အခန်း ၉၄၀
Vol. 63 Ch. 940
အခန်း ( ၉၄၀ ) ပြင်းထန်သောတိုက်ပွဲ။
မိစ္ဆာမျက်လုံးမျိုးနွယ်၏ မိစ္ဆာမျက်လုံးက သဘာဝ နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။
သွေးမျိုးဆက်က သန့်စင်ပြီး အားကောင်းလေလေ၊ မိစ္ဆာမျက်လုံးက ပို၍ အားကောင်းလေလေပင်။
လီကျိုးမင်၏ မိစ္ဆာမျက်လုံးက ဘိုးဘေးမိစ္ဆာမျက်လုံး ဖြစ်သည်။
တစ်နည်းပြောရလျှင် သူ့သွေးမျိုးဆက်က အလွန်အစွမ်းထက်၏။
ထိုသို့သောသူ ငယ်ငယ်ရွယ်ရွယ်ဖြင့် မကျဆုံးပါက နောင်တွင် အင်မော််တယ်ဘုရင် ဖြစ်လာနိုင်ပေမည်။
"အရမ်းသန်မာတယ်"
"လီကျိုးမင်ထိန်းချုပ်ထားတဲ့ မိစ္ဆာမျက်လုံးက ဘိုးဘေးတွေဆီကို ပြန်သွားပုံရတယ်"
"မင်ကျောက်ဧကရာဇ်မျိုးနွယ်ရဲ့ သခင်လေးက မျှော်လင့်ထားတဲ့အတိုင်းပါပဲ"
မင်ကျောက်မိစ္ဆာမျက်လုံးကို အသက်သွင်းလိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး အရောင်ပြောင်းကာ ကမောက်ကမ ဖြစ်သွားသည်။
လျှို့ဝှက်ဆန်းကြယ်ကာ ထူးဆန်းပြီး အစွမ်းထက်သော အမှတ်အသားအမျိုးမျိုးလည်း ကောင်းကင်တွင် ဖြစ်ပေါ်လာခဲ့၏။
ယင်းက မင်ကျောက်ဧကရာဇ်မျိုးနွယ်၏ အထူးမန္တာန်ပုံစံ ဖြစ်သည်။ ယင်းမှာ မိစ္ဆာမျက်လုံးဖြင့် တွဲလျက်ပါရှိနေပြီး အလွန်အစွမ်းထက်ပေသည်။
"အင်မော်တယ်လက္ခဏာတွေ ရှိတာပဲ"
အကြီးအကဲမူ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
"တကယ်ပါပဲ၊ သူက တကယ်ကိုအစွမ်းထက်တယ်။ ငါတောင် သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
တုရှန်ဝမ်ဝမ်လည်း အခြေအနေကိုသုံးသပ်ရင်း ပြောလိုက်၏။
"စိတ်မပူပါနဲ့၊ သူက သေချာပေါက် သခင်လေးကို မယှဉ်နိုင်ဘူး"
တုရှန်ချွန်းချွန်းက တုရှန်ဝမ်ဝမ်အနီးသို့ လျှောက်သွားပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"သေချာရဲ့လား"
"သေချာတာပေါ့၊ သခင်လေးက ထွက်လာကတည်းက တစ်ခါမှ မရှုံးနိမ့်ဖူးဘူး။ သူက အင်အားကြီးကြီးမားမား ထုတ်ဖော်တာမျိုးတောင်မှ မရှိခဲ့တာ"
တုရှန်ချွန်းချွန်းက ပြောလိုက်သည်။
"ကောင်မလေး၊ နင် သူ့ကို နှစ်သက်နေပြီလို့တော့မပြောနဲ့နော်"
တုရှန်ဝမ်ဝမ်က တုရှန်ချွန်းချွန်းကို သံသယဖြင့် စိုက်ကြည့်လိုက်၏။
"အာ၊ မဟုတ်တာ။ အဲလောက်မလွယ်နိုင်ပါဘူး၊ စောင့်ကြည့်ရဦးမယ်။ ငါ ချွန်းချွန်းရဲ့ ကြင်ဖက်က အပြည့်စုံဆုံးသူ ဖြစ်ရမယ်"
တုရှန်ချွန်းချွန်းက ခါးကိုထောက်ပြီး ခေါင်းမော့ကာ ပြောလိုက်သည်။
သူမ၏ ကျောက်စိမ်းလည်တိုင်နှင့် နားရွက်လေးများကတော့ အနည်းငယ် နီနေပြီ။
တုရှန်ဝမ်ဝမ်လည်း ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
တိုက်ပွဲအတွင်းမှာတော့... လီကျိုးမင်က သူ၏ သွေးမျိုးဆက်စွမ်းအားကို တိုက်ရိုက် အသက်သွင်းလိုက်သည်။ သူက ကျွင်းရှောင်ယောက်ကို လုံးဝ လျှော့မတွက်ခဲ့ကြောင်း သိသာထင်ရှားလှပေသည်။
"ဝှစ်"
မင်ကျောက်မိစ္ဆာမျက်လုံးမှ ပျက်စီးခြင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
မင်ကျောက်ဧကရာဇ်မျိုးနွယ်၏ မိစ္ဆာမျက်လုံးက စွမ်းရည်အမျိုးမျိုးကို ပိုင်ဆိုင်ထားပေသည်။
ဥပမာအားဖြင့်၊ ဝူခွင်း၏ မိစ္ဆာမျက်လုံးက ရှေးဦးဝိညာဉ်ကိုချုပ်နှောင်ပြီး အေးခဲစေနိုင်စွမ်း ရှိ၏။
လီကျိုးမင် ပိုင်ဆိုင်ထားသော ဘိုးဘွားမျက်လုံးကတော့ ပို၍ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော အစွမ်းထက် စွမ်းရည်မျိုးစုံကို ပိုင်ဆိုင်ထားပေသည်။
ဤပျက်စီးခြင်းအလင်းတန်းက ထိုအထဲမှ တစ်ခုမျှသာ ဖြစ်သည်။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က လက်ဗလာနှင့် ရိုက်ထုတ်လိုက်သည်။
သူ့လက်ဝါးမှ ကောင်းကင်ကပ်ဘေး ဆင်းသက်လာသကဲ့သို့ အလင်းတန်းများ ထွက်ပေါ်လာ၏။
ယင်းက ကောင်းကင်ကပ်ဘေးအလင်းပင်တည်း။
ကျွင်းရှောင်ယောက်၏ ရင်ဘတ်ရှိ အနှိုင်းမဲ့အရိုးက ကွဲကြေသွားပြီး အနှိုင်းမဲ့သွေးအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ ယခင် အနှိုင်းမဲ့အရိုးမှ စွမ်းရည်သုံးခုကို လွတ်လပ်စွာ ပြသနိုင်သေးသည်။
"ဝုန်း"
အများအမြင်တွင် ကျွင်းရှောင်ယောက်က ပျက်စီးခြင်းအလင်းကို သူ့လက်ထဲတွင် ဆုပ်ကိုင်ပြီး တိုက်ရိုက် ချေဖျက်ပစ်လိုက်ပုံရသည်။
ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လီကျိုးမင်ရှေ့သို့ ဆင်းသက်၏။
လီကျိုးမင်၏ မျက်ခမ်းများ တဆတ်ဆတ်လှုပ်သွားသည်။
ကစဉ့်ကလျားခန္ဓာက မည်မျှ အစွမ်းထက်ကြောင်း သူ မြင်ဖူး၏။
အနီးကပ်တိုက်ပွဲတွင် ကစဉ့်ကလျားခန္ဓာကို ယှဉ်ပြိုင်ခြင်းက ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် မခြားနားကြောင်း သူသိသည်။
လီကျိုးမင်၏ ခန္ဓာကိုယ်က အလွန်သန်မာပြီး ငယ်စဉ်ကတည်းက အဖိုးတန် ဆေးရည်အမျိုးမျိုးဖြင့် နှစ်ခြင်းခံခဲ့ရပေသည်။
သူ့ခန္ဓာကိုယ်က ကျင်းကျန့်ထက်ပင် များစွာအားမနည်းပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်က ကျင်းကျန့်ကိုပင် အပိုင်းပိုင်းဖြစ်အောင် ရိုက်နှက်ခဲ့သူ ဖြစ်သည်။
သူ၏ ခန္ဓာဆိုပါက အထူးပြောနေစရာပင်မလိုပေ။
လီကျိုးမင်၏ ခြေဖဝါးအောက်မှ တာအိုအမှတ်အသားများ ထွက်ပေါ်လာပြီး အစွန်းရောက်အမြန်နှုန်းကို ထုတ်ဖော်လိုက်သည်။
ခဏချင်းမှာပင် သူက မီတာထောင်ချီပြီး ဆုတ်သွားတော့သည်။
"မင်းက ကိုယ့်အကြောင်းကိုတော့ နည်းနည်းသိတာပဲ"
ကျွင်းရှောင်ယောက်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
"နတ်ဘုရားချည်နှောင်ခြင်း မိစ္ဆာမျက်လုံး"
လီကျိုးမင်က သူ့လက်ဝါးကို ထပ်မံမြှောက်လိုက်သည်။ သူ့လက်ဝါးရှိ မိစ္ဆာမျက်လုံးမှ တောက်ပသောအလင်းများ ထပ်မံထွက်ပေါ်လာ၏။
ကျွင်းရှောင်ယောက်သည်ပင် သူ၏ရှေးဦးဝိညာဉ်ကို ချုပ်နှောင်ခံရသလို ခံစားလိုက်ရသည်။
ဤချုပ်နှောင်မှုစွမ်းအားက ယခင် ဝူခွင်းထုတ်ဖော်ခဲ့သော စွမ်းအားထက် များစွာပို၍ အားကောင်းသည်။
ဤနေရာတွင် သာမန် ရှေးဦးဝိညာဉ်ဖြစ်ပါက တိုက်ရိုက် အေးခဲသွားပြီး မလှုပ်ရှားနိုင် ဖြစ်သွားလိမ့်မည်။
သို့ရာတွင် ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် ဖြစ်သည်။
ထို့အပြင်၊ စိတ်ဝိညာဉ်ကိုကာကွယ်ပေးသည့် လွမ်ကုဧကရာဇ်အဆောင်လည်း ရှိသေးသည်။
သူ၏ တိုက်ခိုက်မှုက ကျွင်းရှောင်ယောက်ကို မထိခိုက်စေနိုင်ကြောင်း မြင်လိုက်ရတော့ လီကျိုးမင်၏အမူအရာက ပို၍ လေးနက်လာခဲ့သည်။
"စိတ်ပျက်အားငယ်ခြင်းမျက်လုံး"
လီကျိုးမင်က အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်ပြီး ဧကရာဇ်တစ်ပိုင်း လက်နက်ကို ထုတ်ဖော်လိုက်သည်။
ယင်းက သွေးများ စွန်းထင်းနေပုံရပြီး ကြောက်စရာကောင်းသော မျက်လုံးကြီး ဖြစ်၏။
တချိန်တည်းမှာပင် ကောင်းကင်က အမှောင်ကျသွားပြီး တစ္ဆေသရဲငိုညည်းသံများ ထွက်ပေါ်လာတော့သည်။
"အဲဒါ မင်ကျောက်မျိုးနွယ်ရဲ့ စိတ်ပျက်အားငယ်ခြင်းမျက်လုံးနဲ့ ဆင်တူတဲ့ ဧကရာဇ်တစ်ပိုင်းလက်နက်ပဲ"
ပါရမီရှင်တချို့က တအံ့တဩ ပြောဆိုလိုက်ကြသည်။
စိတ်ပျက်အားငယ်ခြင်းမျက်လုံးက မင်ကျောက်ဧကရာဇ်မျိုးနွယ်မှ ဧကရာဇ်တစ်ပိုင်းလက်နက် ဖြစ်၏။
ကောလဟာလများအရ၊ သန်းပေါင်းများစွာသော သက်ရှိသတ္တဝါများ၏ စိတ်ပျက်အားငယ်မှုမှ ဖန်တီးထားသော ဧကရာဇ်တစ်ပိုင်းလက်နက် ဖြစ်ချေသည်။
ရှေးယခင်ခေတ်က အင်မော်တယ်နယ်မြေကြီးနှင့် တိုင်းတစ်ပါးတို့အကြား စစ်ပွဲများ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများဖြစ်တိုင်း မင်ကျောက်ဧကရာဇ်မျိုးနွယ်က သန်းပေါင်းများစွာသော သတ္တဝါများ၏ စိတ်ပျက်အားငယ်မှုကို စုဆောင်းရန်အတွက် စိတ်ပျက်အားငယ်ခြင်းမျက်လုံးကို အသုံးပြု၏။
ယင်းက ဤဧကရာဇ်တစ်ပိုင်းလက်နက်မှာ မည်မျှ အစွမ်းထက်ကြောင်း ဖော်ပြနေသကဲ့သို့ ဖြစ်ချေသည်။
ယခု လီကျိုးမင်ထုတ်ယူလိုက်သောလက်နက်က စိတ်ပျက်အားငယ်ခြင်းမျက်လုံးကို ပုံတူယူထားခြင်းဖြစ်သော်လည်း သက်ရှိသတ္တဝါ သန်းပေါင်းများစွာ၏ စိတ်ပျက်အားငယ်မှုကို လောင်ကျွမ်းစေပြီး ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိစေခဲ့သည်။
ယင်းက မင်ကျောက်မိစ္ဆာမျက်လုံး၏ စွမ်းရည်များကို ပို၍ အားကောင်းစေနိုင်စွမ်း ရှိခဲ့ပေသည်။
"အမှောင်နတ်ဆိုးအလင်း"
လီကျိုးမင်၏လက်ဝါးမှ ကြောက်စရာကောင်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး စိတ်ပျက်အားငယ်ခြင်းမျက်လုံးကို တိုက်ရိုက်ထိမှန်သွားသည်။
စိတ်ပျက်အားငယ်ခြင်းမျက်လုံးက ထိုစွမ်းရည်ကိုလက်ခံပြီး အဆများစွာ ပိုကြီးမားသောစွမ်းအားဖြင့် ထုတ်လွှတ်ပေး၏။
ပို၍ကြောက်စရာကောင်းသော အလင်းတန်းတစ်ခုက လေထုကို ထိုးဖောက်ဝင်ရောက်ပြီး ကျွင်းရှောင်ယောက်ထံ တိုက်ရိုက်တိုးဝင်သွားတော့သည်။
"စိတ်ဝင်စားစရာကောင်းလာပြီ"
ကျွင်းရှောင်ယောက်က သူ့လက်ကို မြှောက်လိုက်သည်။ ကစဉ့်ကလျားစွမ်းအင်များက တဟုန်ထိုးတက်လာပြီး ကစဉ့်ကလျားလက်ကြီးအဖြစ်သို့ ပြောင်းလဲသွား၏။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အရပ်ရပ်မှ ပါရမီရှင်များ ကမန်းကတန်း ဆုတ်သွားကြတော့သည်။
ထိုတိုက်ခိုက်မှု၏ နောက်ဆက်တွဲရလဒ်က အဓိပဓိတစ်ပိုင်းအဆင့်အောက် ပါရမီရှင်များကို ဒဏ်ရာရစေနိုင်သည်။
"ဝမ်"
ထိုအချိန်တွင် အဖြူရောင်ဝတ်လူရိပ်က ပေါက်ကွဲမှုအလယ်မှ တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့သည်။
"မင်း အဆင်ပြေသေးတာလား"
လီကျိုးမင် တုန်လှုပ်သွား၏။
ဤသည်မှာ စိတ်ပျက်အားငယ်ခြင်းမျက်လုံးဖြင့် ထောက်ပံ့ထားသော မိစ္ဆာမျက်လုံး၏စွမ်းရည် ဖြစ်သည်။
သို့တိုင် ယင်းက ကျွင်းရှောင်ယောက်ကို အနည်းငယ်မျှ ထိခိုက်မှု မဖြစ်စေနိုင်ပေ။
"ဒါကြီးက ကြမ်းလွန်းသွားပြီ မဟုတ်လား"
ပါရမီရှင်အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ကစဉ့်ကလျားခန္ဓာက အမှန်တကယ်ပင် ဒဏ္ဍာရီဆန်ဆန် အသန်မာဆုံး တာအိုခန္ဓာဖြစ်သော်လည်း ထိုမျှ မသန်မာသင့်ပေ။
"ဒီသခင်လေး မယုံဘူး"
လီကျိုးမင် အော်ဟစ်လိုက်သည်။
"ဘိုးဘွားမျက်လုံး၊ ကောင်းကင်ကိုဆွဲငင်၊ မိုးနဲ့မြေပြင် ပျက်စီးစေ"
ကောင်းကင်နှင့်မြေပြင်ကြားတွင် ရှေးနတ်ဆိုးမန္တန် ရွတ်ဆိုသံများကို ကြားလာခဲ့ရသည်။
ကောင်းကင်ကြီးက ကွဲထွက်သွားပြီး ကြီးမားသော မိစ္ဆာမျက်လုံးကြီးတစ်လုံး ထွက်ပေါ်လာ၏။
ဤသည်မှာ ဘိုးဘွားမိစ္ဆာမျက်လုံးမှသာလျှင် အသုံးပြုနိုင်သော အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည် ဖြစ်သည်။
ကောလဟာလများအရ မင်ကျောက်မျိုးနွယ်၏ ဤနည်းလမ်းက အလွန်ကြောက်စရာကောင်းပေသည်။ ယင်းက ကမ္ဘာကြီးကို ဖြိုချပြီး နေနှင့်လကို အလင်းပျောက်စေ၍ သန်းနှင့်ချီသော သတ္တဝါများအား ခဏချင်း အသက်နှုတ်ယူပစ်နိုင်သည်။
ယခုလည်း ကောင်းကင်ယံရှိ မိစ္ဆာမျက်လုံးကြီး ပွင့်လာပြီးနောက် ခရမ်းရောင်အလင်းများက ကောင်းကင်တစ်ခုလုံးကို ပျံ့နှံ့လာခဲ့ပြီ။
စိတ်ပျက်အားငယ်ခြင်းမျက်လုံး၏ ထောက်ပံ့မှုဖြင့် ဤခရမ်းရောင်အလင်းက ပို၍ကြီးမားသော အဖျက်စွမ်းအားဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
အဓိပဓိတစ်ပိုင်းကို မဆိုထားဘိ၊ ဤနည်းလမ်းက စစ်မှန်သော အဓိပတိကိုပင် ခြိမ်းချောက်နိုင်ပေသည်။
အကြီးအကဲမူလည်း မျက်မှောင်ကြုတ်နေပြီ ဖြစ်သည်။
ဤသည်က ပြိုင်ပွဲမဟုတ်ဘဲ သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုမှ အဆုံးစွန်လှုပ်ရှားမှုတစ်ခု ဖြစ်နေပြီ။
"ကစဉ့်ကလျားခန္ဓာကို ဘာမှ အဖြစ်မခံနိုင်ဘူး"
အကြီးအကဲမူက လှုပ်ရှားရန် အသင့်ပြင်လိုက်သည်။
အားလုံးကလည်း ကျွင်းရှောင်ယောက်ကို ကြည့်လိုက်ကြ၏။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဘာကိုမျှ မခံစားရဟန်ဖြင့် တည်ငြိမ်စွာရပ်နေကြောင်း တွေ့လိုက်ကြရပေသည်။
"အခုမှပဲ နည်းနည်း စိတ်ဝင်စားစရာကောင်းလာတော့တယ်"
ကျွင်းရှောင်ယောက်က သက်ပြင်းချပြီး သူ့လက်ကို မြှောက်လိုက်သည်။ အလွန်တောက်ပသော အလင်းတစ်ခု ထွက်ပေါ်လာ၏။
တာ့လော့ဓားသန္ဓေ ပေါ်လာပြီ။