အခန်း ၉၃၅
Vol. 63 Ch. 935
အခန်း ( ၉၃၅ ) အမည်မဲ့နယ်မြေ။
စစ်နတ်ဘုရားနန်းတော်၏ ခေါင်းလောင်းသံကို ကြားရကတည်းက ကျွင်းရှောင်ယောက်ဟာ ခရီးထွက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
နောက်ဆုံးတွင်၊ သူက မည်သည့် ဧကရာဇ်မျိုးနွယ်နှင့်မျှ မပူးပေါင်းခဲ့ပေ။
အမျိုးမျိုးသော အချက်အလက်များကို စုံစမ်းမေးမြန်းလိုပါက စ်နတ်ဘုရားနန်းတော်သို့သာ သွားရောက်နိုင်သည်။
စစ်နတ်ဘုရားနန်းတော်တွင် အရင်းအမြစ်အမျိုးမျိုးရှိနေခြင်းကို ဘေးဖယ်ထားလျှင်ပင်...
ကစဉ့်ကလျားခန္ဓာဟူသော သူ့အနေအထားကြောင့် စစ်နတ်ဘုရားနန်းတော်မှ အဘိုးကြီးများက သူ့အတွက် အရင်းအမြစ်မျိုးစုံကို စုဆောင်းလိမ့်မည်ဟု ခန့်မှန်းရသည်။
စစ်နတ်ဘုရားနန်းတော်၏ တည်နေရာက ကောင်းကင်သင်္ချိုင်းပြည်နယ်မှာတော့ မဟုတ်ပေ။
တိုင်းတပါး၏ ပြည်နယ်ကြီးဆယ်ခုအနက် ကောင်းကင်သင်္ချိုင်းပြည်နယ်ကို အဓိကပြည်နယ်အဖြစ်ပင် မသတ်မှတ်နိုင်ပါ။ ၎င်းက အတော်လေးဝေးလံခေါင်သီသော နေရာတစ်ခု ဖြစ်သည်။
စစ်နတ်ဘုရားနန်းတော်က ပြည်နယ်ဆယ်ခုအနက် အမှောင်မြစ်ပြည်နယ်တွင် တည်ရှိသည်။
ဤပြည်နယ်ကြီးတွင်၊ တိုင်းတပါးပြည်နယ်ဆယ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေသော အမှောင်မြစ်တစ်ခု ရှိ၏။
နောက်ဆုံးတွင်၊ ထိုမြစ်က ပြည်နယ်ကြီးဆယ်ခု၏ နက်နဲသောနေရာသို့ စီးဆင်းသွားလေသည်။
အဓိကပြည်နယ်ဆယ်ခုကြားတွင် အန္တရာယ်ရှိသောနေရာများ သို့မဟုတ် ထာဝရတားမြစ်နယ်မြေများဖြစ်သည့် သဘာဝအတားအဆီးများ အမျိုးမျိုးလည်း ရှိသည်။
သို့ရာတွင် မတူညီသောပြည်နယ်များအကြား တည်နေရာရွှေ့ပြောင်းခြင်း အစီရင်များ ရှိနေသောကြောင့် အခက်အခဲတော့ များစွာမရှိပေ။
လဝက်ကြာပြီးနောက်...
ကျွင်းရှောင်ယောက်၊ ချွန်းချွန်းနှင့် ဖေးချင်ရွယ်တို့ဟာ အမှောင်ပြည်နယ်သို့ ရောက်လာခဲ့ကြသည်။
တည်နေရာရွှေ့ပြောင်းခြင်းအစီရင်များမှ တာဝန်ရှိသူများမှာ ကျွင်းရှောင်ယောက်ဖြစ်ကြောင်း သိမြင်ပြီးနောက် အခကြေးငွေကိုပင် ကောက်ခံရန် မဝံ့ရဲခဲ့ပေ။
နောက်ဆုံးတွင်၊ ကစဉ့်ကလျားခန္ဓာ၏ ဂုဏ်သတင်းက ကောင်းကင်သင်္ချိုင်းပြည်နယ်တစ်ခွင်တွင် ပျံ့နှံ့သွားပြီး အခြားပြည်နယ်များရှိ သတ္တဝါများပင် ထိုအကြောင်းကို ကြားသိနေခဲ့ရသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဖေးချင်ရွယ်ကို ထိုက်သင့်သော အခကြေးငွေပေးရန် ပြောခဲ့ဆဲပင်။
"ဒီအမှောင်မြစ်က တကယ်ကို ကျယ်ပြောပြီး အဆုံးမရှိဘူးပဲ"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။
သူတို့ရှေ့တွင် အားကောင်းသော အမှောင်အငွေ့အသက်များဖြင့် နက်မှောင်နေသော ရေများစီးဆင်းနေသည့် မြစ်တစ်စင်း ရှိ၏။
မြစ်ရေထဲမှာ အရည်ပျော်နေသော အမှောင်ထုအရာဝတ္ထုများလည်း အများကြီးရှိသေးသည်။
ကျွင်းရှောင်ယောက်က မြစ်ကမ်းဘေးသို့လျှောက်သွားပြီး မြစ်ရေကိုခပ်ကြည့်ရန် လက်တစ်ဖက်ကိုဆန့်လိုက်သည်။
"သခင်လေး..."
ဖေးချင်ရွယ်နှင့် ချွန်းချွန်း၏ လှပသော မျက်နှာလေးများက အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။
အမှောင်မြစ်ရေက မရိုးရှင်းပါ၊ ၎င်းက နေရာဆိုးများသို့ စီးဆင်းနေသောမြစ် ဖြစ်သည်။
ယင်းက လူ့ခန္ဓာကိုယ်ကို အေးခဲစေပြီး ရှေးဦးဝိညာဉ်ကို အလွယ်တကူ ဖျက်ဆီးနိုင်၏။
တိုင်းတစ်ပါးသား သတ္တဝါများပင်လျှင် ၎င်းတို့ကို ထိရန်နေနေသာသာ ပေါ့ဆပါ့ပါးပါး ချဉ်းကပ်ဝံ့ခြင်းပင် မရှိပါ။
သို့ရာတွင် ကျွင်းရှောင်ယောက်က အမှောင်မြစ်ရေကို ပေါ့ပေါ့ပါးပါး ခပ်ယူလိုက်သည်။
အေးစက်သော ခံစားချက်တစ်ခုက နှလုံးသားထဲထိ စိမ့်ဝင်လာ၏။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာမှ ထိုက်ယင်သန့်စင်သောစွမ်းအားက လှည့်ပတ်လာပြီး ဤအေးစက်သော စွမ်းအားကို ဖြေရှင်းခဲ့ပေသည်။
တစ်ချိန်တည်းမှာပင် နောက်ထပ် အမှောင်လှိုင်းလုံးကြီး ကျရောက်လာသည်။
အတွင်းစကြာဝဠာအတွင်းရှိ ကောင်းကင်အနက်ရောင်သွေးက ထိုစွမ်းအားများကို တစ်စက်မကျန်အောင် တိုက်ရိုက်စုပ်ယူသွားတော့သည်။
"အမှောင်မြစ်..."
ကျွင်းရှောင်ယောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
တိုင်းတစ်ပါးတွင် နေထိုင်စဉ်အတွင်း အချို့အရာများကို သိခဲ့ရသည်။
ဥပမာအားဖြင့်၊ တိုင်းတပါးတွင် ထိပ်တန်းပြည်နယ်ဆယ်ခုမှလွဲ၍ အမည်မဲ့နယ်မြေကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ဆုံး တားမြစ်နေရာများလည်း ရှိသည်။
အမည်မဲ့နယ်မြေက တိုင်းတပါးပြည်နယ်ဆယ်ခု၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိ၏။
ထိုနေရာကို တိုင်းတစ်ပါးမှ သတ္တဝါများပင် အလိုအလျောက် မချဉ်းကပ်ဝံ့ကြချေ။
ထိုအထဲတွင် အမှောင်ထုက သိပ်သည်းလွန်းသည်။
ထူးခြားသော အရာအမျိုးမျိုးလည်း ရှိ၏။
အင်မော်တယ်နယ်မြေကြီးတွင် အံ့ဖွယ်ခုနစ်ခုကဲ့သို့ ဒဏ္ဍာရီလာ နယ်မြေများ ရှိသည်။
တိုင်းတပါးတွင်လည်း ထိုသို့အံ့ဖွယ်များရှိပါက အမည်မဲ့နယ်မြေမှာ သေချာပေါက်ပါဝင်နိုင်ပြီး လျှို့ဝှက်ဆန်းကြယ်ဆုံးနှင့် အထူးဆန်းဆုံးတစ်ခုလည်း ဖြစ်လိမ့်မည်။
'တိုင်းတပါးရဲ့ အမှောင်ဓာတ်က အမည်မဲ့နယ်မြေနဲ့ ပတ်သက်နေပုံရတယ်'
'ဒီအမှောင်ဓာတ်တွေက တိုင်းတပါးသတ္တဝါတွေကို ပိုပြီး အစွမ်းထက်စေတယ်၊ ဒါပေမဲ့ အဲဒါတွေက လုံးလုံးကောင်းတာတော့မဟုတ်ဘူး။ အမှောင်ဓာတ်ကို လုံးလုံးလျားလျား ဝင်ရောက်သွားရင် ကိုယ်ပိုင်အသိစိတ်နဲ့ ဆင်ခြင်တုံတရားကိုတောင် ဝါးမျိုခံလိုက်ရလိမ့်မယ်'
ကျွင်းရှောင်ယောက် တွေးလိုက်သည်။
အမှောင်မြစ်ကို အတိုင်းအတာတစ်ခုအထိ တိုင်းတပါး၏ မိခင်မြစ်ဟု ဆိုနိုင်သည်။
၎င်းသည် တိုင်းတစ်ပါးကို စွမ်းအားကိုပေးသော်ငြား ဘေးထွက်ဆိုးကျိုးလည်း ရှိပေသည်။
'အမည်မဲ့နယ်မြေကို အဖေလည်း စိတ်ဝင်စားလောက်မလား'
ကျွင်းရှောင်ယောက်လည်း သူ့အဖေ ကျွင်းဝူဟွေ့အကြောင်းကို ရုတ်တရက် တွေးမိသည်။
ချီရှောင်းဘုရင်နှင့် တိုက်ပွဲအပြီးတွင် သူ၏ သန့်စင်သော ကိုယ်ပွားသုံးခုအနက် တစ်ခုမှာ ပျောက်ကွယ်သွားခဲ့သည်။
ယခု သူ့ဘယ်မှာလဲ ဘယ်သူမှမသိပေ။
ကျွင်းရှောင်ယောက်သာ ကျွင်းဝူဟွေ့ဖြစ်လျှင် တိုင်းတပါး၏ မည်သည့်အရာက သူ့ကိုဆွဲဆောင်နိုင်မည်နည်း။
ယင်းက အမည်မဲ့နယ်မြေသာ ရှိမည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏စိတ်ထဲတွင် သံသယများ ရှိနေဆဲပင်။ ကျွင်းဝူဟွေ့သာ စောတာ သို့မဟုတ် နောက်ကျမှ ရောက်လာပါက တိုင်းတပါးတွင် မည်သို့ပျောက်ကွယ်သွားသနည်း။
သူ့အဖေက အနာဂတ်မှာ ကြီးမားသော အပြောင်းအလဲများ ဖြစ်လာနိုင်ချေရှိသည်ကို ကြိုတင် သတိပြုမိခဲ့သလော။
ကျွင်းရှောင်ယောက် အတော်လေး စိတ်ရှုပ်ထွေးနေခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် သဲလွန်စအနည်းငယ်သာရှိပြီး အပြည့်အစုံကို သူ မဖြေရှင်းနိုင်သေးပါ။
သို့ရာတွင် သူ့စိတ်ထဲမှာ အတွေးတစ်ခုရှိနေပြီ ဖြစ်သည်။ အနာဂတ်တွင် အမည်မဲ့နေရာသို့ သွားရောက်ဦးမည်။
ဟုတ်သည်၊ ဤသည်က နောက်ဆက်တွဲ အစီအစဉ်များအပေါ် မူတည်ပေသည်။
နောက်ဆုံးတွင်၊ တိုင်းတပါးသတ္တဝါများတောင် အမည်မဲ့နယ်မြေကို ပေါ့ပေါ့ဆဆ မသွားနိုင်ကြပေ။
နီးစပ်ရန်ပင် "အရည်အချင်း" အချို့လိုအပ်သည်။
"သခင်လေးက မျှော်လင့်ထားတဲ့အတိုင်းပါပဲ"
ကျွင်းရှောင်ယောက်က အမှောင်မြစ်ရေကို သာမန်ကာလျှံကာ ခပ်ယူကြည့်လိုက်ကြောင်း မြင်ရပြီးနောက် ဖေးချင်ရွယ်၏ လှပသောမျက်လုံးများက မြတ်နိုးခြင်းများဖြင့် ပြည့်နှက်သွားလေသည်။
"တော်လိုက်တာ"
ချွန်းချွန်း၏ လှပသော မျက်လုံးများသည်လည်း တောက်ပနေခဲ့သည်။
ထို့နောက်တော့ ကျွင်းရှောင်ယောက်လည်း မိန်းကလေးနှစ်ယောက်နှင့်အတူ စစ်နတ်ဘုရားနန်းတော်ကို ဆက်လက် လျှောက်လှမ်းသွားတော့သည်။
............
စစ်နတ်ဘုရားနန်းတော်က အမှောင်မြစ်ပြည်နယ်၏ အလယ်ပိုင်း ဧရိယာတွင် တည်ရှိသည်။
ယင်းက အလွန်ကောင်းမွန်ပြီး အင်မော်တယ်နယ်မြေတစ်ခုကဲ့သို့ ဖြစ်၏။
ကောလဟာလများအရ ထိုနေရာသည် တိုင်းတစ်ပါးမှ နဂါးအကြောများ တည်ရှိရာနေရာလည်း ဖြစ်သည်။
ထို့ကြောင့်ပင် တိုင်းတပါး၏ အထူးချွန်ဆုံး ပါရမီရှင်များအား မွေးထုတ်ပေးသည့် စစ်နတ်ဘုရားနန်းတော်ကို ဤနေရာတွင် တည်ဆောက်ထားခြင်း ဖြစ်ချေသည်။
ပတ်ပတ်လည်ကိုကြည့်လိုက်လျှင် စစ်နတ်ဘုရားနန်းတော်က သောင်းနှင့်ချီသော ဧရိယာကို လွှမ်းခြုံထားသည်။
တောင်များ၊ လွင်ပြင်များ၊ ကောင်းကင်နန်းတော်များလည်း ရှိ၏။
ဝိညာဉ်အရည်များစုဝေးပြီး ဖြစ်ပေါ်လာသော ရေတံခွန်များပင် ရှိသေးသည်။
နန်းတော်အဝင် တောင်တံခါးကတော့ ရှေးဟောင်းတောင်ကြီးကဲ့သို့ အမြင့်ပေထောင်နှင့်ချီကာ မြင့်မားသည်။
ထိပ်ဆုံးတွင် "စစ်နတ်ဘုရားနန်းတော်"ဟူသော စကားလုံးများကို ခမ်းနားထည်ဝါစွာ ရေးထွင်းထား၏။
တောင်တံခါးရှေ့မှာလည်း ကြေးခေါင်းလောင်းကြီးတစ်ခုကို ချိတ်ဆွဲထားသည်။
ယခင်က ခေါင်းလောင်းသံမှာ ဤဧကရာဇ်လက်နက် စစ်ခေါင်းလောင်းမှ အသံဖြစ်သည်။
တောင်တံခါးရှေ့မှ အချက်ပေးခေါင်းလောင်းသည်ပင် ဧကရာဇ်လက်နက်တစ်ခုဖြစ်နေခြင်းကို ကြည့်ခြင်းအားဖြင့် စစ်နတ်ဘုရားနန်းတော်တွင် နက်ရှိုင်းသော အခြေခံအုတ်မြစ်ရှိကြောင်း တွေ့မြင်နိုင်သည်။
ဤအခိုက်မှာတော့ တောင်တံခါးရှေ့တွင် ကမ္ဘာအရပ်ရပ်မှ ပါရမီရှင်များ စုရုံးရောက်ရှိလာကြပြီ။
ပါရမီရှင်အားလုံး ရောက်နေပြီဟု မဆိုနိုင်သော်လည်း အများစုကတော့ အမြန်ဆုံး ရောက်လာခဲ့ကြသည်။
စစ်နတ်ဘုရားနန်းတော်တွင်လည်း ဝင်ခွင့်ဆိုင်ရာ လုပ်ရိုးလုပ်ထုံးများ ရှိပေသည်။ ယင်းက တွေ့ကရာ ခွေးများ၊ကြောင်များ ပါဝင်နိုင်တာတော့ မဟုတ်ပေ။
စစ်နတ်ဘုရားနန်းတော်ကို အတွင်းနှင့် အပြင် နှစ်ပိုင်း ခွဲထားသည်။
အပြင်စည်းတွင် ၉,၉၉၉ နေရာ ရှိသည်။
အတွင်းစည်းက ပိုနည်းပြီး ၉၉၉ နေရာသာ ရှိ၏။
အားလုံး စုစုပေါင်း လူ တစ်သောင်းကျော်ရှိ၍ အများကြီးဟု မဆိုပေ။
တိုင်းတပါး၏ ပြည်နယ်ကြီးဆယ်ခုတွင် လူငယ်ပါရမီရှင် အရေအတွက်က သန်းရာနှင့်ချီကြောင်း သိထားကြရမည် ဖြစ်သည်။
ကျွန်မျိုးနွယ်နှင့် စစ်သူကြီးမျိုးနွယ်များကို ချန်ထားလျှင်ပင်...
တော်ဝင်မျိုးနွယ်နှင့် အထက် မျိုးနွယ်များမှ ပါရမီရှင် စုစုပေါင်း အရေအတွက်က အံ့ဩစရာ ကိန်းဂဏန်းတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။
ထို့အပြင် စစ်နတ်ဘုရားနန်းတော်က နောက်ခံအင်အားထက် မိမိ၏ ကိုယ်ပိုင်အင်အားကို အဓိကထားသည်။
လုံလောက်သော အင်အားမရှိဘဲ စစ်နတ်ဘုရားနန်းတော်ကို ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ဤအခိုက်အတန့်တွင် တောင်တံခါးရှေ့မှာ ပါရမီရှင် လူအုပ်ကြီးက ကောင်းကင်ယံကိုပင် ပိတ်ဆို့လုနီးပါး စုရုံးနေခဲ့ကြသည်။
စစ်နတ်ဘုရားတော်၏ စာမေးပွဲတွင် ပါဝင်ရန် အရည်အချင်းပြည့်မီသူများက အနည်းဆုံး တော်ဝင်မျိုးနွယ်နှင့် အထက်မှ ဖြစ်၏။
စစ်သူကြီးမျိုးနွယ်များအတွက်တော့ တကယ့်ဖျက်မြင်းများများမရှိလျှင် စစ်နတ်ဘုရားနန်းတော်သို့ ဝင်ရောက်ရန်ခက်သည်။
ကျွန်မျိုးနွယ်များဆိုပါက တောင်တံခါးသို့ လာရောက်ရန်ပင် အရည်အချင်းမပြည့်မီပေ။
"မင်းတို့ကြားပြီးကြပြီလား၊ ဒီတစ်ခေါက် စစ်နတ်ဘုရားနန်းတော်မှာ စစ်နတ်ဘုရားတစ်ပိုင်းနေရာ ဆယ်နေရာလောက်ရှိတယ်တဲ့"
"ငါလည်းကြားပါတယ်၊ စစ်နတ်ဘုရားတစ်ပိုင်းက စစ်နတ်ဘုရားနန်းတော်ရဲ့ အမာခံဖြစ်လုနီးပါးဖြစ်ပြီး အကောင်းဆုံး လေ့ကျင့်ပေးခြင်းခံရလိမ့်မယ်"
အားလုံးသိကြသည့်အတိုင်း စစ်နတ်ဘုရားနန်းတော်၏ ရည်ရွယ်ချက်က တိုင်းတပါးအတွက် အနာဂတ်မဏ္ဍိုင်များကို ပျိုးထောင်ရန် ဖြစ်သည်။
စစ်နတ်ဘုရားဘွဲ ရယူနိုင်သူများကို ထိုမဏ္ဍိုင်များအဖြစ် မှတ်ယူနိုင်၏။
စစ်နတ်ဘုရားတစ်ပိုင်းက စစ်နတ်ဘုရားဖြစ်လာရန် ခြေတစ်လှမ်းသာဝေးသည်။
ထို့ကြောင့် စစ်နတ်ဘုရားတစ်ပိုင်းက မည်မျှ အရှိန်အဝါကြီးမည်မှန်း တွေးကြည့်နိုင်ပေသည်။
"အိမ်း၊ ဒါပေမဲ့ ငါ ကောလဟာလတစ်ခုကို ကြားထားတယ်။ ဒီတစ်ခါတော့ စစ်နတ်ဘုရားနန်းတော်က စစ်နတ်ဘုရားတစ်ပိုင်း တစ်ဦးကို ကြိုတင် ခန့်အပ်ထားတယ်တဲ့"
"ငါလည်း ကြားပါတယ်၊ အဲဒါက ကောင်းကင်သင်္ချိုင်းပြည်နယ်မှာ ပေါ်လာခဲ့တဲ့ ကစဉ့်ကလျားခန္ဓာပဲ"
"ဟင်း၊ အဲဒါက တုနှိုင်းမရတဲ့ ကစဉ့်ကလျားခန္ဓာဖြစ်နေတာကိုး။ ငါတို့ကမ္ဘာမှာ ကစဉ့်ကလျားခန္ဓာမပေါ်လာတာ ဘယ်လောက်တောင်ကြာပြီလဲ"
"စစ်နတ်ဘုရားနန်းတော်က သူ့ကို ရွေးချယ်ခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး"
"ဒါပေမဲ့ စစ်နတ်ဘုရားတစ်ပိုင်းဘွဲ့ကို ချက်ချင်း ခန့်အပ်တာက နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား။ နောက်ဆုံးတော့ ကောင်းကင်ဘုရင်ဆယ်ပါးနဲ့ ဧကရာဇ်ငယ်ခုနစ်ပါးလို တည်ရှိမှုတွေတောင် မသတ်မှတ်ရသေးဘူး"
"အမှန်ပဲ၊ ကစဉ့်ကလျားခန္ဓာက ထူးကဲပေမဲ့ သူ့အရည်အချင်းကိုတော့ မသိရသေးဘူး။ သူ့ရဲ့ တစ်ခုတည်းသော တိုက်ပွဲမှတ်တမ်းဆိုလို့ ကောင်းကင်သင်္ချိုင်းပြည်နယ်ရဲ့ ကောင်းကင်အင်မော်တယ်ပွဲတော်က ဖြစ်ရပ်ပဲ ရှိတယ်"
အရပ်ရပ်မှ သတ္တဝါများက စိတ်ဝင်တစား ဆွေးနွေးနေခဲ့သည်။
ထိုအချိန်တွင် အေးစက်စက် စကားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
"ဟမ့်၊ စာမေးပွဲမပြီးသေးဘဲ စစ်နတ်ဘုရားတစ်ပိုင်း အဆင့်အတန်းကို ရလောက်အောင် အရည်အချင်းပြည့်မီတဲ့သူက ဘယ်သူလဲ"
ထိုစကားသံကြောင့် အားလုံး တအံ့တဩဖြစ်သွားကာ အသံလာရာကို လှည့်ကြည့်လိုက်ကြသည်။
ယင်းက အရပ်ထောင်ထောင်မောင်းမောင်းနှင့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့နောက်တွင် ရှေးဟောင်းသစ်ပင်အရိပ်တစ်ခု ရှိနေသလို နှင်းပွင့်များကလည်း ဝိုင်းရံထားသေးသည်။
သို့သော်လည်း ယင်းက တကယ့် နှင်းပွင့်များမဟုတ်ဘဲ ဖူမော့နတ်ဆိုးမျိုးစေ့များ ဖြစ်၏။
ထိုလူငယ်က ရှန်းရွှီကမ္ဘာတွင် ကျွင်းရှောင်ယောက် အနိုင်ယူခဲ့သည့် ကောင်းကင်ဘုရင်ဆယ်ပါးထဲမှ ဖူယောင် ဖြစ်တော့သည်။