← Chapters

အခန်း ၉၅၄

Vol. 64 Ch. 954

အခန်း ၉၅၄

Vol. 64 Ch. 954

အခန်း ( ၉၅၄ ) ကောင်းကင်ဘုရင်ဆယ်ပါး၏ ခေါင်းဆောင်။

ကျွင်းရှောင်ယောက်၏ အမြင်က အလွန် မြင့်မားသည်။

သူ၏ နောက်လိုက်ဖြစ်လာရန် အရည်အချင်းပြည့်မီသူများက သာမာန်လူများထက် သာလွန်သော ထူးခြားမှုကိုယ်စီ သဘဝအတိုင်း ရှိ၏။

ယခုအချိန်ထိ ကျွင်းရှောင်ယောက်တွင် နောက်လိုက် ငါးဦး ရှိသည်။

ရီယု၊ ရန်ချင်းယင်၊ ဝမ့်ချွမ်၊ ထဝရဆင်းရဲဒုက္ခ နတ်ဘုရားမ၊ ယခု စူးဟုန်ယီ။

သူ့ရှေ့တွင် ရိုသေစွာ ဒူးထောက်နေသော စူးဟုန်ယီကိုကြည့်ရင်း ကျွင်းရှောင်ယောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ထပါ"

"ဟုတ်ကဲ့"

စူးဟုန်ယီ ပြန်ထရပ်လိုက်၏။

သူမ၏ အနီရောင်အဝတ်အစားများက စုတ်ပြဲပြီး ခန္ဓာကိုယ်မှာလည်း ညစ်ပတ်နေသေးသည့်တိုင်...

သူ့မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသော အမာရွတ်များ ပျောက်ကွယ်လုနီးပါး မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ထိုပြောင်းလဲမှုအောက်တွင် ချက်ချင်း သေဆုံးသွားရသော နတ်သမီးယွဲ့တိုက်၏ပုံရိပ်က ရစ်ဝဲနေဆဲပင်။

ယင်းကြောင့် ပတ်ဝန်းကျင်မှ ပါရမီရှင်များအားလုံး တိတ်ဆိတ်နေကာ ဤညစ်ပတ်သောမိန်းကလေးကို မကြည့်ဝံ့တော့ပေ။

ပတ်ဝန်းကျင်မှ လူများ၏ အကြောက်တရားကို ခံစားမိတော့...

စူးဟုန်ယီ၏ စိတ်ထဲမှာ အလွန်ရှုပ်ထွေးနေသလို ခံစားလိုက်ရသည်။

လူတိုင်း မထီမဲ့မြင်ပြုခံရသောဘဝမှ လူတိုင်းကြောက်ရွံ့ရသည်အထိ...

ကျွင်းရှောင်ယောက်က သူမကို စိတ်ကူးယဉ်ရန် မလွယ်ကူသော ဘဝသစ်တစ်ခု ပေးအပ်ခဲ့ပေသည်။

ကျွင်းရှောင်ယောက်က စူးဟုန်ယီအပေါ်မှာ ကျွန်အမှတ်အသား မခပ်နှိပ်ထားလျှင်ပင်...

စူးဟုန်ယီက ကျွင်းရှောင်ယောက်အပေါ်မှာ စိတ်နှလုံးအကြွင်းမဲ့ သစ္စာစောင့်သိတော့မည် ဖြစ်သည်။

လေထုက အနည်းငယ် အေးစက်နေခဲ့ပေသည်။

နောက်ဆုံးတွင်၊ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်စု၏ ပါရမီရှင်တစ်ဦးမှာ ဝမ်းနည်းဖွယ်ကောင်းလောက်အောင် တစ်ချက်တည်း သေဆုံးသွားခဲ့သည်။

အကယ်၍ အခြားလူတစ်ဦးဖြစ်ပါက အပြာရောင်လမင်းမျိုးနွယ်သည် အလွတ်ပေးမည် မဟုတ်ချေ။

သို့ရာတွင်... ကျွင်းရှောင်ယောက် ဖြစ်နေချိန်မှာတော့...

အပြာရောင်လမင်းမျိုးနွယ်က နတ်သမီးယွဲ့တိုက်ကြောင့် ကျွင်းရှောင်ယောက်ကို ဘယ်တော့မှ တိုက်ခိုက်မည် မဟုတ်ပါ။

နောက်ဆုံးမှာတော့ ကျွင်းရှောင်ယောက်က တစ်ယောက်တည်း မဟုတ်ပေ။

သူ့နောက်မှာ စစ်နတ်ဘုရားနန်းတော်၏ ရှေးအဓိပဓိ ရှိသည်။

ဤအခိုက်အတန့်တွင် အနည်းငယ် အပြောင်အပျက်ဆန်ပြီး ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အဟဲဟဲ၊ အကြိမ်တစ်ရာ မြင်ရတာထက် တစ်ကြိမ်မြင်ရတာက ပိုပြီးကောင်းပါပေတယ်။ ကစဉ့်ကလျားခန္ဓာက တုနှိုင်းမရဘဲ ကြီးစိုးတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်နေပေမဲ့ အခုမြင်လိုက်ရတော့ အမှန်ဖြစ်နေပုံပဲ"

"ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုရဲ့ ပါရမီရှင်ကို သတ်ပစ်ဖို့တောင် ပေါ့ပေါ့ပါးပါး အမိန့်ပေးခဲ့တယ်"

ထိုစကားသံကိုကြားတော့ လူအားလုံး ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။

"သူရောက်လာပြီ"

လီကျိုးမင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

အဝေးမှ လေထံတွင် အပြာရောင်အဝတ်အစားများ၊ အပြာရောင်ဆံပင်နှင့် ချောမောသော လူငယ်တစ်ဦး ပျံသန်းလာနေသည်။

သူ့ခြေရင်းမှာလည်း အပြာရောင်ပန်းပွင့်များက ပွင့်လန်းပြီး တံတားအဖြစ် ဆန့်တန်းသွားကြ၏။

အပြာရောင်ဝတ် ထိုလူငယ်က အပြာရောင်ပန်းတံတားပေါ်မှ လျှောက်လှမ်းလာခြင်း ဖြစ်ချေသည်။

"ဒါက ပိအန်းအဖွဲ့အစည်းရဲ့ အပြာရောင် ပြန်လည်ရှင်သန်ခြင်းလီလီပန်းမျိုးနွယ်က မင်းသားပဲ"

"လာပြီဟေ့၊ သူက ကောင်းကင်ဘုရင်ဆယ်ပါးရဲ့ ခေါင်းဆောင်ပဲ"

ပိအန်းမင်းသား၏ တည်ရှိမှုက လှိုင်းလုံးကြီးများ ဖြစ်လာစေခဲ့သည်။

လူအများက ကျွင်းရှောင်ယောက်နှင့် ပိအန်းမင်းသားကို တစ်လှည့်စီ ကြည့်လိုက်ကြ၏။

ဤလူနှစ်ယောက်ဟာ ယခင်က ပဋိပက္ခ မရှိခဲ့ဖူးပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ လီကျိုးမင်နှင့် ရင်ဆိုင်စဉ်က ကောင်းကင်ဘုရင်ဆယ်ပါးအား ရှုတ်ချပြောဆိုခဲ့ဖူးသည်။

'ကောင်းကင်ဘုရင်ဆယ်ပါးစလုံးကို အားနည်းတယ်လို့ မထင်စေနဲ့'

ထိုအထဲတွင် ပိအန်းမင်းသားလည်း ပါဝင်သည်။

အားလုံး သိကြသည့်အတိုင်း ပိအန်းမင်းသားက အလွန်မာနထောင်လွှားပြီး ကောက်ကျစ်သူဖြစ်ချေသည်။

ပိအန်းဧကရာဇ်မျိုးနွယ်၏ နောက်ခံရှိခြင်းကြောင့်လည်း သူက ပို၍ ထောင်လွှားခဲ့သည်။

သူ့အဆင့်အတန်းက လီကျိုးမင်ကဲ့သို့ ဧကရာဇ်မျိုးနွယ်၏ သခင်လေးတစ်ယောက်နှင့် များစွာမကွာခြားပေ။

ပိအန်းမင်းသား၏ ထိုစရိုက်အရ ငြိမ်ခံနေမှာ မဟုတ်တာတော့ သေချာသည်။

"မင်းက ကောင်းကင်ဘုရင်ဆယ်ပါးမှာ နံပါတ်တစ်လား"

ကျွင်းရှောင်ယောက်က ပိအန်းမင်းသားကို လှမ်းကြည့်လိုက်သည်။

"ကစဉ့်ကလျားခန္ဓာ ယွီရှောင်ယောက်၊ ကောင်းကင်ဘုရင်ဆယ်ပါးထဲက ငါးဦးတောင် မင်းကို ရှုံးနိမ့်သွားကြပြီလို့ ပြောကြတယ်။ တကယ်ကို အမြင်ကျယ်စေခဲ့တာပဲ"

ပိအန်းမင်းသားက လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်သည်။

သူက ဒေါသကြီးသလောက် ဦးနှောက်မရှိသော လူမိုက်မျိုး မဟုတ်ပေ။

အနည်းငယ် ကျဉ်းမြောင်းသော သူ့မျက်လုံးများက အေးစက်စက် အလင်းရောင်တချို့ လင်းလက်နေခဲ့သည်။

ကျွင်းရှောင်ယောက် မည်မျှသန်မာသလဲဆိုတာကို သူက အဖြေရှာရန် ကြိုးစားလိုက်၏။

"မဟုတ်ပါဘူး၊ ငါကတော့ ငါ အရမ်းသန်မာတယ်လို့ မထင်ဘူး"

ကျွင်းရှောင်ယောက်က တည်ငြိမ်အေးဆေးစွာ တုံ့ပြန်ခဲ့သည်။

တစ်နည်းဆိုရသော်၊ ကောင်းကင်ဘုရင်ဆယ်ပါးက အားနည်းလွန်းကြသောကြောင့်ပင်။

"ဟင်း၊ ညီနောင်ရှောင်ယောက်က တကယ် နှိမ့်ချတာပဲ။ မင်းက အဓိပဓိတစ်ပိုင်းနယ်ပယ်နဲ့ အဓိပဓိတစ်ပါးကို သတ်ဖြတ်နိုင်ပြီး အခုဆိုရင် ပြည်နယ်ဆယ်ခုမှာ တုန်လှုပ်စေခဲ့ပြီလေ"

ပိအန်းမင်းသား ပြုံးလိုက်သည်။

သူက ပြုံးရွှင်နေသော်လည်း ကျားတစ်ကောင်ပမာ ခံစားရ၏။

ပရိသတ်အပေါင်းတို့လည်း ဤလူနှစ်ယောက်ကြားမှ စကားများကို အာရုံစိုက်ကာ နားထောင်နေခဲ့ကြသည်။

သူတို့ကြားတွင် ပြဿနာတစ်စုံတစ်ရာ ရှိပုံမရသော်လည်း...

တကယ်တမ်း၊ အပြုံးအောက်တွင် ဓားတစ်ချောင်းကို ကိုယ်စီဝှက်ထားကြခြင်း ဖြစ်ချေသည်။

"ဒါဆို မင်းလည်း စမ်းကြည့်ချင်လား"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူက ပိအန်းမျိုးနွယ်အကြောင်း စုံစမ်းရန်အတွက် ပိအန်းမင်းသားကို အပေါင်အဖြစ် သုံးချင်ခဲ့ပေသည်။

"မလိုပါဘူး၊ ဒီနေ့က ကြီးကျယ်ခမ်းနားတဲ့ ပါရမီရှင် ရွေးချယ်ပွဲပဲ။ အဓိကကတော့ နောက်လိုက်တွေကို စုဆောင်းဖို့ ဒီကိုရောက်နေခဲ့တာပါ"

ပိအန်းမင်းသားက ပြုံးလျက် ပြောလိုက်သည်။

ထိုစကားကိုကြားတော့ လူတော်တော်များများ စိတ်မကောင်းဖြစ်သွားကြ၏။

ကံမကောင်းစွာဖြင့် တိုက်ပွဲကောင်းကြီးကို မတွေ့ခဲ့ရပေ။

ပိအန်းမင်းသားကို အနည်းငယ် ကြောက်နေသည်ဟု ထင်နေကြသူတချို့လည်း ရှိသည်။

နောက်ဆုံးတွင်၊ သူက အဓိပဓိတစ်ပါးကို သတ်ဖြတ်ခဲ့သော ကစဉ့်ကလျားခန္ဓာ ဖြစ်သည်။

အိပ်စက်နေသော ဧကရာဇ်သားတော်နှင့် နတ်ဘုရားမများပင်လျှင် သတိထားကြရလိမ့်မည်။

ကျွင်းရှောင်ယောက်လည်း မျက်လုံးကို အနည်းငယ်မှိတ်ပြီး ရပ်စောင့်နေလိုက်သည်။

ထို့နောက် ပိအန်းမင်းသားက နောက်လိုက်အနည်းငယ်ကို ရွေးချယ်ခဲ့ပေသည်။

ထိုသူများ၏ ပင်ကိုယ်စွမ်းရည်၊ ခွန်အားနှင့် နောက်ခံ နှစ်ခုစလုံးက အားကောင်းကြသည်။

နတ်သမီးယွဲ့တိုက်နှင့် နှိုင်းယှဉ်လျှင်ပင် သူတို့က များစွာ အားမနည်းကြပေ။

ဟုတ်သည်၊ စူးဟုန်ယီနှင့်တော့ နှိုင်းယှဉ်စရာမရှိပါ။

စူးဟုန်ယီက ကျွင်းရှောင်ယောက် ရှာတွေ့ခဲ့သော နွံအိုင်ထဲမှ ပတ္တမြား ဖြစ်သည်။

အခြားပါရမီရှင်များစွာက ကျွင်းရှောင်ယောက်၏နောက်သို့ လိုက်ချင်ကြသော်လည်း...

ကျွင်းရှောင်ယောက်က သူတို့အားလုံးကို လျစ်လျူရှုထားကာ နောက်ထပ် နောက်လိုက်များကို မရွေးချယ်တော့ပေ။

နောက်လိုက်များကို ရွေးချယ်ပြီးနောက် ပိအန်းမင်းသားက အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည်။

"ငါအမုန်းဆုံးအရာက သစ္စာဖောက်ဆိုတာ မင်းတို့ သိသင့်တယ်"

"ငါတို့အားလုံး သခင်နောက်ကို သစ္စာရှိရှိ လိုက်ပါကြပါမယ်"

ထိုနောက်လိုက်များက လက်ယှက်ပြီး ပြောလိုက်ကြ၏။

"သိပ်ကောင်းတယ်၊ ဒါပေမဲ့ သစ္စာဖောက်တစ်ယောက်ရဲ့ ကံကြမ္မာကို မင်းတို့ နားလည်စေချင်သေးတယ်"

"မင်းတို့တင်မကဘူး၊ ဒီမှာရှိနေတဲ့လူတိုင်းလည်း သိသင့်တယ်။ ကိုယ့်မျိုးနွယ်နဲ့ ငါတို့ကမ္ဘာကြီးကို သစ္စာဖောက်ရင် အဆုံးသတ်က ဘာဖြစ်မယ်ဆိုတာ သိကြရမယ်"

ပိအန်းမင်းသား၏ စကားအဆုံးတွင်...

ဝေးကွာသော ကောင်းကင်ယံမှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဦးခေါင်းဖြူ အရိုးစု လင်းတ ကိုးကောင်က အကျဉ်းထောင်လှည်းတစ်ခုကို ဆွဲလာကြ၏။

အကျဉ်းထောင်ထဲမှာတော့ သွေးများ စွန်းပေနေသော မိန်းကလေးတစ်ယောက် ရှိနေတော့သည်။

ထိုမိန်းကလေး၏ ခန္ဓာက သွယ်လျပြီး ရေတံခွန်ကဲ့သို့ ရှည်လျားသော အနက်ရောင်ဆံပင်များ ရှိသည်။ သူမ၏မျက်နှာပေါ်မှာလည်း ရှုံ့မဲ့နေသော မျက်နှာဖုံးတစ်ခု ရှိ၏။

သူ့ခြေလက်များက ပိန်ပါးပြီး သွေးစွန်းနေသော အဝတ်အစများဖြင့် ပတ်ထားလေသည်။

သူ့ကိုကြည့်ရသည်မှာ ဆိုးရွားသော ညှဉ်းပန်းနှိပ်စက်မှုများကို ခံထားရဟန်ဖြင့် အားအင်နည်းလှသည်။

ကျွင်းရှောင်ယောက်လည်း သူ့ကို တစ်ချက် လှမ်းကြည့်လိုက်၏။

ရွယ်ယွဲ့ ဖြစ်ချေတော့သည်။

"ဟင်...၊ အဲဒီလူက..."

ရင်ပြင်မှာ တီးတိုးစကားသံများ ထွက်ပေါ်လာခဲ့သည်။

"ဒါက ငါတို့ ပိအန်းအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦးပဲ"

"ဒါပေမဲ့ သူဟာ သူ့မျိုးနွယ်နဲ့ ငါတို့ကမ္ဘာကို သစ္စာဖောက်ခဲ့တယ်"

"ရှန်းရွှီကမ္ဘာရဲ့ တိုက်ပွဲကြားမှာ သူက အင်မော်တယ်နယ်မြေကြီးမှာရှိတဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်အတွက် တိုက်ခိုက်ပေးခဲ့တယ်"

“ဒီလို သစ္စာဖောက်မှုမျိုးကို ငါတို့ ခွင့်မပြုဘူး"

ပိအန်းမင်းသား၏ အသံက အဝေးကို ပျံ့နှံ့သွားခဲ့သည်။

ရွယ်ယွဲ့ကို ဖမ်းမိကတည်းက လူအားလုံးအရှေ့တွင် သေသည်အထိ ညှဉ်းပန်းနှိပ်စက်ရန် သူ ကြိုတင်ကြံစည်ထားခဲ့ပြီးပြီ။

ဤတွင် ထမအချက်က၊ သူ၏ သစ္စာစောင့်သိမှုနှင့် ဖြောင့်မတ်ခြင်း ပုံရိပ်ကို ဖန်တီးရန် ဖြစ်သည်။

ဒုတိယကတော့၊ အပြာရောင်လီလီပန်းမျိုးနွယ်၏ ဂုဏ်သိက္ခာကို ထူထောင်ရန် ဖြစ်၏။

ပိအန်းမင်းသား၏ စကားကိုကြားတော့ ရောက်လာကြသော တိုင်းတစ်ပါးသား ပါရမီရှင် အပေါင်းတို့၏ မျက်လုံးများက အထင်မြင်သေးခြင်းများ ပြည့်လာကြတော့သည်။

"သူ့ကိုသတ်လိုက်ပါ၊ ငါတို့ကမ္ဘာကြီးက သစ္စာဖောက်တဲ့လူတွေကို သည်းခံမှာမဟုတ်ဘူး"

ဟုတ်တယ်၊ ဒီလို သစ္စာဖောက်တွေကို သတ်ပစ်ရမယ်"

"သစ္စာဖောက်တွေကို ဘယ်နေရာမှာမှ မကြိုဆိုဘူး"

တိုင်းတပါးသား ပါရမီရှင်အားလုံးက အော်ဟစ်ပြောဆိုလိုက်ကြသည်။

သို့သော်...

အကျဉ်းထောင်ထဲရှိ ရှုံ့မဲ့နေသော မျက်နှာဖုံးအောက်မှ ရွယ်ယွဲ့၏ မျက်နှာ‌ကတော့ အလွန်တည်ငြိမ်နေဆဲပင်။

သူ့မျက်နှာတွင် နောင်တ အရိပ်အမြွက်ပင် မရှိပါ။

သူ အသတ်ခံရတော့မည်ကို သိနေသော်လည်း ဂရုမစိုက်ပေ။

ကျွင်းရှောင်ယောက် အမှန်တကယ် ကျဆုံးသွားခြင်း ဟုတ်၊ မဟုတ် ဆိုတာကိုသာ ဂရုစိုက်သည်။

"နင် တကယ်ပဲ ကျဆုံးသွားပြီလား"

ရွယ်ယွဲ့ ခပ်တိုးတိုးရေရွတ်လိုက်လေသည်။

All Chapters