← Chapters

အခန်း ၉၅၂

Vol. 64 Ch. 952

အခန်း ၉၅၂

Vol. 64 Ch. 952

အခန်း ( ၉၅၂ ) ထူးဆန်းသော ကျိန်စာ။

ရင်ပြင်မှ ဤပါရမီရှင်များမှာ ကျွင်းရှောင်ယောက်ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

အားလုံးက တညီတညွတ်တည်း အသက်ပြင်းပြင်း ရှူလိုက်ကြ၏။

ကမ္ဘာလောကသို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးကို ကိုယ်တိုင်မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ကြရလေသည်။

"စစ်နတ်ဘုရားတစ်ပိုင်းကို နှုတ်ခွန်းဆက်ပါတယ်"

ရင်ပြင်တစ်ခုလုံးမှ ပါရမီရှင် အားလုံးက လက်ယှက်ပြီး ကျွင်းရှောင်ယောက်ကို နှုတ်ခွန်းဆက်လိုက်ကြသည်။

စစ်နတ်ဘုရားသည် တိုင်းတစ်ပါးမှ မျိုးဆက်သစ်လူငယ်များ၏ အထွတ်အထိပ် ဂုဏ်သိက္ခာ ဖြစ်သည်။

စစ်နတ်ဘုရားတစ်ပိုင်းကတော့ ထိုဂုဏ်သိက္ခနှင့် ခြေတစ်လှမ်းသာ ဝေးတော့သည်။

ထို့ကြောင့်ပင် တိုင်းတပါးမှာ ကျွင်းရှောင်ယောက်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းက ဧကရာဇ်မျိုးနွယ်တချို့မှ တိုက်ရိုက်မျိုးဆက်များထက်ပင် မြင့်မားခဲ့သည်။

ထို့‌ပြင် သူက ကစဉ့်ကလျားခန္ဓာ ဖြစ်နေသေး၏။ ကျွင်းရှောင်ယောက်ကို လူဘယ်လောက်များများ၊ မျက်နှာသာပေးချင်နေကြမှန်း တွေးကြည့်ရန်ပင် မလွယ်ပေ။

ကျွင်းရှောင်ယောက်ထံမှ သွေးတစ်စက် ပေးကမ်းခြင်းခံရလျှင်ပင် အဖိုးအနန္တထိုက်တန်သော ရတနာတစ်ပါးအဖြစ် တန်ဖိုးထားရာသည်။

"ယွီရှောင်ယောက်..."

ကျွင်းရှောင်ယောက် ရောက်လာတာကိုမြင်တော့ လီကျိုးမင်နှင့် အခြားသူများ၏မျက်နှာတွင် ရှက်ရွံ့သောအရိပ်အယောင်များ ပေါ်လာခဲ့သည်။

သို့ရာတွင်၊ သူတို့ကို ကျွင်းရှောင်ယောက်က မမြင်မတွေ့ရသလို ကြည့်ပင်မကြည့်သွားခဲ့ပေ။

ယင်းက ဘယ်အဓိပ္ပာယ်နည်း။

ဤသည်မှာ ရှုံးနိမ့်သွားသော စစ်သူကြီးက သူ၏ အာရုံစိုက်မှုပင် မထိုက်တန်တော့သော အဓိပ္ပာယ် ဖြစ်သည်။

"သခင်၊ ငါက ကျိန်စာဝိညာဉ်ခန္ဓာနဲ့ ကျိန်စာနတ်ဆိုးမျိုးနွယ်က လာတာပါ။ သခင်ရဲ့ နောက်လိုက်ဖြစ်လာရဖို့ မျှော်လင့်ပါတယ်"

သူ့တစ်ကိုယ်လုံးတွင် ကျိန်စာအမှတ်အသားများ ရေးထိုးထားသော အမျိုးသားတစ်ဦးက ချစ်ကြောက်ရိုသေသောအကြည့်ဖြင့် ကျွင်းရှောင်ယောက်ကိုကြည့်ကာ ဦးညွှတ်လိုက်သည်။

"သခင်၊ ငါက တစ္ဆေမျက်လုံးတော်ဝင်မျိုးနွယ်ကပါ။ သခင်ရဲ့နောက်လိုက် ဖြစ်ချင်ပါတယ်"

"သခင်၊ ငါက ကျစ်ယွီမျိုးနွယ်က ကျစ်လင်ပါ။ ငါ့ကို လက်ခံမယ်ဆိုရင် ကျွန်စစ်စစ်တစ်ယောက်လို ထားမယ်ဆိုရင်တောင် လက်မတွန့်ပါဘူး"

"သခင်၊ ငါက..."

ပတ်ဝန်းကျင်က တခဏချင်းမှာပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ မရေမတွက်နိုင်သော ပါရမီရှင်များက ကျွင်းရှောင်ယောက်ထံမှ မျက်နှာသာရရှိရန်မျှော်လင့်ရင်း သူတို့ကိုယ်ကို အလုအယက် မိတ်ဆက်လိုက်၏။

ကျွင်းရှောင်ယောက် အနည်းငယ် မျက်မှောင်ကြုတ်ပြီး လက်တစ်ဖက် မြှောက်ပြလိုက်သည်။

ထိုအခါ ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။

ထိုသို့သော ရောင်ဝါနှင့် လူထုအပေါ် လွှမ်းမိုးနိုင်စွမ်းက လီကျိုးမင်ကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။

ကျွင်းရှောင်ယောက်၏ ဂုဏ်သိက္ခာက မျိုးဆက်သစ်လူငယ်များကြားမှာ ဤမျှ မြင့်မားနေသလော။

တနေရာလုံး တိတ်ဆိတ်နေချိန်တွင်...

နတ်သမီးယွဲ့တိုက်က သူမ၏ သွယ်လျသောခါးကိုနွဲ့ပြီး ရှေ့ကို ထွက်လာခဲ့သည်။ သူမ၏ လှပသော မျက်နှာပေါ်မှာလည်း ချစ်စ‌ရာကောင်းပြီး ယုံကြည်မှုရှိသော အပြုံးတစ်ခုက ခိုတွဲလျက်ရှိ၏။

"သခင်၊ ငါက ဧကရာဇ်တစ်ပိုင်းမျိုးနွယ် အပြာရောင်လမင်းမျိုးနွယ်ကနေ လာခဲ့တာပါ။ ငါ့နာမည်က ယွဲ့တိုက်လို့ခေါ်ပါတယ်"

"ငါက ကစဉ့်ကလျားခန္ဓာသခင်ကို အလွန်လေးစားတာကြောင့် သခင်ရဲ့ နောက်လိုက် ဖြစ်ချင်နေတာပါ။ ဒီအခွင့်အရေး ယွဲ့တိုက်ကို ပေးနိုင်မလား မသိဘူး"

နတ်သမီးယွဲ့တိုက်က အနည်းငယ် ဦးညွတ်ကာ ပြောလိုက်သည်။

ထိုသို့ ဦးညွတ်လိုက်ချိန်တွင် တောင်ပူစာနှစ်လုံးနှင့် နှင်းဖြူလျှိုကြီးက မထင်မရှား ပေါ်လွင်လာ၏။ ထိုမြင်ကွင်းက လွန်စွာမှ စွဲမက်ဖွယ်ကောင်းတော့သည်။

သို့သော်...

နတ်သမီးယွဲ့တိုက်ကို အေးခဲသွားစေခဲ့သည်မှာ...

ကျွင်းရှောင်ယောက်က သူ့ကို ကြည့်ရုံသာကြည့်ပြီး အနီရောင်ဝတ်စုံဖြင့် ညစ်ညစ်ပတ်ပတ် မိန်းကလေးအပေါ်သို့ အာရုံရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်ကြားတွင် ကွာခြားမှုသည် အလွန်ကြီးမား၏။

ဤညစ်ပတ်နေသော မိန်းကလေးထံသို့ ကျွင်းရှောင်ယောက် အာရုံရောက်သွားကြောင်း မြင်ရပြီးနောက် နတ်သမီးယွဲ့တိုက်၏ အမူအရာ ပြောင်းသွားသည်။

သူမက ချက်ချင်း နောက်ကိုလှည့်ပြီး ပြောလိုက်သည်။

"နင် ဘာဖြစ်လို့ မထွက်သွားသေးတာလဲ။ သခင်ရှေ့မှာ ငါ မတိုက်ခိုက်ချင်ဘူး။ သခင်ရဲ့ မျက်လုံးတွေ ညစ်ပေသွားလိမ့်မယ်"

စူးဟုန်ယီလည်း နာကျင်မှုကို သည်းခံရင်း ဖရိုဖရဲဆံပင်များကြားမှ ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

သူ့မျက်လုံးထဲတွင် နတ်တစ်ပါးကို မြင်နေရသလို ခံစားလိုက်ရ၏။

ချောမောလွန်းသဖြင့် စူးဟုန်ယီမှာ အနည်းငယ် အစစ်မဟုတ်သလိုပင် ခံစားလိုက်ရလေသည်။

"စူး... စူးဟုန်ယီ သခင်ကို တွေ့ဖူးပြီ။ အခု သခင်ကို တွေ့ပြီးပြီမို့.... ဟုန်ယီ ထွက်သွားပါတော့မယ်"

စူးဟုန်ယီက မဝံ့မရဲပြောပြီး နောက်လှည့်လိုက်သည်။

သူ့ကြောင့် ထိုသခင်လေးကို မညစ်ပတ်စေလိုပေ။

"ခဏနေဦး…”

တည်ငြိမ်သော အသံတစ်ခု ထွက်လာခဲ့သည်။

စူးဟုန်ယီ အံ့သြသွားသည်။

နတ်သမီးယွဲ့တိုက်လည်း အံ့သြသွား၏။

ပရိသတ်အားလုံး အံ့ဩသွားကြတော့သည်။

ကျွင်းရှောင်ယောက်က စူးဟုန်ယီဆီသို့ လျှောက်သွားနေကြောင်း အားလုံး မြင်လိုက်ကြရသည်။

ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး စူးဟုန်ယီ၏မျက်နှာရှေ့သို့ ကျရောက်နေသော ဖရိုဖရဲဆံနွယ်များကို ဖယ်ရှားလိုက်၏။

ထိုအခါ နီရဲလျက်ရှိသော မျက်လုံးအစုံကို မြင်လိုက်ရတော့သည်။

ထိုမျက်လုံးများက သွေးများ စီးကျနေပုံရပြီး အနက်ရောင် ကျိန်စာအမှတ်အသားလေးများလည်း ရှိနေသည်။

ယင်းက ထူးဆန်းသော်လည်း တစ်မျိုး ဆွဲဆောင်မှုရှိ၏။

သို့ပေမည့် မိန်းကလေး၏ မျက်နှာက ကင်းခြေများကဲ့သို့ အမာရွတ်များ ပြည့်နေသည်။

ယင်းက ရွံရှာဖွယ်ကောင်းပြီး ကြောက်စရာ‌လည်း ကောင်းပေသည်။

ထိုမျက်နှာက မျက်လုံးလေးများမှ စွဲမက်ဖွယ်ကောင်းသော ခံစားချက်ကို ဖျက်ဆီးပစ်လိုက်သည်။

"သခင်၊ ဟုန်ယီကို မကြည့်ပါနဲ့။ ဟုန်ယီက ရုပ်ဆိုးတယ်..."

စူးဟုန်ယီက ငိုတော့မလိုဖြစ်သွားပြီး သူ့မျက်နှာကို လက်ဖြင့်အုပ်ထားရန် ဟန်ပြင်လိုက်သည်။

"သခင်၊ အဲဒီကောင်မလေးက အရမ်းညစ်ပတ်တယ်..."

နတ်သမီးယွဲ့တိုက်လည်း သူ့နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်၏။

စူးဟုန်ယီ၏ ခန္ဓာကိုယ်က အညစ်အကြေးများ၊ ဖုန်မှုန့်နှင့် သွေးများ ရောနှောစွန်းထင်းနေပြီး အလွန်ညစ်ပတ်သည်။ ရွံ့တတ်သူများဆိုလျှင် သူ့ကိုကြည့်ရင်း စိတ်ထဲ မသတီဖြစ်စေလောက်၏။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်သည်။

သဘာဝအတိုင်း၊ သူက သူတောင်းစားကို သနားတတ်သည့် ကြင်နာစိတ်ရှိသူတစ်ဦး မဟုတ်ပါ။

ထိုအစား သူဟာ ထူးဆန်းသော အတက်အကျတစ်ခုကို ခံစားမိခဲ့သည်။

'ဒီမိန်းကလေးမှာ အတော်အားကောင်းတဲ့ ကျိန်စာစွမ်းအားရှိနေတာပဲ။ ဒါ့အပြင် သူ့ရဲ့ ခန္ဓာကိုယ်အနှံ့က သွေးကြောတွေက မတည်ငြိမ်သလို အရိုးတွေလည်း အက်ကွဲနေတယ်။ ဒီနေ့အထိ သူ ရှင်သန်နိုင်တာ အံ့သြစရာပဲ'

ကျွင်းရှောင်ယောက်က တစ်ယောက်တည်း တွေးလိုက်သည်။

စူးဟုန်ယီ၏ ခန္ဓာကိုယ်မှ ကျိန်စာစွမ်းအားများကိုသာ နတ်သမီးယွဲ့တိုက်ထံ ပို့လွှတ်လိုက်ပါက...

ထိုစွမ်းအား၏ ပြင်းထန်မှုက နတ်သမီးယွဲ့တိုက်ကို ချက်ချင်းသတ်ရန် လုံလောက်သည်။

သို့သော်၊ စူးဟုန်ယီက ယခုထိ အသက်ရှင်နေသေးသည်။

ယင်းက ထူးခြားသည်။

နတ်သမီးယွဲ့တိုက်က သူတော်စင်ဘုရင်ဖြစ်သည်။

စူးဟုန်ယီနှင့်ယှဉ်လျှင် နတ်သမီးယွဲ့တိုက်က ပို၍ သာလွန်ပုံရ၏။

သို့ဆိုလျှင်ပင် ဘာဖြစ်သေးသနည်း။

ကျွင်းရှောင်ယောက်က ထူးဆန်းသော မူလဇစ်မြစ်များရှိသည့် ဤလူထူးဆန်းများကိုသာ စိတ်ဝင်စားသည်။

သူ့အရင်နောက်လိုက်များဖြစ်သည့် ရီယု၊ ရန်ချင်းယင်၊ ဝမ့်ချွမ်နှင့် ထာဝရဆင်းရဲဒုက္ခနတ်ဘုရားမ...

သူတို့ထဲတွင် မည်သူက သာမန်လူများ ဖြစ်သနည်း။

ကျွင်းရှောင်ယောက်၏ နောက်လိုက်များက သာမန်လူများ မဟုတ်ပေ။

မူလက ကျွင်းရှောင်ယောက်သည် ပိအန်းမင်းသားနှင့် ရွယ်ယွဲ့အတွက်သာ ဤပါရမီရှင်ရွေးချယ်ပွဲကို လာရောက်ခဲ့ခြင်း ဖြစ်သည်။

နောက်လိုက်များလက်ခံရန် စိတ်ကူး လုံးဝ မရှိပေ။

ယခုတော့ သူ့ကို စိတ်ဝင်စားစေသော လူတစ်ယောက်ကို တွေ့လိုက်ရပြီ ဖြစ်သည်။

"သ...သခင်..."

စူးဟုန်ယီ၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်သွားသည်။

သူ့ခန္ဓာကိုယ်မှ အနံ့ဆိုးများကို ရှူရှိုက်မိတော့ ရှက်ရွံ့မှုကို ခံစားလိုက်ရ၏။

ကျွင်းရှောင်ယောက်၏အနားတွင် ရှိနေခြင်းကပင် ကျွင်းရှောင်ယောက်ကို စော်ကားမိသလို ခံစားရသည်။

"မင်းနာမည်ဘယ်လိုခေါ်လဲ"

ကျွင်းရှောင်ယောက် မေးလိုက်သည်။

"စူး... စူးဟုန်ယီ"

စူးဟုန်ယီ တွန့်ဆုတ်စွာ ပြောလိုက်သည်။

သူမ၏ ယခင်ဆန္ဒက ကျွင်းရှောင်ယောက်ကို အဝေးမှလှမ်းကြည့်ရုံ ဖြစ်သည်။

ယခုကဲ့သို့ ကျွင်းရှောင်ယောက်နှင့် စကားပြောနိုင်မည်ဟု မည်သူထင်ထားခဲ့မည်နည်း။

ထို့အပြင်၊ ကျွင်းရှောင်ယောက်က သူမ၏ နဖူးမှ ဆံနွယ်များကို ညင်သာစွာ ဖယ်ရှားပြီး ကြင်နာစွာကြည့်နေသည်။

ကျွင်းရှောင်ယောက်က သူမ ထင်ထားသလောက် အေးစက်ပြီး မာနကြီးပုံမရပေ။

"စူးဟုန်ယီ..."

ကျွင်းရှောင်ယောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ နာမည်အတိုင်း သူမက အနီရောင်ဝတ်စုံဝတ်ထားသော်လည်း ညစ်ပတ်ပေရေနေ၏။

ထို့နောက် ကျွင်းရှောင်ယောက်က စူးဟုန်ယီ၏ မျက်ခုံးနှစ်ခုကြားကို ရုတ်တရက် လက်ညှိုးညွှန်ပြလိုက်သည်။

ထူးဆန်းသော အင်အားတစ်ခုက စူးဟုန်ယီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွား၏။

ထိုအင်အားက စူးဟုန်ယီ၏ ခန္ဓာကိုယ်တွင်းရှိ ကျိန်စာစွမ်းအားများကို ယာယီဖိနှိပ်ခဲ့ပေသည်။

စူးဟုန်ယီလည်း သူမ၏ ခန္ဓာကိုယ်ထဲသို့ ကြီးမားသော စွမ်းအင်များ စိမ့်ဝင်လာပြီးနောက် ဝေဒနာများ ယူပစ်သကဲ့သို့ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြောက်စရာကောင်းသော အမာရွတ်များလည်း အနည်းငယ် မှိန်ဖျော့သွား၏။

ဟုတ်သည်၊ ယင်းက အပြည့်အဝ ပျောက်ကွယ်သွားခြင်းတော့ မရှိပေ။

"ကျေးဇူးတင်ပါတယ် သခင်"

စူးဟုန်ယီ၏ အနီရောင်မျက်လုံးများက တုန်လှုပ်သွားပြီး အလွန်ကျေးဇူးတင်သွားမိသည်။

လူအားလုံးက သူမကို အထင်သေးကြသည်။

လူတိုင်းက သူ့ကို ညစ်ပတ်သော သူတောင်းစားတစ်ယောက်ဟု မှတ်ယူကြ၏။

ကျွင်းရှောင်ယောက်တစ်ဦးသာ ဤသို့ ကြင်နာမှုပြခဲ့သည်။

ထို့အပြင် တစ်ဖက်လူ၏ အဆင့်အတန်းက မြင့်မားလွန်းသောကြောင့် စူးဟုန်ယီမှာ သူမကို ကူညီရန် စိတ်တောင်မကူးဝံ့ပေ။

ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ ရုပ်သွင်က စူးဟုန်ယီ၏ နှလုံးသားထဲတွင် ထာဝရ ထွင်းထုပြီးသွားပြီ ဖြစ်သည်။

ကမ္ဘာပေါ်တွင် တန်ဖိုးကြီးဆုံးအရာက အချိုပေါ်ကို သကာလောင်းခြင်း မဟုတ်ပေ။

ထိုအစား အလိုအပ်ဆုံးအချိန်တွင် အတူရှိနေပေးခြင်း ဖြစ်သည်။

"သခင်... သူက နောက်ခံတောင်မရှိတဲ့ မိန်းကလေးတစ်ဦးပဲ။ သူ့အဆင့်က ကျွန်တွေထက်တောင် နိမ့်ကျတယ်။ သူက သခင့်ရဲ့အာရုံစိုက်မှုကို ဘယ်လို ရယူနိုင်တာလဲ"

နတ်သမီးယွဲ့တိုက် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

သူသည် ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ပါရမီရှင်တစ်ဦး ဖြစ်၏။ ရုပ်ရည်၊ အဆင့်အတန်း၊ အရည်အချင်း မည့်နေရာတွင်မဆို တစ်ဖက်လူထက် သာလွန်သည်။

သို့သော်...

ကျွင်းရှောင်ယောက်က နတ်သမီးယွဲ့တိုက်ကို လျစ်လျူရှုထားဆဲ ဖြစ်သည်။ စူးဟုန်ယီကိုကြည့်ကာ လက်ညိုးတစ်ချောင်းထောင်ပြလိုက်၏။

ကစဉ့်ကလျားသွေးတစ်စက်က သူ့လက်ဖျားမှ ထွက်ပေါ်လာတော့သည်။

"ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ ပထမ၊ ဒီသွေးတစ်စက်ကို လက်ခံပြီး သူ့ကို သတ်လိုက်ပါ။ ပြီးရင် မင်း ငါ့ရဲ့နောက်လိုက် ဖြစ်လာလိမ့်မယ်"

"ဒုတိယ၊ ဒီကနေ ချက်ချင်း ထွက်သွားပါ။ မင်းကို ဘယ်သူ့ကိုမှ ဒုက္ခမပေးစေရဘူး"

All Chapters