အခန်း ၉၃၉
Vol. 63 Ch. 939
အခန်း ( ၉၃၉ ) ကြက်များကဲ့သို့ အားနည်းသည်။
မူလက စစ်နတ်ဘုရားနန်းတော်၏ တောင်တံခါးရှေ့တွင် လူသံသူသံများဖြင့် ဆူညံနေခဲ့သည်။
ယခုတော့ အပ်ကျသံကိုပင် ကြားရလောက်အောင် အားလုံး တိတ်ဆိတ်နေခဲ့ပြီ။
ကောင်းကင်ဘုရင်ဆယ်ပါးထဲမှ တစ်ပါးဖြစ်သော ရွှေချပ်ဝတ်မျိုးနွယ်စုမှ ကျင်းကျန့်က ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုနှစ်ခုကိုပင် မတားဆီးနိုင်ပေ။
ကောင်းကင်ဘုရင် ဖြစ်လာနိုင်သူတိုင်းက သာမန်လူများမဟုတ်ကြောင်း သိထားကြရမည် ဖြစ်သည်။
အိပ်စက်နေသော ဧကရာဇ်သားတော်၊ ဧကရာဇ်ငယ်ခုနစ်ပါး... ထိုသူတို့ပင် ကောင်းကင်ဘုရင်ဆယ်ပါးကို နှစ်ကွက်လောက်ဖြင့် မဖြေရှင်းနိုင်ပေ။
သို့ရာတွင် ယခုတော့ နှစ်ကွက်တည်းဖြင့် ကိစ္စပြတ်သွားပြီ ဖြစ်သည်။
ရွှေချပ်ဝတ်မျိုးနွယ်က ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အထူးပြုပြီး အားကောင်းသော ခုခံကာကွယ်နိုင်စွမ်းကြောင့် ထင်ရှားသည်။
သို့သော်၊ ကျင်းကျန့်၏ခန္ဓာကိုယ်ကို ဖျက်ဆီးရာတွင် ကျွင်းရှောင်ယောက်က မည်သည့် နတ်ဘုရားသိုင်းကိုမျှ အသုံးမပြုခဲ့ပါ။
ယင်းက မည်သို့သော အဓိပ္ပာယ်နည်း။
ယင်းမှာ ကစဉ့်ကလျားခန္ဓာ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက လူတိုင်း၏ စိတ်ကူးထက် ကျော်လွန်နေသော အဓိပ္ပာယ်ဖြစ်သည်။
ပရိတ်သတ်ထဲမှ ပါရမီရှင်အားလုံး၏ စိတ်ထဲမှာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့လေသည်။
"ဒါက ဒဏ္ဍာရီလာ ကစဉ့်ကလျားခန္ဓာလား"
ပါရမီရှင်တစ်ဦးက ကြောင်တက်တက်ဖြင့် ရေရွတ်လိုက်သည်။
"ပြောမယုံ၊ ကြုံဖူးမှသိ"ဟူသောစကားကို ယခုမှသာ ယုံကြည်သွားကြ၏။
ကစဉ့်ကလျားခန္ဓာက မည်မျှ အစွမ်းထက်ကြောင်း အခြားသူများပြောသည်ကို ကြားရသော်လည်း မည်သူမျှ မယုံကြည်ခဲ့ပါ။
ယခုတော့ ထိတ်လန့်စရာမြင်ကွင်းတစ်ခုက လူတိုင်းရှေ့တွင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
"ကစဉ့်ကလျားခန္ဓာက မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ အဲဒီလူရဲ့ အမြင်က တကယ်ပဲ..."
အကြီးအကဲမူ သက်ပြင်းချလိုက်သည်။
ယခင်က စစ်နတ်ဘုရားနန်းတော်သည် ကျွင်းရှောင်ယောက်ကို အတွင်းစက်ဝိုင်းသို့ တိုက်ရိုက်ခေါ်ဆောင်ရန် ဆုံးဖြတ်ခဲ့သော်လည်း...
စစ်နတ်ဘုရားတစ်ပိုင်းအဖြစ် တိုက်ရိုက် သတ်မှတ်ရမလားဆိုတာ ဆုံးဖြတ်ထားခြင်း မရှိသေးပါ။
လျှို့ဝှက်ဆန်းကျယ်သော အင်မော်တယ်တစ်ပိုင်းပုဂ္ဂိုလ်၏ ထောက်ပံ့မှုကြောင့်သာ ကျွင်းရှောင်ယောက်ကို စစ်နတ်ဘုရားတစ်ပိုင်းအဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုစဉ်ကတော့ အကြီးအကဲမူလည်း ဤဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အနည်းငယ် သံသယဖြစ်မိခဲ့ပေသည်။
ယခုမူ၊ ထိုအင်မော်တယ်တစ်ပိုင်းပုဂ္ဂိုလ်၏ မြင်နိုင်စွမ်းက အမှန်တကယ် မြင့်မားပုံရသည်။
တုရှန်ဝမ်ဝမ်၏ လှပသော မျက်လုံးများမှာလည်း တလက်လက် တောက်ပနေ၏။
သူ အလွန်စိတ်လှုပ်ရှားပြီး ကျွင်းရှောင်ယောက်နှင့် ယှဉ်ပြိုင်ရန်ပင် မစောင့်နိုင်တော့ပေ။
"ဟမ်"
လီကျိုးမင် မျက်မှောင်ကြုတ်လိုက်သည်။
ဖူယောင်၊ ဂူချီနှင့် ခေါင်းနှစ်လုံးနတ်ဘုရားသားရဲ ပါရမီရှင်တို့၏ မျက်နှာများမှာလည်း ပို၍ လေးနက်လာတော့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ အဲဒီကစဥ့်ကလျားခန္ဓာ..."
ရှေးဦးဝိညာဉ် ကျင်းကျန့်လည်း သွေးပျက်ချောက်ချားစွာ ရေရွတ်လိုက်သည်။
"မတုံ့ဆိုင်းကြနဲ့ဟေ့၊ တိုက်ခိုက်ကြ"
ဂူမျိုးနွယ်စုမှ ဂူချီက အေးစက်စက်ဖြင့် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က ပြောထားပြီး ဖြစ်၏။ သူတို့အားလုံး သူ့ကိုစိန်ခေါ်တိုက်ခိုက်၍ ရသည်။
သူတို့မလှုပ်ရှားပါက ကောင်းကင်ဘုရင်ဆယ်ပါးကို အလကားလူဟု အခြားသူများ ထင်သွားကြလိမ့်မည်။
ဂူချီလှုပ်ရှားလိုက်သည်နှင့် သူ့၏ သစ်သားကျိုင်းတုတ်ရှိ မီးပုံးက လင်းထိန်သွားသည်။
မီးပုံးမှ အနက်ရောင် မြူခိုးလုံးကြီးတစ်ခု ထွက်ပေါ်လာ၏။
အနီးကပ်ကြည့်လျှင်လျှင်တော့ အဆိပ်ရှိသော အင်းဆက်များစွာ ရှိနေသည်ကို တွေ့ရပေလိမ့်မည်။
"ဟင်၊ အဲဒါ ဝိညာဉ်စားဂူကောင်တွေပဲ"
ဝန်းကျင်ရှိ ပါရမီရှင်များအားလုံး ကမန်းကတန်း နောက်ဆုတ်သွားကြသည်။
အနက်ရောင် မြူခိုးများကဲ့သို့ ဂူကောင်အုပ်လိုက်ကြီးကို မဆိုထားဘိ...
ဝိညာဉ်စားဂူကောင် တစ်ကောင်သည်ပင် သူတော်စင်တစ်ပါး၏ဝိညာဉ်ကို စုပ်ယူသွားနိုင်သည်။
ခေါင်းနှစ်လုံးနတ်ဘုရားသားရဲကလည်း လှုပ်ရှားလိုက်သည်။ သူ့လက်ထဲမှ တောင်ဝှေးကို လှုပ်ရှားလိုက်သောအခါ မရေမတွက်နိုင်သော နိယာမအလင်းများ ထွက်ပေါ်လာ၏။
ခေါင်းနှစ်လုံးနတ်ဘုရားသားရဲမျိုးနွယ်က တာအိုနိယာမများနှင့် နတ်ဘုရားစွမ်းရည်ကို ကျွမ်းကျင်သည်။ လေနှင့်မိုးကို ဆင့်ခေါ်ပြီး မိုးကြိးလျှပ်စီးတို့ကို အသုံးပြုနိုင်စွမ်းရှိ၏။ တာအိုနိယာမအမျိုးမျိုးက ရောယှက်ကာ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းအလင်းများကို ပစ်လွှတ်လာတော့သည်။
ဖူယောင်သည်လည်း လှုပ်ရှားခဲ့သည်။ သူလှုပ်ရှားခဲ့သော်လည်း ယခင် လှုပ်ရှားမှုနှစ်ခုက အိပ်မက်ဆိုးတချို့ကို ပြန်လည်အမှတ်ရ၏။
ရှန်းရွှီကမ္ဘတွင် ရှိစဉ်တုန်းက အဖြူရောင်ဝတ်ရုပ်သွင်ဟာ သူတို့အားလုံးကို အလွယ်တကူအနိုင်ယူခဲ့သည်အား ပြန်လည်သတိရမိခဲ့သည်။
'ဒါက နှလုံးသားနတ်ဆိုးပဲလား'
ဖူယောင်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
သို့ပေမည့် ကျွင်းရှောင်ယောက်ကတော့ ကျဆုံးသွားပြီမို့ ဘယ်တော့မှ ပြန်ပေါ်လာတော့မည် မဟုတ်ပါ။
တစ်ဖက်တွင် လီကျိုးမင်က မလှုပ်ရှားဘဲ စောင့်ကြည့်နေခဲ့သည်။
ဧကရာဇ်မျိုးနွယ်၏ သခင်လေးတစ်ယောက်အနေဖြင့်၊ သူ့မျက်နှာကို ထိန်းသိမ်းထားရဦးမည်။
ထို့အပြင် သူ့ခွန်အားက ကောင်းကင်ဘုရင်ဆယ်ပါးအနက် ထိပ်တန်းသုံးဦးအတွင်း ပါဝင်သည်။
သူကိုယ်တိုင် အခြားသူများနှင့် လှုပ်ရှားခြင်းက မသင့်တော်ပါ။
ကျွင်းရှောင်ယောက်၏ အမူအရာကတော့ မပြောင်းလဲဘဲ တည်ငြိမ်ဆဲ ဖြစ်သည်။ သူက တာအိုနိယာမ သို့မဟုတ် မည်သည့် နတ်ဘုရားစွမ်းရည်ကိုမှ ထုတ်မပြသေးပါ။
သူ့ခန္ဓာက တစ်ချက်တုန်ခါသွားပြီး ကစဉ့်ကလျားအမှတ်အသားများ ထွက်ပေါ်လာခဲ့သည်။
သူအတွက် နတ်ဘုရားစွမ်းရည်များ အသုံးပြုရန် မလိုသေးပေ။ ကစဉ့်ကလျားခန္ဓာ တစ်ခုတည်းက အဆင့်တူအများစုကို ချေမှုန်းပစ်ရန် လုံလောက်သည်။
မဟုတ်ပါက ကစဉ့်ကလျားခန္ဓာမှာ မည်သို့နာမည်ကျော်ကြားပါမည်နည်း။
"ဝုန်း"
ကျွင်းရှောင်ယောက်က လက်တစ်ဖက်နှင့် ဖမ်းဆုပ်လိုက်ရာ ကောင်းကင်ကြီး မှောက်ကျသွားသကဲ့သို့...
အနက်ရောင်မြူခိုးများပမာ ဝိညာဉ်စားဂူကောင်အားလုံး သေဆုံးသွားကြသည်။
ထိုမျှနှင့်မရပ်ဘဲ အားလှိုင်းများက ဂူချီကို ဝင်ဆောင့်လိုက်၏။ ဂူချီ ဖရိုဖရဲဆုတ်သွားရပြီး သူ့ခန္ဓာအနှံ့မှ သွေးများ စီးကျလာတော့သည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှုအားကောင်းသော ကျင်းကျန့်နှင့်ယှဉ်လျှင် ဂူချီက ပိုအားနည်းပြီး အထိမခံနိုင်ပါ။
"ကောင်းကင်မိုးကြိုး"
ခေါင်းနှစ်လုံးနတ်ဘုရားသားရဲက ဟိန်းဟောက်လိုက်သည်။ ကောင်းကင်က အရောင်ပြောင်းသွားပြီး တိမ်မည်းများ တလိပ်လိပ်တက်လာခဲ့၏။
မိုးကြိုးထစ်ချုန်းသံ တဂျိန်းဂျိန်း မြည်လာပြီးနောက် မိုးကြိုးနဂါးအဖြစ်သို့ ပြောင်းလဲကာ အောက်သို့ ထိုးဆင်းလာတော့သည်။
ယင်းက ကောင်းကင်ကပ်ဘေးကဲ့သို့ ထိပ်တန်းနည်းလမ်းတစ်ခု ဖြစ်သည်။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က ပို၍ပင် လျစ်လျူရှုထားလိုက်သေးသည်။
သူကိုယ်တိုင်က မိုးကြိုးဧကရာဇ်၏ မဟာနတ်ဘုရားစွမ်းရည်ကို ဆုပ်ကိုင်ထားသူ ဖြစ်သည်။ သူ့အတွက်ကတော့ တော်ရုံ မိုးကြိုးနိယာမမှန်သမျှကို အတွေးတစ်ခုဖြင့် ဖြေရှင်းနိုင်ပေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ခုခံခြင်းမျိုး မပြုခဲ့ပါ။
"ဂျိန်း...ဂျလိန်း"
ကြောက်စရာကောင်းသော မိုးကြိုးများက ကျွင်းရှောင်ယောက်ကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုနေရာက မိုးကြိုးနယ်မြေအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။
“အောင်မြင်ပြီ"
ခေါင်းနှစ်လုံးနတ်ဘုရားသားရဲ၏ မျက်နှာနှစ်ခုစလုံးက ဝမ်းသာမှုတို့ ပေါ်လာခဲ့သည်။
သို့သော် သူ့အပြုံးက အပြည့်အ၀ မပေါ်သေးမီတွင်...
မိုးကြိုးနယ်မြေအတွင်းမှ တဖြည်းဖြည်း ထွက်ပေါ်လာသော ကျွင်းရှောင်ယောက်ကို တွေ့လိုက်ရသည်။
ဤမိုးကြိုးက သူတော်စင်သခင်အဆင့် ကျွမ်းကျင်သူများကိုပင် ချက်ချင်း မီးသွေးတုံးဖြစ်သွားစေရန် လုံလောက်၏။
သို့တိုင် ကျွင်းရှောင်ယောက်အတွက်တော့ အဖြူရောင် သူ့အဝတ်အစားများကိုပင် မထိခိုက်စေနိုင်ခဲ့ပေ။
မိုးကြိုးများက သူ့ခန္ဓာကိုယ်ပေါ်ကို စီးဆင်းသွားသော်လည်း ကျွင်းရှောင်ယောက်ကို မထိခိုက်စေခဲ့ပါ။
ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ခေါင်းနှစ်လုံး နတ်ဘုရားသားရဲကို လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။
မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကို ဖြိုခွဲပစ်လိုက်၏။
"ဂျိန်း"
ယင်းက မိုးကြိုးမျှင်မျှသာကြောင်း ထင်ရှားသော်လည်း မြေကမ္ဘာကို အက်ကွဲသွားစေခဲ့သည်။
"အား"
အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သံ ထွက်ပေါ်လာ၏။ ခေါင်းနှစ်လုံးနတ်ဘုရားသားရဲ၏ ခန္ဓာက မီးသွးတုံးကဲ့သို့ မည်းနက်က မြေပြင်သို့ ထိုးကျသွားတော့သည်။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်၏ မျက်လုံးများက ဖူယောင်ကို စိုက်ကြည့်လိုက်သည်။
သူ့ကိုတော့ မိတ်ဆွေဟောင်းတစ်ဦးဟု ဆိုနိုင်ပေလိမ့်မည်။
ရှန်းရွှီကမ္ဘာတွင် ရှိခဲ့စဉ်က ကျွင်းရှောင်ယောက်ဟာ အဓိပဓိတစ်ပိုင်းအဆင့်သို့ မရောက်သေးပါ။
ထိုအချိန်တွင်ပင် ဖူယောင်က သူ့ကို မတိုက်နိုင်ခဲ့ပေ။
ယခုဆိုလျှင် သူတို့နှစ်ယောက်၏ ခွန်အားက အလွန်ကွာခြားနေပြီ ဖြစ်သည်။
"မေ့လိုက်ပါ... ငါ..."
ဖူယောင်က တစ်ခုခုပြောရန် ကြိုးစားသော်လည်း ကျွင်းရှောင်ယောက်က လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ကစဉ့်ကလျားစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော လက်ဝါးကြီးက နတ်ဘုရား၏လက်ဝါးကဲ့သို့ ကျရောက်လာ၏။ လက်ဝါးကြီးမှ လက္ခဏာများကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရသေးသည်။
"ဝုန်း"
ဖူယောင်လည်း မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်းဖြင့် ထိုးကျသွားခဲ့သည်။ ယင်းက မြေပြင်တွင် ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာစေပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အက်ကြောင်းများ ပြည့်နှက်သွားတော့သည်။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က ခြေတစ်ချက်လှမ်းလိုက်ရာ ကစဉ့်ကလျားလှိုင်းများ ပျံ့နှံ့သွားခဲ့သည်။
ဂူချီ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးယိုစီးပြီး ဒယီးဒယိုင်ဖြင့် ဆုတ်သွားရ၏။
ကောင်းကင်ဘုရင်ဆယ်ပါးထဲမှ လေးပါးက ကျွင်းရှောင်ယောက်ကို အလွယ်တကူ ရှုံးနိမ့်သွားကြပြီ။
ပတ်ဝန်းကျင်တစ်ခုလုံးမှ အသံများ တိတ်ဆိတ်သွားခဲ့သည်။
ကျွင်းရှောင်ယောက်၏လက်တွင် သူတို့က ကြက်များ၊ ခွေးများနှင့် မခြားပေ။
"လီကျိုးမင်၊ မင်းလာခဲ့ပါ။ ကောင်းကင်ဘုရင်ဆယ်ပါးစလုံးက အားနည်းတယ်လို့ သူများတွေမထင်စေနဲ့"
ကျွင်းရှောင်ယောက်က ပုံမှန်အတိုင်း ပြောလိုက်သည်။
သူက အမှန်အတိုင်းပြောခြင်းဖြစ်သော်လည်း...
လူတိုင်း၏ နားထဲမှာတော့ ယင်းက လှောင်ပြောင်သရော်ခြင်းနှင့် မခြားပေ။
"ဧကရာဇ်ငယ်ခုနစ်ပါးတောင်မှ ဒီလိုစကားမျိုး မပြောကြဘူး။ ကစဉ့်ကလျားခန္ဓာ၊ မင်း လွန်သွားပြီ"
လီကျိုးမင် ပြောလိုက်သည်။ သို့သော်လည်း သူ့မျက်နှာမှာ ယခင်ကထက် ပို၍ လေးနက်သွား၏။
"မင်းအရင်စပါ၊ ငါအရင်တိုက်ခိုက်ရရင် မင်းမှာ တိုက်ခိုက်ဖို့ အခွင့်အရေးမရှိဘူး"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
လီကျိုးမင်လည်း ထွေထွေထူးထူး မပြောတော့ပေ။ သူက မင်ကျောက်မျိုးနွယ်၏ နတ်ဘုရားစွမ်းရည်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
သူ့လက်ကို မြှောက်လိုက်သောအခါ သူ့လက်ဖဝါးတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့၏။
ရှေးကျပြီး မကောင်းဆိုးရွားဆန်သော မျက်လုံးတစ်လုံး ပေါ်လာတော့သည်။
ခဏချင်းမှာပင် ကမ္ဘာကြီး အရောင်ပြောင်းသွားပြီး ဟင်းလင်းပြင်က တုန်ခါလာခဲ့သည်။
မိစ္ဆာမျက်လုံး ပေါ်လာပါက ကောင်းကင်နှင့်မြေပြင် ပျက်စီးရလိမ့်မည်။