← Chapters

အခန်း ၉၅၁

Vol. 64 Ch. 951

အခန်း ၉၅၁

Vol. 64 Ch. 951

အခန်း ( ၉၅၁ ) စူးဟုန်ယီ။

နတ်သမီးယွဲ့တိုက်က သူမ၏ ရုပ်ရည်သွင်ပြင်ကို ယုံကြည်မှု ရှိသည်။

သူသည် တုရှန်အလှလေးငါးပါး၊ ပိအန်းနတ်သမီး သို့မဟုတ် လော့ရှန်းလင်တို့ကဲ့သို့ လှပနေခြင်းမဟုတ်သော်လည်း...

သူမ၏ စကတ်အောက်တွင် ဒူးထောက်အရှုံးပေးခဲ့ရသည့် အမျိုးသားများစွာ ရှိသေးသည်။

ဧကရာဇ်မျိုးနွယ်များမှ ပါရမီရှင်တချို့နှင့် သခင်လေးများသည်ပင် သူ့အား မျက်နှာသာပေးရမည်ဟု ဆိုနိုင်သည်။

ယခုလေးတင် ဖိတ်ခေါ်လာသော လီကျိုးမင်က ဥပမာကောင်းတစ်ခုပင်။

သို့သော်လည်း နတ်သမီးယွဲ့တိုက်က အလွန် ရည်မှန်းချက်ကြီးသည်။ ဤမျှလောက်နှင့် သူ မကျေနပ်နိုင်ပေ။

မျိုးနွယ်စုရှိ သူမ၏အဆင့်အတန်းက ဧကရီ သို့မဟုတ် နတ်ဘုရားမ မဟုတ်ပေ။

ထို့ကြောင့်ပင် အလွန်ရိုးရှင်းပြီး ခြေတစ်လှမ်းဖြင့် ကောင်းကင်သို့တက်ရန် တစ်ခုတည်းသောနည်းလမ်းက သခင်ကောင်းတစ်ဦးကို ရှာဖွေရန် ဖြစ်သည်။

ဤတွင်...

ကျွင်းရှောင်ယောက်က ပြည်နယ်ကြီးဆယ်ခုတွင် နာမည်ကျော်ကြားနေသူ ဖြစ်သည်။ သူက ကစဉ့်ကလျားခန္ဓာဖြစ်ပြီး လျှို့ဝှက်ဆန်းကျယ်သော အင်မော်တယ်တစ်ပါး၏ အထောက်အပံ့ ရှိနေသည်ဟုပင် သတင်းထွက်ပေါ်နေခဲ့၏။

ထို့အပြင် သူ၏ စိတ်နေစိတ်ထားက စစ်မှန်သော အင်မော်တယ်တစ်ပါးကဲ့သို့ပင်။

ဤလူမျိုးကမှ နတ်သမီးယွဲ့တိုက်၏ အကောင်းဆုံးပစ်မှတ် ဖြစ်သည်။

"လက်ရှိ ပါရမီရှင်တွေထဲမှာ ငါက ကစဉ့်ကလျားခန္ဓာရဲ့ နောက်လိုက်ဖြစ်လာဖို့ အသင့်တော်ဆုံးပဲ"

နတ်သမီးယွဲ့တိုက်က လှပသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ဤအထဲတွင် ပါရမီရှင်များ အများကြီးရှိသော်လည်း သူမနှင့် ယှဉ်နိုင်သူက အနည်းငယ်သာ ရှိ၏။

အများအားဖြင့် အမျိုးသားများက အမျိုးသမီးများကိုသာ လက်ခံနိုင်ချေ များသည်။

ထို့အပြင်၊ အချို့ပါရမီရှင်များ၏ နောက်လိုက်များက ကိုယ်လုပ်တော်များကဲ့သို့ ဆောင်ရွက်ပေးရသည်လည်း ရှိ၏။

ထို့နောက် နန်းတော်မှ တပည့်တချို့က နောက်လိုက်များကို စတင် ရွေးချယ်ခဲ့ကြသည်။

လီကျိုးမင်မှာလည်း မှုန်ကုပ်ကုပ် မျက်နှာနှင့်ပင် အမျိုးသမီး နောက်လိုက် အနည်းငယ်ကို ရွေးချယ်ခဲ့၏။

သို့သော်လည်း ထိုပါရမီရှင်များက နတ်သမီးယွဲ့တိုက်လောက် အရည်အချင်း မမြင့်မားကြောင်း သိသာသည်။

သို့ပေသော်ငြား၊ ယခုအချိန်ထိ ကျွင်းရှောင်ယောက် ရောက်မလာသေးခြင်းက ပါရမီရှင်တချို့ကို စိုးရိမ်စိတ်ဖြစ်လာစေခဲ့သည်။

သူတို့က ကျွင်းရှောင်ယောက်၏ ရွေးချယ်ခံရန် အရည်အချင်းမပြည့်မီသော်လည်း ကစဉ့်ကလျားခန္ဓာကို ဂါရဝပြုနိုင်လျှင် တော်သေးသည်။

နောက်ဆုံးတွင်၊ ဤသည်က လူတော်တော်များများ၏ တစ်သက်မှာ တစ်ခါမှ မမြင်ဖူးသေးသော ရှားရှားပါးပါး တာအိုခန္ဓာတစ်ခု ဖြစ်သည်။

နတ်သမီးယွဲ့တိုက်ကတော့ အလွန်တည်ငြိမ်ပြီး အပြာရောင်နတ်သမီးပန်းပွင့်ကဲ့သို့ ရပ်နေခဲ့သည်။

သူမ၏ ဘေးပတ်ပတ်လည်မှာလည်း နေရာကွက်လပ်လေးတစ်ခုအဖြစ်ရှိနေပြီး မည်သူမျှ မစော်ကားဝံ့ပေ။

လူစည်ကားသော လူအုပ်ကြားတွင်...

ညစ်ပတ်နေပြီး ပိန်လှီသော မိန်းကလေးတစ်ယောက် ရှိနေသည်။

ယင်းမှာ ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့်ရှိသေးသော မိန်းကလေးတစ်ဦး ဖြစ်၏။

သူမက အနည်းငယ်ညစ်ပတ်ပြီး ဟောင်းနွမ်းနေပြီဖြစ်သော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်များကလည်း ဖရိုဖရဲဖြစ်ပြီး သူ့မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားလေသည်။

သို့သော်လည်း အနီးကပ်ကြည့်လိုက်လျှင်တော့ မိန်းကလေး၏ မျက်နှာတွင် ကြောက်စရာကောင်းသော အမာရွတ်များရှိနေကြောင်း မြင်တွေ့ရလိမ့်မည်။

ယင်းက ရက်စက်ကြမ်းကြုတ်သော ကျိန်စာအမှတ်အသားတစ်မျိုးနှင့်ပင် တူသည်။

အမာရွတ်များက မျက်နှာတင်မကဘဲ သူမ၏ သေးငယ်သော လက်နှင့် ခြေသလုံးလေးများမှာလည်း ရှိသေးသည်။

"ဟာ၊ လန့်‌လိုက်တာ။ ဒီရုပ်ဆိုးတဲ့မိန်းကလေးက ဘယ်ကလာတာလဲ"

"မင်းဆီကနေ အနံ့ဆိုးတွေထွက်နေသေးတယ်၊ ထွက်သွားစမ်း"

ပတ်ဝန်းကျင်မှ လူငယ်များက အနီရောင်ဝတ်စုံဖြင့် စုတ်စုတ်ပြတ်ပြတ် မိန်းကလေးကိုမြင်တော့ ရွံ့ရှာဟန်ဖြင့် ပြောလိုက်ကြသည်။

သူတို့ထံမှ နတ်ဘုရားစွမ်းအင်များလည်း ပေါက်ကွဲထွက်လာပြီး မိန်းကလေးကို ထိမှန်သွား၏။

မိန်းကလေး လွင့်ထွက်သွားပြီး နောက်ဆုံးတွင် နတ်သမီးယွဲ့တိုက်ဘေးကို ပြုတ်ကျသွားတော့သည်။

"အဟင့်..."

မိန်းကလေးက နာကျင်စွာဖြင့် ညည်းညူလိုက်သည်။ ထိုအခါ သူ့မျက်နှာပေါ်မှ အမာရွတ်များက တွန့်လိပ်သွားပြီး ပို၍ ကြောက်စရာ‌ဖြစ်သွား၏။

"ဝေါ့"

မိန်းကလေးက နာကျင်မှုကြောင့် မနေနိုင်ဘဲ အန်ထုတ်လိုက်ရာ နတ်သမီးယွဲ့တိုက်၏ စကတ်ပေါ်ကို ကျကုန်တော့သည်။

တိတ်ဆိတ်သွားသည်။

ပတ်ဝန်းကျင်မှ လူများ အံ့အားသင့်သွား၏။

ဤရုပ်ဆိုးဆိုး မိန်းကလေးက နတ်သမီးယွဲ့တိုက်၏ စကတ်ပေါ်ကို အမှန်တကယ် အန်ချလိုက်သည်။

"ဟင်"

နတ်သမီးယွဲ့တိုက်၏ မျက်နှာက ပထမတော့ အံ့အားသင့်စွာဖြင့် အေးခဲသွားသည်။ ထို့နောက် သူ့မျက်နှာမှာ အေးစက်သွား၏။

သူဟာ ကျွင်းရှောင်ယောက်၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန်အတွက် လှလှပပ ဝတ်စားလာခဲ့ခြင်း ဖြစ်သည်။

ယခုတော့ ဤညစ်ပတ်ရုပ်ဆိုးသော မိန်းကလေးက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အမှန်တကယ် အန်ခဲ့ပြီ။

"တောင်း... တောင်းပန်ပါတယ်၊ ငါ မရည်ရွယ်ပါဘူး..."

မိန်းကလေးမှာ နာကျင်မှုကို ဂရုမစိုက်အားဘဲ လေသံလေး ကတုန်ကယင်ဖြင့် တောင်းပန်လိုက်သည်။

အဆင့်အတန်း သတ်မှတ်ချက် တင်းကြပ်သော တိုင်းတပါးတွင် ဤအပြုအမူက သေလမ်းရှာခြင်းနှင့် မခြားပေ။

နတ်သမီးယွဲ့တိုက်က နတ်ဘုရားစွမ်းအင်ဖြင့် အညစ်အကြေးများကို ဖယ်ရှားပစ်လိုက်သည်။ သို့သော်လည်း သူမ၏ မျက်နှာက ပို၍ အေးစက်လာတော့သည်။

"ဒုန်း"

မိန်းကလေး သွေးအန်ပြီး ပစ်လဲသွားသည်။

ပတ်ဝန်းကျင်မှ ပါရမီရှင်များကလည်း သနားဂရုဏာမရှိဘဲ ဖျော်ဖြေပွဲတစ်ခုကို ကြည့်ရှုနေသလို အေးအေးဆေးဆေး ကြည့်နေကြ၏။

သူတို့အမြင်တွင် ဤသူတောင်းစားလေးက ကျွန်များထက်ပင် နိမ့်ကျသည်။

ကိုယ့်လက်နှင့် ရိုက်ထုတ်လိုက်လျှင်ပင် မိမိလက်သာ ညစ်ပတ်လိမ့်မည်။

"ဒီရုပ်ဆိုးမိန်းကလေးတော့‌ သေပြီထင်တယ်"

"နတ်သမီးယွဲ့တိုက်က သူတော်စင်ဘုရင်ပဲ၊ ဒီမိန်းကလေး သေသွားလောက်ပါပြီ"

တချို့က စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

သို့သော်၊ အံ့ဩစရာကောင်းအောင် အနီရောင်ဝတ်စုံဖြင့် မိန်းကလေးက ရုန်းကန်ပြီး လဲကျနေရာမှ ပြန်ထလာခဲ့သည်။

သို့သော်လည်း သွေး၊ အညစ်အကြေးများနှင့် ဖုန်မှုန့်များ ပေကျံနေသော သူ့အသွင်က ပို၍ပင် ရွံ့စရာဖြစ်နေတော့သည်။

"သူ မသေသေးဘူးလား”

ဘေးမှလူများ အံ့ဩသွားကြသည်။

နတ်သမီးယွဲ့တိုက်က သူတော်စင်ဘုရင် ဖြစ်သည်။ သူ့ထံမှ ကျပန်းထွက်ပေါ်လာသော စွမ်းအင်သည်ပင် ဤသူတောင်းစားမိန်းကလေးကို အကြိမ်ပေါင်း ထောင်နှင့်ချီပြီး သတ်ရန် လုံလောက်၏။

သို့တိုင် ထိုမိန်းကလေးက မသေသေးပေ။

"ဟင်"

နတ်သမီးယွဲ့တိုက်လည်း အံ့သြသွားပြီး သူမ၏မျက်နှာက ပို၍ အေးစက်သွားသည်။

သူက ကျပန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ဤသူတောင်းစားလေးကိုပင် မသတ်နိုင်ခြင်းက သူမ၏ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်။

နတ်သမီးယွဲ့တိုက်က အနီရောင်ဝတ်စုံဖြင့် မိန်းကလေးအနီးသို့ တိုးကပ်သွားခဲ့သည်။ ထို့နောက် မျက်မှောက်ကြုတ်ကာ သူ့နှာခေါင်းကို လက်နှင့်အုပ်ပြီး အေးစက်စက် ပြောလိုက်၏။

"ငါ့ရဲ့ တိုက်ခိုက်ခံရ‌တာတောင် မသေသေးဘူး။ နင် ဒီကိုလာတာက နောက်လိုက်အဖြစ် ရွေးချယ်ခံရဖို့ လာခဲ့တာလား"

"ဟုန်ယီ... ဟုန်ယီက ကစဉ့်ကလျားခန္ဓာသခင်ကို ဂါရဝပြုချင်လို့ပါ"

စူးဟုန်ယီက နှုတ်ခမ်းထောင့်မှ စီးကျ‌လာသော သွေးများကိုသုတ်ရင်း အားနည်းစွာ ပြောလိုက်သည်။

သို့သော်လည်း သူမက လမ်းဘေးမှ သူတောင်းစားလေးတစ်ဦးထက် မပိုပေ။

ထို့အပြင် ကျွင်းရှောင်ယောက်အကြောင်း လူတော်တော်များများ ပြောကြတာကို ကြားခဲ့ဖူးသည်။

သူသည် အလွန်စွမ်းအားကြီးပြီး ကောင်းကင်ဘုရင်အားလုံးကို လွှမ်းမိုးခဲ့၏။ ဧကရာဇ်မျိုးနွယ်၏ သခင်လေးသည်ပင် သူ့ကို ကြောက်ရသည်။

ထို့ကြောင့်ပင် စူးဟုန်ယီလည်း မြင်တွေ့ဖူးချင်ခဲ့ပေသည်။

ထိုအတွက် ပါရမီရှင်ရွေးချယ်ပွဲစတင်တော့မည်မှန်း သိရပြီးနောက် ဤနေရာကို လာခဲ့ခြင်း ဖြစ်သည်။

သူမကို ကျွင်းရှောင်ယောက်မှ တစ်ချက်ကြည့်သွားသရွေ့ လုံလောက်ပေလိမ့်မည်။

"ဘာ၊ ကစဉ့်ကလျားခန္ဓာကို ဂါရဝပြုဖို့လား"

"ဟားဟားဟား၊ ငါ ရယ်ရလွန်းလို့ သေတော့မယ်။ နိမ့်ကျတဲ့ သူတောင်းစားက စစ်နတ်ဘုရားတစ်ပိုင်းရဲ့ ဘုန်းအသရေကို ချီးမွမ်းချင်နေတာလား"

"ဟုတ်ပါ့၊ ရယ်စရာကောင်းလိုက်တာ"

လူအများက ထိုစကားကိုကြားတော့ ရယ်မောလိုက်ကြသည်။

သူတို့က စူးဟုန်ယီကို လူရွှင်တော်တစ်ယောက်လို ကြည့်လိုက်ကြ၏။

နတ်သမီးယွဲ့တိုက်၏ နှုတ်ခမ်းများကလည်း လှောင်ပြောင်သရော်ဟန်ဖြင့် တွန့်ကွေးသွားခဲ့သည်။

"ကစဉ့်ကလျားခန္ဓာသခင်ရဲ့ ဘုန်းအသရေက နင်လို နိမ့်ကျတဲ့ သူတောင်းစားတွေ ချီးကျူးနိုင်တာ မဟုတ်ဘူး"

"ငါလိုလူတောင်မှ သူ့နောက်လိုက်ပဲ ဖြစ်နိုင်တယ်"

နတ်သမီးယွဲ့တိုက်က လှောင်ပြောင်ပြောဆိုလိုက်သည်။ ထို့နောက် နတ်ဘုရားစွမ်းအင် စုစည်းပြီး လက်နှစ်ချောင်းဖြင့် စူးဟုန်ယီ၏ မျက်ခုံးနှစ်ခုကြားကို ထိုးချလိုက်၏။

ဤမြင်ကွင်းကို မြင်သူများကလည်း လျစ်လျူရှုထားသည်။

မည်သူမျှ သနားဂရုဏာသက်ခြင်း မရှိပေ။

တိုင်းတပါး၏ တောတွင်းနိယာမအရ အင်အားကြီးသူသာ ရှင်သန်နိုင်မည်။

စူးဟုန် ယီ တုန်လှုပ်သွားသည်။

ဤအတိုင်း သူ မသေချင်သေးပေ။

သို့သော်...

နတ်ဘုရားစွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး နတ်သမီးယွဲ့တိုက်၏ တိုက်ခိုက်မှုကို တားဆီးသွားခဲ့သည်။

"ဘယ်သူလဲ"

နတ်သမီးယွဲ့တိုက် မျက်မှောင်ကြုတ်လိုက်၏။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် လှပသော သူ့မျက်နှာလေးက အေးခဲသွားသည်။ ထို့နောက်တော့ နှလုံးခုန်သံ မြန်လာတော့သည်။

ဝေးကွာသောအရပ်ရှိ လေထဲမှ ပုံရိပ်တချို့ ပျံသန်းလာခဲ့သည်။

တုရှန်ဝမ်ဝမ်၊ တုရှန်ချွန်းချွန်းနှင့် ဖေးချင်ရွယ်လည်း ထိုနေရာတွင် ရှိနေကြ၏။

သူတို့ကတော့ နောက်လိုက်များစုဆောင်းရန် မဟုတ်ဘဲ အပျော်တမ်းကြည့်ရန် ကျွင်းရှောင်ယောက်နှင့် လိုက်လာကြခြင်း ဖြစ်ချေသည်။

အမှန်ပင်၊ ရှေ့ဆုံးမှ ဦးဆောင်လာသူက အဖြူရောင်အဝတ်အစားများဖြင့် ကျွင်းရှောင်ယောက် ဖြစ်သည်။

ကစဉ့်ကလျားမြူမှုန်များက ဝေ့ဝဲနေသော်လည်း ချောမောပြေပြစ်သော သူ့မျက်နှာကိုတော့ ဝေဝါးဝါး မြင်ကြရ၏။

သူ၏ မျက်လုံးများကလည်း အရာအားလုံးကို ထိုးဖောက်မြင်နိုင်သလို အလွန် ရှုပ်ထွေးနက်နဲသော အလင်းများ စီးဆင်းနေလေသည်။

ဤအခိုက်တွင် ညစ်ပတ်ပေရေနေသော အနီရောင်ဝတ်စုံဖြင့် မိန်းကလေးကိုကြည့်ရင်း သူ့မျက်လုံးများက အံ့အားသင့်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။

'ဒီထူးဆန်းတဲ့ ခံစားချက်ပဲ ထပ်ဖြစ်ပြန်ပြီ၊ ဖြစ်ကောင်းဖြစ်နိုင်တာက သူ...'

All Chapters