အခန်း ၉၄၄
Vol. 63 Ch. 944
အခန်း ( ၉၄၄ ) လော့ဝမ် ( ဝါ ) လော့ရှန်းလင်။
အမျိုးသမီးက မေးခွန်းထုတ်နေသည့်တိုင် သူမ၏အသံကတော့ နူးညံ့သိမ်မွေ့မှုရှိလေသည်။
သို့ရာတွင် သူပြောလိုက်သော စကားများက ဓားသွားများကဲ့သို့ ထက်မြက်ပြီး ကျွင်းရှောင်ယောက်ကို ချိန်ရွယ်နေခဲ့ပြီ ဖြစ်သည်။
အကယ်၍ အင်မော်တယ်တစ်ပိုင်းပုဂ္ဂိုလ်မှ ထိုမေးခွန်းမျိုး မေးမြန်းခံရလျှင် အခြားမည်သူမဆို တုန်လှုပ်ချောက်ချားသွားလိမ့်မည်။ သူတို့ မည်သို့မျှ တည်ငြိမ်မှုမရှိတော့မည်မှာ သေချာသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်သည်။
သူက အံ့အားသင့်သွားဟန်ဖြင့် တစ်ချက်ကြည့်ပြီး မေးလိုက်၏။
"အကြီးအကဲ၊ ခင်ဗျား ဘာဖြစ်လို့ ဒီလိုပြောရတာလဲ"
အမျိုးသမီးကတော့ ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေဆဲပင်။
ဤမျှလှပပြီး တောက်ပသော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်ခံရပါက၊ မည်သူမဆို အတွေးရိုင်းများ ဝင်လာမိမည်မှာ သေချာသည်။
သို့သော်၊ ကျွင်းရှောင်ယောက်သည် အလွန် သတိကြီး၏။
အင်မော်တယ်တစ်ပိုင်းများက အလွန် စွမ်းအားကြီးမှန်း သူ သိသည်။
သေးငယ်သော အရှိန်အဝါ ပြောင်းလဲမှုသည်ပင် အင်မော်တယ်တစ်ပိုင်းပုဂ္ဂိုလ်၏ ခံစားနိုင်စွမ်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကျွင်းရှောင်ယောက်က သူ့အရှိန်အဝါကို တည်ငြိမ်စေကာ သူ့နှလုံးခုန်နှုန်းကိုပင် တမင်ထိန်းချုပ်လိုက်သည်။
ကျွင်းရှောင်ယောက်၏ သရုပ်ဆောင်နိုင်စွမ်းက အထွတ်အထိပ်သို့ ရောက်နေပြီ။
ဤကမ္ဘာကြီးတွင် ဆုပေးပွဲများရှိပါက အော်စကာဆု ဆွတ်ခူးပြီးလောက်ပြီ ဖြစ်သည်။
"မင်းရဲ့ဇာစ်မြစ်က အရမ်းထူးဆန်းတယ်။ တစ်စုံတစ်ယောက်က မင်းအတွက် တမင် ဖုံးကွယ်ပေးထားခဲ့တာလား"
အမျိုးသမီးက မေးလိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်နှာက ရုတ်တရက် တည်သွားသည်။ သူက လက်ယှက်ပြီး အနည်းငယ် ဦးညွတ်ကာ ပြောလိုက်၏။
"ဒီဂျူနီယာရဲ့ စစ်နတ်ဘုရားတစ်ပိုင်း အဆင့်အတန်းကို အကြီးအကဲ အကြံပြုထားတာ ဖြစ်ရမယ်"
အမျိုးသမီးက ခေတ္တရပ်ကြည့်နေပြီးမှ ခေါင်းညိတ်လိုက်သည်။
"ဒီလိုဆိုရင်၊ ဒီဂျူနီယာကိုထောက်ခံထားတဲ့ အကြီးအကဲက ကျွန်တော်ကို အင်မော်တယ်နယ်မြေကြီးက စေလွှတ်လိုက်တဲ့ သူလျှိုလို့ထင်နေမှတော့ အခုပဲ ထွက်သွားပါတော့မယ်"
"စစ်နတ်ဘုရားတစ်ပိုင်း အထောက်အထားက ကျွန်တော်အတွက် အထူးမလိုဘူး"
ကျွင်းရှောင်ယောက်က သူ့လက်ကို အနည်းငယ်ယှက်ကာ ပြောလိုက်သည်။ သူ့မျက်နှာမှာတော့ အနည်းငယ် မကျေနပ်သော အရိပ်အယောင်များ ပေါ်လာခဲ့၏။
ယခုအချိန်ထိ ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် တည်ငြိမ်နေဆဲ ဖြစ်သည်။
သို့ပေမည့်၊ သူ တည်ငြိမ်လွန်းပါက သံသယများ တိုးလာလိမ့်မည်။
ထို့ကြောင့် သွေးဆူလွယ်သော လူငယ်တစ်ယောက်၏ အမူအရာကိုလည်း ပြသပေးရသည်။
ကျွင်းရှောင်ယောက်က အလွန်ပါးနပ်သူဖြစ်ပြီး တစ်ဖက်လူ၏ စိတ်နှလုံးကို ကောင်းစွာမြင်နိုင်ပေသည်။
အင်မော်တယ်တစ်ပိုင်းများက မည်မျှ အစွမ်းထက်စေကာမူ၊ စိတ်ခံစားချက်များ ရှိနေဆဲပင်။
ထို့အပြင် သူမက အမျိုးသမီးတစ်ဦး ဖြစ်သည်။
အမျိုးသမီး၏ မျက်လုံးများက အံ့သြမှုအချို့ကို လှစ်ဟလာခဲ့သည်။
အမှန်အတိုင်းဆိုရလျှင်၊ ဤသဘောထားဖြင့် သူ့ကို ဆက်ဆံဝံ့သူ မရှိသည်မှာ ကြာခဲ့ပြီ။
"ငါဘယ်သူလဲဆိုတာ မင်းသိလား"
အမျိုးသမီး၏ မျက်လုံးများက နက်နဲသွားသည်။
"အကယ်ဒမီရဲ့ ရှေးအဓိပဓိပါ"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"ငါ့နာမည်က လော့ရှန်းလင်ပါ၊ ဒါပေမဲ့ ကမ္ဘာကြီးကတော့ ငါ့ကို လော့ဝမ်လို့ခေါ်ကြတယ်"
အမျိုးသမီး လော့ရှန်းလင်က ပြောလိုက်၏။
ကျွင်းရှောင်ယောက်လည်း သူ့နှလုံးသားထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
မျှော်လင့်ထားသည့်အတိုင်း၊ သူက ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ် ဖြစ်သည်။
သို့ရာတွင်၊ ဒဏ္ဍာရီလာဧကရာဇ်ဖြစ်သော အဇူရာဧကရာဇ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် ဆုံဖူးသော ကျွင်းရှောင်ယောက်အတွက်တော့ ဧကရာဇ်တစ်ပိုင်းက သိပ်ပြီး ထူးခြားမှုရှိပုံမရတော့ပါ။
"အကြီးအကဲလော့ဝမ်၊ ခင်ဗျားတောင်မှ ကျွန်တော်ကို သံသယဖြစ်နေတယ်ဆိုရင် စစ်နတ်ဘုရားတစ်ပိုင်းအဖြစ် မခံယူနိုင်တော့ပါဘူး"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
သူ့သဘောထားက နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းလည်း မရှိပါ။
လော့ရှန်းလင်က ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။ သူ့အမူအရာကတော့ ယခင်ကလို မတင်းမာတော့ပေ။
"အရင်က မင်းကို အင်မော်တယ်နယ်မြေကြီးကလူလို့ ပြောခဲ့တာက မင်းကိုစမ်းသပ်ရုံပါပဲ။ အခုတော့ ငါအထင်မှားပုံမရဘူး"
"မင်းရဲ့ ခွန်အား၊ စိတ်နေစိတ်ထားနဲ့ အရည်အချင်းတွေ... ဘယ်နေရာမှာပဲဖြစ်ဖြစ် မင်းဟာ ထူးချွန်ပြီး စစ်နတ်ဘုရားတစ်ပိုင်းဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်"
လော့ရှန်းလင်၏ လေသံက ပျော့ပြောင်းသွားသည်။
အမှန်တကယ်တော့ သူမက ကျွင်းရှောင်ယောက်ကို စစ်ဆေးပြီးသွားပြီ။
အနည်းငယ်ဆန်းကြယ်သော မူလဇာစ်မြစ်မှလွဲ၍ သူ့တွင် ပြဿနာမရှိပါ။
ထို့အပြင် ကျွင်းရှောင်ယောက်မှာ အလွန်အားကောင်းသော တိုင်းတပါး၏ အမှောင်အငွေ့အသက်ရှိသည်။ ယင်းက အင်မော်တယ်နယ်မြေကြီးမှလူများ တုပနိုင်သောအရာ မဟုတ်သည်မှာ သေချာလှပေသည်။
ကျွင်းရှောင်ယောက်လည်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဤလော့ဝမ်၏ လက်ထဲတွင် လှည့်ကွက်တချို့ ရှိသေးသည်။
အကယ်၍ သူသာ စိတ်ပျော့ညံ့ပါက သူ၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ခံလိုက်ရမည် ဖြစ်သည်။
လော့ရှန်းလင်က ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"ငါ့ကို နည်းနည်းစိတ်ရှုပ်စေတာက မင်းရဲ့အတိတ်အကြောင်းတရားနဲ့ အကျိုးတရားတွေကို မသိနိုင်တာပဲ။ ဒါပေမဲ့ မင်းရဲ့နောက်ကွယ်မှာ အင်မော်တယ်အဆင့် တည်ရှိမှုတစ်ခု ရှိနေသလို ငါခံစားရတယ်"
ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်က သူ့နှလုံးသားထဲမှ တိတ်တဆိတ် လှောင်ရယ်လိုက်၏။
သူက ကြိုတင်ပြင်ဆင်မှုမရှိဘဲ စစ်နတ်ဘုရားနန်းတော်ကို မည်သို့ လာရောက်ပါမည်နည်း။
ဤကိုမလာမီကတည်းက ကျွင်းရှောင်ယောက်ဟာ ကောင်းကင်ကိုခိုးယူပြီး နေကိုပြောင်းလဲခြင်းအတတ်ဖြင့် နတ်ဘုရား၏မိစ္ဆာအတွေးကို သူနှင့်သွယ်ထားခဲ့သည်။
ယင်းက တိုင်းတပါးမှ ထိပ်တန်းကျွမ်းကျင်သူများ သူ့ကိုစုံစမ်းခြင်းမှ တားဆီးရန် ဖြစ်၏။
ထို့ကြောင့်ပင် အင်မော်တယ်တစ်ပိုင်းနှင့် အင်မော်တယ်ဘုရင်များ သူ့ကိုစုံစမ်းရန် ကြိုးစားပါက...
လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦးက သူ့ အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုကို ဖုံးကွယ်ထားသလိုသာ ခံစားကြရမည် ဖြစ်သည်။
ထိုပုဂ္ဂိုလ်က သူ့အား ကာကွယ်ပေးထားသည်ဟု မှားယွင်းစွာ ယူဆမိကြလိမ့်မည်။
ထိုလျှို့ဝှက်ဆန်းကျယ်သော အင်မော်တယ်တည်ရှိမှုကြောင့် အခြား ပုဂ္ဂိုလ်ကြီးများပင် သူ့ကို မျက်နှာသာပေးကာ အဆုံးထိ စုံစမ်းနိုင်မည် မဟုတ်တော့ပေ။
နောက်ဆုံးတွင် တိုင်းတပါးမြေက အင်မော်တယ်နယ်မြေကြီးထက် ပို၍ ကြီးမားသည်။ ထို့ကြောင့် လူမသိသေးသော လျှို့ဝှက်ဆန်းကျယ်သည့်ပုဂ္ဂိုလ်များ သဘာဝအတိုင်း ရှိပေမည်။
အတိအကျပြောလျှင် ကျွင်းရှောင်ယောက်က မြေခွေးအိုကြီးကဲ့သို့ ပါးနပ်ပြီး အပြည့်အဝ ကြိုတင်ပြင်ဆင်ထားသောကြောင့် ဖြစ်သည်။
သို့မှသာ အရာအားလုံးကို အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်။
ယခုတော့ အင်မော်တယ်တစ်ပိုင်းကိုပင် လှည့်စားလိုက်ပြီ ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲလော့ဝမ်"
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
ဤအဆင့်ကိုတော့ လောလောဆယ် ဖြတ်ကျော်နိုင်သွားပြီ။
ကျွင်းရှောင်ယောက်လည်း သူ့စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ဘဝဆိုတာက ပြဇာတ်တစ်ခုကဲ့သို့ပင်၊ အရာအားလုံးက သရုပ်ဆောင်စွမ်းရည်ပေါ်မှာလည်း မူတည်သည်။
ကျွင်းရှောင်ယောက် အနည်းငယ်ပြုံးပြီး ဆက်ပြောလိုက်လေသည်။
"ဒီဂျူနီယာက နည်းနည်းတော့ သိချင်မိတယ်။ အကြီးအကဲလော့ဝမ်နဲ့ ဒီဂျူနီယာက တစ်ခါမှ မဆုံဖူးဘဲ စစ်နတ်ဘုရားတစ်ပိုင်းအဖြစ် ဘာကြောင့် အကြံပြုပေးခဲ့တာလဲ"
"ကစဉ့်ကလျားခန္ဓာကြောင့်လား"
ကျွင်းရှောင်ယောက် စကားဆုံးသည်နှင့် ခြံဝင်းတစ်ခုလုံးမှ အပူချိန်က ရုတ်တရက် ထိုးကျသွားသလို ခံစားလိုက်ရသည်။ မိုးနှင့်မြေက ခဏချင်း အေးခဲသွား၏။
လော့ရှန်းလင်၏ ကျောက်စိမ်းမျက်နှာလေးမှာလည်း ခပ်တည်တည်ဖြစ်ကာ အမူအရာ မပြောင်းတော့ပေ။
ကောင်းရော၊ ငါ အရှိုက်ကို ထိုးလိုက်မိတာများလား။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။
ဤလော့ဝမ်တွင် မသိနိုင်သော အတိတ်တစ်ခု ရှိနေခဲ့ပုံပင်။
ကျွင်းရှောင်ယောက် သိလိုက်တာကတော့ ဤလော့ဝမ်အတွက် 'ကစဉ့်ကလျားခန္ဓာ'ဟူသော အသုံးအနှုန်းမှာ အနည်းငယ် ထိလွယ်ရှလွယ် ဖြစ်နေပုံရသည်။
ယင်းက အဘယ်ကြောင့်နည်း။
ကျွင်းရှောင်ယောက်က သိလိုသော်လည်း ပါးနပ်သူ ဖြစ်သည်။ သူက မေးခွန်းများမမေးတော့ဘဲ လက်ယှက်ပြီး ပြောလိုက်၏။
"ဒီဂျူနီယာက ရိုင်းစိုင်းမိသွားပါတယ်"
"ထားပါ၊ ငါက မင်းကို စစ်နတ်ဘုရားတစ်ပိုင်းဖြစ်ဖို့ အကြံပြုထားတဲ့သူပဲ။ မင်း... ငါ့တပည့်ဖြစ်လာဖို့ စိတ်ဝင်စားရဲ့လား"
လော့ရှန်းလင်၏ ထိုစကားကြောင့် ကျွင်းရှောင်ယောက် အနည်းငယ် အံ့ဩသွားသည်။
သူ့တပည့်ဖြစ်ရမှာလား။
အမှန်အတိုင်းပြောရလျှင်၊ ကျွင်းရှောင်ယောက် ယင်းကို အမှန်တကယ် မမျှော်လင့်ခဲ့ပေ။
နောက်ဆုံးတွင်၊ အကယ်ဒမီ၏ ရှေးအဓိပဓိများက ယေဘူယျအားဖြင့် တပည့်များ လက်မခံကြပါ။ သူတို့က အကယ်ဒမီ၏ အခြေခံအုတ်မြစ်နှင့် အဓိကကျသူများသာ ဖြစ်သည်။
သူတို့အားလုံးက မြင့်မားသောနယ်ပယ်သို့ ချိုးဖြတ်ပြီး အောင်မြင်မှုရယူလိုကြ၏။ ထို့ကြောင့် သူတို့တွင် တပည့်များအား သွန်သင်ရန် အချိန်မည်ကဲ့သို့ရနိုင်မည်နည်း။
သို့သော်လည်း အမှန်အတိုင်းဆိုရလျှင် ကျွင်းရှောင်ယောက် သဘောတူသင့်သည်။
လော့ရှန်းလင်သည် စစ်နတ်ဘုရားနန်းတော်၏ ဘီလူးကြီးများထဲမှ တစ်ဦး ဖြစ်၏။
သူ၏နောက်ခံဖြင့် ကျွင်းရှောင်ယောက်ဟာ စိတ်ရှိသလို လှုပ်ရှားနိုင်လိမ့်မည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်မှာ ကိုယ်ပိုင်အကန့်အသတ် ရှိသည်။
သူ့လမ်းကို သူကိုယ်တိုင် လျှောက်လှမ်းနိုင်စွမ်း ရှိ၏။
ယခုအချိန်အထိ မည်သူမျှ သူ့ဆရာသခင်ဖြစ်ရန် အရည်အချင်းမပြည့်မီသေးပေ။
"အကြီးအကဲလော့ဝမ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ လက်မခံနိုင်တာ ခွင့်လွှတ်ပါ"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"ဟမ်"
လော့ရှန်းလင် တအံ့တဩ ဖြစ်သွား၏။
သူမက မည်သူနည်း။
စစ်နတ်ဘုရားနန်းတော်၏ ရှေးအဓိပဓိ ဘီလူးကြီးများထဲမှ တစ်ဦး ဖြစ်သည်။
သာမာန်တပည့်များက သူမ၏ တပည့်ဖြစ်ရန် နေနေသာသာ၊ တွေ့ဆုံခွင့်ရရန်ပင် မဖြစ်နိုင်ပေ။
သို့ရာတွင် ကျွင်းရှောင်ယောက်က သူမကို ငြင်းပယ်ခဲ့သည်။
"လူအားလုံးမှာ ကိုယ်ပိုင်လမ်းစဉ်ရှိကြတယ်၊ ကျွန်တော်လည်း ကိုယ့်လမ်းကို ကိုယ့်ဘာသာပဲ လျှောက်မှာပါ"
ကျွင်းရှောင်ယောက် ပြောလိုက်၏။
"မင်းက ငါမြင်ဖူးသမျှထဲမှာ အထူးခြားဆုံး ယောက်ျားပဲ"
လော့ရှန်းလင်၏ မျက်လုံးများက အလွန်နက်နဲသွားသည်။
ကျွင်းရှောင်ယောက် ဘာမျှမပြောတော့ပေ။
သို့ရာတွင်၊ လော့ရှန်းလင်က အင်မော်တယ်တစ်ပိုင်း ကျင့်ကြံခြင်း၏ နက်နဲခြင်းအပြင် လူသားများနှင့်မသက်ဆိုင်သော သန့်စင်ခြင်းတစ်မျိုး ရှိနေပုံရသည်။
ဤထူးခြားသော စိတ်နေစိတ်ထားက ကျွင်းရှောင်ယောက်၏မျက်လုံးများကို အရောင်လက်သွားစေသည်။ လော့ရှန်းလင်၏ စစ်မှန်သော အထောက်အထားကိုလည်း သံသယဖြစ်လာမိ၏။
သူ့စိတ်ထဲတွင် မကောင်းသော အတွေးတချို့ ပေါ်လာပြီ။
မဟုတ်သေး၊ သူ့တွင် အကြံတစ်ခု ပေါ်လာပြီ ဖြစ်သည်။
'ငါက နတ်ဘုရားရဲ့မိစ္ဆာအတွေးနဲ့ အင်မော်တယ်တစ်ပိုင်းကို ဖန်တီးထားပေမဲ့ အဲဒါက အတုအယောင် ဖြစ်နေတုန်းပဲ'
'တကယ်လို့ စစ်မှန်တဲ့ အင်မော်တယ်တစ်ပိုင်း ပုဂ္ဂိလ်တစ်ဦး ငါ့နောက်မှာရှိရင် တိုင်းတပါးမှာ လှုပ်ရှားတဲ့အခါ ပိုပြီး လွယ်ကူလိမ့်မယ်'
'ဒီလိုဆိုရင် အကောင်းဆုံး နည်းလမ်းက...'
'လော့ဝမ်ကို အောင်နိုင်ဖို့ပဲ'