အခန်း ၉၄၆
Vol. 64 Ch. 946
အခန်း ( ၉၄၆ ) အစာအိမ်မကောင်းပါက အစာပျော့စားပါ။
လော့ရှန်းလင်က စစ်နတ်ဘုရားနန်းတော်တွင် အဘယ်ကြောင့် ဤမျှနာမည်ကြီးနေပါသနည်း။
အကြောင်းမှာ၊ အကယ်ဒမီ၏ ရှေးအဓိပဓိတစ်ဦး ဖြစ်နေသောကြောင့် ဖြစ်သည်။
ထို့အပြင် ရှေးအဓိပဓိများ အာလုံးက ဆံပင်ဖြူအဘိုးကြီး၊ သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်ပြီး အားလုံးကို လျစ်လျူရှုထားတတ်သော တည်ရှိမှုများ ဖြစ်၏။
ဤလော့ဝမ်ကတော့ တိုင်းပြည်များကိုပင် ပြိုလဲစေနိုင်အောင် နတ်သမီးတမျှ လှပပြီး နူးညံ့သိမ်မွေ့သည်။ အခြား အင်မော်တယ်တစ်ပိုင်းများကဲ့သို့ ကြောက်စရာကောင်းသော အငွေ့အသက်များကိုလည်း မရှိပေ။
ထို့ထက် ပိုအရေးကြီးသည်မှာ လော့ဝမ်တွင် တာအိုလက်တွဲဖော် မရှိခဲ့ဘဲ အမြဲတမ်း တစ်ယောက်တည်း နေခဲ့ခြင်း ဖြစ်သည်။
ဤသို့ဖြင့်၊ အကြောင်းပြချက်အမျိုးမျိုးဖြင့် လော့ရှန်းလင်ဟာ စစ်နတ်ဘုရားနန်းတော်တွင် အလွန်ကျော်ကြားခဲ့ပေသည်။
နတ်ဘုရားတစ်ပါးကဲ့သို့ တည်ရှိမှုဟုပင် ဆိုနိုင်သည်။
လော့ရှန်းလင်ရှေ့တွင် အကယ်ဒမီရှိ နတ်သမီးများနှင့် မင်းသမီး အလှလေးအားလုံးက မရင့်ကျက်သေးပုံရပြီး လုံးဝ လွှမ်းမိုးခံထားခဲ့ရသည်။
နောက်ဆုံးတွင် "ဒေါ်လေး၊ ကျွန်တော် နောက်ထပ် ပင်ပင်ပန်းပန်း အလုပ်မလုပ်ချင်တော့ဘူး"ဟု မည်သူက မအော်ချင်ဘဲ ရှိမည်နည်း။
ထို့အပြင် လော့ရှန်းလင်က အလွန်လှပသော "ဒေါ်လေး" ဖြစ်သည်။
အလှတရား၊ တန်ခိုး၊ အဆင့်အတန်း...
အားလုံးတွင် ထိပ်တန်းအဆင့်ဖြစ်သော ဤနတ်သမီးလေးကို မည်သူက မချစ်မြတ်နိုးဘဲ ရှိမည်နည်း။
ထို့ကြောင့်ပင် သတင်းထွက်လာပြီးနောက် စစ်နတ်ဘုရားနန်းတော်တစ်ခုလုံး တုန်လှုပ်သွားရခြင်း ဖြစ်သည်။
နောက်တော့ နောက်ထပ်သတင်းတစ်ခု ထပ်ထွက်လာသည်။
လော့ရှန်းလင်က ကျွင်းရှောင်ယောက သူ့တပည့်အဖြစ် လက်ခံချင်ခဲ့သည်။
သို့ရာတွင် ကျွင်းရှောင်ယောက်က ငြင်းဆိုခဲ့၏။
ဤအရာက အကယ်ဒမီ၏ မရေတွက်နိုင်သော အမျိုးသားတပည့်များကို ဆွံ့အသွားစေခဲ့သည်။
"ဒီကစဉ့်ကလျားခန္ဓာက တကယ့်ကို ရိုင်းစိုင်းတာပဲ၊ လော့ဝမ်ကိုယ်တိုင် ဖိတ်ခေါ်တာကိုတောင် ငြင်းပယ်ခဲ့တယ်"
"ဟားဟားဟား၊ တကယ်တုံးတာပဲ။ ငါသာ သူ့နေရာမှာဆိုရင် ချက်ချင်း လက်ခံပြီး လော့ဝမ်ရဲ့အိတ်ထဲကို ခုန်ဝင်သွားပြီ"
"အေးကွာ၊ ဒီကောင်က အခွင့်အရေးကို ဘယ်လို ဆုပ်ကိုင်ရမှန်းမသိဘူး"
အမျိုးသား တပည့်များစွာက မနာလိုစွာဖြင့် ပြောဆိုလိုက်ကြသည်။
သို့သော်လည်း နောက်သတင်းတစ်ခု ထွက်ပေါ်လာချိန်မှာတော့ ထိုအမျိုးသားတပည့်အားလုံး အံ့အားသင့်သွားပြီး မလှောင်ပြောင်နိုင်တော့ပေ။
"ဘာ၊ ဒီကစဉ့်ကလျားခန္ဓာက လော့ဝမ်နဲ့ တကယ်ကြီး အတူရှိနေတာလား"
ဤသတင်းက စစ်နတ်ဘုရားနန်းတော်၏ အတွင်းစက်ဝိုင်းနှင့် အပြင်စက်ဝိုင်းအားလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။
ကျွင်းရှောင်ယောက်၏ စိတ်နေစိတ်ထားနှင့် ဆွဲဆောင်မှုကို လူတော်တော်များများ သိကြ၏။
ထို့အပြင် ကျွင်းရှောင်ယောက်ကို စစ်နတ်ဘုရားတစ်ပိုင်းဖြစ်လာရန် အကြံပြုခဲ့သူက လော့ရှန်းလင် ဖြစ်နေသေးသည်။
ယင်းက စိတ်ဝင်စားစရာကောင်းလွန်းလဲ။
"လော့... လော့ဝမ်က မြက်နုစားချင်နေတာများလား"
"မဟုတ်ကဟုတ်က၊ လော့ဝမ်က ဘယ်လိုတည်ရှိမျိုးလဲ။ ကစဉ့်ကလျားခန္ဓာက မျိုးဆက်သစ်တွေကြားမှာ တုနှိုင်းမယှဉ်သာရင်တောင် လော့ဝမ်ရဲ့ အမြင်မှာတော့ အများကြီး အဓိပ္ပာယ်မရှိသင့်ဘူး မဟုတ်လား"
"ဒါဆိုရင်တော့ ပိုကောင်းတာပေါ့၊ မဟုတ်ရင် ငါ့နှလုံးသားတွေ ကြေကွဲသွားလိမ့်မယ်"
"နင့်နှလုံးသား ကြေကွဲမယ်၊ ဟုတ်စ။ ကစဉ့်ကလျားခန္ဓာမှာ အခွင့်အလမ်းမရှိရင်တောင် နင့်မှာလည်း အခွင့်အရေးမရှိဘူး"
သူတို့နှစ်ယောက် အတူတူနေထိုင်ကြသော သတင်းများ ထွက်လာပြီးနောက် လူတော်တော်များများ အသည်းကွဲကြသည်။
လော့ရှန်းလင်ကြောင့် အမျိုးသားများ အသည်းကွဲခဲ့သည်။
အမျိုးသမီးများကတော့ သဘာဝအတိုင်း ကျွင်းရှောင်ယောက်ကြောင့် အသည်းကွဲခဲ့ခြင်း ဖြစ်၏။
တောင်တံခါးရှေ့မှာကတည်းက၊ အဖြူရောင်အဝတ်အစားများဖြင့် ကျွင်းရှောင်ယောက်ဟာ မရေမတွက်နိုင်သော အမျိုးသမီးများ၏ နှလုံးသားကို ဖမ်းစားပြီးခဲ့ပြီ။
စစ်နတ်ဘုရားနန်းတော်၏ လှပသော အဆောင်တစ်ခုတွင်...
"ဘာ၊ သခင်လေးက လော့ဝမ်နဲ့ တကယ်ကြီး အတူတူနေတာလား"
တုရှန်ချွန်းချွန်းမှာ အတော်ကလေး စိတ်မချမ်းမသာ ဖြစ်သွားသည်။
သူ့နောက်ကျောဘက်မှ အမွေးပွ မြေခွေးအမြီးကိုးခုကလည်း ယိမ်းနွဲ့လှုပ်ရှားသွား၏။
ကျွင်းရှောင်ယောက်နှင့် လော့ဝမ်တို တစ်နေရာတည်းတွင် နေထိုင်ကြောင်း ကြားရပြီးနောက် တုရှန်ချွန်းချွန်းမှာ အလွန်စိုးရိမ်ပူပန်သလို စိတ်တိုလာတော့သည်။
"မိန်းကလေးချွန်းချွန်း၊ သခင်က အဲဒီလိုလူ မဟုတ်ပါဘူး။ သူ အဲဒီမှာ လေ့ကျင့်နေတာ ဖြစ်နိုင်တယ်"
ထိုနေရာတွင် ဖေးချင်ရွယ်လည်း ရှိနေသည်။
တုရှန်ချွန်းချွန်းက သူ၏အထောက်အထား အစစ်အမှန်ကို ထုတ်ဖော်ပြီးနောက် ဖေးချင်ရွယ်မှာ သူမ၏အခေါ်အဝေါ်များကို ပြောင်းလဲခဲ့ပေသည်။
"ဟုတ်တယ်၊ သခင်လေးက အဲဒီလိုယောင်္ကျားမျိုး မဟုတ်ဘူး။ လော့ဝမ်က အရမ်းလှတယ်လို့တော့ ကြားပါတယ်၊ သူက ဘယ်လောက်ထိ လှလို့လဲ"
တုရှန်ချွန်းချွန်းက လက်ပိုက်ရပ်ရင်း နှုတ်ခမ်းစူလိုက်သည်။
"ပဉ္စမညီမလေး၊ သခင်လေးက လော့ဝမ်နဲ့ အတူတူရှိနေတယ်လို့ ကြားတယ်။ သူပြန်မလာသေးဘူးလား"
တံခါးအပြင်ဘက်မှ တုရှန်ဝမ်ဝမ်၏ အသံ ထွက်ပေါ်လာခဲ့သည်။
သူမလည်း အနည်းငယ် စိုးရိမ်နေမိ၏။
ယခင်က ကျွင်းရှောင်ယောက်သည် သူမနှင့်ယှဉ်ပြိုင်ရန် သဘောတူခဲ့သော်လည်း ယခု ကျွင်းရှောင်ယောက်ကို မတွေ့ရသည်မှာ ကြာခဲ့ပြီ။
ဤစကားကို ကြားရပြီးနောက် တုရှန်ချွန်းချွန်းမှာ ပို၍ပင် စိတ်ဓာတ်ကျသွားသည်။
ထို့နောက် တစ်ခုခုကို တွေးမိဟန်ဖြင့် သူ့မျက်လုံးများက တောက်ပသွား၏။
"ဒါနဲ့၊ အကြီးအကဲမူကို အကြောင်းကြားပြီး ငါတို့နဲ့တွေ့ဖို့ ထွက်လာခိုင်းလိုက်မယ်ဆိုရင်ကော"
ထိုသို့တွေးမိသောအခါ တုရှန်ချွန်းချွန်းလည်း မစောင့်နိုင်တော့သလိုမျိုး ချက်ချင်း ပြေးထွက်သွားတော့သည်။
ဤမြင်ကွင်းကိုမြင်တော့ တုရှန်ဝမ်ဝမ်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"ငါတို့ရဲ့ သတို့သားရွေးပွဲက မဝေးတော့ဘူး။ ဒီကောင်မလေး ဘာလုပ်မှာလဲ"
..............
စစ်နတ်ဘုရားနန်းတော်၏ နက်နဲသောအရပ်ရှိ ခရမ်းရောင် ဝါးတောထဲတွင်...
ဤအခိုက်တွင် ကျွင်းရှောင်ယောက်က တင်ပျဉ်ခွေထိုင်ပြီး လေ့ကျင့်နေသည်။
သို့မဟုတ်ပါက၊ လော့ရှန်းလင်နှင့် ဆွေးနွေးပြောဆိုတတ်၏။
အမှန်အတိုင်းပြောရလျှင် အင်မော်တယ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦး၏ အတွေ့အကြုံက အလွန်တန်ဖိုးရှိသည်။
စစ်နတ်ဘုရားတစ်ပိုင်းများသာ ထိုပုဂ္ဂိုလ်များ၏ ဟောပြောပို့ချမှုများကို နားထောင်ရန် အရည်အချင်းပြည့်မီပေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် လော့ရှန်းလင်အကြား ဆက်ဆံရေးက ဆရာနှင့်တပည့် မဟုတ်ပါ။
ကျွင်းရှောင်ယောက်က ကိုယ်ပိုင်လမ်းကိုဖောက်ပြီး ကိုယ်ပိုင်လမ်းကို လျှောက်နေခြင်း ဖြစ်သည်။
သူ၏ တာအိုအသိအမြင်နှင့် နားလည်မှုကလည်း လော့ရှန်းလင်ကို များစွာအကျိုးပြုခဲ့ပေသည်။
တဖြည်းဖြည်းနှင့်၊ လော့ရှန်းလင်သည် ကျွင်းရှောင်ယောက်ကို အကြီးအကဲနှင့် ဂျူနီယာ သို့မဟုတ် တပည့်တစ်ဦးအဖြစ် မဆက်ဆံတော့ပါ။
ယင်းအစား သူတို့နှစ်ဦးဟာ တန်းတူအဆင့်အတန်းရှိသော အမျိုးသားနှင့် အမျိုးသမီးများကဲ့သို့ ဆက်ဆံလာခဲ့ကြသည်။
"ရှောင်ယောက်၊ မင်းရဲ့ အသိပညာတချို့က ငါ့ကိုတောင် တကယ်ကို ဉာဏ်အလင်းရစေတယ်"
နောက်တစ်ကြိမ် စကားစမြည် ပြောဆိုဖလှယ်ပြီးနောက်တွင်၊ လော့ရှန်းလင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူမ၏ နှုတ်ခမ်းထောင့်များကလည်း ပျော်ရွှင်ဟန်ဖြင့် တွန့်ကွေးကာ ပြုံးနေလေ၏။
ဘာကြောင့်မှန်းမသိသော်လည်း ကျွင်းရှောင်ယောက်နှင့် ဆက်ဆံရသည်မှာ အလွန် လိုက်လျောညီထွေရှိပြီး သက်တောင့်သက်သာရှိသလို ခံစားရသည်။
ယင်းမှာ သူမ ယခင်က မခံစားဖူးသော ခံစားချက်တစ်ခုပင်။
"အကြီးအကဲရှန်းလင်ရဲ့ စကားတွေကလည်း ရှောင်ယောက်ကို ဉာဏ်အလင်းပွင့်စေပါတယ်"
ကျွင်းရှောင်ယောက်လည်း ပြုံးလိုက်လေသည်။
ထိုအခိုက်တွင်၊ လော့ရှန်းလင်၏ မျက်ခုံးများက အနည်းငယ် ပင့်တက်သွားပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"အပြင်မှာ တစ်ယောက်ယောက် လာနေတယ်"
ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်ပြီး အပြင်သို့ ထွက်လာခဲ့၏။
ရောက်လာသူမှာ အကြီးအကဲမူ ဖြစ်သည်။
ကျွင်းရှောင်ယောက် ထွက်လာတာကိုမြင်တော့ အကြီးအကဲမူ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
ယခင်ကနှင့်ယှဉ်လျှင်၊ ကျွင်းရှောင်ယောက်၏ အရှိန်အဝါများက ပို၍ မြင့်မားလာခဲ့ပြီ။
"ဒီအတောအတွင်းမှာ လော့ဝမ်နဲ့ ဆက်ဆံရင်း မိတ်ဆွေလေး အကျိုးအမြတ်များများ ရခဲ့ပုံရတယ်"
အကြီးအကဲမူက ပြုံးလျက် ပြောလိုက်သည်။
"အမှန်ပါပဲ၊ ဒါနဲ့... အကြီးအကဲမူ ဒီနေရာကို ဘာအတွက် ရောက်လာတာလဲ မသိဘူး"။
"ဒါက တုရှန်ဧကရာဇ်မျိုးနွယ်ရဲ့ မင်းသမီးလေးပါ။ သူက မိတ်ဆွေလေးကို လာလည်စေချင်နေတယ်"
အကြီးအကဲမူက ပြောလိုက်သည်။
အကြီးအကဲမူက သာမန်တပည့်များ၏ တောင်းဆိုမှုများကို ဂရုမစိုက်ပါ။
သို့ရာတွင်၊ တစ်ဖက်လူက တုရှန်ဧကရာဇ်မျိုးနွယ်မှ ဖြစ်သောကြောင့် မျက်နှာသာပေးရဦးမည် ဖြစ်သည်။
"နားလည်ပါပြီ"
ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်၏။
ဤနေရာတွင် အေးအေးဆေးဆေး နေထိုင်ရသောကြောင့် ထိုလော့လီလေးကို သူ မေ့လုနီးပါး ဖြစ်နေပြီ။
ကျွင်းရှောင်ယောက်လည်း အခန်းထဲသို့ ပြန်ဝင်လာပြီး ဤကိစ္စကို ရှင်းပြလိုက်သည်။
"မင်းမှာ လုပ်စရာရှိရင် သွားပါ"
လော့ရှန်းလင်က တည်ငြိမ်စွာ ပြောသည်။
"ဒါဆိုရင် ရှောင်ယောက် နှုတ်ဆက်ပါတယ်"
ကျွင်းရှောင်ယောက်လည်း လက်ယှက်ပြပြီး လှည့်ထွက်ခဲ့၏။
သူ့နှုတ်ခမ်းထောင့်မှာတော့ အပြုံးခပ်ယဲ့ယဲ့က တွဲလွဲခိုလာတော့သည်။
ဤလော့ရှန်းလင်ကိုလည်း ခဏလောက် ထားခဲ့ပေးရန် လိုသည်။
ဤသည်က သေနင်္ဂဗျူဟာ သုံးဆယ့်ခြောက်ခုမှ စည်းချက်ညီစွာ အနိုင်ယူခြင်း ဖြစ်ချေသည်။
တကယ်တော့ ဤသည်မှာ အလွန်ရိုးရှင်းသည်။ ယင်းက မိန်းကလေးများကို မိမိတို့၏ တည်ရှိမှုအကြောင်း ဦးစွာသိမြင်စေခြင်းပင်။
မိန်းကလေးများသည် သူတို့နှင့် အမြဲလိုလို အနီးကပ်ရှိနေပေးပါက ထိုသူကို သိပ်ပြီး ဂရုစိုက်ကြမည် မဟုတ်ပါ။
သူတို့အတွက် ဤသည်မှာ ဖြစ်ကိုဖြစ်ရမည့် အလေ့အထတစ်ခုကဲ့သို့ ဖြစ်သည်။
တဖြည်းဖြည်းနှင့် ဤသဘောထားက ပို၍ ခိုင်မာလာပေမည်။
ထိုအချိန်တွင်၊ ရုတ်တရက် နောက်ဆုတ်နေလိုက်ခြင်းဖြင့် တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ မိန်းကလေး၏စိတ်တွင် ခံစားလာရမည် ဖြစ်သည်။
အိမ်တစ်အိမ်တွင် လူနှစ်ယောက်တိုးလာသည့်တိုင် မသိသာသော်လည်း၊ လူတစ်ယောက် ထွက်သွားသည်နှင့် တစ်ခုခု လိုအပ်သလို ခံစားတတ်ကြသည် မဟုတ်လော။
ထိုနည်းတူစွာပင်၊ အတူရှိနေစဉ်က မသိခဲ့သော ခံစားချက်များကို အနေဝေးသွားမှ ခံစားလာရမည် ဖြစ်သည်။
အမျိုးသားများ အနေဖြင့် မိန်းကလေးများကို လိုက်လိုပါက ရပ်တန့်ပေးရမည်ကိုလည်း ကောင်းစွာမှတ်ပါလေ။
ဤနည်းလမ်းက များသောအားဖြင့်တော့ အလုပ်ဖြစ်သည်။
'ငါလည်း ခဏလောက် ရှောင်နေဦးမှပါ။ ဝေးကွာခြင်းကလည်း မေတ္တာတွေကို ဖန်တီးပေးနိုင်တယ်'
ကျွင်းရှောင်ယောက် သူ့ဘာသာသူ တွေးလိုက်သည်။
လော့ရှန်းလင်ကို ထိုနေရာတွင် ထားခဲ့ရဦးမည်။
"သခင်လေး..."
ကျွင်းရှောင်ယောက် ပေါ်လာကို မြင်လိုက်ရပြီးနောက် တုရှန်ချွန်းချွန်း၏ မျက်နှာလေးက ပျော်ရွှင်မှုတို့ဖြင့် ဝင်းပသွားခဲ့သည်။
အသိုက်ကိုပြန်ရောက်လာသော ငှက်ကလေးတစ်ကောင်ကဲ့သို့ ကျွင်းရှောင်ယောက်ဆီကို ပြေးဝင်သွား၏။
"သခင်လေး၊ နင် ဒီအတောအတွင်းမှာ ဘာတွေလုပ်နေတာလဲ"
တုရှန်ချွန်းချွန်းက မျက်လုံးဝိုင်းဝိုင်းလေးဖြင့် မော့ကြည့်ရင်း မေးလိုက်သည်။
"အဟမ်း၊ အဟမ်း။ ဒီအတောအတွင်း ငါ အစာအိမ်မကောင်းလို့လေ၊ ထမင်းပျော့သွားစားနေတာ"
ကျွင်းရှောင်ယောက် အဆင်မပြေဟန်ဖြင့် ချောင်းဟန့်လိုက်လေသည်။