အခန်း ၉၃၇
Vol. 63 Ch. 937
အခန်း ( ၉၃၇ ) တုရှန်ချွန်းချွန်း။
ဤမတိုင်ခင်ကတည်းက ကစဉ့်ကလျားခန္ဓာ၏သတင်းဟာ တိုင်းတပါးတွင် ပျံ့နှံ့နေခဲ့သည်။
လူတော်တော်များများက ကစဉ့်ကလျားခန္ဓာကို မည်မျှ ကျက်သရေရှိမလဲ သိချင်နေခဲ့ကြ၏။
ယခုတော့ ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရပြီးနောက် သူတို့၏မျက်လုံးများမှာ အံ့အားသင့်မှုတို့ ပြည့်သွားတော့သည်။
မြင့်မြတ်သော ကိုယ်ဟန်အနေအထားနှင့် အသားအရေက ကြည်လင်ကာ ချောမောခန့်ညားသည်။
သူ့ကိုကြည့်ရသည်မှာ ချောမောသော သခင်လေးတစ်ပါးနှင့်ပင် တူ၏။
သို့သော်လည်း သူ့ခန္ဓာကို ဝန်းရံထားသော ကစဉ့်ကလျားမြူများက ဤလူငယ်၏ခွန်အားမှာ သူ၏ပုံပန်းသဏ္ဍာန်လောက် နူးညံ့သိမမမွေ့ခြင်းမရှိကြောင်း ဖော်ပြနေသည်။
"ကစဉ့်ကလျားခန္ဓာ..."
ကျင်းကျန့်၊ ဂူချီ၊ ခေါင်းနှစ်လုံးနတ်ဘုရားသားရဲ စသူတို့၏ မျက်လုံးများလည်း လေးနက်မှုများကို လှစ်ဟလာခဲ့ကြပြီ။
အစမှအဆုံးထိ သူတို့ဟာ ကစဉ့်ကလျားခန္ဓာကို လျှော့မတွက်ခဲ့ကြပေ။
စစ်နတ်ဘုရားတစ်ပိုင်း အထောက်အထားကို ကျွင်းရှောင်ယောက်က ကြိုတင်ရရှိခြင်းကြောင့် မကျေမနပ်ဖြစ်ရုံသာ ဖြစ်သည်။
တစ်ဖက်တွင် ဖူယောင်က ကစဉ့်ကလျားခန္ဓာကို အနည်းငယ်ကြောက်နေသည်။
တချိန်တည်းမှာပင် ဤကစဉ့်ကလျားခန္ဓာကိုကြည့်မိသည့်အခါ သူ့စိတ်ထဲမှာ ထူးထူးခြားခြား အနည်းငယ် ရင်းနှီးနေသလို ခံစားရ၏။
ယင်းမှာ ယခင်က တစ်နေရာရာမှာ မြင်ဖူးသလို ခံစားချက်မျိုး ဖြစ်သည်။
ဖူယောင်လည်း ထင်ယောင်ထင်မှားဟုတွေးကာ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်လေသည်။
နောက်ဆုံးတွင် ကစဉ့်ကလျားခန္ဓာကို သူ မြင်ဖူးရန် မဖြစ်နိုင်ပေ။
"ဒါက ကစဉ့်ကလျားခန္ဓာလား"
တစ်ဖက်တွင်၊ တုရှန်ဝမ်ဝမ်၏ လှပသော မျက်လုံးများက အလင်းရောငိများ အနည်းငယ်တောက်ပလာသည်။
နူးညံ့သိမ်မွေ့သော မိန်းမက သန်မာသော အမျိုးသားကို နှစ်သက်၏။
တုရှန်ဝမ်ဝမ်က အချစ်ကို ရူးသွပ်သူတစ်ဦး မဟုတ်ပါ။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ စိတ်နေစိတ်ထားက သူမကို အံ့အားသင့်စေသည်။
ထိုအချိန်တွင် အနောက်မှ ချွန်းချွန်းနှင့် ဖေးချင်ရွယ်တို့ ရောက်လာခဲ့ကြသည်။
ချွန်းချွန်းကိုတွေ့လိုက်ရတော့ တုရှန်ဝမ်ဝမ်၏ လှပသောမျက်လုံးများ အနည်းငယ် ပြူးကျယ်သွား၏။
"ပဉ္စမညီမ၊ နင် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"
ထိုစကားက လူတိုင်းကို အံ့သြသွားစေသည်။
ချွန်းချွန်းက နှုတ်ခမ်းလေးမဲ့သွားပြီး မျက်လုံးပင့်ကြည့်လိုက်၏။ သူသည်လည်း ဤနေရာတွင် တုရှန်ဝမ်ဝမ်နှင့် တွေ့ဆုံရန် မမျှော်လင့်ထားခဲ့ပေ။
မီးခိုးလုံးများ ထွက်ပေါ်လာပြီးနောက် သူမ၏ မူလပုံစံကို ထုတ်ဖော်လိုက်သည်။
ဤသည်မှာ ဖြောင့်စင်းပြီး ပျော့ပြောင်းသော ဆံနွယ်များနှင့် ပန်းရောင်ဝတ်စုံဝတ် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ မျက်နှာလေးကတော့ လက်တစ်ဖဝါးသာသာရှိပြီး ကလေးတစ်ယောက်လို ချစ်စရာ ကောင်း၏။
ဖြောင့်စင်းသေးသွယ်သော နှာတံ၊ မျက်လုံးက ဝိုင်းဝိုင်းလေးနှင့် ကော့ညွတ်သော မျက်တောင်ရှည်များကို ပိုင်ဆိုင်ထားသေးသည်။
သူမ၏ ဖြူနုသော ခြေဖဝါးမှာတော့ ဖိနပ်စီးမထားဘဲ ဗလာချည်း ဖြစ်သည်။ သူ့ခြေကျင်းဝတ်မှာတော့ အနီရောင် ကြိုးလေးတစ်ချောင်းကို ချည်နှောင်ထား၏။
လူတစ်ကိုယ်လုံးက ပန်းနုရောင် ကျောက်စိမ်းဖြင့် ထွင်းထားသော ကြွေရုပ်လေးနှင့်ပင် တူတော့သည်။
ဟုတ်သည်၊ ဤသည်က ကျွင်းရှောင်ယောက် မမြင်ဖူးသော အလှမျိုးတော့ မဟုတ်ပါ။
ချွန်းချွန်း၏ ဦးခေါင်းပေါ်တွင် မြေခွေးနားရွက်နှစ်ခု ပေါ်လာခဲ့သည်။
နောက်ကျောဘက်တွင်လည်း အမွေးပွပွ မြေခွေးအမြီး ကိုးခု ရှိသေးသည်။
ခဏချင်းမှာပင် သူမက သားရဲနားရွက်ရှိသော မိန်းကလေးအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။
ဤသည်ကမှ ချွန်းချွန်း၏ စစ်မှန်သောပုံစံပင်။
ယခု သူမကို တုရှန်ချွန်းချွန်းဟု ခေါ်သင့်သည်။
"ဟင်...၊ သူ... သူက တုရှန်မျိုးနွယ်ရဲ့ ပဉ္စမမြောက် မင်းသမီးလား"
"တုရှန်မျိုးနွယ်ရဲ့ ပဉ္စမမင်းသမီးက ကစဉ့်ကလျားခန္ဓာနောက်ကို လိုက်နေတယ်။ ဘာတွေဖြစ်နေတာလဲ"
အရပ်ရပ်မှ သတ္တဝါအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ကျွင်းရှောင်ယောက်၏ဘေးမှ လော့လီလေးကို တုရှန်မျိုးနွယ်၏ ပဉ္စမမင်းသမီး ဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဖေးချင်ရွယ်လည်း အံ့အားသင့်သွားသည်။ ကျွင်းရှောင်ယောက်၏ မျက်နှာသာရရှိရန် သူမနှင့် ယှဉ်ပြိုင်လေ့ရှိသော ဤလော့လီလေးတွင် ဤမျှကြီးမားသော နောက်ခံရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
တစ်ဖက်တွင်မူ ကျွင်းရှောင်ယောက်၏ မျက်နှာက အမူအရာမပြောင်းပါ။
"ဟင်၊ သခင်လေး... နင်က ဘာဖြစ်လို့ မအံ့ဩတာလဲ"
တုရှန်ချွန်းချွန်းက မျက်လုံးကလေး တစ်ချက်ဝေ့ပြီး ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
"မင်းရဲ့ မြေခွေးအမြီးကို ငါမမြင်ရဘူး ထင်လို့လား"
ကျွင်းရှောင်ယောက်က တုရှန်ချွန်းချွန်း၏ နူးညံ့သော မြေခွေးအမြီးကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်ပြီး ဆွဲထုတ်လိုက်သည်။
"အာ့၊ သခင်လေး..."
တုရှန်ချွန်းချွန်း၏ မျက်နှာလေးက ချက်ချင်း သွေးရောင်လွှမ်းကာ နီမြန်းသွားလေသည်။
ဤမြင်ကွင်းကို မြင်သောအခါ တုရှန်ဝမ်ဝမ်၏ မျက်လုံးအကြည့်များက အနည်းငယ် ထူးဆန်းသွားသည်။
တုရှန်မျိုးနွယ်ဝင်များက သူတို့၏အမြီးကို သူတို့ အရင်းနှီးဆုံးသူများကိုသာ ထိတွေ့ခွင့်ပေးကြသည်။
'ပဉ္စမညီမလေးက တကယ်ပဲ သူ့ကို ရှာတွေ့ခဲ့တာလား'
တုရှန်ဝမ်ဝမ်လည်း သူ့ဘာသာသူ တွေးလိုက်မိသည်။
တုရှန်ချွန်းချွန်းဟာ ယခင်က အိမ်ထောင်ရေး ကမ်းလှမ်းချက်ကို ဆန့်ကျင်ပြီး စစ်မှန်သော ချစ်ခြင်းမေတ္တာကို ရှာဖွေလိုသောကြောင့် တုရှန်မျိုးနွယ်မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
တုရှန်ချွန်းချွန်းတွင် သူ့ကိုယ်သူကာကွယ်ရန် လုံလောက်သော ရတနာများ ရှိသောကြောင့်လည်း သူတို့ လိုက်မရှာခဲ့ကြပေ။
ယခုတော့ ဤအခြေအနေဟာ လူတော်တော်များများကို ထိတ်လန့်စေခဲ့သည်။
မရေမတွက်နိုင်သော မနာလိုသည့် မျက်လုံးအကြည့်များက ကျွင်းရှောင်ယောက်ပေါ်သို့ ကျရောက်သွားသည်။
တုရှန်အလှလေးငါးဦးတွင် ပဉ္စမမင်းသမီးက အငယ်ဆုံး ဖြစ်သည်။ သူသည် ထူးခြားပြီး ချစ်စရာကောင်း၏။ ယခုတော့ ထိုပဉ္စမမင်းသမီးလေးက ကျွင်းရှောင်ယောက်၏နောက်သို့ လိုက်နေပေရာ လူအများကို အသည်းကွဲသွားစေတော့သည်။
ထိုအချိန်တွင် ဆံပင်ဖြူ အဘိုးကြီးတစ်ဦးက ကောင်းကင်ယံမှ တောင်တံခါးကို ဆင်းသက်လာခဲ့သည်။
ထိုအဘိုးအိုက ရိုးရှင်းသော အဖြူရောင် ၀တ်စုံကိုသာ ၀တ်ဆင်ထားပြီး ထူးခြားသော အသွင်အပြင်မျိုး မရှိပေ။
သို့သော်လည်း အကြားအမြင်ဗဟုသုတရှိသော ပါရမီရှင်အချို့က အဘိုးအိုကိုတွေ့သောအခါ အံ့အားသင့်သွားပြီး ချက်ချင်း လက်ယှက်၍ ဦးညွတ်လိုက်ကြသည်။
"အကြီးအကဲမူကို နှုတ်ခွန်းဆက်ပါတယ်"
သာမန်ပုံစံရှိသော ဤအဘိုးကြီးက စစ်နတ်ဘုရားနန်းတော် အတွင်းစက်ဝိုင်းမှ အကြီးအကဲတစ်ယောက် ဖြစ်ချေသည်။
သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတို့ ထွက်ပေါ်မနေသော်လည်း တကယ်တမ်း ဆန်းကျယ်ကောင်းကင်အဓိပဓိနယ်ပယ် အကျော်အမော်တစ်ဦး ဖြစ်သည်။
"အကြီးအကဲမူကို နှုတ်ခွန်းဆက်ပါတယ်"
ဖူယောင်၊ ကျင်းကျန့်၊ ဂူချီနှင့် အခြားသူများလည်း လေးလေးစားစား ဦးညွတ်လိုက်လေသည်။
သူတို့၏နောက်ခံက ဧကရာဇ်တစ်ပိုင်း သို့မဟုတ် ဧကရာဇ်မျိုးနွယ်များဖြစ်သောကြောင့် ဆန်းကျယ်ကောင်းကင်အဓိပဓိနယ်ပယ် ကျွမ်းကျင်သူများ မရှိတာမဟုတ်ပေ။
သို့သော်လည်း အကြီးအကဲမူက အတွင်းစက်ဝိုင်း၏ အကြီးအကဲတစ်ဦး ဖြစ်သည်။ သူ့ကိုစော်ကားလိုက်ပါက စစ်နတ်ဘုရားနန်းတော်တွင် ရှင်သန်ရန် ခက်ခဲပေလိမ့်မည်။
သို့ပေသော်ငြား ဖူယောင်နှင့် အခြားသူများကို ဆွံ့အစေသည့်အရာမှာ၊ အကြီးအကဲမူက သူတို့ကို ဂရုမစိုက်သကဲ့သို့ ရိုးရိုးရှင်းရှင်း ခေါင်းကိုသာ ညိတ်ပြခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူက ကျွင်းရှောင်ယောက်ဆီသို့ လျှောက်သွားခဲ့၏။
ထိုအခါ သူ့အမူအရာက ကြင်နာတတ်သော အဘိုးကြီးတစ်ယောက်အဖြစ် ချက်ချင်း ပြောင်းသွားလေတော့သည်။
ကျွင်းရှောင်ယောက်ကို သူပိုကြည့်လေ ကျေနပ်စွာ ပြုံးလေလေဖြစ်သည်။
"ဒါက ကစဉ့်ကလျားခန္ဓာလား။ တကယ်ကို မဆိုးဘူး"
အကြီးအကဲမူက ပြောလိုက်သည်။
ထိုစကားကိုကြားတော့ ဖူယောင်နှင့် အခြားသူများ၏ မျက်နှာများမှာ ပို၍ အကြည့်ရဆိုးသွားသည်။
တစ်ဖက်တွင်၊ တုရှန်ဝမ်ဝမ်၏ ကြည်လင်သော မျက်လုံးများက ပို၍ တောက်ပလာခဲ့သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော ကစဉ့်ကလျားခန္ဓာ ရောက်လာသည်နှင့် အကြီးအကဲမူကိုယ်တိုင် အမှန်တကယ် ပေါ်လာခဲ့ရသည်။
"အကြီးအကဲက ရယ်စရာပြောနေပါပြီ၊ တကယ်တော့ ကျွန်တော်က တာအိုခန္ဓာရဲ့ကောင်းကျိုးကို အခွင့်ကောင်းယူလိုက်တာပါ"
ကျွင်းရှောင်ယောက်က အနည်းငယ်လက်ယှက်ပြီး ပြောလိုက်သည်။
သူ၏ ကစဉ့်ကလျားခန္ဓာက တကယ့် ကစဉ့်ကလျားခန္ဓာမဟုတ်သော်လည်း တူညီသော စွမ်းရည်များရှိမှန်း သူသိသည်။
ထို့ကြောင့် အခြားသော အကျော်အမော်များ သဲလွန်စ ရှာတွေ့မည်ကို စိုးရိမ်စရာ မရှိပေ။
"ဟားဟားဟား၊ မိတ်ဆွေလေး အတွင်းစက်ဝိုင်းကို တခါတည်း သွားလိုက်ပါ။ စမ်းသပ်မှုအဆင့်ဆင့်ကို ဖြတ်သန်းနေစရာ မလိုဘူး"
အကြီးအကဲမူက သူ့လက်ကို ဝှေ့ယမ်းပြီး ပြုံးလျက် ပြောလိုက်သည်။
သူ့မြေးတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ သူ့အပြောအဆို အပြုအမူများက ချိုသာလွန်းပေသည်။
ဖူယောင်နှင့် အခြား ကောင်းကင်ဘုရင်အဆင့် ပါရမီရှင်များ၏ မျက်နှာများက အနည်းငယ် အမူအရာပျက်သွားခဲ့ကြသည်။
ဤအခြေအနေများက သူတို့ကို ဆက်ဆံပုံနှင့် ကွာခြားလွန်းသည် မဟုတ်လော။
"ဒါက... နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား"
ကျွင်းရှောင်ယောက်က အနည်းငယ် တုံ့ဆိုင်းနေဟန်ဖြင့် ပြောလိုက်သည်။
သူ့အနေဖြင့် လုပ်စရာရှိတာကိုတော့ လုပ်ရဦးမည်။
"မိတ်ဆွေလေးက ယဉ်ကျေးလွန်းပါပြီ။ အတွင်းစက်ဝိုင်းကို ဝင်ရောက်တာက ဘာဟုတ်သေးလို့လဲ၊ မင်းကို စစ်နတ်ဘုရားတစ်ပိုင်းအဖြစ်တောင် ခန့်အပ်ထားပြီးပြီ"
"အခုချိန်ကစပြီး မင်းမှာ အရင်းအမြစ်တွေကို ခွဲဝေဖို့ အမြင့်မားဆုံး အခွင့်အာဏာ ရှိလိမ့်မယ်"
အကြီးအကဲမူက ပြောလိုက်သည်။
ကျွင်းရှောင်ယောက်လည်း စိတ်ထဲမှ ကြိတ်ရယ်လိုက်၏။ သို့သော်လည်း အပြင်ပန်းတွင် အံ့ဩဟန်ဆောင်ကာ ပြောလိုက်သည်။
"ဒါက ကျွန်တော်အတွက် များလွန်းပါတယ်"
"မငြင်းပါတော့နဲ့၊ ဒါက မင်းနဲ့ ထိုက်တန်တယ်"
အဘိုးကြီးမူလည်း ပို၍ ကျေနပ်သွားလေသည်။
စရိုက်၊ အရည်အချင်း၊ ခွန်အား တစ်ခုမှ ပြောစရာမရှိပေ။
နောက်ခံအကြောင်းလား။
အရည်အချင်းရှိပြီး တိုင်းတပါးကို ထောက်ပံ့လိုစိတ်ရှိသရွေ့ စစ်နတ်ဘုရားနန်းတော်က လူတန်းစားမရွေး လက်ခံသည်။
"အကြီးအကဲမူ၊ ဒီဂျူနီယာက အတင့်ရဲပြီး မေးပါရစေ။ ကစဉ့်ကလျားခန္ဓာရဲ့ အရည်အချင်းတွေက မယုံနိုင်စရာကောင်းပေမဲ့၊ စစ်နတ်ဘုရားတစ်ပိုင်း အဆင့်အတန်းကို တိုက်ရိုက်ရယူတာကတော့ မသင့်တော်ဘူး မဟုတ်လား"
ဖူယောင်နှင့် အခြား ပါရမီရှင်များက ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က တစ်ချက်ပြုံးပြီး ဖူယောင်ကို လှမ်းကြည့်လိုက်၏။
ရှန်းရွှီးကမ္ဘာမှ အရှုံးသမားနှင့် ဤနေရာတွင် ထပ်တွေ့ရရန် မမျှော်လင့်ထားပေ။
အခွင့်အရေးရှိပါက သူ့ကို တိုက်ရိုက် သတ်ရမည်။
ထိုစကားကိုကြားတော့ အဘိုးကြီးမူ၏မျက်နှာက တင်းခနဲဖြစ်သွားပြီး လေသံမှာလည်း အေးစက်သွားသည်။
"ဒါကို မမျှတဘူးလို့ထင်ရင် နန်းတော်က အကြီးအကဲအားလုံးကို သွားတိုင်လိုက်"
အကြီးအကဲမူ၏ စကားက အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
ဖူယောင်နှင့် အခြားသော ဘုရင်အဆင့် ပါရမီရှင်များလည်း နှလုံးခုန် ရပ်တန့်သွားသလို ခံစားခဲ့ရပြီး မျက်နှာများ ပြာနှမ်းသွား၏။
စစ်နတ်ဘုရားနန်းတော်က အလွန်ရှေးကျပြီး အကြီးအကဲတိုင်းက ထိပ်သီးအကျော်အမော်များချည်း ဖြစ်ကြသည်။
သူတို့တွင် အင်မော်တယ်တစ်ပိုင်းနှင့် စစ်မှန်သောအင်မော်တယ်များပင် ရှိ၏။
ယင်းက ဖူယောင်၏မျက်နှာကို ပြာနှမ်းပြီး နောက်ဆုံးတွင် သွေးမရှိတော့သလို လုံးဝဖျော့သွားစေခဲ့သည်။
ဤပုဂ္ဂိုလ်မျိုးကို စော်ကားလိုက်ပါက စစ်နတ်ဘုရားနန်းတော်သို့ ဝင်ရောက်ရန်ပင် တွေးမရနိုင်တော့ပါ။
တစ်ဖက်တွင် ကျွင်းရှောင်ယောက်၏ မျက်လုံးများက အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။
သူက စစ်နတ်ဘုရားနန်းတော်နှင့် ဘာမျှမသက်ဆိုင်ပေ။
သို့တိုင် ဤစစ်နတ်ဘုရားနန်းတော်၏ ပုဂ္ဂိုလ်ကြီးများက အမှန်တကယ် သူ့အတွက် အများကြီးတွေးထားခဲ့ကြသည်။