အခန်း ၉၄၇
Vol. 64 Ch. 947
အခန်း ( ၉၄၇ ) ယွင်ရှောင်ဟေး၏ အပြောင်းအလဲများ။
"အစာအိမ်မကောင်းလို့ ထမင်းပျော့စားတယ်၊ နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အစာပျော့စားဖို့ လိုသေးလို့လား"
တုရှန်ချွန်းချွန်း၏ အပြစ်ကင်းစင်သော မျက်နှာကလေးက သံသယတို့ ပြည့်သွားသည်။
သူမအနေဖြင့် ကျွင်းရှောင်ယောက် ဘာကိုဆိုလိုမှန်း သဘာဝအတိုင်း မသိပါ။ ကျွင်းရှောင်ယောက်လည်း ပြုံးရုံပြုံးပြီး မရှင်းပြတော့ပေ။
"ဒါနဲ့ သခင်လေးက လော့ဝမ်နဲ့ အတူနေတယ်လို့ ကြားတယ်။ သူက ချောလား"
တုရှန်ချွန်းချွန်းက ဆက်မေးလိုက်သည်။
"တကယ် ချောပါတယ်"
ကျွင်းရှောင်ယောက် အမှန်အတိုင်းပြောလိုက်၏။
ယင်းက အမှန်တရား ဖြစ်သည်။
"ဟုတ်... ဟုတ်လား"
တုရှန်ချွန်းချွန်း၏ မျက်လုံးလေးများက အနည်းငယ် အရောင်မှန်ဖျော့သွားသည်။ သူမ၏ နှလုံးသားမှာလည်း မနာလိုခြင်းကို ခံစားလိုက်ရ၏။
ထို့နောက် လက်မခံချင်သေးဟန်ဖြင့် သူမ၏ ရင်ဘတ်ရှေ့တွင် လက်သီးဆုပ်သေးသေးလေးနှစ်ခုကို ထောင်ပြကာ မေးလိုက်သည်။
"သူက ဒီမှာလည်း ကြီးလား"
ကျွင်းရှောင်ယောက် ဆွံ့အသွား၏။
ဤကောင်မလေး ဘာများ တွေးနေပါသနည်း။
တစ်ဖက်လူက အင်မော်တယ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
ထိုပုဂ္ဂိုလ်မျိုး၏ ရွှေရင်အစုံကို စိုက်ကြည့်ရမှာလား။
သူ သေချင်နေလျှင်ပင် ယင်းက နည်းလမ်းကောင်း မဟုတ်ပေ။
"ကောင်မစုတ်လေး၊ မင်း ဘာတွေလျှောက်တွေးနေတာလဲ"
ကျွင်းရှောင်ယောက်က လက်ညှိုးနှင့် တုရှန်ချွန်းချွန်း၏နဖူးကို ခပ်ဖွဖွ တောက်လိုက်သည်။
သို့သော်လည်း သူ့စိတ်ထဲမှာတော့ ရုတ်တရက် တွေးလိုက်မိသေးသည်။
မသေးသည့်အပြင် အနည်းငယ် ဖွံ့ဖြိုးပုံရသည်။
ထို့ထက် အရေးကြီးဆုံးကတော့ အမို့ အမောက်၊ ရှိုက်ဖိုကြီးငယ်တို့က ပြီးပြည့်စုံနေခြင်း ဖြစ်သည်။
"သခင်လေး၊ နောက်ဆုံးတော့ နင်ရောက်လာပြီ။ နင် ငါ့ကို လမ်းညွှန်ပေးမယ်လို့ ကတိပေးထားတယ်နော်"
တစ်ဖက်တွင် တုရှန်ဝမ်ဝမ်က မအောင့်နိုင်တော့ဘဲ ကြားဖြတ်ပြောလိုက်သည်။
သူမ၏ တိုက်ခိုက်ချင်စိတ်များသော နှလုံးသားကို မထိန်းချုပ်နိုင်တော့ပါ။
"ငါ အရင်က မိန်းကလေးဝမ်ဝမ်ကို ကတိပေးထားခဲ့တာပဲ။ ငါလုပ်မှာပါ"
ကျွင်းရှောင်ယောက် ပြုံးလိုက်၏။
"ဒါဆို သိုင်းလေ့ကျင့်ကွင်းကို သွားကြရအောင်"
တုရှန်ဝမ်ဝမ် အလွန်ဝမ်းသာသွားသည်။ သူမ၏ လှပသော မျက်နှာပေါ်တွင် ချစ်စဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်လာတော့သည်။
သူတို့နှစ်ယောက်ကိုကြည့်ရင်း တုရှန်ချွန်းချွန်း၏ မျက်လုံးများက ပို၍ပင် ကျဉ်းမြောင်းသွားသည်။
မကြာမီ သိုင်းလေ့ကျင့်ကွင်းသို့ ရောက်ရှိလာခဲ့ကြလေသည်။
သိုင်းလေ့ကျင့်ကွင်းက ကြီးမားသော စတုရန်းပုံ ကွင်းပြင်တစ်ခု ဖြစ်သည်။ မျက်နှာပြင်ပေါ်တွင် ပြင်းထန်သော တိုက်ခိုက်မှုအားများကို ခံနိုင်ရည်ရှိသော အစွမ်းထက် ခံစစ်အမှတ်အသားများကို ရေးထိုးထား၏။
ယခုအချိန်တွင် သိုင်းလေ့ကျင့်ကွင်းမှာ စစ်နတ်ဘုရားနန်းတော်၏ တပည့်များစွာတို့ လေ့ကျင့်နေကြသည်။
"အဲဒါက ဘယ်သူ...၊ ဟင်... ကစဉ့်ကလျားခန္ဓာပဲ"
"တကယ်ကြီး သူရောက်လာပြီ"
ကျွင်းရှောင်ယောက် ရောက်ရှိလာခြင်းက အရပ်ရပ်မှ လူအများ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ကျွင်းရှောင်ယောက်လည်း မနာလိုသော အကြည့်များစွာတို့ သူ့အပေါ် ခဏချင်း စုပြုံရောက်ရှိလာသလို ခံစားလိုက်ရ၏။
သို့သော်လည်း ခဏစဉ်းစားပြီးနောက် သူနားလည်သွားသည်။
'မိန်းမလှလေးတွေက ဘေးအန္တရာယ်တစ်ခုပဲ'
ကျွင်းရှောင်ယောက် တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
ဤသဘောတရားက နေရာတိုင်းတွင် အတူတူပင်။
သို့သော်လည်း လော့ရှန်းလင်ကို သူ အနိုင်ယူရမည် ဖြစ်သည်။
ဤခွေးလျှာထိုးလေးများကတော့ မနာလိုရုံသာ တတ်နိုင်လိမ့်မည်။
ဤလူအုပ်ကြားတွင် မထင်ရှား နိမ့်ကျသော အသွင်အပြင်ဖြင့် လူငယ်လေးတစ်ဦးလည်း ရှိနေသည်။
ယင်းမှာ အနက်ရောင်နားရွက်နှင့် မြေခွေးအမြီးရှိသော လူငယ်တစ်ဦးဖြစ်၏။
ယင်းက ယွင်ရှောင်ဟေး။
သူသည် စစ်နတ်ဘုရားနန်းတော်တွင်ပါဝင်ရန် အရည်အချင်းမပြည့်မီသော်လည်း တုရှန်ဝမ်ဝမ်၏ အစေခံတစ်ဦးဖြစ်ခြင်းကြောင့် ဝင်ရောက်နေနိုင်သည်။
ဤအခိုက်တွင်၊ တုရှန်ဝမ်ဝမ်က ကျွင်းရှောင်ယောက်နှင့် ဘေးချင်းကပ်လာသည်ကို တွေ့လိုက်ရသောကြောင့် ယွင်ရှောင်ဟေး၏မျက်နှာ အနည်းငယ် မှုန်ကုပ်သွားခဲ့သည်။ သူ လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။
'ဒါက သာမန်အတိုင်း လေ့ကျင့်ရုံပါပဲ'
ယွင်ရှောင်ဟေးလည်း သူ့စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်လေသည်။
"သခင်လေး ရှောင်ယောက်၊ ကျေးဇူးပြုပြီး"
တုရှန်ဝမ်ဝမ်က သိုင်းလေ့ကျင့်ကွင်းအပေါ်တွင် ရပ်နေသည်။ ယွီရှောင်ယောက်ဟူသော အမည်ကိုတော့ ကျွင်းရှောင်ယောက် ပြောပြခဲ့ခြင်း ဖြစ်ချေသည်။
တုရှန်ဝမ်ဝမ်က သူမ၏ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်သောအခါ မိုးပြာရောင်လှံရှည်တစ်ချောင်းက လက်ထဲသို့ အလိုလိုရောက်လာခဲ့သည်။
ကျစ်ဆံမြီးကျစ်ထားသော ဆံပင်၊ မိုးပြာရောင်ချပ်ဝတ်နှင့် လှံရှည်ကိုဆွဲကိုင်ပြီး ရပ်နေသော သူ့အသွင်က သူရဲကောင်းဆန်ပြီး ရဲဝံ့လှပေသည်။
"လာပါ"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ဝမ်ဝမ် မယဉ်ကျေးတော့ဘူးနော်"
တုရှန်ဝမ်ဝမ် လှုပ်ရှားလိုက်သည်။ သူ့လက်ထဲမှ လှံက တုန်ခါသွားပြီး သူမရဲ့ နတ်ဘုရားစွမ်းရည်များ ပေါက်ကွဲထွက်လာခဲ့၏။
တုရှန်ဧကရာဇ်မျိုးနွယ်မှ မင်းသမီးတစ်ပါးအနေဖြင့် တုရှန်ဝမ်ဝမ်က အမှန်တကယ် အစွမ်းထက်သည်ဟု ဆိုရမည်။
ကျွင်းရှောင်ယောက် တစ်ချက်ပြုံးပြီး သူ့လက်နှစ်ချောင်းဖြင့် တုရှန်ဝမ်ဝမ်၏လှံကို ရင်ဆိုင်လိုက်သည်။
"သခင်လေးရှောင်ယောက်၊ ဝမ်ဝမ်ကို လျှော့မတွက်နဲ့"
တုရှန်ဝမ်ဝမ် အော်လိုက်၏။
"ထန်"
ထိပ်တိုက်ရင်ဆိုင်ပြီးနောက် တုရှန်ဝမ်ဝမ် ချက်ချင်း နောက်ပြန်ဆုတ်သွားရသည်။ သူမ၏ လက်မှာလည်း ထုံကျဉ်သွားလေသည်။
'တကယ်သန်မာတာပဲ'
တုရှန်ဝမ်ဝမ်၏ လှပသောမျက်လုံးများက ရတနာတစ်ခုကို မြင်ရသကဲ့သို့ ပို၍ တောက်ပလာခဲ့သည်။
ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကို နောက်ပစ်လိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် တုရှန်ဝမ်ဝမ်ကို ရင်ဆိုင်လိုက်၏။
သူ့အသွင်က ကစားနေသကဲ့သို့ လုံးဝ အလေးအနက် မထားပေ။
တိုက်ပွဲအတွင်း၌ တုရှန်ဝမ်ဝမ်ဟာ အစွမ်းကုန် ထုတ်ဖော်အသုံးပြုခဲ့သည်။
တစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်ပြီး အနည်းငယ်မျှ အမူအရာမပျက်ပေ။
"ကစဉ့်ကလျားခန္ဓာက မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သူ့ခွန်အားကို မှန်းဆမရဘူး"
"အမှန်ပါပဲ၊ ငါ နည်းနည်းတော့ မနာလိုဖြစ်မိပေမဲ့ သူမှာ လုံလောက်တဲ့ အရည်အချင်းနဲ့ ခွန်အားတွေ ရှိတယ်။ ဒီအတွက် ငါတို့ ဘာများတတ်နိုင်ဦးမှာလဲ"
လူအများက သက်ပြင်းချကြလိုက်ကြသည်။
တခဏချင်းမှာပင် သူတို့နှစ်ယောက်က တိုက်ကွက် ထောင်ချီပြီး တိုက်ပွဲဝင်ခဲ့ကြပေသည်။
တုရှန်ဝမ်ဝမ်ကလည်း မောပန်းပြီး ချွေးစီးကျနေသည့်တိုင် မရပ်တန့်သေးပေ။
ကျွင်းရှောင်ယောက်က သူမကို ရည်ရွယ်ချက်ရှိရှိ လမ်းညွှန်ပေးနေသည်ဟု ခံစားခဲ့ရသည်။ ယခုဆိုလျှင် သူမ၏ခွန်အားက သိသိသာသာ တိုးလာပြီ။
"သခင်လေးရှောင်ယောက်၊ ဒါကိုကြည့်ထား"
တုရှန်ဝမ်ဝမ်၏ လှံသွားက တုန်ခါပြီး နတ်ဘုရားစွမ်းအင်များ တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
အမြီးကိုးချောင်းဖြင့် မိုးပြာရောင် မြေခွေးအရိပ်တစ်ခုလည်း ပေါ်လာခဲ့၏။
ဤသည်က တုရှန်ဧကရာဇ်မျိုးနွယ်၏ ထူးခြားသော နတ်ဆိုးမြေခွေးပုံစံဖြစ်သည်။ ယင်းက ကိုယ်ပိုင် တိုက်ခိုက်နိုင်စွမ်းကို များစွာမြှင့်တင်နိုင်ပေသည်။
အပြင်မှ ယွင်ရှောင်ဟေးလည်း ဤမြင်ကွင်းကို မြင်ရပြီးနောက် အကြောင်းတစ်ခုခုကြောင့် သူ့စိတ်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
အမှောင်ထဲတွင် မှင်ကဲ့သို့ နက်မှောင်နေသော မြေခွေးတစ်ကောင် ရှိနေပုံရသည်။ သူ့ထံမှ ပျက်စီးခြင်း အရှိန်အဝါများ ထွက်ပေါ်နေပြီး သူ့ကိုစိုက်ကြည့်နေ၏။
သူ့နောက်ကျောမှာလည်း မြေခွေးအမြီးဆယ်ခု ရှိနေသေးသည်။
'ဘာတွေဖြစ်နေတာလဲ'
ယွင်ရှောင်ဟေး သူ့နဖူးကို ဖိလိုက်သည်။
ထို့နောက် တုရှန်ဝမ်ဝမ်ကို တစ်ဖန် အာရုံစိုက်လိုက်လေသည်။
"အိုး၊ စိတ်ဝင်စားစရာပဲ။ ဒါက နတ်ဆိုးမြေခွေးရဲ့ အစစ်အမှန်ပုံစံပေါ့"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက စိတ်လှုပ်ရှားမှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
သူက ကျပန်းလက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ကစဉ့်ကလျားစွမ်းအင်များက ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
"ဒုန်း"
နှစ်ဖက် တိုက်မိပြီးနောက် လှိုင်းလုံးကြီးများက နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ပုံရိပ်လေးတစ်ခုကလည်း အရုပ်ကြိုးပြတ် လွင့်စဉ်သွား၏။
ယင်းက တုရှန်ဝမ်ဝမ် ဖြစ်တော့သည်။
သူမက အားနည်းသူမဟုတ်ဘဲ နတ်ဆိုးမြေခွေး၏ စစ်မှန်သောပုံစံကိုပင် ထုတ်ဖော်ထားခဲ့သည်။
သို့သော်၊ သူ့ပြိုင်ဘက်က အဓိပဓိကိုပင် အနိုင်ယူနိုင်သော ယွီရှောင်ယောက် ဖြစ်နေခဲ့ပေသည်။
"မင်းသမီး"
ယင်းကိုမြင်သည်နှင့် ယွင်ရှောင်ဟေး၏ အမူအရာက ပြောင်းလဲသွားပြီး တုရှန်ဝမ်ဝမ်ကို ဖမ်းဆီးရန် ပြေးထွက်သွားသည်။
သို့သော်...
အဖြူရောင် အဝတ်အစားများဖြင့် ကျွင်းရှောင်ယောက်က တုရှန်ဝမ်ဝမ်၏ဘေးတွင် ပေါ်လာခဲ့သည်။
သူက လက်တစ်ဖက်ဖြင့် ပျော့ပျောင်းသောချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော တုရှန်ဝမ်ဝမ်၏ သွယ်လျသောခါးကို ပွေ့ထားလိုက်၏။
ချပ်ဝတ်တန်ဆာ ဝတ်ထားသည့်တိုင် နူးညံ့ပျော့ပျောင်းသော အထိအတွေ့တို့ကို ခံစားနိုင်သေးသည်။
"တောင်းပန်ပါတယ်၊ ငါ မချိန်ဆခဲ့မိဘူး။ မိန်းကလေးဝမ်ဝမ် အပြစ်မယူဖို့ မျှော်လင့်ပါတယ်"
ကျွင်းရှောင်ယောက်က တောင်းပန်စကားဆိုလိုက်သည်။
တုရှန်ဝမ်ဝမ်၏ ခန္ဓာကိုယ်ကလေးက တောင့်တင်းသွားသည်။ သူ့စိတ်ထဲတွင်လည်း ခဏတာ ငေးမောသွား၏။
သူငယ်စဉ်ကတည်းက ယခုအချိန်ထိ၊ ဆန့်ကျင်ဘက် အမျိုးသားတစ်ယောက်၏ ပထမဆုံးအကြိမ် ပွေ့ဖက်ခံရခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ လက်က သန်မာသော်လည်း သူ့ခန္ဓာကိုယ်မှ ရနံ့ကတော့ မွှေးပျံ့မှုရှိပေသည်။
ယင်းက သူမ တစ်ခါမှ မခံစားဖူးသော ခံစားမှုအား ခံစားရစေခဲ့သည်။
တုရှန်ဝမ်ဝမ် အံ့အားသင့်သွားပြီး သူမ၏ လှပသောမျက်နှာကလေးမှာ နီရဲလာတော့သည်။
အခြား တုရှန်ညီအစ်မများသာ တုရှန်ဝမ်ဝမ်ကို ဤအခြေအနေဖြင့် မြင်တွေ့ရပါက ဤသို့အော်ဟစ်ကြမှာ သေချာသည်။
'ယောက်ျားပီသတဲ့ ငါတို့ ညီအစ်မလည်း ရှက်တတ်သေးတာလား'
"မိန်းကလေးဝမ်ဝမ်"
ကျွင်းရှောင်ယောက်က အနည်းငယ် မျက်ခုံးပင့်ပြီး ငုံ့ကြည့်လိုက်သည်။
"ငါ...အဆင်ပြေပါတယ်... သခင်လေးရှောင်ယောက်၊ ငါ့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
တုရှန်ဝမ်ဝမ်က မဝံ့မရဲဖြင့် ပြောလိုက်သည်။
သူ့မှာ ကျွင်းရှောင်ယောက်ကို မျက်လုံးချင်းဆုံမကြည့်ဝံ့တော့ဘဲ မျက်လွှာချထားတော့သည်။
သို့သော်လည်း သူမ၏လက်ကောက်ဝတ်မှ အနီရောင်ကြိုးလေးက အနည်းငယ် လှုပ်ရှားသွားသည်ကို သတိပြုလိုက်မိသည်။
'ဖြစ်နိုင်မလား...'
တုရှန်ဝမ်ဝမ် ရင်ခုန်သံ မြန်သွား၏။
သူ့အချစ်စစ်ကို ရှာတွေ့ခဲ့ပြီလော။
မဟုတ်ပါက ကမ္မကြိုးနီမှာ မည်သို့ လှုပ်ရှားပါမည်နည်း။
ပတ်ဝန်းကျင်မှ လူများလည်း အံ့အားသင့်သွားခဲ့ကြသည်။
ကောင်းလိုက်တဲ့ကောင်၊ မင်း ဒီအတိုင်းကြီး ပွေ့ဖက်လိုက်တာလား။
တုရှန်ချွန်းချွန်း၏ လှပသော မျက်လုံးလေးများမှာလည်း ပြူးကျယ်သွားသည်။ အနီရဲရဲ နှုတ်ခမ်းလေးများပင် ဝိုင်းစက်သွား၏။
တစ်ဖက်မှာလည်း ယွင်ရှောင်ဟေး၏ ခန္ဓာကိုယ်က ပြေးနေရာမှ တုံ့ခနဲ ရပ်သွားသည်။
ခြေလှမ်းနေရင်းမှပင် အေးခဲသွား၏။
ကျွင်းရှောင်ယောက်၏ ပွေ့ဖက်ခြင်းကို ခံနေရသော တုရှန်ဝမ်ဝမ်ကိုကြည့်ရင်း သူ မရပ်တည်နိုင်လောက်အောင် ဖြစ်လာသည်။
သူ့နှလုံးသားကို ဖျစ်ညှစ်ဆုပ်နယ်ခံလိုက်ရသလို ကြီးစွာသော နာကျင်ခြင်းကို ခံစားရ၏။ နာကျင်လွန်းသဖြင့် အသက်တောင် ကောင်းကောင်း မရှူနိုင်တော့ပေ။
သူ့စိတ်ထဲမှ နတ်ဘုရားမလေးက တခြားယောက်ျား၏ ရင်ခွင်ထဲမှာ ရှိနေသည့်အပြင် ရှက်ရွံ့သော အမူအရာလည်း ရှိနေသေးသည်။
သူ့စိတ်ထဲမှ မနာလိုမှုများက အရှက်တရားနှင့် နာကြည်းမှုအဖြစ်သို့ ပြောင်းလဲသွားသောအခါ...
သူကိုယ်တိုင်တောင် သတိမထားမိဘဲ...
မှောင်မိုက်ပြီး ကြမ်းတမ်းသော အရိပ်အယောင်များက ယွင်ရှောင်ဟေး၏ မျက်လုံးထဲတွင် ပေါ်လာတော့သည်။