အခန်း ၉၄၉
Vol. 64 Ch. 949
အခန်း ( ၉၄၉ ) ပါရမီရှင်ရွေးချယ်ပွဲ။
"မင်းလှုပ်ရှားတဲ့အခါ မင်းဟာ ဝိညာဉ်ပင်လယ်ထဲက နတ်ဘုရားစွမ်းအင်တွေကို အပြည့်အ၀ စုစည်းရမယ်။ ပြီးရင် စွမ်းအင်ကို အဓိကအချက်မှာ အာရုံစိုက်ထားပါ...."
ကျွင်းရှောင်ယောက်က တုရှန်ဝမ်ဝမ်၏ နောက်ကျောကို လက်ညှိုးတစ်ချက်ညွှန်ပြလိုက်သည်။
သူ လက်ညှိုးညွှန်လိုက်တိုင်း တုရှန်ဝမ်ဝမ်၏ ခန္ဓာကိုယ်ကလေးမှာ တုန်တုန်သွား၏။
ကျွင်းရှောင်ယောက်က သူမကို လမ်းညွှန်ပေးနေခြင်းဖြစ်ကြောင်း သိထားသော်လည်း တုရှန်ဝမ်ဝမ်၏ လှပသော မျက်နှာလေးမှာ နီရဲနေဆဲပင်။
တစ်ဖက်တွင် တုရှန်ချွန်းချွန်းက ငွေရောင်သွားလေးများ ပေါ်လာသည်အထိ အံကို တင်းတင်းကြိတ်လိုက်သည်။
'အဲ'
ရုတ်တရက်၊ ကျွင်းရှောင်ယောက်၏ စိတ်အာရုံမှ တစ်စုံတစ်ခုကို သတိပြုလိုက်မိသည်။
သူ့နှုတ်ခမ်းများက မသိမသာ တွန့်ကွေးသွား၏။
သူ တကယ်ရောက်လာခဲ့တာလား။
ကျွင်းရှောင်ယောက်၏ စိတ်အာရုံက ထက်မြက်သော်လည်း ယုတ္တိဗေဒအရ လျှို့ဝှက်နေသော လော့ရှန်းလင်ကို ရှာမတွေ့နိုင်ပေ။
သို့ရာတွင်၊ လော့ရှန်းလင်နှင့် အတူရှိစဉ်က သူမ၏ကိုယ်ပေါ်တွင် အမွှေးရနံ့တစ်မျိုးကို တမင်ထားခဲ့သည်။
ထို့ကြောင့် လော့ရှန်းလင်နှင့် တာအိုဆွေးနွေးချိန်တိုင်း ဤမွှေးရနံ့ကို ရလိမ့်မည်။
ယခုလည်း ဤရနံ့ကိုရရှိသောကြောင့် လော့ရှန်းလင် ရောက်လာပြီဖြစ်ကြောင်း သူ ခန့်မှန်းမိခဲ့ခြင်း ဖြစ်သည်။
အမှောင်ထဲတွင် ပုန်းအောင်းနေသော လော့ရှန်းလင်ကတော့ သူမ လာချောင်းကြည့်တာကို ကျွင်းရှောင်ယောက် သတိပြုမိမှန်း မသိရှာပေ။
လော့ရှန်းလင်က သန်မာသော်လည်း ကျွင်းရှောင်ယောက်နှင့်ယှဉ်လျှင် အနည်းငယ် နုံအပုံရသည်။
"နင်က တခြားသူတွေကို လမ်းညွှန်ပေးနေတာလား"
လော့ရှန်းလင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ပုံမှန်အားဖြင့် ယင်းက သာမန်ကိစ္စ ဖြစ်သင့်ပေသည်။
သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် သူမ၏ နှလုံးသားထဲတွင် အဖုအထစ်လေးများ ခံစားခဲ့ရသည်။
ယင်းက မနာလိုခြင်းတော့ မဟုတ်ပေ။
လော့ရှန်းလင်က သာမန်မိန်းကလေးမဟုတ်ဘဲ အင်မော်တယ်တစ်ပိုင်းအဆင့် အကျော်အမော် ဖြစ်သည်။
ဤမျှတိုတောင်းသော အချိန်အတွင်းမှာ ကျွင်းရှောင်ယောက်အပေါ် ခံစားချက်များရှိရန် မဖြစ်နိုင်ချေ။
အလွန်ဆုံး ခံစားချက်များ ကောင်းမွန်ရုံ ဖြစ်သည်။
သို့သော်လည်း ယင်းမှာ လူ့သဘာဝ ဖြစ်၏။
ဥပမာအားဖြင့်၊ သင်နှင့် တရင်းတနှီး ပြောဆိုနေသော ကောင်လေးက နောက်အခိုက်တွင် သင့်ကိုပစ်ပြီး အခြားမိန်းကလေးတစ်ယောက်နှင့် ရင်းနှီးပြနေပါက မည်သို့ ခံစားရမည်နည်း။
သူတို့ကြားတွင် အချစ်ရေးပတ်သက်မှုမျိုး မရှိလျှင်ပင် စိတ်မသက်မသာတော့ ခံစားရဦးမည်။
ကျွင်းရှောင်ယောက်က ဤအချက်ကို ဆုပ်ကိုင်ထားလိုက်ခြင်း ဖြစ်သည်။
လော့ရှန်းလင်ကို ခဏတာ ပစ်ထားခြင်းဖြင့်... ဤထူးဆန်းသော စိတ်ခံစားမှုကို ခံစားစေရဦးမည်။
ဤသို့သော ခံစားမျိုးကိုတောင် မဖန်တီးနိုင်ပါက သူ့ကို မည်သို့ဆက်လိုက်ရမည်နည်း။
လော့ရှန်းလင်က ကျွင်းရှောင်ယောက်အပေါ်မှာ ခံစားချက်တစ်စုံတစ်ရာ ရှိပုံမရသော်လည်း...
ယခုတော့ ထိုသို့ဟုတ်ပုံမရပေ။
လော့ရှန်းလင်က အတန်ကြာအောင် ရှိနေသော်လည်း လူလုံးထွက်မပြဘဲ လှည့်ထွက်သွားခဲ့သည်။
ထိုအခါ မွှေးရနံ့များလည်း ပျောက်ကွယ်သွား၏။
ကျွင်းရှောင်ယောက်လည်း တုရှန်ဝမ်ဝမ်ကို ချက်ချင်း လွှတ်ပေးလိုက်လေသည်။
"သခင်လေး၊ နောက်ထပ် နည်းနည်းလောက် လမ်းညွှန်ပေးပါဦး"
တုရှန်ဝမ်ဝမ်က ကလေးလေးတစ်ယောက်ကဲ့သို့ လေသံလေးဖြင့် ပြောလိုက်သည်။
"မမ ဝမ်ဝမ်၊ နင်အရမ်းလွန်လာပြီနော်"
တုရှန်ချွန်းချွန်း နှုတ်ခမ်းစူသွား၏။
ကလေးတစ်ယောက်ကဲ့သို့ ပြုမူခြင်းက သူမ၏ မူပိုင်ပုံစံ ဖြစ်သည်။
"ငါပြောသလိုပဲ လေ့ကျင့်လိုက်ပါ"
ကျွင်းရှောင်ယောက် ပြုံးပြီး ခေါင်းယမ်းလိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးထဲတွင် တုရှန်ဝမ်ဝမ်က ကိရိယာတစ်ခုထက် မပိုပေ။
.........
ထိုအချိန်တွင် အဆောင်အပြင်ဘက်မှ လမ်းပေါ်မှာ...
ယွင်ရှောင်ဟေးက မြင်းတစ်ကောင်နှင့်အတူ ရပ်နေသည်။
သူ့လက်သီးများကိုတော့ တင်းတင်းကြပ်ကြပ် ဆုပ်ထား၏။ အံကြိတ်ရလွန်း၍ သူ့သွားများလည်း ကျိုးတော့မည်။
ရက်အနည်းငယ်ကြာတိုင်း၊ တုရှန်ဝမ်ဝမ်က ကောင်းကင်ငှက်မွှေးမြင်းကိုစီးပြီး ကျွင်းရှောင်ယောက်ဆီသို့ လာရောက်လေ့ ရှိသည်။
အခါတိုင်းမှာလည်း သူ လိုက်ပို့ရ၏။
သူနှင့် မဆိုင်သော်လည်း ယွင်ရှောင်ဟေး၏စိတ်ထဲတွင် တစ်မျိုးတစ်မည် အမြဲ ခံစားခဲ့ရသည်။
'ငါ့မှာသာ လုံလောက်တဲ့ စွမ်းအားရှိရင်၊ မင်းသမီးရှေ့မှာ အဲဒီ ကစဉ့်ကလျားခန္ဓာကို အနိုင်ယူနိုင်ရင်...'
ယွင်ရှောင်ဟေး သူ့လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။
သူသာ လုံလောက်အောင် သန်မာပါက၊ ကစဉ့်ကလျားခန္ဓာကို အနိုင်ယူပြီး တုရှန်ဧကရာဇ်မျိုးနွယ်၏ တန်ဖိုးထားခံရနိုင်သည်။
တုရှန်ဝမ်ဝမ်ကလည်း သူ့ကို သဘာဝအတိုင်း သဘောကျလိမ့်မည်။
အဆုံးတွင် အားနည်းခြင်းနေသည့် သူ့အပြစ် ဖြစ်သည်။
"ပြန်လာ"
ယွင်ရှောင်ဟေး၏ စိတ်ထဲတွင် နတ်ဆိုးအသံကို ထပ်မံကြားလိုက်ရသည်။
"တားမြစ်နယ်မြေ၊ နတ်ဆိုးတံဆိပ်ခတ်သင်္ချိုင်း၊ မင်းရဲ့စွမ်းအားကို သွားရှာ..."
'နတ်ဆိုးတံဆိပ်ခတ်သင်္ချိုင်းလား'
ယွင်ရှောင်ဟေး အံ့အားသင့်သွားသည်။
ယင်းက တုရှန်ဧကရာဇ်မျိုးနွယ်တည်ရှိရာ ပြည်နယ်ရှိ တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။ ထိုနေရာသည် လူသူအရောက်အပေါက်နည်း၏။
'ငါ့ခန္ဓာကိုယ်ထဲမှာ ဘာလျှို့ဝှက်ချက်တွေရှိနေတာလဲ'
ယွင်ရှောင်ဟေး မည်မျှမိုက်မဲပါစေ၊ သူ့ခန္ဓာထဲမှာ သူကိုယ်တိုင်မသိနိုင်သော စွမ်းအားတချို့ရှိနေကြောင်း နားလည်သွားခဲ့ပြီ။
သူ့ဝမ်းဗိုက်ကို ထိလိုက်တော့လည်း အမှောင်ခြောက်ထောင့်ကြယ် အမှတ်အသားကို ခံစားရသည်။
'သတို့သားရွေးပွဲက ငါ့အတွက် တစ်ခုတည်းသောအခွင့်အရေးပဲ။ ညီလာခံမှာ ကစဉ့်ကလျားခန္ဓာကို အနိုင်ယူဖို့ ခွန်အားရနိုင်ရင် မင်းသမီးလည်း...'
ယွင်ရှောင်ဟေး၏ မျက်လုံးများက စိတ်ဆုံးဖြတ်ချက် အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
သူ့နှလုံးသားထဲမှ နတ်သမီးကို ဘယ်တော့မှ လက်မလွှတ်နိုင်ပေ။
..........
နေ့ရက်များ ကုန်လွန်လာခဲ့သည်။
စစ်နတ်ဘုရားနန်းတော်တွင် ပါရမီရှင်များ ပို၍ များလာပြီ။
တချိန်တည်းမှာပင်၊ နယ်စပ်မှ လှုပ်ရှားနေသော သတင်းများ ထွက်ပေါ်လာသည်။
မဝေးတော့သောအနာဂတ်တွင်၊ စစ်နတ်ဘုရားနန်းတော်က ကောင်းကင်ကိုးခုအင်မော်တယ်အကယ်ဒမီမှ ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရန် လူများကို နယ်စပ်သို့ စေလွှတ်ရလိမ့်မည်။
ထို့ကြောင့် စစ်နတ်ဘုရားနန်းတော်က အချိန်ရတုန်း ပါရမီရှင်များကို အကောင်းဆုံးလေ့ကျင့်ပေးခဲ့သည်။
ထိုအချိန်တွင် အိပ်မောကျနေသော ဧကရာဇ် သားတော်များနှင့် နတ်သမီးတချို့လည်း နိုးထလာပေမည်။
ထိုအချိန်တွင် သူတို့လည်း စစ်နတ်ဘုရားနန်းတော်နှင့်အတူ နယ်စပ်သို့ လိုက်ပါမည် ဖြစ်သည်။
အတိုချုံးပြောရလျှင်...
ယခုအချိန်တွင် အေးချမ်းနေခြင်းက မုန်တိုင်းမကျမီ လေငြိမ်နေခြင်း ဖြစ်တော့သည်။ မကြာမီ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲကြီးတစ်ခု စတင်လာနိုင်သည်။
ဤတစ်ကြိမ်တွင် တိုက်ပွဲက ရှန်းရွှီကမ္ဘာကဲ့သို့ ရိုးရှင်းတော့မည် မဟုတ်ပေ။
'ပျက်စီးခြင်းနယ်စပ်လား၊ အချိန်ကျရင် ငါတို့ အင်မော်တယ်နယ်မြေကြီးနဲ့ ဆက်ဆံရမယ်ထင်နယ်'
'ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါး၊ ကူတိကျစ်၊ လုံယောက်အာ၊ ယွီဟွာဝမ်နဲ့ တခြားသူတွေ ဘယ်လိုနေကြမလဲ မသိဘူး'
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်စက်အလင်းများ ဖျတ်ခနဲ လက်သွားသည်။
ထိုအချိန်တွင်၊ သူက မသေသည့်အပြင် ကစဉ့်ကလျားခန္ဓာနှင့် မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်းခန္ဓာအဖြစ်သို့ပင် ပြောင်းလဲသွားကြောင်း သိသွားပါက...
သူတို့အားလုံး တုန်လှုပ်ချောက်သွားလိမ့်မည်။
'နောက်ပြီးတော့ ငါ့နောက်လိုက်တွေဖြစ်တဲ့ ရန်ချင်းယင်၊ ရီယုနဲ့ အခြားသူတွေ...'
'ကျွင်းမိသားစု...'
'ကျွင်းပေါင်လီကော သူ့ကတိအတိုင်း လျှို့ဝှက်သွေးကြောကို ပြန်လာစေခဲ့ပြီလား'
'အစ်မစန်းယီနဲ့ အခြားသူတွေကော ဘယ်လိုနေကြမလဲ'
ကျွင်းရှောင်ယောက်၏ ရင်ထဲမှာ မေးခွန်းများ အများအပြားရှိနေခဲ့သည်။
သူသည် တိုင်းတစ်ပါးသို့ ပြောင်းရွှေ့ပြီးနောက်၊ အင်မော်တယ်နယ်မြေကြီးနှင့် အဆက်အသွယ်မရှိတော့သဖြင့် မည်သည့်သတင်းကိုမျှ မရတော့ပေ။
ပျက်စီးခြင်းနယ်စပ်သို့ သွားရောက်မှသာ အင်မော်တယ်နယ်မြေကြီးနှင့် ထိတွေ့နိုင်ပြီး အင်မော်တယ်နယ်မြေကြီးမှ သတင်းများကို ရှာဖွေနိုင်လိမ့်မည်။
'အင်မော်တယ်နယ်မြေကြီးက ငါ့ကို မေ့သွားကြပြီလား။ ငါတကယ်ကို စောင့်မျှော်နေမိတယ်'
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
နောက်ဆုံးတော့ ဘုရင်ကြီး ပြန်လာလိမ့်မည်။
ထိုအချိန်တွင်၊ အင်မော်တယ်နယ်မြေကြီးမှလူတိုင်း ကောင်းကင်နှင့် ကစားပွဲတွင် အနိုင်ရရှိသူက မည်သူဖြစ်မှန်း လူတိုင်းသိကြရမည် ဖြစ်သည်။
'လော့ရှန်းလင်ကို ငါပစ်ထားတာ ရက်အတော်ကြာပြီပဲ။ ငါ သူ့ကို ပြန်သွားတွေ့ဖို့ အချိန်တန်ပြီ'
ကျွင်းရှောင်ယောက်လည်း ထရပ်ပြီး လော့ရှန်းလင်ဆီသို့ ပြန်သွားရန် ဟန်ပြင်လိုက်သည်။
ပျက်စီးခြင်းနယ်စပ်ပြဿနာက အချိန်လိုသေးသောကြောင့် လောလောဆယ်မှာတော့ အလျင်မလိုပေ။
ယခုအချိန်တွင် အရေးကြီးဆုံးက လေ့ကျင့်ခြင်းနှင့် လော့ရှန်းလင်ကို အနိုင်ယူရန် ဖြစ်သည်။
လော့ရှန်းလင်ကို လျစ်လျူရှုထားသင့်သော်လည်း အတိုင်းအတာတစ်ခု ရှိပေသည်။
ကျွင်းရှောင်ယောက် ထွက်သွားခါနီးတွင်...
ဖေးချင်ရွယ်က သတင်းတစ်ခုကို သယ်ဆောင်လာခဲ့သည်။
"သခင်လေး၊ ပါရမီရှင်ရွေးချယ်ပွဲ စတင်တော့မယ်။ နင်မသွားဘူးလား"
"ပါရမီရှင်ရွေးချယ်ပွဲက ဘာလဲ"
ကျွင်းရှောင်ယောက် မေးလိုက်၏။
သူ့အတွက် တစ်ခုခုရနိုင်သော ပွဲမျိုးမဟုတ်လျှင်...
ကျွင်းရှောင်ယောက်က မိတ်ဆုံစားပွဲမျိုးကို စိတ်မဝင်စားပါ။
"စစ်နတ်ဘုရားနန်းတော် ဝင်ခွင့်အတွက် လိုအပ်ချက်တွေက အရမ်းများပြီး နေရာကလည်း တစ်သောင်းကျော်ပဲရှိတယ်လေ။ ဒါပေမဲ့ ပါရမီရှင်တွေက အရေအတွက် များလွန်းတာကြောင့် လူတိုင်းဝင်ရောက်ဖို့ မလွယ်ဘူး"
"ဒါကြောင့် သူတို့က နန်းတော်က တပည့်တွေရဲ့ နောက်လိုက်အဖြစ်နဲ့ နန်းတော်ကိုဝင်ရောက်ပြီး လေ့ကျင့်ချင်ကြတာ"
"သခင်လေးကလည်း အခု အရမ်းနာမည်ကြီးနေပြီလေ။ နောက်ပြီးတော့ စစ်နတ်ဘုရားတစ်ပိုင်းလည်း ဖြစ်သေးတယ်။ သခင်လေးနောက်ကို ပါရမီရှင်ဘယ်လောက်များများ လိုက်ချင်နေမယ်ဆိုတာ တွေးကြည့်ဖို့တောင် မလွယ်ဘူး"
ဖေးချင်ရွယ်က ပြောလိုက်သည်။
ထိုစကားကိုကြားမှ ကျွင်းရှောင်ယောက် နားလည်သွား၏။
ယင်းက နောက်လိုက်များ ရွေးချယ်မှုအတွက် အစည်းအဝေးတစ်ခုသာဖြစ်သည်။
ထိုသူများက နန်းတော်သို့ဝင်ရောက်ရန် ခက်ခဲသောကြောင့် နန်းတော်ဝင်တပည့်များ၏ နောက်လိုက်အဖြစ်နှင့် ဝင်ရောက်ရန် ကြိုးစားနေကြခြင်းပင်။
"လောလောဆယ်တော့ မလိုပါဘူး"
ကျွင်းရှောင်ယောက်က ခေါင်းခါယမ်းလိုက်သည်။
ယခုလောလောဆယ်တွင် နောက်လိုက်လက်ခံရန် စိတ်ကူးမရှိပေ။
"နောက်တစ်ခုလည်း ရှိပါသေးတယ် သခင်လေး၊ အဲဒီနေ့မှာ ပိအန်းအဖွဲ့အစည်းရဲ့ အပြာရောင် ပြန်လည်ရှင်သန်ခြင်းလီလီပန်းမျိုးနွယ်က မင်းသားလည်း ပေါ်လာလိမ့်မယ်"
"အဲဒီပွဲမှာ သူက လူတစ်ယောက်ကို ကွပ်မျက်မယ်တဲ့"
"အပြာရောင် ပြန်လည်ရှင်သန်ခြင်းလီလီပန်း"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာခဲ့သည်။
ပိအန်းမျိုးနွယ်ကလည်း အနာဂတ်တွင် စူးစမ်းလေ့လာရန် လိုအပ်သော မျိုးနွယ်တစ်ခု ဖြစ်ချေသည်။
ပိအန်းမျိုးနွယ်နှင့် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးကြားမှ ကမ္မရေစက်ကြိုးကို သူ သိချင်မိသည်။
"သူက ဘယ်သူ့ကိုသတ်မှာလဲ"
ကျွင်းရှောင်ယောက် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"သူက ပိအန်းမျိုးနွယ်ရဲ့ သစ္စာဖောက်လို့ ငါကြားတယ်။ ရှန်းရွှီကမ္ဘာမှာ သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကိုကူညီပြီး တိုက်ခိုက်မှုတွေကို တားဆီးပေးခဲ့တယ်တဲ့"
ဖေးချင်ရွယ် ပြောလိုက်၏။
"ဟမ်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ အေးစက်စက် အလင်းတစ်ခုကလည်း သူ့မျက်လုံးများတွင် လက်သွားတော့သည်။