← Chapters

အခန်း ၉၅၅

Vol. 64 Ch. 955

အခန်း ၉၅၅

Vol. 64 Ch. 955

အခန်း ( ၉၅၅ ) ရွယ်ယွဲ့ကို ကယ်တင်မယ်။

ကျွင်းရှောင်ယောက်နှင့် ရွယ်ယွဲ့က ရန်သူများ ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက် အသက်အန္တရာယ် ကြုံနေရချိန်တွင် ရွယ်ယွဲ့ ထိုင်မကြည့်နိုင်ခဲ့ပေ။

ဖြစ်ကောင်းဖြစ်နိုင်သည်က၊ သူ့အစ်ကို ကို သူ့လက်ဖြင့် သတ်လိုက်ခြင်းကဲ့သို့ အမှားကိုမျိုးကို နောက်တစ်ကြိမ် မကျူးလွန်ချင်တော့တာ ဖြစ်နိုင်သည်။

ယခုအချိန်တွင် လူထောင်ပေါင်းများစွာ၏ မထီမဲ့မြင်ပြုခြင်းကို ခံနေရပြီဖြစ်သော်လည်း ရွယ်ယွဲ့က လုံးဝ ဂရုမစိုက်ပါ။

နောက်ဆုံးတွင်၊ သူ့အတွက် အရေးကြီးသူများ ဤလောကကြီးမှာ မရှိတော့ပါ။

"ရွယ်ယွဲ့၊ မင်း နောင်တရပြီလား"

ပိအန်းမင်းသားက လျစ်လျူရှုစွာ မေးလိုက်သည်။

သို့သော်၊ ရွယ်ယွဲ့က ဘာမျှ ပြန်မပြောပေ။

သူ့အစ်ကိုကို ကိုယ်တိုင်လက်နှင့် သတ်လိုက်ကတည်းက သူ့နှလုံးသား သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်နှင့်‌ တွေ့ဆုံခြင်းက သူမ၏ သေဆုံးနေသောနှလုံးသားကို ပြန်လည်ခုန်စေခဲ့ပေသည်။

ယခုတော့ ကျွင်းရှောင်ယောက်က သေသလား၊ ရှင်သလား မသိရတော့ပါ။

ထိုအတွက် ရွယ်ယွဲ့လည်း သူ အသက်ဆက်ရှင်ရန် အကြောင်းပြချက်ကို ရှာမတွေ့တော့ပေ။

"မင်းကိုကြည့်ရတာ နောင်တမရတဲ့ပုံပဲ။ ဒီနေ့ ငါမင်းလို သစ္စာဖောက်ကို လူတိုင်းရှေ့မှာ ကွပ်မျက်မယ်"

ပိအန်းမင်းသားက အေးစက်စက် ပြောလိုက်သည်။

'ဟင်း...၊ သနားစရာကောင်းတဲ့ ကောင်မလေးပဲ။ လိမ်ညာမှုတစ်ခုကြောင့် အဖွဲ့အစည်းထဲကို ဝင်ခဲ့ရပြီး အခုအချိန်အထိ ကြိုးစားရှင်သန်ခဲ့ပေမဲ့ အဆုံးမှာတော့ သေဆုံးခြင်းကို မလွတ်မြောက်ခဲ့ဘူး'

လေဟာပြင်တွင် မျက်နှာဖုံးစွပ် အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။

သူမက ပိအန်းအဖွဲ့အစည်း၏ ခေါင်းဆောင် ဟွာလျန် ဖြစ်၏။

သူဟာ ယခင်က ရွယ်ယွဲ့ကို ပိအန်းအဖွဲ့အစည်းသို့ ပါဝင်ရန် ဆွဲဆောင်ခဲ့သူလည်း ဖြစ်ချေသည်။

ထိုဆွဲဆောင်မှုက သူဟာ ရွယ်ယွဲ့၏အစ်ကို ပြန်လည်ဝင်စားပါက ရှာဖွေရန် ကူညီပေးနိုင်မည်ဟု ဖြစ်သည်။

သို့သော်လည်း၊ ပိအန်းဧကရာဇ်မျိုးနွယ်က ထိုသို့လုပ်နိုင်တာ မလုပ်နိုင်တာ အသာထား...

အကယ်၍ လုပ်နိုင်လျှင်ပင် ပေးဆပ်ရမည့်တန်ကြေးက မနည်းပါ။

ပိအန်းဧကရာဇ်မျိုးနွယ်က သေဆုံးသွားသော ရွယ်ယွဲ့၏အစ်ကိုအတွက် ဤမျှကြီးမားသော တန်ကြေးကို မည်သို့ပေးဆပ်ပါမည်နည်း။

ထို့ကြောင့် အစကတည်းက လိမ်ခဲ့တာ ဖြစ်သည်။

ဟွာလျန်က ရွယ်ယွဲ့ကို အသက်ဆက်ရှင်ရန် လှပသော စိတ်ကူးတစ်ခု ပေးခဲ့ရုံပင်။

"နတ်ဘုရားမက အခုထိ မနိုးထသေးဘူး၊ ရွယ်ယွဲ့ကို ဘယ်လိုကယ်တင်ရပါ့မလဲ"

ဟွာလျန် ရေရွတ်လိုက်သည်။

ပိအန်းဧကရာဇ်မျိုးနွယ်၏ နတ်ဘုရားမ မုန့်နုအာက ရွယ်ယွဲ့ကို ရှာဖွေရန် လမ်းညွှန်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ဤရွယ်ယွဲ့က အရေးပါသော ပုဂ္ဂိုလ်ဖြစ်လိမ့်မည်။

သို့သော်လည်း မုန့်နုအာက ယခုအချိန်ထိ မနိုးထသေးပါ။

အပြာရောင်လီလီပန်းမျိုးနွယ်က ပိအန်းအဖွဲ့အစည်း၏ ကိစ္စအဝဝကို ကိုင်တွယ်နေရဆဲ ဖြစ်သည်။

ထို့ကြောင့် ပိအန်းမင်းသားက ရွယ်ယွဲ့ကို ကွပ်မျက်မည်ဟု ပြောသောအခါ၊ ဟွာလျန်လည်း ဘာမျှမတတ်နိုင်တော့ပေ။

အမှန်တော့ သူဟာ ရွယ်ယွဲ့ကို ဤကဲ့သို့ မသေစေချင်ခဲ့ပါ။

ရွယ်ယွဲ့ကို သံကြိုးကြီးများဖြင့် တုပ်နှောင်ထားပြီး အကျဉ်းထောင်ထဲမှ ဆွဲထုတ်လိုက်သည်။

လူသတ်သမားက အရိုးဓားကြီးကိုင်ပြီး ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။

ပတ်ဝန်းကျင်မှ ပါရမီရှင်များကလည်း ဤမြင်ကွင်းကိုကြည့်ကာ မတားဆီးကြပေ။

လူအများစု၏ မျက်လုံးများက စိတ်လှုပ်ရှားမှု အရိပ်အမြွက်တို့ပင် ပေါ်လွင်နေခဲ့သည်။

ရွယ်ယွဲ့ ကွပ်မျက်ခံရမည့်အချိန်ကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေချိန်တွင်...

မထင်မှတ်ထားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ခဏနေဦး…”

ထိုအသံထွက်လာပြီးနောက် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏။

"ဟမ်"

ပိအန်းမင်းသား၏ မျက်လုံးများလည်း ကျဉ်းမြောင်းသွားကယ အသံလာရာကို လှမ်းကြည့်လိုက်သည်။

ထိုအခါ လူတိုင်း၏ မျက်လုံးများက အံ့အားသင့်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့ပေသည်။

ထိုအသံကိုကြား‌ရသည်နှင့် ရွယ်ယွဲ့၏ ခန္ဓာကိုယ်ကလေးမှာလည်း သိမ့်ခနဲ တစ်ချက်တုန်သွားသည်။

ရှုံ့မဲ့နေသော မျက်နှာဖုံးအောက်မှ မျက်လုံးများက အသံကြားရာကို လှမ်းကြည့်လိုက်၏။

ယင်းက အရပ်မြင့်မြင့်နှင့် အဖြူရောင်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ဦး ဖြစ်သည်။

'ဒါက... သူပဲ...'

ရွယ်ယွဲ့၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

ထိုပုံစံမျိုးက အလွန် ဆင်တူပေ၏။

သို့သော်လည်း အရှိန်အဝါများကတော့ မတူပေ။

ဤလူက ကစဉ့်ကလျားအငွေ့အသက်များဖြင့် ပြည့်နေသူ ဖြစ်သည်။

ယင်းက သူ့အရှိန်အဝါ မဟုတ်ပေ။

ရွယ်ယွဲ့ ခေါင်းပြန်ငုံ့လိုက်သည်။ သူ အထင်မှားနေသည်ဟုလည်း ခံစားလိုက်ရလေသည်။

"သခင်လေးရှောင်ယောက်၊ မင်း ဘာပြောစရာရှိလို့လဲ"

ပိအန်းမင်းသားက တည်ငြိမ်စွာ ပြောလိုက်သည်။

'ရှောင်ယောက်လား...'

ရွယ်ယွဲ့၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားပြန်သည်။

အခြားသူများက ရှောင်ယောက်ဆိုသော နာမည်ကြောင့် အင်မော်တယ်နယ်မြေကြီးမှ ကျွင်းရှောင်ယောက်ကို တွေးမိကြမည် မဟုတ်ပါ။

သို့ရာတွင် ရွယ်ယွဲ့က ကျွင်းရှောင်ယောက်နှင့် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။

သူက ကျွင်းရှောင်ယောက်နှင့်အတူ လျှို့ဝှက်နက်နဲသော ဟင်းလင်းပြင်ချောက်ထဲသို့ပင် ပြုတ်ကျသွားခဲ့၏။

ရွယ်ယွဲ့၏ သေဆုံးနေသောနှလုံးက ကျယ်လောင်စွာ ခုန်လာပြန်တော့သည်။

အကြောင်းတစ်ခုခုကြောင့်၊ သူ့စိတ်ထဲတွင် ဤကဲ့သို့ သေချင်စိတ်မရှိတော့ပေ။

သို့သော်လည်း ရွယ်ယွဲ့က အလွန်ထက်မြက်ပြီး အကူအညီတောင်းရန်နေနေသာသာ၊ စကားတစ်ခွန်းမျှ မပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။

"ဒီလူက နည်းနည်း စိတ်ဝင်စားဖို့ကောင်းတယ်"

ကျွင်းရှောင်ယောက်က ရွယ်ယွဲ့ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

"အိုး၊ သူက သစ္စာဖောက် တစ်ယောက်ပဲ။ ကစဉ့်ကလျားခန္ဓာရဲ့ အမြင်အာရုံထဲကို ဘယ်လိုလုပ်ပြီး ဝင်နိုင်တာလဲ"

ပိအန်းမင်းသား တစ်ချက် ပြုံးလိုက်သည်။

သူ့လေသံမှာတော့ ရယ်ချင်ပျက်ကျိ အရိပ်အယောင်များ ပါဝင်နေ၏။

ဤကစဉ့်ကလျားခန္ဓာက ရွယ်ယွဲ့၏ အလှကြောင့် စွဲဆောင်ခံလိုက်ရခြင်း ဖြစ်မည်လော။

သို့သော်လည်း ထိုသို့တွေးမိသည်နှင့် ပိအန်းမင်းသား တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။

ကျွင်းရှောင်ယောက်က နတ်သမီးယွဲ့တိုက်ကဲ့သို့ အလှမျိုးကို သတ်ဖြတ်ရန်ပင် စူးဟုန်ယီအား စေခိုင်းသူ ဖြစ်သည်။

သူက အလှမက်သူတော့ မဖြစ်နိုင်ပေ။

"သူက အင်မော်တယ်နယ်မြေကြီးကို လျှို့ဝှက်သွားဖူးတယ်။ ငါကလည်း အင်မော်တယ်နယ်မြေကြီးနဲ့ ပတ်သက်တဲ့ သတင်းမျိုးစုံကို အတော်စိတ်ဝင်စားတယ်လေ"

ကျွင်းရှောင်ယောက်က ပိအန်းမင်းသား၏ လေသံကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေး ပြောလိုက်သည်။

"ဟားဟားဟား၊ ဒါက အမှန်ပဲလား"

ပိအန်းမင်းသားက ရယ်မောပြီး လေးလေးနက်နက်ကြည့်လိုက်၏။

လူနှစ်ယောက်၏ မျက်လုံးအကြည့်များက လေထဲတွင် ထိပ်တိုက်တွေ့သွားသည်။

နှစ်ဦးစလုံးတွင် ကိုယ်ပိုင်အတွေးအမြင်များ ရှိ၏။

ရင်ပြင်တစ်ခုလုံးရှိ ရာနှင့်ချီသော ပါရမီရှင်များလည်း အနည်းငယ် အံ့သြသွားကြတော့သည်။

"ကစဉ့်ကလျားခန္ဓာသခင်က သစ္စာဖောက်တစ်ယောက်ကို ဘာဖြစ်လို့ ကယ်တင်ချင်တာလဲ"

"တကယ်ပဲ အင်မော်တယ်နယ်မြေကြီးရဲ့ အချက်အလက်ကို ရှာဖွေချင်လို့လား"

"ပိအန်းမင်းသားက သူ့ကို မျက်နှာသာပေးမှာလား မသိဘူး"

အရပ်ရပ်မှ ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။

ဟွာလျန်လည်း ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

နောက်အခိုက်တွင်၊ သူ့မျက်လုံးက အံ့အားသင့်မှု အရိပ်အမြွက်တို့ ဖြစ်ပေါ်လာ၏။‌ နောက်တော့ စဉ်းစားဆင်ခြင်နေသော အရိပ်အယောင်များ ဖြစ်ပေါ်လာတော့သည်။

'ဒါက ပြည်နယ်ဆယ်ခုမှာ မကြာသေးခင်ကမှ နာမည်ကြီးလာတဲ့ ကစဉ့်ကလျားခန္ဓာလား။ သူက အဓိပဓိတစ်ပါးကို သတ်နိုင်ပြီး နတ်ဘုရားမထက် အားမနည်းဘူး'

'သူသာ ရွယ်ယွဲ့ကို ကယ်တင်နိုင်ရင် ငါ အလုပ်ရှုပ်သက်သာလိမ့်မယ်'

ဟွာလျန် စဉ်းစားလိုက်သည်။

အမှန်တော့ သူမနှင့် ပိအန်းအဖွဲ့အစည်းတစ်ခုလုံးဟာ ပိအန်းနတ်ဘုရားမ မုန့်နုအာ၏ ကွပ်ကဲမှုအောက်တွင် တိုက်ရိုက်ရှိသည်။

မုန့်နုအာက အိပ်စက်နေခြင်းကြောင့်သာ အပြာရောင်လီလီပန်းမျိုးနွယ်က အခွင့်အရေးယူပြီး ထိန်းချုပ်နေခြင်း ဖြစ်ချေသည်။

ထို့ကြောင့် ဟွာလျန်ဟာ ပိအန်းမင်းသားအပေါ်တွင် အကောင်းမြင်ခြင်းမရှိပေ။

"အိုး၊ ကစဉ့်ကလျားခန္ဓာက တကယ်လိုချင်ရင် ငါ သဘောမတူဘဲ မနေပါဘူး။ နောက်ဆုံးမှာတော့ မင်းက အကယ်ဒမီရဲ့ စစ်နတ်ဘုရားတစ်ပိုင်းပဲ၊ ဒါပေမဲ့..."

ပိအန်းမင်းသားက ခေတ္တ ရပ်လိုက်ပြီးမှ ပြောလိုက်သည်။

"အရင်က ကောင်းကင်ဘုရင်ဆယ်ပါးကို မင်းစော်ကားတဲ့ကိစ္စ ငါသိပ်မကျေနပ်ဘူး"

"မင်းသာ လူတိုင်းရှေ့မှာ တောင်းပန်နိုင်ရင် ရွယ်ယွဲ့ကို မင်းအတွက် ထားခဲ့မယ်၊ ဘယ်လိုလဲ"

ပိအန်းမင်းသားက ပြုံးလျက် ပြောလိုက်သည်။

ယခင်က သူဟာ ရွယ်ယွဲ့ကို လူအများရှေ့တွင် ကွပ်မျက်ပြီး သူ၏သြဇာအာဏာကို ထူထောင်လိုသည်။

ယခုတော့ ကစဉ့်ကလျားခန္ဓာကိုပင် သူ့အား တောင်းပန်စေနိုင်ပြီ။

ယင်းက ဂုဏ်သိက္ခာကို ထူထောင်ခြင်းထက် အဆတစ်သောင်း ပို၍ကောင်းမည် ဖြစ်သည်။

ထို့အပြင် ပိအန်းမင်းသားသည် သူ့အခြေအနေက လွန်ကဲသည်ဟု မထင်ပါ။

သူက ကျွင်းရှောင်ယောက်ကို ဒူးထောက်ခိုင်းတာမဟုတ်သလို တမင်အရှက်ရစေတာမျိုးလည်း မဟုတ်ပေ။

ယင်းက ရိုးရိုးရှင်းရှင်း တောင်းပန်ခြင်းသာဖြစ်ပြီး ကျွင်းရှောင်ယောက်အတွက် အခက်အခဲမရှိသင့်ပါ။

သို့ရာတွင် သူ့ဂုဏ်သိက္ခာကို မိုးထိမြှင့်တင်ပေးနိုင်သည်။

ပတ်ဝန်းကျင်မှ ပါရမီရှင်များလည်း စိတ်ဝင်စားသွားခဲ့ကြပေသည်။

ယင်းက တောင်းပန်ရုံသာ ဖြစ်သော်လည်း... မြောက်များစွာသော ပါရမီရှင်များ၏ရှေ့တွင် ရှိနေချိန်မို့ စိတ်ဝင်စားစရာ ကောင်းလှသည်။

'သူ မှားသွားပြီ'

လီကျိုးမင် မျက်မှောင်ကြုတ်လိုက်သည်။

ပိအန်းမင်းသားတော့ ကျွင်းရှောင်ယောက်၏ စရိုက်ကို မှားယွင်းတွက်ချက်လိုက်မိပြီဟု သူ ခံစားလိုက်ရလေသည်။

တချိန်တည်းမှာပင် ကျွင်းရှောင်ယောက်၏အနားမှ စူးဟုန်ယီ၏ အနီရဲရဲ မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်၏ နောက်လိုက်တစ်ယောက်အနေဖြင့်၊ ကျွင်းရှောင်ယောက်ကို ရန်စစော်ကားသူတိုင်းအပေါ် သူ သတ်ရလိမ့်မည်။

ကျွင်းရှောင်ယောက်က လက်တစ်ဖက်မြှောက်ပြီး စူးဟုန်ယီကို တားဆီးလိုက်သည်။

သူမက အားမနည်းသော်လည်း ယခုအချိန်တွင် ပိအန်းမင်းသား၏ပြိုင်ဘက် မဖြစ်နိုင်သေးပေ။

ကျွင်းရှောင်ယောက်က မျက်ခုံးပင့်ပြီး ပိအန်းမင်းသားကို တစ်ချက်ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။

"ပိအန်းမင်းသား၊ အစကနေအဆုံးထိ မင်း နားလည်မှုလွဲခဲ့တာလို့ ငါထင်တယ်"

ကျွင်းရှောင်ယောက် ပြောလိုက်၏။

"အိုး၊ ဘာများပါလိမ့်"

ပိအန်းမင်းသား မျက်လုံးများက တဖြည်းဖြည်း ကျဉ်းမြောင်းသွားသည်။

"ဒီသခင်လေးက၊ အစကတည်းက ဘာကိုမှ တောင်းဆိုနေတာ မဟုတ်ဘူး"

စကားဆုံးသည်နှင့် တပြိုင်နက်၊ ကျွင်းရှောင်ယောက်က ‌ဟင်းလင်းပြင် ခုန်ကျော်သကဲ့သို့ ခြေတစ်ချက်လှမ်းပြီး ပိအန်းမင်းသားဆီကို လျှောက်သွားသည်။

ထို့နောက်...

"ဖြန်း"

ကျယ်လောင်သော ပါးရိုက်သံနှင့်အတူ ပိအန်းမင်းသား လွင့်သွား၏။ သူ့ပါးစပ်မှ သွေးများ အန်ထွက်လာပြီး လည်ပင်းရိုး ကျိုးတော့မလိုပင် ဖြစ်သွားတော့သည်။

"ငါ့ရှေ့မှာ အခြေအနေကို ချမှတ်ရလောက်အောင် မင်းက ထိုက်တန်လို့လား"

All Chapters