အခန်း ၉၅၆
Vol. 64 Ch. 956
အခန်း ( ၉၅၆ ) တိုက်ရိုက်ဆန်ပြီး ကြီးစိုးသူ။
တိတ်ဆိတ်သည်။
သုသာန်တစပြင်ပမာ တိတ်ဆိတ်သွား၏။
ကျယ်လောင်သော ပါးရိုက်သံတစ်ခုသာ ပဲ့တင်ထပ် ထွက်ပေါ်နေခဲ့ပေသည်။
ပိအန်းမင်းသားမှာ ဤရိုက်ချက်ကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး တွင်းနက်ကြီးတစ်ခုပင် ဖြစ်ပေါ်လာခဲ့ရသည်။
ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကိုဖြန့်ပြီး လေထဲသို့ ဖမ်းဆုပ်ဟန် ပြုလိုက်သည်။
အရိုးဓားဖြင့် ရွယ်ယွဲ့ကိုကွပ်မျက်ရန် ပြင်ဆင်နေသော ကွပ်မျက်သူလည်း ကစဉ့်ကလျားဖိအားကြောင့် သွေးမြူများအဖြစ် တိုက်ရိုက် ပေါက်ကွဲသွား၏။
အကျဉ်းထောင်ကြီး ပြိုကျသွားခဲ့ပြီ။
ရွယ်ယွဲ့ကိုတော့ ကျွင်းရှောင်ယောက်က ဖမ်းထားလိုက်သည်။
တနေရာလုံး တိတ်ဆိတ်သွားလေသည်။
အားလုံးက မျက်လုံးအပြူးသားဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်နေခဲ့ကြသည်။
အစွမ်းထက်သည်။
အားကောင်းကာ ကြီးစိုး၏။
တိမ်ယံထက်မှ ဧကရာဇ်တစ်ပါးကဲ့သို့ သူ့အလိုကို မည်သူမျှ ဆန့်ကျင်မရပေ။
ကောင်းကင်ဘုရင် ဆယ်ပါး၏ ခေါင်းဆောင် ပိအန်းမင်းသားသည်ပင် ကျွင်းရှောင်ယောက်၏ ရိုက်ထုတ်ခြင်းကို ခံလိုက်ရသည်။
ကျွင်းရှောင်ယောက်က ရုတ်တရက် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သော်လည်း...
ကျွင်းရှောင်ယောက်၏ ခွန်အားက အမှန်တကယ် လွှမ်းမိုးထားနိုင်ကြောင်း ပြသခဲ့ပေသည်။
"ယွီရှောင်ယောက်၊ မင်းငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဝံ့တယ်လား"
ပိအန်းမင်းသားက မြေတွင်းထဲမှ ပြန်ခုန်ထွက်လာခဲ့သည်။ သူ့မျက်နှာကတော့ ဒေါသခိုးဖြင့် မည်းမှောင်နေခဲ့ပြီ။
သူ၏ ဟန်ဆောင်မှုအားလုံးကို ကျွင်းရှောင်ယောက်က ချေမှုန်းပစ်လိုက်သည်။
အပြုံးနောက်က ဓားလား၊ သိုးယောင်ဆောင်တဲ့ ကျားလား။
ဘာတစ်ခုမှ အရေးမပါတော့ပေ။
သူ့ကို ဆန့်ကျင်ပါက ပါးရိုက်မည်။
ယင်းက ရိုးရှင်းလှပေသည်။
ကျွင်းရှောင်ယောက်က ထိုကဲ့သို့သောလူနှင့်ယှဉ်ပြိုင်ရန် အလွန်ပျင်းရိသည်။
နောက်ဆုံးတွင်၊ တစ်ဖက်လူက မထိုက်တန်ပေ။
ကျွင်းရှောင်ယောက်သာ ပိအန်းအဖွဲ့အစည်း၏ သဲလွန်စများကိုရှာဖွေရန် ပိအန်းမင်းသားကို အသုံးလိုနေသေး၍ မဟုတ်ပါက တစ်ခါတည်း သတ်ပစ်လိုက်ပြီ ဖြစ်သည်။
"ငါလိုချင်တဲ့ဟာက ငါ့ဟာပဲ၊ မင်း မှတ်ထား"
ပြောပြီးသည်နှင့် ကျွင်းရှောင်ယောက် လှည့်ထွက်သွားသည်။
ပိအန်းမင်းသား ဒေါသတကြီးဖြင့် အံကိုတင်းတင်းကြိတ်လိုက်၏။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ ဤလှုပ်ရှားမှုက သူ့ကို အလွန်ကြောက်သွားစေခဲ့သည်။
ကျွင်းရှောင်ယောက်က အမှတ်တမဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ပိအန်းမင်းသားမှာ နတ်ဘုရင်တစ်ပါးကဲ့သို့ ဖိနှိပ်ထားသည့် အငွေ့အသက်များကို ခံစားလိုက်ရသေးသည်။
သေချာတာကတော့ တစ်ဖက်လူဟာ သူ အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သော အရာမဟုတ်ပေ။
"ကစဉ့်ကလျားခန္ဓာ..."
ပိအန်းမင်းသား လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သော်လည်း အဆုံးမှာတော့ မလှုပ်ရှားဖြစ်ခဲ့ပေ။
ကောင်းကင်ဘုရင်ဆယ်ပါး၏ ခေါင်းဆောင်ဖြစ်သော ပိအန်းမင်းသားသည်လည်း ကြောက်လန့်သွားခဲ့ပြီ ဖြစ်သည်။
'သူတောင်မှ မရသေးဘူးပဲ။ ကြည့်ရတာ သူ့ကိုထိန်းချုပ်ဖို့ ဧကရာဇ်သားမြေးတွေ မွေးဖွားလာမဲ့အချိန်ကို စောင့်နေရုံပဲ ရှိတော့မယ်'
လီကျိုးမင်လည်း တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
ကျွင်းရှောင်ယောက်၏ ခွန်အားက ထိပ်တန်း ကောင်းကင်ဘုရင်ဆယ်ပါးထက် အကြွင်းမဲ့ သာလွန်နေခဲ့ပြီ။
ဧကရာဇ်ခုနစ်ပါးအဆင့်ရှိ ဘီလူးများသာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ကို ကြောက်ရသည်။
ပါရမီရှင် ရွေးချယ်ပွဲကြီး ပြီးသွားပြီ။
သို့သော်လည်း ဖြစ်ပျက်ခဲ့သော အရာများက စိတ်လှုပ်ရှားစရာ ကောင်းလွန်းသည်။
"ကစဉ့်ကလျားခန္ဓာက မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ သူ့ဆီကနေ သွေးတစ်စက်ရရင်တောင် သူတောင်းစားကနေ သူတော်စင်တစ်ဦး ချက်ချင်း ဖြစ်သွားနိုင်တယ်"
"ဒါတင်ဘယ်ကဦးမလဲ၊ ပိအန်းမင်းသားကိုလည်း မပြောမဆိုနဲ့ ပါးဖြတ်ရိုက်လိုက်တာ...၊ ပိအန်းမင်းသားရဲ့စရိုက်နဲ့ တော်တော်ကြီး ပေါက်ကွဲသွားမှာပဲ"
"သူက တကယ်ကို အစွမ်းထက်ပါတယ်။ ပြီးတော့ ကစဉ့်ကလျားခန္ဓာရဲ့နောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်မော်တယ်နဲ့ လော့ဝမ်လည်း ရှိနေတယ်။ သူ့ကို ဘယ်သူမှ သူ့ကို မစော်ကားဝံ့တော့ဘူး"
"ဒါပေမဲ့ ဧကရာဇ်မျိုးနွယ်တချို့ရဲ့ မျိုးဆက်တချို့က ကစဉ့်ကလျားခန္ဓာကို အတော်စိတ်ဝင်စားနေတယ်လို့ ကြားတယ်"
"ငါကတော့ ကစဉ့်ကလျားခန္ဓာနဲ့ ဧကရာဇ်သားတော်တွေကြားက ယှဉ်ပြိုင်ပွဲတွေကို မျှော်လင့်နေပြီ"
အပြင်လောကတွင် စကားသံမျိုးဆုံး ထွက်ပေါ်လာချိန်...
ကျွင်းရှောင်ယောက်က စစ်နတ်ဘုရားနန်းတော်သို့ ပြန်လာခဲ့သည်။
"သခင်လေး၊ နင်က ရုပ်ချောသလို အရမ်းလည်း အစွမ်းထက်တာပဲ"
တုရှန်ချွန်းချွန်းက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
ကျွင်းရှောင်ယောက်က သူမ၏ စိတ်ကူးထဲမှ ကြင်ဖက်၏ပုံစံနှင့် လိုက်ဖက်ညီပေသည်။
"ဧကရာဇ်ငယ်ခုနစ်ပါးအဆင့်က လူတွေပဲ သခင်လေးရဲ့ ပြိုင်ဘက်ဖြစ်နိုင်လောက်တော့မယ်"
တုရှန်ဝမ်ဝမ်၏ လှပသောမျက်လုံးများမှာလည်း လေးစားမှုတို့ ပေါ်လွင်နေခဲ့ပေသည်။
ကျွင်းရှောင်ယောက်နှင့် ဆွေးနွေးပြီးနောက်...
သူမ၏ ခွန်အားများလည်း တဟုန်ထိုး တက်လာခဲ့ပေသည်။
ထို့နောက်မှာတော့ တုရှန်ချွန်းချွန်း၊ တုရှန်ဝမ်ဝမ်နှင့် ဖေးချင်ရွယ်တို့က ဆုတ်ခွာခဲ့ကြပေသည်။ ကျွင်းရှောင်ယောက်တွင် လုပ်စရာများရှိသေးကြောင်း သူတို့ သိကြသည်။
"ဟုန်ယီ၊ မင်း ရေချိုးပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် အဝတ်အစား သွားလဲလိုက်ဦး။ နောက်မှတွေ့မယ်"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"ဟုန်ယီ လုပ်လိုက်ပါမယ်"
စူးဟုန်ယီ ခေါင်းညိတ်လိုက်သည်။
သို့သော်လည်း သူ့စိတ်ထဲတွင် လှုပ်ရှားသွား၏။
သူ့ကို ရေအရင်ချိုးထားခိုင်းတာလား။
သို့သော်လည်း ကျွင်းရှောင်ယောက်က သူမကို ဘာပဲလုပ်လုပ် စူးဟုန်ယီ ကျေနပ်စွာ လက်ခံလိမ့်မည်။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က သူမကို ဘဝသစ်တစ်ခု ပေးခဲ့သူ ဖြစ်သည်။
သူမနှင့်ပတ်သက်သမျှ အရာအားလုံးကို ကျွင်းရှောင်ယောက် ပိုင်ဆိုင်သည်။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်နှင့် ရွယ်ယွဲ့သာ အဆောင်ထဲတွင် ကျန်ခဲ့သည်။
ကျွင်းရှောင်ယောက်က သူ့လက်ကိုဝှေ့ယမ်းပြီး ကစဉ့်ကလျားခန္ဓာ မြူခိုးများဖြင့် အဆောင်ကို ဖုံးအုပ်လိုက်၏။
တစ်ချိန်တည်းမှာပင်၊ ကောင်းကင်ကိုခိုးယူပြီး နေကိုပြောင်းလဲခြင်းအတတ်ဖြင့် ဤနေရာ၏ ကမ္မသက်ရောက်မှုများကို ပြောင်းလဲခဲ့သေးသည်။
စိတ်ချရသည်အထိ တားမြစ်ချက်များ ပြုလုပ်ပြီးမှ ကျွင်းရှောင်ယောက်က ရွယ်ယွဲ့ကို ကြည့်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာရှိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားပေသည်။
နူးညံ့သော လက်များနှင့် ခြေထောက်များမှာလည်း အမျိုးမျိုးသော အမာရွတ်များဖြင့် ပြည့်နေသည်။
အမှန်အတိုင်းပြောရလျှင်၊ ရွယ်ယွဲ့အတွက် တိုင်းတပါးသို့ ပြန်လည်ရောက်ရှိရန် မလွယ်ကူခဲ့ပေ။
ကျွင်းရှောင်ယောက်က သူ့လက်ကို မြှောက်လိုက်ပြီး လေထဲသို့ ဆွဲယူလိုက်သည်။
ရွယ်ယွဲ့၏ မျက်နှာပေါ်ရှိ ရှုံ့မဲ့နေသော မျက်နှာဖုံးက ချက်ချင်း ဖယ်ရှားခံလိုက်ရ၏။
နူးညံ့သော မျက်နှာလေးတစ်ခု ပေါ်လာတော့သည်။
သူမ၏ မျက်နှာက နှင်းသားပမာ ဖြူဖျော့နေသော်လည်း ထူးခြားသော ဆွဲဆောင်မှုတစ်မျိုး ရှိသည်။
သူမ၏ မျက်လုံးထောင့်မှ သွေးရောင်မှဲ့ကြောင့်လည်း သူမ၏ ဆွဲဆောင်မှုရှိသောအသွင်ကို ပို၍ ထူးကဲစေခဲ့ပေသည်။
"နင်က..."
ရွယ်ယွဲ့ ရေရွတ်လိုက်သည်။ သူမ၏ နှလုံးသားထဲတွင် အနည်းငယ် ခန့်မှန်းပြီးပြီဖြစ်သော်လည်း အပြည့်အဝတော့ မသေချာသေးပေ။
ကျွင်းရှောင်ယောက်၏ မျက်နှာရှေ့မှ ကစဉ့်ကလျား မြူခိုးများ လွင့်ပြယ်သွားသည်။
ကောင်းကင်တမန်ကဲ့သို့ ချောမောသော မျက်နှာသွင်ပြင်က ပေါ်လွင်လာ၏။
ရွယ်ယွဲ့၏ အသိစိတ်ထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။
သူဆိုတာ သေချာသွားပြီ။
ရွယ်ယွဲ့မှာ မျှော်လင့်ထားပြီးသော်လည်း၊ လက်တွေ့ မြင်လိုက်ရပြီးနောက် သူမ၏နှလုံးသားမှာ တုန်လှုပ်နေဆဲပင်။
ရှန်းရွှီကမ္ဘာမှ နောက်ဆုံးတိုက်ခိုက်မှုတွင် ကျွင်းရှောင်ယောက်၏ စိတ်ဝိညာဉ်ကော ခန္ဓာကိုယ်ပါ ပျက်စီးသွားခဲ့သည်။
သို့သော်...
ယခုအခါ သူ အသက်ရှင်နေသေးသည်။
ထိုမျှသာမကဘဲ သူ့ခွန်အားက ရွယ်ယွဲ့၏ စိတ်ကူးနိုင်စွမ်းကို ကျော်လွန်သွားပြီ ဖြစ်သည်။
ယခင်က၊ အဆုံးစွန်ရှေးဟောင်းလမ်းတွင် ရွယ်ယွဲ့ဟာ ကျွင်းရှောင်ယောက်ကို တိုက်ခိုက်နိုင်နေဆဲ ဖြစ်သည်။
ယခုတော့ ကျွင်းရှောင်ယောက်သာ ဆန္ဒရှိသရွေ့ သူမကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည်ဟု ခံစားခဲ့ရပေသည်။
ယင်းမှာ ကျွင်းရှောင်ယောက်က အားနည်း၍မဟုတ်ဘဲ ကျွင်းရှောင်ယောက်က သန်မာလွန်းသောကြောင့် ဖြစ်သည်။
"အချိန်တွေကြာခဲ့ပြီ၊ မင်းကို အသက်ရှင်နေဦးမယ်လို့ ငါ မမျှော်လင့်ထားဘူး"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
သူ့အသံက တည်ငြိမ်ပြီး ခံစားချက်တို့ မရှိပေ။
တစ်ဖက်တွင် ရွယ်ယွဲ့၏ အသိစိတ်က ငြိမ်ငြိမ်ထားရန် ခက်ခဲသည်။
ရင်းနှီးပြီးသား ချောမောသော မျက်နှာကိုကြည့်ရင်း သူမ၏ နှလုံးသားက ခုန်ပေါက်နေခဲ့လေသည်။
"ငါ့ကို ဒီလိုမကြည့်နဲ့၊ ငါက မင်းရဲ့အစ်ကိုနေရာမှာ အစားထိုးမှာ မဟုတ်ဘူး"
"နောက်ပြီးတော့ ငါမင်းကို ကယ်တင်ခဲ့တာ အကြောင်းရှိတယ်"
"ငါ့ကိုတိုက်ခိုက်တာကို တားဆီးပေးခဲ့ရုံနဲ့ မင်းအပေါ်မှာ ငါ့အမြင်က ပြောင်းလဲသွားမှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက်၏ လေသံက အနည်းငယ် အေးစက်သွားသည်။
"ငါသိပါတယ်"
ရွယ်ယွဲ့ ခပ်တိုးတိုး ပြောလိုက်သည်။
ကျွင်းရှောင်ယောက် စိတ်ပြောင်းသွားလိမ့်မည်ဟု သူလည်း ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။
နောက်ဆုံးတွင်၊ သူမက ကျွင်းရှောင်ယောက် ဂရုစိုက်သော လူတစ်ယောက်ကို နာကျင်စေခဲ့သည်။
ကျွင်းရှောင်ယောက်အတွက် တိုက်ခိုက်မှုကို တားဆီးပေးခဲ့ခြင်းမှာလည်း သူမ၏ ကိုယ်ပိုင် စွဲလမ်းမှု အတွက်သာ ဖြစ်ချေသည်။
"အခု မင်းက ပိအန်းအဖွဲ့အစည်းရဲ့ သစ္စာဖောက်ဖြစ်သွားပြီ၊ ပိအန်းဧကရာဇ်မျိုးနွယ်က မင်းအစ်ကိုကို အသက်ပြန်ရှင်စေနိုင်ဦးမယ် ထင်လား"
ကျွင်းရှောင်ယောက် ပြောလိုက်၏။
ယခင်က ရှန်းရွှီကမ္ဘာတွင် ရွယ်ယွဲ့က သူမ၏ဇာတ်လမ်းကို ပြောပြခဲ့ဖူးသည်။
သူမက သူ့အစ်ကို လူဝင်စားရန် နည်းလမ်းရှာရန်အတွက် ပိအန်းဖွဲ့အစည်းနှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်ချေသည်။
ထိုစကားကိုကြားတော့ ရွယ်ယွဲ့ ရုတ်တရက် ပြုံးလိုက်သည်။
ထိုအပြုံးသည် အနည်းငယ် ဝမ်းနည်းဖွယ်ကောင်းပြီး ကိုယ့်ကိုယ်ကို လှောင်ပြောင်သရော်နေသော အရိပ်အယောင်များလည်း ရှိလေသည်။
"တကယ်တော့ ဒါက ကိုယ့်ကိုကိုယ် လှည့်စားတာပဲဆိုတာ ငါနားလည်ထားသင့်တာ ကြာပါပြီ"
"ငါ့အစ်ကိုက သေပြီးပြီ၊ သူက လူဝင်စားပြီး ဘဝပေါင်းများစွာနဲ့ အသက်ရှင်နိုင်တဲ့ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် မဟုတ်ဘူး"
"ဒါဆိုရင် မင်းရဲ့ မျှော်လင့်ချက်ကို လက်လျှော့လိုက်ပြီလား"
ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။
"ဖြစ်နိုင်တာက၊ ငါ ကြောက်ရွံ့နေပြီး ရှေ့ဆက် အသက်ရှင်ဖို့ အကြောင်းပြချက်ကို ရှာချင်နေတာပဲ"
ရွယ်ယွဲ့က အသက်မဲ့စွာ ပြုံးလိုက်လေသည်။ သူ့အမူအရာက လူများကို သနားစိတ်ပိုလာစေခဲ့သည်။