← Chapters

အခန်း ၉၃၆

Vol. 63 Ch. 936

အခန်း ၉၃၆

Vol. 63 Ch. 936

အခန်း ( ၉၃၆ ) ကောင်းကင်ဘုရင်များ ပေါ်လာပြီ။

ဖူယောင်က ကောင်းကင်ဘုရင်ဆယ်ပါးမှ တစ်ပါးဖြစ်သော်လည်း အဆင့်မမြင့်ပေ။ သူ၏ တိုက်ခိုက်နိုင်စွမ်းက လီကျိုးမင်နှင့် မနှိုင်းယှဉ်နိုင်ပါ။

သူ ထိပ်တန်းဘုရင်ဆယ်ပါးတွင် ပါဝင်နိုင်ခြင်းက ဖူမော့မျိုးနွယ်၏ အထူးနည်းလမ်း ဖူမော့နတ်ဆိုးမျိုးစေ့ကြောင့် ဖြစ်သည်။

ယင်းက ပြိုင်ဘက်များကို ထိန်းချုပ်ပြီး ထူးဆန်း၍ ခန့်မှန်းမရသော နည်းလမ်းများဖြင့် ရုပ်သေးရုပ်များ ဖြစ်လာစေနိုင်သည်။

ဤအခိုက်တွင် ဖူယောင် ရောက်ရှိလာခြင်းက အရပ်ရပ်မှ ပါရမီရှင်များကို တိတ်ဆိတ်သွားစေခဲ့ပေသည်။

သူဟာ ဖူမော့ဧကရာဇ်မျိုးနွယ်မှ ဆင်းသက်လာပြီး ကောင်းကင်ဘုရင်ဆယ်ပါးထဲမှ တစ်ဦး ဖြစ်သည်။

ထို့ကြောင့် ဖူယောင်၏ ဂုဏ်သိက္ခာမှာ အလွန်မြင့်မားနေဆဲပင်။

ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများက ဖူယောင်ကို အနည်းငယ် မပျော်မရွှင်ဖြစ်စေသည်။

ရှန်းရွှီကမ္ဘာတွင် ကျွင်းရှောင်ယောက်၏ ရက်ရက်စက်စက် အနိုင်ယူခြင်းက သူ၏တာအိုနှလုံးသားကိုပင် ထိခိုက်စေခဲ့သည်။

ကျွင်းရှောင်ယောက် ကျဆုံးပြီးမှသာ သူ့စိတ်တို့ တည်ငြိမ်သွားလေသည်။

ယခုတော့ အပြင်ပြန်ထွက်ပြီး သူ့ကိုယ်သူ ပို၍တိုးတက်စေရန် စစ်နတ်ဘုရားနန်းတော်သို့ လာခဲ့သည်။

နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က ကောင်းကင်အထက်တွင် ကောင်းကင်ရှိကြောင်း သူ့ကို အသိပေးခဲ့ပေသည်။

သူက ကောင်းပင်ဘုရင်ဆယ်ပါးတွင် တစ်ပါးဖြစ်လျှင်ကော၊ ဖူမော့ဧကရာဇ်မျိုးနွယ်ကဖြစ်လျှင်ပင် ဘာဖြစ်သေးသနည်း။ အဆုံးတွင် ခွေးတစ်ကောင်ကဲ့သို့ ရိုက်နှက်ခံခဲ့ရသေးသည်။

"သူက ကစဉ့်ကလျားခန္ဓာဖြစ်ရင်တောင် ဘာဖြစ်လဲ။ ဘယ်သူကမှ ငါ့ဆီကနေ စစ်နတ်ဘုရားတစ်ပိုင်း အထောက်အထားကို ယူသွားလို့ မရဘူး"

ဖူယောင်က အေးစက်စက် ပြောလိုက်သည်။

စစ်နတ်ဘုရားတစ်ပိုင်းနေရာက အလွန်အဖိုးတန်ပြီး နေရာဆယ်ခုသာ ရှိသည်။

ထို့အပြင် သူ့အတွက် အာမခံချက် မရှိပေ။

အကယ်၍ စစ်နတ်ဘုရားတစ်ပိုင်း အဆင့်အတန်းကို ရရှိလျှင်ပင်၊ အခြားသူများ၏ စိန်ခေါ်ခြင်းခံရပြီး ရှုံးနိမ့်ပါက စစ်နတ်ဘုရားတစ်ပိုင်းဘွဲ့အား လက်လွှတ်ပေးရဦးမည် ဖြစ်သည်။

သို့သော်လည်း စစ်နတ်ဘုရားတစ်ပိုင်းအဖြစ် ကြိုတင်သတ်မှတ်ခံရခြင်းကြောင့် စစ်နတ်ဘုရားနန်းတော်၏ အရင်းအမြစ်အမျိုးမျိုးကို ကြိုတင်ခံစားနိုင်ပေသည်။

ဤသည်က ငွေရှိတိုင်း ဝယ်မရနိုင်သော နေရာ ဖြစ်သည်။

အထူးသဖြင့် စစ်နတ်ဘုရားနန်းတော်တွင် အဆင့်မြင့်ပုဂ္ဂိုလ်ကြီးတချို့က တာအိုတရားဟောတတ်သည်။

သို့သော်လည်း စစ်နတ်ဘုရားတစ်ပိုင်းများသာ နားထောင်ပြီး လမ်းညွှန်မှုခံယူရန် အရည်အချင်းပြည့်မီပေသည်။

ထို့ကြောင့်ပင် ဖူယောင်က စစ်နတ်ဘုရားတစ်ပိုင်းဖြစ်လာရန် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် ယခုအချိန်တွင် ကစဉ့်ကလျားခန္ဓာကို စစ်နတ်ဘုရားတစ်ပိုင်းအဖြစ် ကြိုတင်သတ်မှတ်ထားပေရာ ဖူယောင်၏စိတ်ထဲတွင် သဘာဝအတိုင်း မပျော်မရွှင် ဖြစ်နေတော့သည်။

"ဖူယောင်၊ မင်းကိုကြည့်ရတာ ဒီကစဉ့်ကလျားခန္ဓာကို စစ်နတ်ဘုရားတစ်ပိုင်းဘွဲ့ အလကား မပေးလိုက်ချင်ဘူးထင်တယ်"

ထိုအချိန်တွင် အသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။

အဝေးမှ အနက်ရောင်ဝတ် လူရိပ်တစ်ခု ပေါ်လာ၏။ သူ့လက်ထဲတွင်လည်း သစ်သားကျိုင်းတုတ်တစ်ခုကို ကိုင်ထားသေးသည်။

သူတွင် အဆိပ်ပိုးကောင်များကဲ့သို့ အင်းဆက်များကိုထည့်ထားသော မီးအိမ်ကဲ့သို့ အရာတစ်ခုလည်း ရှိသည်။

"ဒါက ဂူမျိုးနွယ်ရဲ့ ပါရမီရှင် ဂူချီပဲ"

ထိုလူငယ် ရောက်လာခြင်းက ပတ်ဝန်းကျင်တွင် လှိုင်းလုံးကြီးတစ်ခု ဖြစ်လာစေခဲ့သည်။

ဧကရာဇ်တစ်ပိုင်း ဂူမျိုးနွယ်စု၏ ပါရမီရှင် ဂူချီသည်လည်း ကောင်းကင်ဘုရင်ဆယ်ပါးအနက် တစ်ဦးအပါအဝင် ဖြစ်ချေသည်။

"ဟားဟားဟား၊ ငါတို့ရဲ့ ရည်မှန်းချက်က အတူတူဖြစ်နေတာပဲ"

နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့ဆံပင်များကပင် ရွှေရောင်ဖျော့ဖျော့ဖြစ်ပြီး အလင်းများ ထွက်ပေါ်နေခဲ့လေသည်။

"ရွှေချပ်ဝတ်မျိုးနွယ်က ကျင်းကျန်း"

နောက်ထပ်‌ ကောင်းကင်ဘုရင်အဆင့် တည်ရှိမှုတစ်ခု ပေါ်လာပြီ။

"ငါတို့နှစ်ယောက်ကိုလည်း ထပ်ထည့်လိုက်ဦး"

ခေါင်းနှစ်လုံးနှင့် ခန္ဓာတစ်ခုရှိသော သတ္တဝါဆီမှ အသံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။

ခေါင်းနှစ်လုံးပါသော လူသားစား နတ်ဆိုးမျိုးနွယ်ကဲ့သို့ပင်။

‌၎င်းက ‌ခေါင်းနှလုံးနတ်ဘုရားမျိုးနွယ်မှ ပါရမီရှင်ဖြစ်ပြီး ကောင်းကင်ဘုရင်ဆယ်ပါးထဲမှ တစ်ဦးလည်း ဖြစ်ချေသည်။

ဦးစွာရောက်နေကြသော ပါရမီရှင်များလည်း အံ့အားသင့်သွားခဲ့ကြသည်။

အချိန်တိုလေးအတွင်းမှာ ကောင်းကင်ဘုရင်ဆယ်ပါးထဲမှ တော်တော်များများ ရောက်လာခြင်းအား မြင်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကြိုတင်သတ်မှတ်ထားသော စစ်နတ်ဘုရားတစ်ပိုင်းဘွဲ့ ခွဲတမ်းကို ကစဉ့်ကလျားခန္ဓာ ရရှိခဲ့သည့်အတွက် သူတို့အားလုံး မကျေမနပ်ဖြစ်ပုံရသည်။

"စစ်နတ်ဘုရားတစ်ပိုင်းဆိုတဲ့ဘွဲ့ဟာ စစ်နတ်ဘုရားနန်းတော်က ပေးအပ်တာထက် ကိုယ်တိုင်ရယူတာကမှ တန်ဖိုးရှိတာ"

ကျင်းကျန့်က လျစ်လျူရှုစွာ ပြောလိုက်သည်။

သူ၏ မျက်လုံးများနှင့် ဆံပင်များက ရွှေရောင်ဖျော့ဖျော့ဖြစ်ပြီး နေမင်း၏သားတော်ကဲ့သို့ ချောမောသည်။

ဤမျိုးနွယ်စုက ရွှေရောင်ချပ်ဝတ်တန်ဆာဖြင့် မွေးဖွားလာကာ ပြိုင်ဘက်ကင်းသော ခန္ဓာကိုယ်ကာကွယ်နိုင်စွမ်း ရှိပေသည်။

ကျင်းကျန့်ကို မရွေ့လျားသောဘုရင်ဟု ခေါ်ကြပြီး သူ့အား ဒဏ်ရာရရှိအောင် ပြုလုပ်ရန်ပင် ခက်ခဲသည်။

ကျင်းကျန့်၏စကားကိုကြားတော့ ပတ်ဝန်းကျင်မှလူများက ဘာမျှမပြောသော်လည်း စိတ်ထဲတွင် တိတ်တဆိတ် လှောင်ပြောင်လိုက်ကြသည်။

စစ်နတ်ဘုရားတစ်ပိုင်း အဆင့်အတန်းကို မိမိကိုယ်တိုင် ရယူခြင်းက ပိုကောင်းသည်ဟု ဆိုကြသည်။

သို့သော်လည်း သူတို့ကို အခွင့်အရေးပေးခဲ့လျှင်တော့ ကျေကျေနပ်နပ် လက်ခံကြလိမ့်မည်။

ဤလူများက မနာလိုနေခြင်းသာ ဖြစ်သည်။

"ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ လီကျိုးမင်က ကစဉ့်ကလျားခန္ဓာနဲ့ ပြဿနာရှိတယ်။ သူသာ လီကျိုးမင်ကို အနိုင်မယူနိုင်ရင် စစ်နတ်ဘုရားတစ်ပိုင်းဘွဲ့ကို ကြိုတင်ရယူနိုင်ခဲ့ရင်တောင် ဘာများထူးမှာလဲ"

ဂူမျိုးနွယ်၏ ပါရမီရှင် ဂူချီက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"ကျွတ်ကျွတ်၊ နင်ကတော့ မနာလိုတာတောင် စကားကြီးစကားကျယ်ပြောနေသေးတယ်"

ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။

အဝေးမှ ကောင်းကင်တွင် မိန်းကလေးတစ်ဦး စီးနင်းထားသော ကောင်းကင်ငှက်မွှေးမြင်းတစ်ကောင် ပျံသန်းလာ၏။

သူ့နောက်မှာလည်း အသားမည်းမည်း လူငယ်လေးတစ်ဦးကို သယ်ဆောင်လာသည့် မြင်းနောက်တစ်ကောင် ရှိသေးသည်။

ယင်းက စစ်နတ်ဘုရားနန်းတော်သို့ ခရီးထွက်လာသော တုရှန်ဝမ်ဝမ်နှင့် ယွင်ရှောင်ဟေးတို့ ဖြစ်သည်။

တုရှန်ဝမ်ဝမ် ရောက်လာတာကိုမြင်တော့ ပါရမီရှင် တော်တော်များများ၏ မျက်လုံးများ တောက်ပလာခဲ့သည်။

တုရှန်အလှလေးငါးဦးက သူတို့၏အလှအကြောင့် ကျော်ကြား၏။

တစ်ဦးချင်းစီက ထူးခြားသော ပုံစံများဖြင့် ဆွဲဆောင်မှုရှိကြသည်။

သူတို့ထဲမှ တစ်ဦးနှင့် ချစ်သူတော်ရလျှင်ပင် ဘဝတစ်ခုလုံးစာ ကံကောင်းသည်ဟု ဆို၍ရပေသည်။

"တုရှန် မင်းသမီးလေးငါးယောက်အတွက် မင်္ဂလာပွဲကျင်းပဖို့ ဆုံးဖြတ်ထားတယ်လို့ ကြားတယ်။ အဲဒီပွဲကို ငါ သွားတက်ရမယ်"

"မင်းသွားရင်တောင် ပြပွဲကောင်းကိုပဲ ကြည့်လို့ရမယ်။ မင်းကိုယ်မင်း သူတို့ထဲက တစ်ယောက်ကို လက်ထပ်ဖို့ အရည်အချင်းရှိတယ်လို့ တကယ်ထင်တာလား"

"ဟင်း၊ ငါကလည်း ပြပွဲကြည့်ချင်ရုံပါပဲ။ ဒါပေမဲ့ ညီမငါးယောက်လုံးကို တပြိုင်နက်တည်း လက်ထပ်နိုင်မဲ့ ဆရာကြီးတစ်ယောက်ရှိမယ်လို့ မင်းထင်လား"

"မင်းအိပ်မက်မက်နေတာလား၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဧကရာဇ်မင်းရဲ့သားတော် နိုးလာရင်တောင် ဒီအရည်အချင်းမျိုး မရှိနိုင်ဘူး မဟုတ်လား"

တုရှန်ဝမ်ဝမ် ရောက်ရှိလာပြီးနောက် ဆွေးနွေးမှုများစွာ စတင်ခဲ့ပြန်သည်။

"စတုတ္ထမင်းသမီးပဲ"

ဖူယောင်က ခေါင်းညိတ်ပြလိုက်သည်။

ကျင်းကျန့်၏ အမူအရာကတော့ သိပ်ပြီး ကြည့်ရအဆင်မပြေပေ။

တုရှန်ဝမ်ဝမ်၏ စကားများက သူတို့ကို လှောင်ပြောင်နေကြောင်း ထင်ရှားသည်။

ဤနေရာတွင် တခြားသူဖြစ်ပါက ကျင်းကျန့်ဟာ သူ့ကို သင်ခန်းစာပေးပြီးသား ဖြစ်မည်။

သို့ရာတွင် တုရှန်ဧကရာဇ်မျိုးနွယ်၏ စတုတ္ထမြောက်မင်းသမီးကိုတော့ မပစ်မှားဝံ့ပေ။

"စတုတ္ထမင်းသမီး မှားနေပြီ။ ကစဉ့်ကလျားခန္ဓာက မကြာသေးခင်ကမှ မွေးဖွားလာတာမို့ အတွေ့အကြုံမရှိသေးပါဘူး။ သူက ကြိုတင်သတ်မှတ်ထားတဲ့ စစ်နတ်ဘုရားတစ်ပိုင်း ဖြစ်လာတာတော့ မကောင်းဘူး"

ကျင်းကျန့်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါဆို နင့်မှာ အရည်အချင်းရှိလား"

တုရှန်ဝမ်ဝမ်က ခေါင်းညိတ်ပြပြီး မေးလိုက်၏။

ကျင်းကျန့်၏ နှုတ်ခမ်းများက တလှုပ်လှုပ်ဖြစ်သွားသည်။

တုရှန်မျိုးနွယ်၏ စတုတ္ထမင်းသမီးက ဘွင်းဘွင်းသမားဖြစ်ပြီး ပြောစရာရှိလျှင် မည်သူ့မျက်နှာကိုမျှမထောက်ပါ။

ထိုအချိန်တွင်...

ရုတ်တရက် လှောင်ပြောင်ပြောဆိုသံတစ်ခု ထွက်ပေါ်လာသည်။

"ခွန်အားမရှိသူတွေသာ အရည်အချင်းတွေအကြောင်း ပြောကြလိမ့်မယ်။ စစ်မှန်တဲ့ ခွန်အားရှိတဲ့သူတွေက အရာအားလုံးကို လျစ်လျူရှုနိုင်တယ်"

ထိုစကားသံကြောင့် လူတော်တော်များများ အံ့သြပြီး လှည့်ကြည့်လိုက်ကြသည်။

တုရှန်ဝမ်ဝမ်၏ လှပသော မျက်လုံးများလည်း တောက်ပလာ၏။ ထိုကဲ့သို့ ရိုးရှင်းပြီး ကြီးစိုးသော စကားများကို သူလည်း သဘောကျသည်။

အဝေးမှ ကောင်းကင်တွင် အဖြူရောင်ရုပ်သွင်တစ်ခု ပေါ်လာခဲ့သည်။ ခြေတစ်ချက်လှမ်းလိုက်တိုင်း သူ့ခြေဖဝါးအောက်တွင် လျှို့ဝှက်ဆန်းကျယ်သောနိယာမများ စီးဆင်းသွား၏။

ယခုလေးတင် အဝေးမှာရှိနေသော်လည်း နောက်အခိုက်မှာတော့ တောင်တံခါးရှေ့ကို ရောက်နေပြီ ဖြစ်သည်။

အရပ်မြင့်မြင့်နှင့် အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားသည့် သူ့ကို နတ်အလင်းများက ရစ်ပတ်ထားသည်။ သူ့မျက်နှာကိုလည်း ကစဉ့်ကလျားမြူများက လွှမ်းခြုံထား၏။ သို့တိုင် ပြေပြစ်သော မျက်နှာထောင့်စွန်းများကိုတော့ မြင်နိုင်သေးသည်။

"ဒါ... ဒါက ကောင်းကင်သင်္ချိုင်းမှာ ပေါ်လာတဲ့ ကစဉ့်ကလျားခန္ဓာလား"

သောင်းနှင့်ချီသော ပါရမီရှင်များအားလုံး၏ အမူအရာများက အေးခဲသွားခဲ့သည်။

ထိုအသွင်မှာ လွန်စွာ ထူးကဲ၏။ ယင်းက ကောင်းကင်နတ်တစ်ပါး လူလောကသို့ ဆင်းသက်လာသကဲ့သို့ပင်။

All Chapters