွယ်တို့ကို သူနှင့်အတူခေါ်ကာ လေထဲကို ပျံတက်သွားခဲ့သည်။
နယ်မြေထဲကို ကျွင်းရှောင်ယောက်ဝင်လာကတည်းက အကြည့်အားလုံးမှာ သူ့ကိုအာရုံစိုက်နေခြင်း ဖြစ်သည်။
နောက်အခိုက်အတန့်တွင်...
တိုင်းတစ်ပါး သတ္တဝါအားလုံး အံသြသွား၏။
ကျွင်းရှောင်ယောက်က လေထဲမှ တောင်ထိပ်ဆီသို့ ခြေတစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းသွားတော့သည်။
တစ်ဖက်တွင်...
အခြားသူများမှာတော့...
တွားသွားနေသော လိပ်များကဲ့သို့ နှေးတိနှေးကွေး ဖြစ်ခဲ့သည်။