အခန်း ၉၂၄
Vol. 62 Ch. 924
အခန်း ( ၉၂၄ ) ထာဝရ၏ ပြိုင်ဘက်ကင်းသော ကစဉ့်ကလျားခန္ဓာ။
အဓိပဓိတစ်ပိုင်းနယ်ပယ် ကစဉ့်ကလျားခန္ဓာက မည်မျှအစွမ်းထက်မည်ကို ဝူခွင်းကိုယ်တိုင်တောင် မတွေးနိုင်ပေ။
သူ့သခင် လီကျိုးမင်ကိုယ်တိုင်တောင် သတိကြီးကြီးထားပြီး ဆက်ဆံရမည် ဖြစ်သည်။
ဝူခွင်း နှလုံးခုန်မြန်လာခဲ့သည်။ သူ့နှလုံးသားကို လက်အေးကြီးဖြင့် ဖျစ်ညှစ်ဆုပ်ကိုင်ခံရသလို အသက်ရှူပင်ကျပ်လာခဲ့၏။
အင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ မျိုးနွယ်ဝင်ဟူသော သူ့မာနက ကစဉ့်ကလျားခန္ဓာရှေ့တွင် ပြိုကျပျက်စီးသွားခဲ့ပြီ။
ယင်းက အင်မော်တယ်ဧကရာဇ်မျိုးနွယ်များပင် မက်မောရသော ကစဉ့်ကလျားခန္ဓာ ဖြစ်သည်။
တစ်ဖက်မှာလည်း ခုန်းချမ်ချမ်၏ ခန္ဓာကိုယ်ကလေးက အေးစက်တောင့်တင်းနေချေပြီ။ အဖြစ်အပျက်များကို လိုက်မမီနိုင်တော့သလို ကြက်သေသေသွားခဲ့သည်။
"အဓိပဓိတစ်ပိုင်းနယ်ပယ် ကစဉ့်ကလျားခန္ဓာ၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ခုန်းချမ်ချမ်၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေခဲ့သည်။
ဝူခွင်းနှင့် ခုန်းချမ်ချမ်အပြင် တိုင်းတပါး သတ္တဝါအားလုံး ကျောက်ဖြစ်သွားကြသည်။
ယခင်က ကျွင်းရှောင်ယောက်ကို နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်၍ ခန့်မှန်းလို့မရနိုင်သူဟုသာ အားလုံး ခံစားခဲ့ကြရသည်။
ယခုတော့ ကျွင်းရှောင်ယောက်က သူ၏အရှိန်အဝါနှင့် ကျင့်ကြံခြင်းအခြေခံကို အပြည့်အဝ ထုတ်ဖော်ပြသလာခဲ့ပြီ။
အဓိပဓိတစ်ပိုင်းနယ်ပယ် ကျင့်ကြံခြင်းအခြေခံနှင့် ကစဉ့်ကလျားခန္ဓာ။
ဤသည်က မျိုးဆက်သစ်လူငယ်များကြားတွင် ယှဉ်လုနီးပါး ပေါင်းစပ်မှုတစ်ခုဖြစ်သည်။
လူအားလုံး၏ အာခေါင်များ ခြောက်ကပ်ကာ တံတွေးကို ဂလုခနဲမြည်အောင် မြိုချလိုက်မိသည်။ သူတို့၏ နှလုံးသားများ တုန်လှုပ်သွား၏။
အထူးသဖြင့် ကောင်းကင်မှ ပုဂ္ဂိုလ်ကြီးများ...
ယခင်က သူတို့၏နှလုံးသားထဲတွင် မှန်းဆချက်တချို့ ရှိနေခဲ့သော်လည်း မသေချာခဲ့ပေ။
ယခုတော့ အဖြေက ထင်ရှားလာခဲ့ပြီ ဖြစ်သည်။
အဖြူရောင်ဝတ်စုံဝတ် ဤလူငယ်လေးမှာ လျှို့ဝှက်ဆန်းကြယ်သော ဇစ်မြစ်နှင့် ကြောက်မက်ဖွယ်အစွမ်းသတ္တိ ရှိ၏။
သူဟာ ဒဏ္ဍာရီလာ ကစဉ့်ကလျားခန္ဓာ ဖြစ်သည်။
ယင်းက တကယ်ကို အဖြစ်ပျက်ကြီးတစ်ခုပင်။
ကစဉ့်ကလျားခန္ဓာ မွေးဖွားခြင်းက တိုင်းတပါးဖြစ်စေ၊ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးမှာဖြစ်စေ... အဆုံးမဲ့ လှိုင်းလုံးများနှင့် အဆုံးမဲ့မုန်တိုင်းများကို ဖြစ်ပေါ်စေနိုင်သည်။
နောက်ဆုံးတွင် ဤတာအိုခန္ဓာ အလွန်သန်မာသလောက် ရှားပါးလွန်း၏။
ယင်းက ခေတ်တိုင်းမှာ တစ်ခုပေါ်လာခဲသည်။
တစ်နည်းဆိုရသော်၊ ကစဉ့်ကလျားခန္ဓာတစ်ခု မွေးဖွားလာခြင်းက ဆန့်ကျင်ဘက် ကမ္ဘာတစ်ခု၏ နှလုံးသားထဲမှဆူး ဖြစ်လာသည်ဟု ဆိုနိုင်သည်။
ထိုဆူးကို အမြန်ဆုံး ဖယ်ရှားပစ်ရလိမ့်မည်။
ကစဉ့်ကလျားခန္ဓာက အလွန်အားကောင်းသည်။ အခြားအခွင့်အလမ်းများ မရှိလျှင်ပင် ဧကရာဇ်ဖြစ်လာရန် အလားအလာ ရှိ၏။
ယခုမူကား သူတို့ရှေ့တွင် ကစဉ့်ကလျားခန္ဓာတစ်ခု ပေါ်လာပြီ။
သို့ဖြစ်ပေရာ သူတို့အားလုံး မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။
"ဘုရားရေ၊ ဒီအရှိန်အဝါက ကစဉ့်ကလျားခန္ဓာ... တကယ်ကို ကစဉ့်ကလျားခန္ဓာပဲ"
ပုဂ္ဂိုလ်ကြီးတစ်ဦးက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
"ကစဉ့်ကလျားခန္ဓာ မွေးဖွားခြင်းက ငါတို့တိုင်းတပါးအတွက် ကောင်းမွန်တဲ့ ဖြစ်ရပ်ကြီးတစ်ခုပဲ"
အခြား ပုဂ္ဂိုလ်ကြီးတစ်ဦးကလည်း သက်ပြင်းချလိုက်၏။
ကမ္ဘာနှစ်ခုကြား တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာချိန်တွင် ကစဉ့်ကလျားခန္ဓာက တိုင်းတပါးမှာ ပေါ်လာသည်။
ယင်းက တကယ်ကို ထူးခြားသော ကံကြမ္မာတစ်ခုပင်။
"မင်း... မင်းက တကယ်ကို ကစဉ့်ကလျားခန္ဓာပဲ"
ဝူခွင်းလည်း အံ့အားသင့်သွားသည်။
ယခင်ကတော့ ကျွင်းရှောင်ယောက်တွင် နောက်ခံမရှိသောကြောင့် အလိုရှိတိုင်း သတ်နိုင်မည်ဟု ထင်ခဲ့သည်။
ယခုမူကား အဘယ်နည်း။
သေပြီ၊ ယင်းက ကစဉ့်ကလျားခန္ဓာ ဖြစ်သည်။
သူ့ကို သတ်နိုင်၊ မသတ်နိုင်သည်အား ဘေးဖယ်ထား...
တကယ် လုပ်နိုင်လျှင်ပင် မလုပ်ဝံ့တော့ပေ။
ကျွင်းရှောင်ယောက်သာ မျိုးနွယ်တစ်ခုတွင် ပါဝင်လိုသည်ဟုဆိုပါက...
အင်မော်တယ်ဧကရာဇ်မျိုးနွယ်များပင်လျှင်ပင် သူ့ကိုဖိတ်ခေါ်ရန် တိုက်ခိုက်ကြရမည် ဖြစ်သည်။
နောက်ဆုံးတွင် ကစဉ့်ကလျားခန္ဓာ မဆိုထားဘိ၊ ကစဉ့်ကလျားသွေးမျိုးဆက်တစ်ခုတည်းက တန်ဖိုးကြီးမားသည်။
အင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ သွေးမျိုးဆက်နှင့် ပေါင်းစပ်လိုက်ပါက မယုံကြည်နိုင်အောင် ထူးချွန်သော မျိုးဆက်များကို မွေးထုတ်နိုင်လိမ့်မည်။
ဤအခိုက်တွင် ဝူခွင်း၏မျက်နှာက ဖြူဖျော့ပြီး တကိုယ်လုံး ထုံကျဉ်သွားသည်။
တစ်ဖက်မှာလည်း ခုန်းချမ်ချမ်မှာ စိတ်အေးအေး မထားနိုင်တော့ပေ။
သူမ၏ အသုံးမကျသော ဝမ်းကွဲက ကစဉ့်ကလျားခန္ဓာကို အမှန်တကယ် ရန်စခဲ့သလော။
သူက နောက်ခံမရှိလျှင်ပင် ကစဉ့်ကလျားခန္ဓာဖြစ်နေဆဲ ဖြစ်သည်။
'သောက်ကောင်၊ နင်သေတာတောင်မှ ငါ့ကို ဆွဲထည့်သွားသေးတယ်'
ခုန်းချမ်ချမ် စိတ်ထဲမှကျိန်ဆဲရင်း မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။
သူမ၏ နှလုံးသားက ယခုအခါ နောင်တများဖြင့် ပြည့်နှက်နေပြီ။
ကျွင်းရှောင်ယောက်သာ တုနှိုင်းမရသော ကစဉ့်ကလျားခန္ဓာဖြစ်မှန်းသိပါက သူ့ကို ဘယ်တော့မှ စော်ကားခဲ့မိမည် မဟုတ်ပေ။
"သခင်လေးက တကယ်ပဲ ကစဉ့်ကလျားခန္ဓာလား"
ချွန်းချွန်း၏ မျက်လုံးဝိုင်းဝိုင်းလေးက ပို၍ ဝိုင်းစက်သွားသည်။ သူမ အလွန် အံ့ဩသွား၏။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို ယခင်က သူမ မသိခဲ့ပေ။
ဖေးချင်ရွယ်လည်း တုန်လှုပ်စွာဖြင့် အသက်ပြင်းပြင်းရှူလိုက်မိသည်။
သို့သော်လည်း ထိုအကြောင်းကိုတွေးမိတော့ သူမ နားလည်သွားခဲ့သည်။
'သခင်က ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းနတ်ဘုရားရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ထိုက်ပါပေတယ်။ သူ့ရဲ့ တာအိုခန္ဓာကတောင် တာအိုခန္ဓာသုံးထောင်ထဲက တုနှိုင်းမရတဲ့ ကစဉ့်ကလျားခန္ဓာ ဖြစ်နေတယ်'
ဤအခိုက်တွင်၊ ဖေးချင်ရွယ်၏ ကံကြမ္မာနှင့် ဖန်ဆင်းခြင်း နတ်ဘုရားအပေါ် ယုံကြည်ချက်က ပို၍ပင် ပြင်းထန်လာတော့သည်။
တမန်တော်သည်ပင် ကစဉ့်ကလျားခန္ဓာဖြစ်ပါက၊ နတ်ဘုရားမှာ မည်မျှ တန်ခိုးကြီးမည်နည်း။
နောက်မှလိုက်လာကြသော ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အကြီးအကဲများလည်း အံ့အားသင့်သွားခဲ့ကြသည်။
ယခုတော့ သူတို့ကိုစိတ်မပူရန် ဖေးချင်ရွယ်က ဘာကြောင့်ပြောခဲ့မှန်း နောက်ဆုံး နားလည်သွားပြီ။
ကစဉ့်ကလျားခန္ဓာနှင့်အတူ အခြား ဘာကိုများ စိုးရိမ်ပူပန်ရဦးမည်နည်း။
"ဟားဟားဟား၊ ငါတို့ တကယ်ကို အမြင်မရှိခဲ့တာပဲ။ ဒီသခင်လေးကို ကစဉ့်ကလျားခန္ဓာဖြစ်မယ်လို့ မမျှော်လင့်ထားဘူး"
"အမှန်ပါပဲ၊ ဘာမှ စိုးရိမ်စရာမရှိတော့ဘူး"
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အကြီးအကဲများလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းယမ်းလိုက်ကြသည်။ ယခင် သူတို့၏ အပြုအမူများကို ပြန်တွေးမိတော့ ရယ်စရာကောင်းသည်ဟု ခံစားမိခဲ့ကြပေသည်။
"လာပါ"
ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကို နောက်ပစ်ပြီး ဝူခွင်းကိုကြည့်လိုက်သည်။
ဤနေရာတွင် ဝူခွင်းက သူ့ကိုတိုက်ခိုက်ရန် အရည်အချင်းပြည့်မီသော တစ်ဦးတည်းသောသူ ဖြစ်သည်။
ကျွင်းရှောင်ယောက်သည်လည်း မင်ကျောက်ဧကရာဇ်မျိုးနွယ်ကို စိတ်ဝင်စားမိဆဲ ဖြစ်၏။
ဝူခွင်း၏မျက်နှာက ရှုံ့မဲ့သွားသည်။
အကယ်၍ အခြားတစ်ယောက်သာ ဤမျှ စော်ကားနေပါက ရှေးကတည်းကပင် တိုက်ခိုက်ပြီးလိမ့်မည်။
သို့ရာတွင် ကစဉ့်ကလျားခန္ဓာဖြစ်နေသောကြောင့် မည်သို့ လှုပ်ရှာဝံ့တော့မည်နည်း။
"ဝူခွင်း..."
ခုန်းချမ်ချမ် အနည်းငယ် စိတ်ဆိုးသွားပြီး ဘေးမှ အော်လိုက်သည်။
သူတို့က ရန်ငြိုးရှိပြီးပြီမို့ တစ်ခါတည်း ဖြေရှင်းရတော့မည်။
"မင်ကျောက်မျိုးနွယ်က နာမည်ပဲရှိတာထင်တယ်"
ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။
"တော်လောက်ပြီ၊ မင်းက ကစဉ့်ကလျားခန္ဓာဖြစ်ရင်တောင် အင်မော်တယ်ဧကရာဇ်မျိုးနွယ်ကို စော်ကားလို့မရဘူး"
ဝူခွင်းက ဟိန်းဟောက်ပြီး တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
သူ မတိုက်ခိုက်ပါက အင်မော်တယ်ဧကရာဇ်မျိုးနွယ်ကို အထင်မြင်သေးစရာဖြစ်လိမ့်မည်။
"ဝုန်း"
အဓိပဓိတစ်ပိုင်း အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။
မိုးနှင့်မြေကြားတွင် တာအိုအမှတ်အသားများ ထွက်ပေါ်လာ၏။
ဝူခွင်းမှာ ကျွင်းရှောင်ယောက်ကို လုံးဝ လျှော့မတွက်ဝံ့ဘဲ မင်ကျောက်မျိုးနွယ်၏ နတ်ဘုရားသိုင်းကို တိုက်ရိုက်အသုံးပြုလိုက်သည်။
သူက လက်ဝါးတစ်ဖက် ဖြန့်ထုတ်လိုက်သောအခါ သူ့လက်ဖဝါးမှာ အက်ကြောင်းတစ်ခု ပေါ်လာ၏။
ထို့နောက် သူ့လက်ဝါးမှ အက်ကြောင်းမှာ မျက်လုံးတစ်လုံး ပေါ်လာတော့သည်။
"ဒါက မင်ကျောက်မျိုးနွယ်ရဲ့ မိစ္ဆာမျက်လုံးပဲ"
ပတ်ဝန်းကျင်မှ လူများက အော်ဟစ်လိုက်ကြသည်။
တိုက်ပွဲစတင်သည်နှင့် ဝူခွင်းကို မင်ကျောက်မျိုးနွယ်၏ နတ်ဘုရားသိုင်းဖြင့် စတင်မည်ဟု မထင်ထားခဲ့ကြပေ။
ယင်းက စွမ်းအင်တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်စွမ်းရှိသော မော့ကျဲမျိုးနွယ်၏ နတ်ဘုရားသိုင်းကဲ့သို့ပင်။
မင်ကျောက်မျိုးနွယ်တွင် မင်ကျောက်မျက်လုံးဟုခေါ်သော ကိုယ်ပိုင် နတ်ဘုရားသိုင်း ရှိသည်။
မင်ကျောက်မျိုးနွယ်၏ သွေးမျိုးဆက်ရှိသူတိုင်း၊ သူတို့၏လက်ဖဝါးတွင် အထူး စွမ်းရည်အမျိုးမျိုးဖြင့် မိစ္ဆာမျက်လုံးရှိလိမ့်မည်။
ကောလဟာလများအရ မင်ကျောက်မိစ္ဆာမျက်လုံး ပေါ်လာသည်နှင့် မိုးနှင့်မြေပျက်စီးကာ အရာအားလုံး တိတ်ဆိတ်သွားရမည် ဖြစ်သည်။
"မိစ္ဆာမျက်လုံး၊ နတ်ဘုရားချုပ်နှောင်ခြင်းမိစ္ဆာမျက်လုံး"
ဝူခွင်း အော်ဟစ်လိုက်သည်။ သူ့လက်ဝါးမှ မျက်လုံးက တောက်ပလာပြီး မှုန်မှိုင်းမှိုင်းအလင်းများ ထုတ်လွှတ်လာ၏။
ယင်းက သူ၏ ဝှက်ဖဲ နတ်ဘုရားသိုင်းများထဲမှ တစ်ခု ဖြစ်သည်။ ယင်းက ပြိုင်ဘက်၏ ဝိညာဉ်ကို ချည်နှောင်နိုင်ပြီး တစ်ဖက်လူ မလှုပ်ရှားနိုင်တော့မှ တရှိန်ထိုးသတ်ပစ်လိမ့်မည်။
ဤနည်းလမ်းက အလွန်အစွမ်းထက်သည်ဟု ဆိုရမည်။
ဤနည်းလမ်းဖြင့် ဝူခွင်း၏လက်တွင် လူဘယ်နှစ်ယောက် သေခဲ့ပြီမှန်းပင် သူမသိပေ။
သတိမထားမိပါက၊ အဆင့်တူ အဓိပဓိတစ်ပိုင်းများပင်လျင် ခဏတာ အေးခဲသွားလိမ့်မည်။
ဤအချိန်ခဏက ဝူခွင်းအတွက် သူ့ရန်သူများကို သတ်ရန် လုံလောက်သည်။
ကျွင်းရှောင်ယောက်လည်း မမြင်နိုင်သော စွမ်းအားများက သူ့ဝိညာဉ်ကိုထိန်းချုပ်ရန် ကြိုးစားလာသလို ချက်ချင်း ခံစားလိုက်ရပေသည်။
"စိတ်ဝင်စားစရာပဲ"
ကျွင်းရှောင်ယောက် နှုတ်ခမ်းကို အနည်းငယ်တွန့်ကာ ပြုံးလိုက်သည်။
သူသည် သတင်းအချက်အလက် အမျိုးမျိုးကို ရှာဖွေရန် တိုင်းတပါးသို့ လာရောက်ခဲ့ခြင်း ဖြစ်၏။
ဤတိုင်းတပါးမှ ဧကရာဇ်မျိုးနွယ်များ၏ အချက်အလက်များကို စုဆောင်းခြင်းသည်လည်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဟု ဆိုနိုင်သည်။
ကျွင်းရှောင်ယောက်က မလှုပ်ရှားဘဲ ရပ်နေတာကိုမြင်တော့ ဝူခွင်း ဝမ်းသာသွားလေသည်။
"ကစဉ့်ကလျားခန္ဓာဆိုရင်တောင် ဘာဖြစ်လဲ၊ ငါ့လက်ထဲမှာ ကျရှုံးရတုန်းပဲ"
သို့သော်၊ နောက်အခိုက်အတန့်တွင်...
ကျွင်းရှောင်ယောက်က ရိုးရိုးရှင်းရှင်း လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်သည်။ ကစဉ့်ကလျားအငွေ့အသက်များက တဟုန်ထိုးတက်လာခဲ့၏။
"ဖောင်း"
ဝူခွင်း၏ ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီး သူ့ခန္ဓာကိုယ်တစ်ဝက် ပေါက်ကွဲသွားတော့သည်။
သူ့မျက်လုံးများက ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာဖြင့် ကျွင်းရှောင်ယောက်ကိုကြည့်လိုက်သည်။
"မင်းက ဒီနည်းလမ်းလောက်ကို အတော်အထင်ကြီးနေတာပဲ။ ဒီနည်းနဲ ငါ့ကို ထိန်းထားနိုင်မယ်လို့ မင်းတကယ်ထင်နေတာလား"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာပြောပြီး ကစဉ့်ကလျားလက်ကြီးဖြင့် ထပ်မံရိုက်ချလိုက်သည်။
ဝူခွင်း တုန်လှုပ်သွား၏။ သူ၏ တာအိုနှလုံးသားက ပြိုကျတော့မည်။ သူက ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူပြီး ချေမွလိုက်သည်။
"ဝုန်း"
အနက်ရောင်အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်သွားပြီး လေထဲတွင် ကြီးမားသောဖိအားတစ်ခု ထွက်ပေါ်လာ၏။
ပြင်းထန်သော ရောင်ဝါနှင့် အလွန်အေးစက်သော သတ်ဖြတ်ချင်စိတ်ရှိသည့် လူငယ်တစ်ဦး ထွက်ပေါ်လာတော့သည်။
"ငါ့မျိုးနွယ်ဝင်တစ်ယောက်ကိုတောင် ထိဝံ့တယ်၊ မင်း တကယ်သတ္တိကောင်းတာပဲ"
ဤမြင်ကွင်းကိုမြင်တော့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
"ဒါက မင်ကျောက်ဧကရာဇ်မျိုးနွယ်ရဲ့ ပါရမီရှင် လီကျိုးမင်ပဲ"