အခန်း ၉၃၃
Vol. 63 Ch. 933
အခန်း ( ၉၃၃ ) လီကျိုးမင် ပေါ်လာပြီ။
ခေါင်းလောင်းသံက တိုင်းတပါး၏ ပြည်နယ်အားလုံးကို ပဲ့တင်ထပ် ပျံ့နှံ့သွားခဲ့သည်။
ထိုခေါင်းလောင်းသံမှာ စစ်နတ်ဘုရားနန်းတော်မှ ဧကရာဇ်လက်နက် စစ်ခေါင်းလောင်းကြီးမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
ဤခေါင်းလောင်းသံ မြည်လာခြင်းက စစ်နတ်ဘုရားနန်းတော်ဖွင့်လှစ်ချိန် ဖြစ်သည်။
ကောင်းကင်ကိုးခုအင်မော်တယ်အကယ်ဒမီကဲ့သို့ စစ်နတ်ဘုရားနန်းတော်ကို ခေတ်တိုင်းတွင် ဖွင့်လှစ်မည်မဟုတ်ပါ။
ကံကောင်းခြင်းအမြင့်မားဆုံး သို့မဟုတ် အခြေအနေများ ဖရိုဖရဲဖြစ်နေချိန်၌သာ ဤအကယ်ဒမီနှစ်ခုစလုံး ဖွင့်လှစ်ပေးတတ်သည်။
ကမ္ဘာနှစ်ခုရှိ အမြင့်ဆုံးအကယ်ဒမီနှစ်ခုဖြစ်သည့် ကောင်းကင်ကိုးခုအင်မော်တယ်အကယ်ဒမီနှင့် စစ်နတ်ဘုရားနန်းတော်က အလွှာပေါင်းစုံမှ ထိပ်တန်းပါရမီရှင်များကို စုစည်းကြ၏။
အနာဂတ်တွင်၊ ဤပါရမီရှင်များက ကမ္ဘာနှစ်ခုကြားမှ အရေးပါသော တိုက်ပွဲများတွင် ပါဝင်လာကြရလိမ့်မည်။
ယခုတော့ တိုင်းတပါးကလည်း စစ်နတ်ဘုရားနန်းတော်ကို ဖွင့်လိုက်ပြီ ဖြစ်သည်။
မင်ကျောက်မျိုးနွယ်၏ သီးခြားနေရာတွင်...
ရုတ်တရက်၊ မိုးနှင့်မြေကြားတွင် မှောင်မိုက်သွားပြီး နေနှင့်လတို့ အလင်းပျောက်ကွယ်သွားကြသည်။
မင်ကျောက်ဧကရာဇ်မျိုးနွယ်မှ သတ္တဝါများစွာလည်း အံ့သြတုန်လှုပ်မှုတို့ဖြင့် သီးခြားနေရာကို လှမ်းကြည့်လိုက်ကြ၏။
"ဒါက သခင်လေး တံခါးပိတ်လေ့ကျင့်တဲ့ နေရာပဲ"
"စစ်နတ်ဘုရားနန်းတော်ပွင့်သွားပြီ၊ သခင်လေးလည်း တိတ်တဆိတ် လေ့ကျင့်ရာကနေ ထွက်လာတော့မယ်"
အားလုံး တအံ့တဩဖြစ်နေချိန်တွင် ကောင်းကင်အမြင့်မှ ဟင်းလင်းပြင်က ရုတ်တရက် အက်ကွဲသွားသည်။
ထိုအက်ကြောင်းထဲတွင် မျက်လုံးကြီးတစ်လုံး အမှန်တကယ် ရှိ၏။
စကြဝဠာအထက်၊ ကောင်းကင်ယံမှာ နတ်ဆိုးမျက်လုံးတစ်လုံး ရှိနေသည်။
ဤမြင်ကွင်းက မင်ကျောက်မျိုးနွယ်စုမှ သတ္တဝါများစွာကို အလွန်စိတ်လှုပ်ရှားစေခဲ့ပေသည်။
"ဘိုးဘွားမျက်လုံး၊ သခင်လေးက မင်ကျောက်မျက်လုံးမျက်လုံးကို ဒီလောက်အတိုင်းအတာအထိ လေ့ကျင့်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
"ဝုန်း"
မိုးနှင့်မြေကြားမှ တောင်ကြီးများ တုန်ခါသွားခဲ့သည်။
အလွန်ဝေးကွာသောအရပ်တွင် လူရိပ်တစ်ခုက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ရပ်လိုက်သည်။
သူက ရွှေနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်၏။ သူ့အသွင်က အလွန်နုနယ်ပြီး ချောမောသည်။
သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများကတော့ အလွန်အားကောင်းပြီး အဓိပဓိနယ်ပယ်နှင့်မဝေးတော့ပါ။
သူ့အသက်က ထောင်စုနှစ်သာရှိသေးပြီး တိုင်းတပါးတွင် မျိုးဆက်သစ်လူငယ်တစ်ဦးဟု ဆိုနိုင်သည်။
ဤအသက်အရွယ်တွင်၊ အဓိပဓိတစ်ပိုင်း အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်နိုင်ခြင်းက ထူးချွန်သူဟု ဆို၍ရပေသည်။
"သခင်လေးကို နှုတ်ခွန်းဆက်ပါတယ်"
အရပ်ရပ်မှ မင်ကျောက်မျိုးနွယ်၏ သတ္တဝါများစွာက တလေးတစား ဦးညွတ်လိုက်ကြသည်။
ဤလူငယ်က သဘာဝအတိုင်း တိုင်းတပါး၏ မျိုးဆက်သစ်ဘုရင်ဆယ်ပါးတွင် တစ်ဦးဖြစ်သော လီကျိုးမင်သည်ပင်။
"ခုန်းချမ်ချမ်က ငါ့ရဲ့ကိုယ်လုပ်တော်တစ်ယောက်ပဲဆိုပေမဲ့ သူက ငါ့ရဲ့လူဖြစ်နေသေးတယ်"
"ဒီကစဉ့်ကလျားခန္ဓာက တကယ်ကို အတင့်ရဲတာပဲ။ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်မော်တယ်ဘုရင်က ထောက်ပံ့ထားရုံနဲ့ လုပ်ချင်တာလုပ်နိုင်ပြီလို့ မင်းတကယ်ထင်နေတာလား"
လီကျိုးမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
ထိပ်တန်း တော်ဝင်မျိုးနွယ်များနှင့် ဧကရာဇ်တစ်ပိုင်းမျိုးနွယ်များသည်ပင် အင်မော်တယ်ဘုရင်ကို စော်ကားလိုစိတ်မရှိပါ။
စစ်မှန်သော အင်မော်တယ်ဧကရာဇ်များမှ အင်မော်တယ်ဘုရင်ကို ရင်ဆိုင်ရန် ယုံကြည်မှုရှိကြသည်။
နောက်ဆုံးတွင်၊ အင်မော်တယ်ဧကရာဇ်မျိုးနွယ်များက အလွန်ရှေးကျပြီး နက်နဲသော အခြေခံအုတ်မြစ် ရှိသည်။
မဟုတ်ပါက၊ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးအတွက် ဤမျှကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်နေမည် မဟုတ်ပါ။
မင်ကျောက်မျိုးနွယ်ကို အင်မော်တယ်ဧကရာဇ်မျိုးနွယ်များကြားတွင်
ထိပ်တန်း သို့မဟုတ် ရှေးအကျဆုံး မျိုးနွယ်အဖြစ် မသတ်မှတ်ထားသော်လည်း...
တိုင်းတပါးတွင် မရေမတွက်နိုင်သော ခေတ်ကာလများတစ်လျှောက် ရပ်တည်ခဲ့ကာ လူတိုင်း ထိပါးနိုင်တာမဟုတ်ပေ။
"စစ်နတ်ဘုရားနတ်နန်းတော်ကိုသွားပြီး ကစဉ့်ကလျားခန္ဓာက ဘယ်လောက်ထိ စွမ်းဆောင်နိုင်မယ်ဆိုတာ ကြည့်စမ်းမယ်"
လီကျိုးမင်က လေထဲမှ လျှောက်သွားသည်။ သူ့လက်ဝါးတွင် အက်ကွဲကြောင်းတစ်ခုရှိနေပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာ၏။
ဘိုးဘေးအဆင့် မင်ကျောက်မျက်လုံးက လီကျိုးမင်၏ အဆုံးစွန်ဝှက်ဖဲတစ်ခုဟု ဆိုနိုင်သည်။
...........
အခြားပြည်နယ်ကြီးတစ်ခုမှ ရှေးဟောင်းဧကရာဇ်မျိုးနွယ်တစ်ခုတွင်...
ဤမျိုးနွယ်က ဟန်ချင်းဧကရာဇ်တောင်တွင် တည်ရှိ၏။
ယင်းက မော့ကျဲမျိုးနွယ်...
နတ်ဘုရားစွမ်းအင် တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းတွင် ပြိုင်ဘက်ကင်းသော မျိုးနွယ်တစ်ခု...
ဤအခိုက်တွင်၊ ဟန်ချင်းဧကရာဇ်တောင်ပေါ်ရှိ ကျွမ်းကျင်သူများ၏ နတ်ဘုရားစိတ်အာရုံများက အချင်းချင်း ဆက်သွယ်ပြောဆိုနေကြသည်။
"အဲဒီကစဉ့်ကလျားခန္ဓာရဲ့ မူလဇစ်မြစ်ကို မင်း ခန့်မှန်းလို့ မရဘူးလား"
"သူက ဘယ်ဧကရာဇ်မျိုးနွယ်ကနေ ဆင်းသက်လာတာလဲ"
"သူက အဲဒီနယ်မြေက မျိုးနွယ်တွေကများ ဖြစ်နိုင်မလား"
"ရှုး၊ အဲဒီမျိုးနွယ်တွေက ငါတို့ မှန်းဆလို့ရတဲ့အရာ မဟုတ်ဘူး"
"ဒါဆို ဘာလုပ်ရမလဲ။ ငါတို့ မော့ကျဲမျိုးနွယ်ရဲ့ ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်ကို အပြင်လောကဆီ ပေါက်ကြားမခံနိုင်ဘူး"
"ဧကရာဇ်ရဲ့သားတော် မနိုးသေးဘူးလား"
"သိပ်မကြာတော့ပါဘူး"
"ဒါဆိုရင် ဧကရာဇ်သားတော် နိုးလာတဲ့အခါ ပြဿနာကို သူ့ဘာသာစုံစမ်းပြီး ဖြေရှင်းစေလိုက်ပါ"
"ကောင်းတယ်၊ ဧကရာဇ်ငယ်က ငါတို့ကမ္ဘာရဲ့ ဧကရာဇ်ငယ်ခုနစ်ပါးထဲက တစ်ပါးပဲ။ သူ မွေးဖွားလာတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်စေနိုင်တယ်၊ ဒီကစဉ့်ကလျားခန္ဓာက ဓားကောင်းကောင်းသွေးဖို့ ဓားသွေးကျောက်ကောင်းတစ်ခုပဲ"
..............
တိုင်းတပါး၏ ထိပ်တန်းပြည်နယ် ဆယ်ခုထဲမှ တစ်ခုဖြစ်သော ပိအန်းပြည်နယ်တွင်...
ဤဒေသတွင် အကျော်ကြားဆုံး ဧကရာဇ်မျိုးနွယ်က သဘာဝအတိုင်း ဒဏ္ဍာရီလာ ပိအန်းဧကရာဇ်မျိုးနွယ် ဖြစ်သည်။
ထို့ကြောင့် ဤပြည်နယ်တစ်ခုလုံးကိုပင် ပိအန်းဟု ခေါ်ခဲ့ကြပေသည်။
ဤအခိုက်အတန့်တွင် ပိအန်းပြည်နယ်၏ နေရာတစ်ခုမှာ...
ဤနေရာတွင် လှပသော အပြာရောင် ပြန်လည်ရှင်သန်ခြင်းလီလီပန်းများ အများအပြား ပေါက်ရောက်နေသည်။
အပြာရောင် ပြန်လည်ရှင်သန်ခြင်းလီလီပန်းများကြားမှာတော့ အပြာရောင်အဝတ်အစားနှင့် အပြာရောင် ဆံပင်ပိုင်ရှင် လူငယ်တစ်ဦး လမ်းလျှောက်နေ၏။
သူသည်ကား အပြာရောင် ပြန်လည်ရှင်သန်ခြင်းလီလီပန်းမျိုးနွယ်၏ ထိပ်တန်းပါရမီရှင်၊ ပိအန်းမင်းသား ဖြစ်ချေသည်။
အပြာရောင် ပြန်လည်ရှင်သန်ခြင်းလီလီပန်းမျိုးနွယ်က ပိအန်းဧကရာဇ်မျိုးနွယ်၏ ကိုင်းခွဲတစ်ခု ဖြစ်သည်။
၎င်းက ကိုင်းခွဲမျိုးနွယ်မျိုးနွယ်တစ်ခုမျှသာဖြစ်သော်လည်း၊ ပိအန်းဧကရာဇ်မျိုးနွယ်က ကျောထောက်နောက်ခံပြုထားသောကြောင့် သူတို့၏အဆင့်အတန်းမှာ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်များထက် မနိမ့်ကျပေ။
ဤအခိုက်တွင် ပိအန်းမင်းသား၏ရှေ့မှာ ရှုံ့မဲ့နေပုံရသော မျက်နှာဖုံးစွပ် အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။
"ဟွာလျန်၊ မင်းစီမံရတဲ့အဖွဲ့အစည်းက သိပ်မကောင်းဘူးထင်တယ်"
ပိအန်းမင်းသားက တည်ငြိမ်စွာပြောသည်။
ဟွာလျန်အမည်ရှိသော မျက်နှာဖုံးစွပ် အမျိုးသမီးက ခေါင်းကို အနည်းငယ် ယမ်းကာ သက်ပြင်းချ၏။ သူက ပြောလိုက်သည်။
"ဟင်း၊ အဲဒီကောင်မလေး ရွယ်ယွဲ့က သစ္စာဖောက်မယ်လို့ ဘယ်သူကြိုသိခဲ့မှာလဲ"
"သူက အဖွဲ့အစည်းထဲမှာ သွေးအအေးဆုံး၊ အရက်စက်ဆုံး တည်ရှိမှုဆိုတာ အသိသာကြီးပဲ"
"ဟုတ်ပါတယ်၊ သွေးအေးပြီး အရက်စက်ဆုံးပဲ။ ဒါပေမဲ့ အဆုံးမှာတော့ သူက ခံစားချက်တွေရှိလာပြီး ငါ့ရဲ့ ပိအန်းမျိုးနွယ်ကို သစ္စာဖောက်ခဲ့တယ်"
ပိအန်းမင်းသားက နှုတ်ခမ်းတွန့်ရုံပြုံးပြီး ပြောလိုက်သည်။
"ဒါပေမဲ့ အဲဒီကောင်မလေးရွယ်ယွဲ့ကို ဒီလောက် ကံကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ သူက အသက်ရှင်ပြီး ငါတို့ကမ္ဘာကို ပြန်လာနိုင်ခဲ့တယ်"
ဟွာလျန်က လွန်စွာ အံ့အားသင့်နေသော လေသံမျိုးဖြင့် ပြောလိုက်၏။
ယခင်က ရှန်းရွှီကမ္ဘာတွင် ရွယ်ယွဲ့က ကျွင်းရှောင်ယောက်အစား တိုက်ခိုက်မှုများကို ဝင်ခံပေးခဲ့သည်။ ထိုမြင်ကွင်းကို တိုင်းတပါးသား သတ္တဝါများလည်း မြင်ခဲ့ရ၏။
ယင်းက တိုင်းတပါးနှင့် ပိအန်းအဖွဲ့အစည်းကို သစ္စာဖောက်လိုက်ခြင်း ဖြစ်သည်။
အဆုံးမှာတော့ ရွယ်ယွဲ့လည်း ကျွင်းရှောင်ယောက်နှင့်အတူ ဟင်းလင်းပြင်ချောက်ထဲသို့ အတူတူ ကျဆုံးသွားခဲ့ရပေသည်။
ထို့ကြောင့်ပင် ရွယ်ယွဲ့သေဆုံးပြီဟုယူဆကာ ပိအန်းအဖွဲ့အစည်းက နောက်ထပ် စုံစမ်းခြင်း မပြုတော့ပါ။
သို့ရာတွင် တိုင်းတပါးမှာ ရွယ်ယွဲ့၏သဲလွန်စကို ရှာတွေ့ရဦးမည်ဟု မည်သူက ထင်ထားခဲ့မှာလဲ။
ယင်းက ပိအန်းအဖွဲ့အစည်းနှင့် အပြာရောင် ပြန်လည်ရှင်သန်ခြင်းလီလီပန်းမျိုးနွယ်၏ အာရုံကို ဆွဲဆောင်ခဲ့သည်။
ဟွာလျန်အမည်ရှိသော အမျိုးသမီးကတော့ ရွယ်ယွဲ့ကို စတင်ခေါ်ဆောင်ခဲ့သူ ဖြစ်ချေသည်။
"စစ်နတ်ဘုရားနန်းတော်ပွင့်ပြီ။ ငါအဲဒီကိုသွားတော့မယ်၊ ရွယ်ယွဲ့ကို မင်းဖမ်းပြီးရင် ငါ့လက်ကိုအပ်ပါ"
"မရေအတွက်နိုင်တဲ့ တိုင်းတပါးသတ္တဝါတွေရှေ့မှာ သူ့ကို ညှဉ်းပန်းနှိပ်စက်ပြီး ကွပ်မျက်မယ်။ ပိအန်းအဖွဲ့အစည်းမှာ သစ္စာဖောက်တစ်ယောက် ပေါ်လာတာကို ခွင့်မပြုနိုင်ဘူး"
ပိအန်းမင်းသားက ရေခဲတမျှ အေးစက်သောလေသံဖြင့် လျစ်လျူရှုစွာ ပြောလိုက်သည်။
ပိအန်းမျိုးနွယ်က အလွန်နှိမ့်ချသည်။ မျိုးနွယ်စုဝင် နည်းပါးသည့်အပြင် သူတို့က အပြင်ကို လူလုံးထွက်ပြခဲ၏။
ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ အပြာရောင် ပြန်လည်ရှင်သန်ခြင်းလီလီပန်းမျိုးနွယ်က ပိအန်းအဖွဲ့အစည်းကိုယ်စား အမျိုးမျိုးသောကိစ္စများကို ကိုင်တွယ်လာခဲ့ရပေသည်။
ဤတစ်ကြိမ်တွင်၊ ရွယ်ယွဲ့ကိုကွပ်မျက်ပြီး သူတို့၏အာဏာကို ထူထောင်ရန်နှင့် သူတို့၏ တည်ရှိမှုကို ပြသလိုသည်။
"ဟင်း၊ ငါနည်းနည်းတော့ ဝန်လေးမိတယ်။ နောက်ဆုံးမှာတော့ ရွယ်ယွဲ့က အရမ်းထက်မြက်တဲ့ ဓားတစ်ချောင်းပဲ"
ဟွာလျန်က သက်ပြင်းချလိုက်သည်။
“သစ္စာဖေါက်ကို ဘာကိစ္စနဲ့ သနားရမှာလဲ"
ပိအန်းမင်းသားက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ သူက ခြေတစ်ချက်လှမ်းလိုက်သောအခါ ပန်းပွင့်များက ဘေးသို့ရှဲသွားပြီး လမ်းကြောင်းတစ်ခုပေါ်လာခဲ့၏။
ထွက်ခွာသွားသော ပိအန်းမင်းသားကိုကြည့်ရင်း မျက်နှာဖုံးနောက်ကွယ်ရှိ ဟွာလျန်၏ အမူအရာမှာ အနည်းငယ် အေးစက်လာတော့သည်။
"ဟမ့်၊ တောင်ပေါ်မှာ ကျားမရှိတာနဲ့ မျောက်ကို ဘုရင်လို့ခေါ်နေတယ်။ ကိုင်းခွဲမှာနေပြီး မာနကြီးလိုက်တာ"
"ဒီအကြောင်းပြောမှ ပိအန်းနတ်ဘုရားမ မကြာခင် နိုးလာတော့မယ်။ သူက ငါ ရွယ်ယွဲ့ကိုရှာဖို့ ချိန်းထားတာ"
ဟွာလျန်က ရေရွတ်လိုက်သည်။
သူပြောသော ပိအန်းနတ်ဘုရားမက ပိအန်းအဖွဲ့အစည်း၏ ဧကရာဇ်သမီးတော် မုန့်နုအာ ဖြစ်၏။
သူမက တိုင်းတပါး၏ ဧကရာဇ်ငယ်ခုနစ်ပါးထဲမှ တစ်ဦးလည်း ဖြစ်ချေတော့သည်။