အခန်း ၉၃၀
Vol. 62 Ch. 930
အခန်း ( ၉၃၀ ) ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ကို လှည့်စားခြင်း။
ဖေးချင်ရွယ်က ကျွင်းရှောင်ယောက်တို့ကို ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်သို့ ခေါ်ဆောင်လာခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်သင်္ချိုင်းပြည်နယ်တစ်ခုလုံးက မုန်တိုင်းကြီးတစ်ခု စတင်မည့်အချိန်ကိုစောင့်မျှော်ရင်း ဖြစ်ပျက်နေသည်များကို စူးစမ်းရန် နားစွင့်ထား၏။
သို့သော်လည်း အံ့ဩစရာကောင်းအောင်...
ဥဒေါင်းနက်တော်ဝင်မျိုးနွယ်နှင့် မီးလျှံကျောက်တော်ဝင်မျိုးနွယ်က ကောင်းကင်အင်မော်တယ်ပွဲတော်မှ အဖြစ်အပျက်များကို မသိသလို လျစ်လျူရှုပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ယင်းက အားလုံးကို အံ့အားသင့်စေခဲ့၏။
ဤမျိုးနွယ်ကြီးနှစ်ခုက အမှန်တကယ် ကြောက်ရွံ့ပြီး တွန့်ဆုတ်နေကြပုံရသည်။
သို့သော်လည်း ယင်းက လူတိုင်း၏ မျှော်လင့်ချက်အတွင်း၌ ရှိသေးသည်။
အားလုံးကို ပို၍ အံ့အားသင့်စေသည်က...
မင်ကျောက်ဧကရာဇ်မျိုးနွယ်ကပါ အမှန်တကယ် မလှုပ်ရှားဘဲ ငြိမ်နေခြင်း ဖြစ်သည်။
လူတိုင်းက လီကျိုးမင်၏နေရာမှ ဝင်ခံစားကာ တွေးလိုက်ကြသည်။
မိမိ၏ အစေခံကို ပေါ့ပေါ့ပါးပါးသတ်ခဲ့သလို...
မိမိ၏ ကိုယ်လုပ်တော်ကိုလည်း ခွေးတစ်ကောင်ကဲ့သို့ သတ်ဖြတ်ပစ်ခဲ့သည်။
ဤအခြေအနေမျိုးကို မည်သူက သည်းခံနိုင်မည်နည်း။
"ကစဉ့်ကလျားခန္ဓာရဲ့ နောက်ခံက တကယ်ကို အစွမ်းထက်ပုံပဲ"
"မင်ကျောက်ဧကရာဇ်မျိုးနွယ်က ခုန်းချမ်ချမ်ကြောင့် ကစဉ့်ကလျားခန္ဓာကို မပစ်မှားချင်ဘူးထင်တယ်"
လူအများက အမျိုးမျိုး ပြောဆိုနေခဲ့ကြသည်။
သို့သော်လည်း ကစဉ့်ကလျားခန္ဓာက လျှို့ဝှက်ဧကရာဇ်မျိုးနွယ်မှ ဆင်းသက်လာသည်ဟူသော အချက်ကိုတော့ လူအများက ယုံကြည်ကြသည်မှာ သံသယဖြစ်စရာမလိုတော့ပေ။
သို့ရာတွင် ရက်အနည်းငယ်ကြာပြီးနောက်တွင် မုန်တိုင်းထန်စေနိုင်သော သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့သည်။
"ငါ လီကျိုးမင်က စစ်နတ်ဘုရားနန်းတော်မှာ ကစဉ့်ကလျားခန္ဓာနဲ့ တာအိုကိုဆွေးနွေးဖို့ မျှော်လင့်နေပါတယ်"
ထိုစကားများက ရိုးရှင်းသော်လည်း...
တာအိုဆွေးနွေးခြင်းက ဤမျှမရိုးရှင်းကြောင်း လူတိုင်းသိပေသည်။
ယင်းက တိုက်ပွဲစိန်ခေါ်စာ ဖြစ်သည်။
ကစဉ့်ကလျားခန္ဓာ၏ နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်ခု ရှိနေနိုင်သည်။
ထို့ကြောင့် မင်ကျောက်မျိုးနွယ်က မလှုပ်ရှားခဲ့သော်လည်း မျက်နှာမပျက်စေရေးအတွက် လီကျိုးမင်ကို ပို့လွှတ်ခဲ့ခြင်း ဖြစ်ပေသည်။
"ဧကရာဇ်မျိုးနွယ်ရဲ့ ပါရမီရှင်၊ နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းလာပြီ"
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
"သခင်လေး၊ ဧကရာဇ်မျိုးနွယ်ရဲ့ ပါရမီရှင်တွေက ဒီလောက်ကိုင်တွယ်ရ မလွယ်ကူဘူးနော်။ နင် သတိထားရမယ်"
ဘေးတွင် ချွန်းချွန်းက ပြောလိုက်သည်။
သူမ၏ နှလုံးသားထဲတွင် ကျွင်းရှောင်ယောက်က သူနှင့်ရွယ်တူများကြား၌ ပြိုင်ဘက်ကင်းသည်။
သို့သော်လည်း သတိထားသင့်သည်များကို သတိပြုသင့်သေးသည်။
ကျွင်းရှောင်ယောက်က ချွန်းချွန်းကို တစ်ချက်ကြည့်လိုက်သည်။ ကောင်းကင်အင်မော်တယ်ပွဲတော်ပြီးနောက် ဤမိန်းကလေး၏ သူ့အပေါ်သဘောထားက သိသိသာသာ ပြောင်းလဲသွားပုံရပေသည်။
"မင်း အသေးလေးကလည်း အခြားသူတွေကို ဂရုစိုက်သေးတာလား"
ထိုစကားကိုကြားတော့ ချွန်းချွန်း၏ မျက်နှာလေက ရဲခနဲဖြစ်သွားသည်။ နောက်မှ မျက်နှာကိုပြင်ပြီး ပြောလိုက်လေသည်။
"မဟုတ်... မဟုတ်ပါဘူး၊ သခင်လေး မတော်တဆထိခိုက်သွားမှာကို စိုးရိမ်လို့ပါ။ နင်တစ်ခုခုဖြစ်သွားရင် ငါ့ကို စားကောင်းတာတွေ ဘယ်သူက ကျွေးတော့မှာလဲ"
ကျွင်းရှောင်ယောက်က ဘာမျှမပြောတော့ဘဲ တစ်ချက်ပြုံးလိုက်သည်။
ဤမိန်းကလေးကို စောင့်ရှောက်ထားပါက အနာဂတ်တွင် သူ့အတွက် အသုံးဝင်လိမ့်မည်။
ရက်အနည်းငယ်ကြာပြီးနောက်၊ ကျွင်းရှောင်ယောက်က ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ကို ရောက်ရှိလာခဲ့သည်။
နှစ်တစ်သောင်းရေခဲများနှင့် တည်ဆောက်ထားသော မြို့တော်ကြီးက ခမ်းနားထည်ဝါစွာ တည်ရှိနေ၏။
သူတို့ရောက်လာတော့ အံ့ဩစရာကောင်းအောင် ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိနှင့် ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အကြီးအကဲများက မြို့ရှေ့မှာ စောင့်ကြိုနေခြင်းကို မြင်လိုက်ရလေသည်။
"ဟင်"
ကျွင်းရှောင်ယောက် အနည်းငယ် အံ့ဩသွားသည်။
ကျွင်းရှောင်ယောက်ဟာ ရေခဲဝိညာဉ်မျိုးနွယ်က သူ့ကို လေးလေးစားစား ဆက်ဆံမည်ဟု မှန်းဆထားပြီးဖြစ်သော်လည်း...
ရေခဲဝိညာဉ်တော်ဝင်မိသားစုက မြို့ပြင်မှာ အစောကြီးစောင့်နေမည်ဟု မမျှော်လင့်ထားပေ။
"ငါ့ရဲ့ ရေခဲမြို့တော်ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး။ ဒါက ငါတို့ရဲ့ နိမ့်ကျတဲ့ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်အတွက် တကယ်ကို ဂုဏ်တက်စေပါတယ်"
ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိက စိတ်အားထက်သန်စွာဖြင့် လက်ယှက်ကာ ပြောလိုက်သည်။
“အဖေ…”
ဘေးမှ ဖေးချင်ရွယ်သည်ပင် အလွန်အံ့သြသွား၏။
သူ့အဖေကို ဤမျှ စိတ်အားထက်သန်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
နောက်ပိုင်းတွင်၊ ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိက နွေးထွေးစွာ ဖိတ်ကြားပြီး ကျွင်းရှောင်ယောက်ကို ကြိုဆိုရန်အတွက် ခမ်းနားသော ဧည့်ခံပွဲတစ်ခု ကျင်းပခဲ့သည်။
ထိုပွဲတွင် ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိ၏ မျက်နှာက အပြုံးပန်းတို့ ပြည့်နေခဲ့သည်။ သူက မကြုံစဖူး ထူးကဲသောအပြုံးမျိုးဖြင့် ပြုံးကာ ပြောလိုက်လေသည်။
"ချင်ရွယ်၊ မိတ်ဆွေလေးအတွက် အရက်ငှဲ့ပေးလိုက်ပါဦး။ သူက ငါတို့ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်နဲ့ မင်းရဲ့ ကျေးဇူးရှင်ပဲ။ သူ့အတွက် တစ်ခွက်သောက်ရမယ်"
ဖေးချင်ရွယ်ကလည်း လိမ္မာပါးနပ်ပြီး အနားတွင် ရပ်ကာ သူ့အတွက် အရက်ငှဲ့ပေးလိုက်သည်။
ချွန်းချွန်းကတော့ စားပွဲပေါ်ရှိ ကြက်ခြေထောက်များကို အားပါးတရ စားသောက်နေကာ သူမ၏ ပါးစပ်မှာ ဆီများ ရွှဲနစ်နေတော့သည်။
နဂိုကတည်းက သူဟာ အစားကောင်းကြိုက်သူ ဖြစ်သည်။ ယခုတော့ ကျွင်းရှောင်ယောက်နှင့်အတူ သူစိတ်ရှိသလို စားသောက်နေနိုင်ပြီ။
"ရေခဲဝိညာဉ်မျိုးနွယ်စုခေါင်းဆောင် ယဉ်ကျေးနေဖို့ မလိုပါဘူး"
ကျွင်းရှောင်ယောက်လည်း သူ့ဖန်ခွက်ကို မြှောက်ကာ ပြုံးပြလိုက်သည်။
"ဟားဟားဟား၊ မင်းမသိလို့ပါ။ အရင်က မီးလျှံကျောက် တော်ဝင်မျိုးနွယ် ရောက်လာခဲ့တယ်။ သူတို့က သူတို့သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ပြန်ပေးလာတဲ့အပြင် အချင်းချင်း မကျူးကျော်ဖို့လည်း တောင်းပန်သွားကြတယ်"
ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိက အားရပါးရ ရယ်မောလိုက်သည်။
ယခုအခါ သူ့နှလုံးသားထဲမှ ကျောက်တုံးကြီး လိမ့်ကျသွားပြီ။
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်အတွက် စိုးရိမ်စရာ ဘာမျှမရှိတော့ပါ။
'ဒါက မထူးဆန်းပါဘူး'
ကျွင်းရှောင်ယောက်က တစ်ယောက်တည်း တွေးလိုက်မိသည်။
သို့သော်လည်း ယင်းက ကောင်း၏။ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်က သူ့ကို လေးစားလေလေ၊ သူ့အစီအစဉ်များကို အကောင်အထည်ဖော်ရန် ပိုရ လွယ်ကူလေလေပင်။
ကျွင်းရှောင်ယောက်က အရက်တစ်ငုံသောက်ပြီးနောက် တစ်ချက်ပြုံးကာ ပြောလိုက်သည်။
"ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်စု ခေါင်းဆောင်... ငါ့နောက်ကွယ်က အင်အားကို သိချင်နေတယ် မဟုတ်လား"
ထိုစကားကိုကြားတော့ ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိ၏ ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားသည်။
"မိတ်ဆွေလေး မနောက်ပါနဲ့၊ မင်းရဲ့နောက်ခံကို ငါတို့က ဘယ်လိုလုပ်ပြီး စုံစမ်းဝံ့မှာလဲ"
ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိ၏ အမြင်တွင်...
ကျွင်းရှောင်ယောက်၏ နောက်ကွယ်မှာ အနည်းဆုံး အင်မော်တယ်ဘုရင်တစ်ပါး ရှိသည်။
ယင်းက ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ် စုံစမ်းနိုင်သော တည်ရှိမှုမျိုး မဟုတ်ပေ။
ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။
"မျိုးနွယ်စု ခေါင်းဆောင်၊ မင်း ဒီလိုဖြစ်စရာမလိုပါဘူး။ ငါမင်းကို ပြောပြလို့ရတယ်။ ငါ့နောက်မှာ ရပ်နေတဲ့ လူတွေက လျှို့ဝှက်ဧကရာဇ်မျိုးနွယ် မဟုတ်ဘူး၊ ကံကြမ္မာဂိုဏ်းပဲ"
"ကံကြမ္မာဂိုဏ်းလား"
ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိ အလွန်အံ့သြသွားသည်။
ကျွင်းရှောင်ယောက်၏နောက်ခံမှာ လျှို့ဝှက်ဧကရာဇ်မျိုးနွယ် ဖြစ်သည်ဟူသော သတင်းများက ကောင်းကင်သင်္ချိုင်းပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့နေသော်လည်း...
ရလဒ်အနေဖြင့်၊ ကျွင်းရှောင်ယောက်က သူ့နောက်တွင် ရပ်တည်နေခဲ့သူမှာ ကံကြမ္မာဂိုဏ်းဟု အမှန်တကယ် ပြောခဲ့သည်။
သို့သော်လည်း ပြဿနာမှာ ကံကြမ္မာဂိုဏ်းကို သူ လုံးဝ မကြားဖူးခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်က ဘာမျှမပြောသေးမီ၊ ဖေးချင်ရွယ်က ပါးနပ်စွာဖြင့် ရှေ့သို့လှမ်းပြီး ပြောလိုက်သည်။
"သမီး ကောင်းကင်သင်္ချိုင်းမှာ ဘယ်လိုအခွင့်အရေးတွေ ရခဲ့တာလဲဆိုတာ အဖေက မသိချင်ဘူးလား"
"ချင်ရွယ်၊ မင်းဆိုလိုတာက...”
ရေခဲဝိညာဉ် ကောင်းကင်အဓိပဓိလည်း တစ်စုံတစ်ခုကို သတိပြုမိသွား၏။
ယင်းနောက် ဖေးချင်ရွယ်က ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိနှင့် အကြီးအကဲများကို သူမ တွေ့ကြုံခဲ့ရသည့်အရာများအား ပြောပြခဲ့လေသည်။
"ဘာ... ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားလား"
"မင်းရဲ့ အေးခဲရေခဲအရိုးကို တာအိုအရိုးအဖြစ် ပြောင်းလဲစေခဲ့တာက နတ်ဘုရားရဲ့ လက်ဆောင်တစ်ခုပဲလား"
"ဒီမိတ်ဆွေလေးကလည်း နတ်ဘုရားရဲ့တမန်တော်ပေါ့လေ"
"လျှို့ဝှက်ဆန်းကြယ်တဲ့ အင်မော်တယ်ဘုရင်က အမှန်တကယ် ထိုနတ်ဘုရားရဲ့ အစေခံတစ်ဦးပေါ့"
ဖေးချင်ရွယ်၏ စကားများက ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ အကြီးအကဲများ၏ လောကအမြင်ကို ပြန်လည်ဆန်းသစ်စေခဲ့သည်။
ချွန်းချွန်းပင်လျှင် အလွန်အံ့အားသင့်ခဲ့ရပေသည်။
အကယ်၍ အခြားသူတစ်ဦးသာ ထိုသို့လာပြောပါက ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိနှင့် အခြားသူများဟာ သေချာပေါက် ရှုတ်ချပြောဆိုကြမည် ဖြစ်သည်။
သို့သော်လည်း ယခုတော့ ဤအရာမှာ သူ့သမီး ဖေးချင်ရွယ် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရသည့် အရာဖြစ်နေသည်။
ထို့အပြင် ကစဉ့်ကလျားခန္ဓာဖြစ်သော ကျွင်းရှောင်ယောက်လည်း ဘေးတွင် ရှိနေသေးသည်။
အင်မော်တယ်ဘုရင်၏ ကိုယ်ထင်ပြခြင်းကလည်း လူတိုင်းမျက်မြင်ကိုယ်တွေ့ ဖြစ်သည်။
ထို့ကြောင့် ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိ မယုံကြည်နိုင်ဘဲ မနေနိုင်တော့ပေ။
ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိနှင့် အခြားသူများ၏ မျက်နှာပေါ်မှ ထိတ်လန့်တုန်လှုပ်သော အမူအရာများကို မြင်လိုက်ရတော့ ကျွင်းရှောင်ယောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ယင်းက သူမြင်ချင်သော သက်ရောက်မှုပင်။
'အချိန်ကျပြီ'
ကျွင်းရှောင်ယောက် တစ်ယောက်တည်း တွေးလိုက်မိသည်။
ထို့နောက် ခါးကိုမတ်ပြီး လေးလေးနက်နက် ပြောလိုက်၏။
"မျိုးနွယ်စုခေါင်းတောင်၊ မင်းတို့မျိုးနွယ်ရဲ့ ဒုက္ခတွေကို ငါက ယာယီဖြေရှင်းပေးနိုင်ပေမဲ့ ဒီကမ္ဘာမှာ အင်အားကအဓိကဆိုတာ သိထားရမယ်"
"ကိုယ်တိုင် စစ်မှန်တဲ့ ခွန်အားမရှိရင် တခြားသူတွေကို အကြာကြီးကာကွယ်ဖို့ မဖြစ်နိုင်ဘူး"
"ဒါကြောင့်... ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်အနေနဲ့ ငါ့ရဲ့ ကံကြမ္မာဂိုဏ်းကိုဝင်ရောက်ပြီး ကြီးမြတ်တဲ့ ကံကြမ္မာနဲ့ဖန်ဆင်းခြင်းနတ်ဘုရားကို ယုံကြည်ချင်သလား သိချင်တယ်"
ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။
ယင်းက နတ်ဆိုးတစ်ကောင်၏ အပြုံးမျိုး ဖြစ်၏။
ငါးစာ ချပြီးပြီ။
ယခု ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်က ငါးစာကို လာဟပ်ပါမည်လော။