အခန်း ၉၂၃
Vol. 62 Ch. 923
အခန်း ( ၉၂၃ ) ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ပါရမီရှင်များကို သတ်ခြင်း။
တိုင်းတပါးမှ အင်မော်တယ်ဧကရာဇ်မျိုးနွယ်ဖြစ်လျှင်ပင် အဘယ်နည်း။
ရှေးဟောင်း မော့ကျဲဧကရာဇ်မျိုးနွယ်ဖြစ်လျှင်ပင် ဘာဖြစ်သေးသနည်း။
မည်မျှ ရှေးကျသည်ဖြစ်စေ၊ မည်မျှပင် အားကောင်းနေပါစေ...
မရေမတွက်နိုင်သော ခေတ်ကာလများတစ်လျှောက် ရပ်တည်ခဲ့သော ကျွင်းမိသားစုနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။
အင်မော်တယ်နယ်မြေကြီး၏ ကျွင်းမိသားစုက တိုင်းတပါးမှ အင်မော်တယ်ဧကရာဇ်မျိုးနွယ်များထက် အားနည်းသည်မဟုတ်ပေ။
ကျွင်းရှောင်ယောက်၏ စကားကို ကြားရပြီးနောက် မရေမတွက်နိုင်သော တိုင်းတပါးသတ္တဝါများ မျက်လုံးပြူးကာ အံ့သြတုန်လှုပ်သွားကြသည်။
အင်မော်တယ်ဧကရာဇ်မျိုးနွယ်ကို လူဘုံအလယ်တွင် ရှုတ်ချ၏။
ဤသတ္တိက ကောင်းကင်တမျှ ကြီးမားလို့နေပြီ။
"မင်း... အတင့်ရဲလိုက်တာ"
ဝူခွင်းမှာ အော်ဟစ်လိုက်သော်လည်း စိတ်ထဲမှ ဝမ်းသာသွားသည်။
ယခုတော့ ကျွင်းရှောင်ယောက်က မော့ကျဲဧကရာဇ်မျိုးနွယ်မှမဟုတ်ကြောင်း သေချာသွားပြီ။
နောက်ခံမရှိပါက ကိုင်တွယ်ရတာ လွယ်ကူသည်။
"ဟားဟားဟား၊ ဒီလောက်တောင် မောက်မာနေတာ။ သူက မော့ကျဲမျိုးနွယ်က မဟုတ်မှတော့ ငါတို့ သူ့ကိုသတ်လိုက်ရင်တောင် ပြဿနာမရှိဘူး မဟုတ်လား"
ယီတောက်မျိုးနွယ်၏ ပါရမီရှင်က လှောင်ပြောင်ပြီး ချက်ချင်း လှုပ်ရှားလိုက်သည်။
သူတော်စင်သခင်နယ်ပယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။
ဧကရာဇ်တစ်ပိုင်းမျိုးနွယ်၏ ပါရမီရှင် လှုပ်ရှားသည်ကို မြင်ရသောအခါ တော်ဝင်မျိုးနွယ်မှ ပါရမီရှင်များ တစ်ဖန် စိတ်ဓာတ်တက်ကြွလာပြန်တော့သည်။
ဧကရာဇ်တစ်ပိုင်းမျိုးနွယ်၏ သူတော်စင်သခင်နယ်ပယ် ပါရမီရှင်တောင် ကျွင်းရှောင်ယောက်ကို အနိုင်မယူနိုင် ဖြစ်နေမည်ဟု သူတို့မထင်ပေ။
ကျွင်းရှောင်ယောက် တစ်ချက်ပြုံးလိုက်သည်။
အမှန်ပင် သူက မော့ကျဲမျိုးနွယ်မှ မဟုတ်ပေ။
သို့ရာတွင် သူ့နောက်ခံက မော့ကျဲမျိုးနွယ်ထက် ပို၍ ကြောက်စရာကောင်းသည်။
သို့သော်လည်း ဤသည်မှာ တိုင်းတစ်ပါးဖြစ်ပြီး သူ၏ နောက်ခံသမိုင်းကြောင်းနှင့် မူလဇစ်မြစ်ကို ထုတ်ဖော်၍မရပေ။
မဟုတ်၍၊ အင်မော်တယ်နယ်မြေကြီးတွင်ဖြစ်ပါက ကျွင်းရှောင်ယောက် ဘာမှတောင်လုပ်စရာမလိုဘဲ မရေမတွက်နိုင်သောလူများကို ဦးညွတ်စေရန် လုံလောက်သည်။
ယီတောက်မျိုးနွယ်မှ ပါရမီရှင်၏ လှုပ်ရှားမှုကိုမြင်တော့ ကျွင်းရှောင်ယောက်က ရိုးရိုးရှင်းရှင်း လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဟင်းလင်းပြင်က စက္ကူကဲ့သို့ တုန်ခါပြီး ကွဲအက်သွား၏။
"ဖောင်း"
ယီတောက်မျိုးနွယ်မှ ပါရမီရှင်၏လက်က အပိုင်းပိုင်းပေါက်ကွဲကာ သွေးနှင့်အရိုးများ လွင့်စဉ်သွားတော့သည်။
သူ့ခန္ဓာတစ်ဝက် ပေါက်ကွဲပြီး ရှေးဦးဝိညာဉ်ပင်လျှင် ပျက်သုဉ်းလုနီးနီး ဖြစ်သွားသည်။
အသက်ကိုပြင်းပြင်းရှူရင်း သူ့မျက်လုံးများက ကြောက်ရွံ့တုန်လှုပ်ခြင်းများ ပြည့်နှက်သွားတော့သည်။
မည်သည့် သိုင်းပညာကိုမှ အသုံးမပြုဘဲ ရိုးရှင်းသော လက်သီးတစ်ချက်သာ ဖြစ်သည်။
သို့တိုင် လက်သီးတစ်ချက်တည်းဖြင့် သူ့ခန္ဓာကိုယ်က ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပြီ။
သူတင်မကဘဲ ပတ်ဝန်းကျင်မှ ပါရမီရှင်အားလုံးလည်း တုန်တုန်ယင်ယင်ဖြစ်သွားခဲ့ကြသည်။
ဒီမကောင်းဆိုးရွားက ဘယ်နေရာကနေ ရောက်လာတာလဲ။
"ဝှါး၊ သခင်လေး... နင်က အရမ်းသန်မာတာပဲ"
ချွန်းချွန်းက အံ့အားသင့်စွာဖြင့် သူ့ပါးစပ်ကလေးကို လက်နှင့်အုပ်လိုက်သည်။
ကျွင်းရှောင်ယောက်ကို သန်မာမှန်းသိသော်လည်း ဤမျှသန်မာမည်ဟု မထင်ထားခဲ့ပေ။
"ဒါ သဘာဝပါပဲ၊ သခင်လေးက သာမန်လူ မဟုတ်ဘူး"
ဖေးချင်ရွယ်ကတော့ နားလည်နိုင်သည်။
နောက်ဆုံးတွင်၊ ထိုလူက ကံကြမ္မာနှင့်ဖန်ဆင်းခြင်းနတ်ဘုရား၏ လူလောကရှိ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။ သူက မည်သို့ သာမန်လူတစ်ဦး ဖြစ်မည်နည်း။
"ငါ မင်းနဲ့ ရင်ဆိုင်ပါရစေ"
တစ်ဖက်မှ ပုံရိပ်တစ်ခုက လျင်မြန်စွာဖြင့် ကျွင်းရှောင်ယောက်ဆီသို့ တိုးဝင်လာခဲ့သည်။
၎င်းက မြွေမျိုးနွယ်မှ ပါရမီရှင် ဖြစ်၏။ သူ့တကိုယ်လုံးက တာအိုကပ်ဘေးရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ ရွှေရောင်ဖြစ်သည်။ ၎င်း၏နံရိုးပေါ်တွင်လည်း တောင်ပံတစ်စုံ ရှိသေးသည်။
ယင်းကို မြွေမျိုးနွယ်ဟုခေါ်ရသော်လည်း သူတို့၏စွမ်းအားက မိစ္ဆာနဂါးမျိုးနွယ်ထက် အားမနည်းပေ။
မြွေမျိုးနွယ်ဝင် ပါရမီရှင်က အော်ဟစ်လိုက်သည်။
ထိုအသံက မိုးနှင့်မြေကို တုန်ခါပြီး စိတ်ဝိညာဉ်ကိုပင် ပြိုကွဲသွားစေနိုင်စွမ်း ရှိ၏။
သို့တိုင် ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်မှုရှိဆဲပင်။ သူ့မျက်လုံးများမှ ကစဉ့်ကလျားအလင်းများ လင်းလက်လာခဲ့သည်။
မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်မှ စွမ်းအားက နတ်ဓားတစ်လက်ကဲ့သို့ မြွေမျိုးနွယ်ဝင် ပါရမီရှင်၏ မျက်ခုံးနှစ်ခုကြားကို ထိုးဖောက်သွား၏။
"ဖောက်"
အသံတစ်ခုနှင့် မြွေမျိုးနွယ်ဝင် ပါရမီရှင်၏ မျက်ခုံးနှစ်ခုကြားမှ သွေးများ စီးကျလာတော့သည်။
"အား"
မြွေမျိုးနွယ်မှ ပါရမီရှင်က အော်ဟစ်လိုက်သည်။ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများက ဖောင်းကြွလာ၏။
ခဏချင်းမှာပင် သူ့ခန္ဓာက တောင်လုံးတမျှ ကြီးမားလာတော့သည်။
ယင်းက မြွေမျိုးနွယ်ဝင်ပါရမီရှင်၏ အရွယ်အစားအမှန်ဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ ရွှေရောင်နဂါးကြီးတစ်ကောင်နှင့်ပင် တူသေးသည်။
သူ့ထံမှ ဖြာထွက်နေသော အရှိန်အဝါများက ပတ်ဝန်းကျင်ရှိ တော်ဝင်မျိုးနွယ်သား ပါရမီရှင်များကိုပင် အသက်ရှူကြပ်စေခဲ့သည်။
"ဒါက ဧကရာဇ်တစ်ပိုင်းမျိုးနွယ်က ပါရမီရှင်ရဲ့ စွမ်းအားပဲလား"
တော်ဝင်ပါရမီရှင်တစ်ဦးက သက်ပြင်းချလိုက်သည်။
တစ်ဖက်တွင် ယီတောက်မျိုးနွယ်မှ ပါရမီရှင်က ပါးစပ်ကိုဟပြီး အော်ဟစ်လိုက်သည်။ သူ့ရှေ့တွင် တွင်းနက်ကြီးတစ်ခုပေါ်လာ၏။ မိုးနှင့်မြေကြားမှ အနှစ်သာရများက သူ့ထံသို့ စီးဝင်လာတော့သည်။
ထိုအခါ သူ့ဒဏ်ရာများကလည်း လျင်မြန်စွာ သက်သာလာခဲ့သည်။
ဤမျိုးနွယ်တွင် ရှေးဦးမိစ္ဆာသားရဲကြီး တောက်ထျဲသွေးမျိုးဆက်ရှိပြီး အရာအားလုံးကို ဝါးမျိုနိုင်သည်။
"ထပ်လာမယ်"
ယီတောက်မျိုးနွယ်၏ ပါရမီရှင်က ဟိန်းဟောက်လိုက်သည်။ အရာအားလုံးကို ဝါးမျိုသန့်စင်နိုင်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တွင်းနက်ကြီးတစ်ခု သူ့ရှေ့တွင် ပေါ်လာ၏။
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
ဝါးမျိုခြင်းစွမ်းအင်က သူ့အတွက်တော့ ရိုးရှင်းသော အရာ ဖြစ်၏။
သူက ဝါးမျိုခြင်းဖင်းဂေါ့ကျမ်းကို လေ့ကျင့်ထားသည့်အပြင် ဝါးမျိုခြင်းအင်မော်တယ်စွမ်းအင်ကိုလည်း လေ့ကျင့်ထားသေးသည်။
ကျွင်းရှောင်ယောက်က လက်ဝါးဖြန့်လိုက်သောအခါ သူ့လက်ထဲတွင် ကမ္ပည်းအလင်းတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် လက်သီးဆုပ်ဟန်ပြုလိုက်သောအခါ တွင်းနက်ကြီး ပြိုကျသွား၏။
ထို့နောက် ပညာပြချင်သော ယီတောက်မျိုးနွယ်သား ပါရမီရှင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
"ဝုန်း"
ဤတစ်ကြိမ်မှာတော့ တိုင်းတပါးသား ထိုပါရမီရှင်မှာ တုံ့ပြန်ရန်ပင် အခွင့်အရေးမရခဲ့ပေ။
သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး ရှေးဦးဝိညာဉ်သည်ပင် ပျက်သုဉ်းသွားခဲ့သည်။
ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ပါရမီရှင်တစ်ဦး ကျဆုံးသွားခဲ့ပြီ။
"ပြီးတော့ မင်း..."
ကျွင်းရှောင်ယောက်က မြွေမျိုးနွယ် ပါရမီရှင်ကိုကြည့်ပြီး သူ့လက်ချောင်းကို ဓားအဖြစ်သုံးကာ ခုတ်ပိုင်းချလိုက်သည်။
"ကောင်းကင်ကိုးပါးကို ရွေ့လျားစေသော မြွေတွန်သံ"
ဧရာမမြွေကြီးက အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို တွန့်လိပ်ပြီး အမြီးရိုက်ချက် ထုတ်ဖော်လိုက်သည်နှင့် ဟင်းလင်းပြင်က ပြိုကျသွား၏။
သို့သော်လည်း ကျွင်းရှောင်ယောက်က ထူးထူးခြားခြား လှုပ်ရှားမှုမရှိပေ။ သူ့လက်ချောင်းကို ဓားအဖြစ်သုံးပြီး ခုတ်ချလိုက်သည်။
သွေးများ ဖြာရဲသွား၏။
မြွေကြီး၏ အမြီးပိုင်းက တိုက်ရိုက်ဖြတ်တောက်ခံရပြီး သွေးများ ငေါက်ငေါက်ပန်းထွက်လာတော့သည်။
ကျွင်းရှောင်ယောက်က လက်ညှိုးထပ်မံညွှန်လိုက်သည်။ သူ့လက်ချောင်းထိပ်မှ စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
မဟာနတ်ဘုရားသိုင်းကြီး ငါးခုထဲမှ တစ်ခု၊ ကောင်းကင်ဖျက်ဆီးခြင်းကျမ်း။
"ရွှပ်"
မြွေကြီး၏ ခန္ဓာကိုယ်တစ်လျှောက် စီးကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ် ထက်ခြမ်းကွဲသွား၏။
သူ၏ ရှေးဦးဝိညာဉ်လည်း တစ်ခါတည်း ပိုင်းဖြတ်ခံရကာ သေဆုံးသွားတော့သည်။
ထို့နောက်တွင် ကျွင်းရှောင်ယောက်က အကြည့်လွှဲပြီး ရင်လင်ကို လက်ညှိုးညွှန်ရန် ဟန်ပြင်လိုက်သည်။
ထိုအခါ ရင်လင်၏မျက်နှာက စက္ကူကဲ့သို့ ချက်ချင်း ဖြူရော်သွားပေသည်။
"တော်လောက်ပြီ၊ ဝူခွင်း... အတူတူ သွားကြရအောင်။ ဒီကောင်လေးကို သူလုပ်ချင်သလို ဆက်လုပ်ခွင့် မပြုနိုင်တော့ဘူး"
ခုန်းချမ်ချမ် သည်းမခံနိုင်တော့ပေ။
ယခုနေ မလှုပ်ရှားပါက သူတို့အားလုံးကို ကျွင်းရှောင်ယောက်က တစ်ယောက်ချင်းသတ်တော့မည် ဖြစ်သည်။
ဤလူက ကြောက်စရာကောင်းလွန်းပြီး အကျိုးဆက်ကို ဂရုမစိုက်ဘဲ
ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ပါရမီရှင်များကိုပင် သတ်ဝံ့သည်။
သူ့ကို ခုန်းချမ်ချမ် အမှန်တကယ် ကြောက်လာပြီ။
ယနေ့ ကျွင်းရှောင်ယောက်ကိုမဖယ်ရှားနိုင်ပါက သူ့နှလုံးသားထဲတွင် ကျောက်တုံးကြီးတစ်တုံးအဖြစ် အမြဲဖိထားတော့မည် ဖြစ်သည်။
ဤမျှဆန်းကျယ်ပြီး အစွမ်းထက်သူကို ကြိုတင်ရှင်မထားနိုင်ပါက ကောင်းကောင်းအိပ်နိုင်လိမ့်မည်မဟုတ်ပေ။
"ဟမ့်၊ ဒီကောင် သေချာပေါက်သေရမယ်"
ဝူခွင်းက အေးစက်စက်ပြောပြီး အဓိပဓိတစ်ပိုင်း အရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။
ကောင်းကင်မှ ပုဂ္ဂိုလ်ကြီးများပင်လျှင် အဓိပဓိတစ်ပိုင်းက ဤနေရာမှာ အသန်မာဆုံးဟု ဆိုနိုင်သည်။
'အဓိပဓိတစ်ပိုင်း…'
ရင်လင်၏ လှပသောမျက်လုံးများက ပျော်ရွှင်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့လေသည်။
အဓိပတိတစ်ပိုင်းက ကျွင်းရှောင်ယောက်ကို ဖိနှိပ်နိုင်သင့်သည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင်...
ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ပတ်ဝန်းကျင်က အမှောင်ကျသွားသည်။
"ဘာဖြစ်တာလဲ..."
ရင်လင် အံ့အားသင့်သွားသည်။
ခုန်းချမ်ချမ်၊ ဝူခွင်းနှင့် အခြားသူများ၏မျက်နှာမှ အံ့ဩတုန်လှုပ်မှုတို့ကို မြင်ရသောကြောင့် သူ အံ့အားသင့်သွား၏။
သူမ စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်တော့ ဧရာမ ကစဉ့်ကလျား လက်ဝါးကြီးတစ်ဖက်က သူ့အား ဖမ်းဆုပ်လာသည်ကို မြင်လိုက်ရတော့သည်။
"ဝုန်း"
ကစဉ့်ကလျားလက်ကြီးက ချက်ချင်းကျရောက်လာပြီး ရင်လင်ကို ရိုက်ချလိုက်သည်။
ထိပ်တန်း တော်ဝင်မိသားစုတစ်ခု၏ ပါရမီရှင်လည်း ကျဆုံးသွားပြီ။
တိတ်ဆိတ်သည်။
ဤတစ်ခါတော့ လုံးဝတိတ်ဆိတ်သွား၏။
အကြောင်းမူကား၊ ကျွင်းရှောင်ယောက်သည်လည်း ယခုအချိန်တွင် အဓိပဓိတစ်ပိုင်း အငွေ့အသက်များကို ထုတ်ဖော်လာသောကြောင့်ပင်။
ထို့အပြင် သူ့ခန္ဓာကိုယ်ဝန်းကျင်၌ ရစ်ပတ်နေသော ကစဉ့်ကလျားစွမ်းအင်များလည်း ရှိနေသည်။
ကစဉ့်ကလျားဘုရင် နိုးထလာသကဲ့သို့ ကစဉ့်ကလျားအငွေ့အသက်များ ပျံ့နှံ့သွားခဲ့သည်။
ကျွင်းရှောင်ယောက်၏ အရှိန်အဝါဖိအားကို မခံနိုင်သလို တောင်ထိပ်တစ်ခုလုံးပင် တုန်ခါလာတော့သည်။
"အခု ယှဉ်ချင်သေးလား"
ကျွင်းရှောင်ယောက်က ဝူခွင်းကို ကြည့်လိုက်သည်။
ဝူခွင်း၏ နှာခေါင်းဖျားမှ ချွေးတစ်စက်ကျလာသည်။
သူ့ခြေထောက်များပင် အနည်းငယ် တုန်ခါလာခဲ့သည်။
"က...ကစဉ့်ကလျားခန္ဓာလား"
ဝူခွင်း၏ တကိုယ်လုံး အေးစက်သွားခဲ့၏။
တာအိုန္ဓာသုံးထောင်တွင် ထိပ်တန်းဆယ်ခုအတွင်း၌ အဆင့်သတ်မှတ်ခံရသော ကစဉ့်ကလျားခန္ဓာက သူ့ရှေ့တွင် အမှန်တကယ် ပေါ်လာခဲ့သည်။
သေပြီ။