အခန်း ၉၃၄
Vol. 63 Ch. 934
အခန်း ( ၉၃၄ ) စတုတ္ထမြောက် မင်းသမီး တုရှန်ဝမ်ဝမ်။
တုရှန်ဧကရာဇ်မျိုးနွယ်၏ တောင်ထွတ်တစ်ခုတွင်...
မိန်းကလေးတစ်ယောက် မတ်တတ်ရပ်သည်။
ထိုမိန်းကလေးက သွယ်လျသော ခန္ဓာကိုယ်ရှိပြီး သူမ၏ခန္ဓာကိုယ်ကလေးနှင့် လိုက်ဖက်ညီသော မိုးပြာရောင် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထား၏။
သူမ၏ မျက်နှာသွင်ပြင်မှာ လှပသော်လည်း အနည်းငယ်ထူထဲသော မျက်ခုံးများကြောင့် ရဲရင့်သော အသွင်မျိုး ရှိပေသည်။
အနက်ရောင် ဆံနွယ်များကိုတော့ အနောက်ဘက်တွင် မြင်းမြီးသဏ္ဍာန် စုချည်ထားပြီး လွတ်လပ်ပေါ့ပါးသော ခံစားချက်မျိုး ရရှိစေသည်။
သူမကို ကြည့်ရသည်မှာ စစ်မြေပြင်မှ အမျိုးသမီး စစ်သူကြီးတစ်ယောက်ကဲ့သို့ ဖြစ်သည်။
သို့သော်လည်း သူမ၏ ဦးခေါင်းပေါ်မှ မြေခွေးနားရွက်များနှင့် အနောက်ဘက်မှ မြေခွေးအမြီးတို့က သူမကို တုရှန်မြေခွေးမျိုးနွယ်မှဖြစ်ကြောင်း ဖော်ပြနေခဲ့ပေသည်။
တုရှန်ဧကရာဇ်မျိုးနွယ်၏ စတုတ္ထမြောက်မင်းသမီး တုရှန်ဝမ်ဝမ်။
သူမက ထက်မြက်ပြီး တက်ကြွသော မိန်ကလေးတစ်ဦး ဖြစ်သည်။
ထို့ကြောင့်ပင် တုရှန်အလှလေးငါးဦးတွင် သူမကို အခြားညီအစ်မများက ယောက်ျားလေးတစ်ယောက်ဟု မကြာခဏ ပြောလေ့ရှိသည်။
သို့သော်လည်း ယောက်ျားတစ်ယောက်နှင့် တူနေခြင်းတော့ မရှိပါ။ တုရှန်ဝမ်ဝမ်၏ ခန္ဓာကိုယ်က ပြီးပြည့်စုံပြီး အချိုးအစားကျနကာ မိန်းကလေးများ၏ ဆွဲဆောင်နိုင်စွမ်းကလည်း အပြည့်ရှိသည်။
သူမ၏ စိတ်နေစိတ်ထားကြောင့်သာ သူရဲကောင်းဆန်ပြီး ချစ်စရာကောင်းသည်ဟု ခံစားခဲ့ရခြင်း ဖြစ်ချေသည်။
"စစ်နတ်ဘုရားနန်းတော်ပွင့်လာပြီ၊ အဲဒီမှာ ငါစိတ်ဝင်စားလောက်တဲ့ ယောက်ျားတွေနဲ့ တွေ့သင့်တယ်"
"ဒါပေမဲ့ အစ်မကြီးနဲ့ အခြားသူတွေက အိမ်ထောင်ပြုဖို့ ပြင်ဆင်ဖို့ အရမ်းအာရုံစိုက်နေကြတော့ ဒီလိုပွဲကြီးပွဲတွေကိုတောင် မတက်နိုင်ကြဘူး"
"ဒါပေမဲ့... ငါ ဝမ်ဝမ်က ငါ့ရဲ့ကျင့်ကြံခြင်းအတွက် ယောက်ျားတွေကို အားကိုးနေမှာမဟုတ်ဘူး။ အနာဂတ်တွင် ငါနှစ်သက်တဲ့လူက အနည်းဆုံး စစ်နတ်ဘုရားဆိုတဲ့ဘွဲ့ကို ရရှိနိုင်ရမယ်"
တုရှန်ဝမ်ဝမ်၏ မျက်လုံးများက တောင့်တမှုတို့ ပြည့်နေခဲ့သည်။
စစ်နတ်ဘုရားနန်းတော်မှ စစ်နတ်ဘုရားဟူသောဘွဲ့မှာ မျိုးဆက်သစ်လူငယ်များအတွက် အကြီးမားဆုံး ဂုဏ်ယူစရာတစ်ခုပင်။
တုရှန်ဝမ်ဝမ်က ဧကရာဇ်မျိုးနွယ်မှ မွေးဖွားလာသူဖြစ်သော်လည်း စစ်နတ်ဘုရားဘွဲ့ကို ဆွတ်ခူးရန် သူမအတွက် ခက်ခဲမည်မှန်း ကောင်းစွာသိသည်။
"ဒါနဲ့ တတိယအစ်မရဲ့ လက်ထပ်ထိမ်းမြားခြင်း ကမ္မကြိုးနီဟာ အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို ချည်နှောင်ခဲ့တယ်တဲ့။ ဒါက တကယ်ကို ရယ်စရာကောင်းတယ်"
တုရှန်ဝမ်ဝမ်က သူမ၏ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူက သူတို့တိုင်းတပါးနှင့် မည်သို့ပေါင်းစည်းနိုင်မည်နည်း။
"ထားပါ၊ စစ်နတ်ဘုရားနန်းတော်ကိုပဲ အရင်သွားရအောင်၊ ရှောင်ဟေး... မြင်းတွေကို အသင့်ပြင်ထားလိုက်ပါ"
တုရှန်ဝမ်ဝမ်က ပြောလိုက်သည်။
သူမက တူရှန်မျိုးနွယ်၏ စတုတ္ထမြောက် မင်းသမီးဖြစ်သော်လည်း ဇိမ်ခံရထားများနှင့် သွားလာရခြင်းကို မကြိုကိပါ။ ထိုအစား ကောင်းကင်ငှက်မွှေးမြင်းကိုစီးပြီး ကိုယ်တိုင်သွားလာလိုသည်။
"ကောင်းပါပြီ မင်းသမီး"
နံဘေးမှ အသားခပ်မည်းမည်း လူငယ်လေးက အနည်းငယ်လက်ယှက်ကာ ပြောလိုက်သည်။
သူ့မျက်လုံးထဲမှာတော့ တုရှန်ဝမ်ဝမ်ကို စွဲလမ်းမှုနှင့် လေးစားမှုတို့အား လျှို့ဝှက်စွာ ဖုံးကွယ်ထား၏။
သူ့အမည်က ယွင်ရှောင်ဟေးဖြစ်ပြီး၊ တုရှန်မြေခွေးမျိုးနွယ်တွင် အနိမ့်ဆုံး မြေခွေးနက် ဖြစ်သည်။
သူဟာ ငယ်စဉ်ကတည်းက အဖေမရှိ၊ အမေမရှိဘဲ ကြီးပြင်းလာပြီး သူတောင်းစားတစ်ဦးအဖြစ် လျှောက်သွားနေခဲ့ရပေသည်။
ယင်းက တုရှန်ဝမ်ဝမ်နှင့် မဆုံခင် ဖြစ်သည်။ တစ်ရက်တော့ တုရှန်ဝမ်ဝမ် ဖြတ်သွားချိန်တွင် သူ့ကိုမြင်ပြီး သနားသွားသဖြင့် ခေါ်ယူ၍ ကောင်းကင်ငှက်မွှေးမြင်းများအတွက် မြင်းထိန်းအဖြစ် နေရာပေးခဲ့သည်။
ထို့ကြောင့်ပင် ယွင်ရှောင်ဟေးက တုရှန်ဝမ်ဝမ်ကို အလွန်ကျေးဇူးတင်ပြီး ချစ်မိခဲ့ပေသည်။
ထို့အပြင် တုရှန်ဝမ်ဝမ်က အလွန်လှပသော အမျိုးသမီးတစ်ဦးလည်းဖြစ်သည်။
ဟုတ်ပေသည်၊ ယွင်ရှောင်ဟေးက ကိုယ့်အကြောင်းကို ကောင်းစွာသိသည်။
သူဟာ ယခင်က သူတောင်းစားတစ်ဦးဖြစ်ပြီး ယခုလည်း မြင်းထိန်းတစ်ဦးမျှသာ ဖြစ်သည်။
မြေခွေးနက်သွေးမျိုးဆက်ဖြင့် သူ၏ အဆင့်အတန်းနှင့် အထောက်အထားကလည်း တုရှန်ဝမ်ဝမ်နှင့် လုံးဝ မယှဉ်သာပေ။
မြင်းထိန်းတစ်ဦးအနေဖြင့် တုရှန်ဝမ်ဝမ်ကို နေ့တိုင်း တွေ့နေရသရွေ့ ယွင်ရှောင်ဟေး ကျေနပ်သည်။
ယွင်ရှောင်ဟေးလည်း မြင်းခန်းသို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် ယွင်ရှောင်ဟေး၏ စိတ်ထဲမှ စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်၏။
သူ၏ အသိစိတ်အတွင်း၌ ဖျက်ဆီးချင်စိတ်အပြည့်ဖြင့် နတ်ဆိုးမြေခွေး မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသကဲ့သို့ပင်။
"ပြန်လာ..."
"မြန်မြန်ပြန်လာခဲ့စမ်း..."
ထိုအသံက နတ်ဆိုးတစ်ကောင်၏ အသံကဲ့သို့ ယွင်ရှောင်ဟေး၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
သူ့ခန္ဓာကိုယ်မှာလည်း တစ်ခုခုဖြစ်နေသလို ခံစားရ၏။
သူ၏ ဝမ်းဗိုက်က ပူလောင်မှုကို ခံစားနေရသည်။
သူ့အင်္ကျီကို အလောတကြီး ဆွဲမကြည့်လိုက်ချိန်မှာတော့...
သူ၏ ဒန်တျန်တွင်အနက်ရောင် ခြောက်ထောင့်ကြယ်တစ်ခုကို တံဆိပ်ရိုက်ထားသည်အား မြင်လိုက်ရတော့သည်။
"ဒါ... ဒါက ဘာလဲ"
ယွင်ရှောင်ဟေး အလွန်အံ့အားသင့်သွားသည်။
ယခင်ကတည်းက သူ့ဝမ်းဗိုက်မှာ ကြယ်နှင့်တူတဲ့ မွေးရာပါ အမှတ်အသား ရှိသည်။
ယခုတော့ ဤအမှတ်အသားဟာ အနက်ရောင်ခြောက်ထောင့်ကြယ် အမှတ်အသားအဖြစ် ပြောင်းလဲသွားပြီ။
သို့သော်လည်း ယွင်ရှောင်ဟေးမှာ ဘာဖြစ်မှန်း မသိပါ။
လွန်ခဲ့သည့်ရက်များက ကောင်းကင်ယံ၌ အနက်ရောင် ခြောက်ထောင့်ကြယ်တစ်ခု ထွန်းလင်းတောက်ခဲ့သည်။ သို့ရာတွင် ယင်းက ကမ္ဘာဖျက်ဘုရင်ခြောက်ပါး မွေးဖွားလာတော့မည့် နိမိတ်ဖြစ်ကြောင်း မဟာပုဂ္ဂိုလ်ကြီးများသာ သိ၏။
ယွင်ရှောင်ဟေးကဲ့သို့ လူတစ်ယောက်အတွက် ဤအခြေအနေများကို သိရှိနိုင်ရန် ခက်ခဲသည်။
"အတော်ထူးဆန်းတာပဲ၊ ထားပါ။ တော်ဝင်နန်းတော်ဆီကိုပဲ အမြန်ပြန်ရအောင်၊ သူ့ကိုစောင့်နေရအောင် မလုပ်သင့်ဘူး"
ယွင်ရှောင်ဟေးလည်း မြင်းကိုခေါ်ကာ တိုက်ရိုက် ထွက်သွားတော့သည်။
.............
တစ်ချိန်တည်းမှာပင်၊ အခြားတစ်ဖက်မှာ...
တိုင်းတပါး၏ ပြည်နယ်ကြီးဆယ်ခုအနက်မှ တစ်ခုဖြစ်သော မော့ယွမ်ပြည်နယ်တွင်...
ရှေးဟောင်းတားမြစ်နယ်မြေ၊ မိုးနှင့်မြေ သွေးတွင်းနက်...
မရေမတွက်နိုင်သော သွေးများနှင့် အရိုးများကို ဤနေရာတွင် မြှုပ်နှံထားခဲ့သည်။
နှစ်ပေါင်း မရေမတွက်နိုင်အောင် အရိုးများ၊ အလောင်းများက ဤနေရာတွင် မျောပါနေကြ၏။
ဤနေရာသည်ကား သွေးပင်လယ်ကြီးဖြစ်ပြီး မည်သူမျှ နက်နဲရာသို့ မဝင်ဝံ့သော တားမြစ်ရာနေရာလည်း ဖြစ်ချေတော့သည်။
အဓိပဓိများပင်လျှင် ဤသွေးအိုင်အတွင်းသို့ ကျရောက်ပါက သေဆုံးသွားရမည်ဟု ဆိုကြသည်။
ဤအခိုက်အတန့်တွင်၊ သွေးပင်လယ်အတွင်း၌ ကျောက်တလားကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ယင်းက အနည်းငယ် အံ့ဩစရာကောင်း၏။
ကျောက်တလားကြီးက အလွန်လေးလံမှန်း သိသာထင်ရှားသော်လည်း သွေးပင်လယ်ထဲတွင် ပေါလောမျောနေနိုင်သည်။
ကျောက်တလားပေါ်မှာတော့ ရှေးဟောင်း အနက်ရောင်ခြောက်ထောင့်ကြယ် ပုံစံတစ်ခု ရှိသည်။
ဤအခိုက်တွင် နဂိုက အရောင်ပျောက်နေသော မျဉ်းကြောင်းမျာက ရုတ်တရက် တောက်ပလာသည်။
ကျောက်တလားအဖုံးက ဝုန်းခနဲ ပွင့်ထွက်သွား၏။
အားကောင်းသော ဖိအားတစ်ခုကလည်း တဟုန်ထိုး ထွက်ပေါ်လာတော့သည်။
ယင်းက ငရဲတံခါးပွင့်သွားသကဲ့သို့ ဖြစ်သည်။
ဤအခိုက်တွင် သွေးပင်လယ်အတွင်းမှ လူရုပ်သွင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ့ရင်ဘတ်မှာတော့ အနက်ရောင်ခြောက်ထောင့်ကြယ် အမှတ်အသားတစ်ခု ရှိ၏။ အထူးသဖြင့် သူ၏ကြွက်သားများက ဖြူဖွေးနုနယ်ပြီး ထိလိုက်သည်နှင့် ပဲ့သွားမလို ထင်မှတ်ရစေသည်။
"ပထမဘုရင်ရဲ့ အရှိန်အဝါကို ငါခံစားလိုက်ရတယ်။ သူနိုးလာပြီထင်တယ်..."
"ငါ သူ့ကို မကြာခင် တွေ့ရမယ်"
"အိုး... ပဉ္စမမြောက်ဘုရင်ရဲ့ အရှိန်အဝါလည်း ရှိသေးတယ်..."
“သူဒီမှာရှိပုံရတယ်…”
"ကြည့်ရတာ အမွေကိုရယူဖို့ တားမြစ်နေရာတွေကို တကယ်သွားရဦးမယ်ထင်တယ်"
သာယာသော မိန်းကလေးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကမ္ဘာဖျက်ဒဏ္ဍာရီနှင့် ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးကို ယခင်က ဇာတ်လမ်းတစ်ခုအဖြစ်သာ လူအများက ယူဆခဲ့ကြသည်။
ယခုတော့ ဤခေတ်တွင် ဒဏ္ဍာရီများက အမှန်တကယ် ဖြစ်လာတော့မည့်ပုံပင်။
ထိုအချိန်တွင် အင်မော်တယ်နယ်မြေကြီးအတွက် ကြီးမားသော ကပ်ဘေးတစ်ခု အမှန်တကယ်ဖြစ်လာမည် ဖြစ်သည်။
............
စစ်နတ်ဘုရားနန်းတော်၏ စစ်ခေါင်းလောင်းက ခုနစ်ရက်နှင့် ခုနစ်ညကြာအောင် မြည်ဟီးနေကာ တိုင်းတစ်ပါးပြည်နယ် ဆယ်ခု၏ အရပ်ရပို့ ပျံ့နှံ့သွားခဲ့သည်။
ရည်မှန်းချက်ကြီးသော ပါရမီရှင်အချို့ကလည်း ခရီးထွက်ရန် အသင့်ဖြစ်နေပြီ။
ဟုတ်သည်၊ တိုင်းတပါးသား သတ္တဝါအားလုံးက ချက်ချင်းသွားကြမှာတော့ မဟုတ်ပါ။
ဥပမာအားဖြင့် အိပ်စက်နေသော ဧကရာဇ်သားတော်၊ တားမြစ်ဘီလူးများ... စသည်ဖြင့်။
မည်သို့ပင်ဆိုစေကာမူ စစ်နတ်ဘုရားနန်းတော်က တိုင်းတစ်ပါးမှ ပါရမီရှင်များ စုစည်းရာနေရာ ဖြစ်သည်။
မဟာပုဂ္ဂိုလ်ကြီးများစွာကလည်း ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ကို စောင့်ကြည့်နေကြ၏။
ကစဉ့်ကလျားခန္ဓာက လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်လွန်းပေသည်။
နောက်ဆုံးတွင် ကစဉ့်ကလျားခန္ဓာက ခေတ်အဆက်ဆက် ပေါ်လာခဲလှသည်။
ထိုကစဉ့်ကလျားခန္ဓာက ထိပ်တန်းဘုရင်ဆယ်ပါးနှင့် တိုင်းတစ်ပါးမှ ဧကရာဇ်လေးခုနစ်ပါးတို့ကိုပင် တိုက်ခိုက်နိုင်သည်ဟု လူအများက ယုံကြည်နေခဲ့ကြပေသည်။
"ကောင်းကင်ဘုရင်ဆယ်ပါးကို ရင်ဆိုင်ဖို့က ကစဉ့်ကလျားခန္ဓာအတွက် တကယ်ကို ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဧကရာဇ်ငယ် ခုနစ်ပါးကတော့ ကွဲပြားတယ်။ သူတို့က စစ်မှန်တဲ့ ထိပ်တန်းပါရမီရှင်တွေပဲ"
"ဒီလိုပြောလို့လည်း မရသေးဘူးလေ၊ ကစဉ့်ကလျားခန္ဓာရဲ့ တိုက်ခိုက်နိုင်စွမ်းကို မင်းလည်း မြင်ဖူးတာပဲ။ ဝူခွင်းလို အဓိပဓိတစ်ပိုင်းကိုတောင် ပေါ့ပေါ့ပါးပါး သုတ်သင်ပစ်နိုင်တာ"
"စောင့်ကြည့်ကြသေးတာပေါ့၊ ဒီကစဉ့်ကလျားခန္ဓာကိုယ်သာ စစ်နတ်ဘုရားနန်းတော်ကိုသွားရင် မင်ကျောက်မျိုးနွယ်ရဲ့ လီကျိုးမင်နဲ့ သေချာပေါက် ရင်ဆိုင်မိလိမ့်မယ်"
"ဟုတ်သားပဲ၊ သူက ကောင်းကင်ဘုရင်ဆယ်ပါးမှာ ထိပ်တန်းအဆင့် တည်ရှိမှုတစ်ခုပဲ။ ဧကရာဇ်ခုနစ်ပါးပြီးရင် သူက သန်မာသူတစ်ဦးလို့ ဆိုနိုင်တယ်"
မဟာပုဂ္ဂိုလ်ကြီးများက ဝိညာဉ်အသိဖြင့် အချင်းချင်း ဆက်သွယ်ပြောဆိုလိုက်ကြသည်။
ခုနစ်ရက်ကြာ ခေါင်းလောင်းထိုးပြီးသည့်နောက်တွင်...
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ ရှေးဟောင်းမြို့တော်မှ ပုံရိပ်သုံးခုက လေထဲသို့ ပျံတက်သွားခဲ့သည်။
ကျွင်းရှောင်ယောက်၊ ချွန်းချွန်းနှင့် ဖေးချင်ရွယ်တို့ ဖြစ်၏။
"ကစဉ့်ကလျားခန္ဓာ ထွက်လာပြီ"
လူအများ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
စစ်နတ်ဘုရားနန်းတော်တွင် ပြပွဲကောင်းတစ်ခု ရှိလာတော့မည့်ပုံပင်။
ကစဉ့်ကလျားခန္ဓာက အဆုံးမဲ့မုန်တိုင်းများကို လှုံ့ဆော်ရန် လုံလောက်သည်။