← Chapters

အခန်း ၉၆၁

Vol. 65 Ch. 961

အခန်း ၉၆၁

Vol. 65 Ch. 961

အပိုင်း ( ၉၆၁ ) ပထမဆုံး စစ်နတ်ဘုရား။

'မော့ကျဲဧကရာဇ်သား‌တော်၊ စစ်နတ်ဘုရားတောင်'

ကျွင်းရှောင်ယောက် တွေးလိုက်သည်။

မော့ကျဲဧကရာဇ်သားတော်မှာ ထူးကဲသော စွမ်းရည်များရှိသည့် တိုင်းတပါး၏ ဧကရာဇ်ငယ်ခုနစ်ပါးမှ တစ်ပါးဖြစ်ကြောင်း သူသိသည်။

သူဟာ ယခင်က အိပ်စက်နေခဲ့ခြင်း ဖြစ်ချေသည်။

ကျွင်းရှောင်ယောက်လည်း မော့ကျဲဧကရာဇ်သားတော်က သူနှင့် တိုက်ခိုက်လိုရသည့် အကြောင်းရင်းကို တွေးလိုက်သည်။

ဤတွင် ပထမအချက်က သူဟာ စွမ်းအင်ခုခံကာကွယ်ခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းကြောင့်ပင်။

မော့ကျဲဧကရာဇ်မျိုးနွယ်၏ သဘာဝ နတ်ဘုရားစွမ်းရည်ကလည်း စွမ်းအင်ခုခံကာကွယ်ခြင်း ဖြစ်သည်။

ဤအကြောင်းပြချက် တစ်ခုတည်းကြောင့်ပင် မော့ကျဲဧကရာဇ်မျိုးနွယ်က ကျွင်းရှောင်ယောက်ကို လျစ်လျူရှုထားမည် မဟုတ်ပါ။

ဒုတိယအကြောင်းကတော့...

မော့ကျဲဧကရာဇ်သားတော် နိုးထလာပြီးနောက် သူ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ခိုင်မာစေရန်အတွက် အံ့ဖွယ်အောင်ပွဲတစ်ခုကို လိုအပ်သည်။

ကျွင်းရှောင်ယောက်ကလည်း လတ်‌တလောတွင် တိုင်းတပါးမှာ နာမည်အကျော်ကြားဆုံး လူငယ် ပါရမီရှင်တစ်ဦး ဖြစ်၏။

သို့ဖြစ်ပေရာ သူက သဘာဝအတိုင်း အကောင်းဆုံး ခြေနင်းကျောက်တစ်ခု ဖြစ်တော့သည်။

မော့ကျဲဧကရာဇ်သားတော်၏ ဤလှုပ်ရှားမှုက ပထမအနေဖြင့် သူ၏ ဂုဏ်သိက္ခာကို တည်ဆောက်ရန် ဖြစ်သည်။ ဒုတိယကတော့ သူ၏ စွမ်းအင်ခုခံကာကွယ်ခြင်း စွမ်းရည်အကြောင်းကို စုံစမ်းရန်ပင်။

"မိတ်ဆွေလေးရှောင်ယောက်၊ မင်း သတိပေါ့လို့တော့ မဖြစ်ဘူးနော်။ ဒီမော့ကျဲဧကရာဇ်သားတော်က သာမန်မဟုတ်ဘူး"

"ပြီးတော့ သူက တိုက်ခိုက်ဖို့နေရာအတွက် စစ်နတ်ဘုရားတောင်ကို အကြောင်းမဲ့ရွေးချယ်ခဲ့တာ မဟုတ်ဘူး"

အကြီးအကဲမူက ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က ယခုအခါ စစ်နတ်ဘုရားနန်းတော်မှ ခန့်အပ်ထားသော စစ်နတ်ဘုရားတစ်ပိုင်း ဖြစ်သည်။

သို့တိုင် မော့ကျဲဧကရာဇ်သားတော်က စစ်နတ်ဘုရားတောင်တွင် သူ့ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့၏။

အကယ်၍၊ ကျွင်းရှောင်ယောက် ရှုံးနိမ့်သွားပါက...

သူ၏ စစ်နတ်ဘုရားတစ်ပိုင်း ဂုဏ်ပုဒ်မှာ အနည်းငယ် ရယ်စရာဖြစ်သွားလိမ့်မည်။

"စစ်နတ်ဘုရားတောင်ဘယ်မှာလဲ"

ကျွင်းရှောင်ယောက် မေးလိုက်သည်။

"စစ်နတ်ဘုရားတောင်က ငါတို့ အကယ်ဒမီရဲ့ နက်နဲတဲ့အရပ်မှာ ရှိပါတယ်။ အဲဒါ ပထမဆုံး စစ်နတ်ဘုရားက သူ့ရဲ့လက်နက်ကို တံဆိပ်ခတ်ထားတဲ့နေရာပဲ"

အကြီးအကဲမူက ပြောသည်။

"ပထမဆုံး စစ်နတ်ဘုရားက သူ့လက်နက်ကို တံဆိပ်ခတ်ထားတဲ့ နေရာလား"

ကျွင်းရှောင်ယောက် သိချင်သွား၏။

"အမှန်ပါပဲ၊ ငါတို့တိုင်းတပါးရဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် စစ်နတ်ဘုရား ခေါင်းစဉ်ဟာ ပထမမျိုးဆက်က စစ်နတ်ဘုရားရဲ့ နာမည်ကို အခြေခံထားတာ"

"‌ပထမမျိုးဆက် စစ်နတ်ဘုရားက ကမ္ဘာကြီးကို ဖျက်စီးပစ်နိုင်တဲ့ စွမ်းအားရှိပြီး တချိန်က အင်မော်တယ်နယ်မြေကြီးအတွက် အိပ်မက်ဆိုးတွေ ဖြစ်စေခဲ့တယ်"

"နောက်ဆုံးမှာတော့ ပထမမျိုးဆက် စစ်နတ်ဘုရားက သူ့လက်နက် စစ်လှံပုဆိန်ကို တောင်ထိပ်တစ်ခုမှာ တံဆိပ်ခတ်ထားခဲ့တယ်။ အဲဒါက စစ်နတ်ဘုရားတောင်ပဲ"

"ဒါပေမဲ့လည်း အဲဒီအချိန်ကစပြီး စစ်လှံပုဆိန်ကို ဘယ်သူမှ မနှုတ်ယူနိုင်သေးဘူး။ အင်မော်တယ်တစ်ပိုင်းတွေတောင်မှ မရဘူး"

အကြီးအကဲမူ၏ စကားများက ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် တွေးတောစေခဲ့သည်။

ဤအတိုင်းဆိုလျှင်၊ ပထမမျိုးဆက် စစ်နတ်ဘုရားသည် အတော် စိတ်ဝင်စားစရာကောင်း၏။

လက်ရှိ စစ်နတ်ဘုရားဘွဲ့ထူး၏ မူလမှာကင် ပထမမျိုးဆက် စစ်နတ်ဘုရားမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

'ကမ္ဘာကြီးကို ဖျက်စီးပစ်နိုင်တဲ့ စွမ်းအား၊ ဒါဆိုရင် ဖြစ်နိုင်တာက...'

ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ မှန်းဆချက်တချို့ ပေါ်လာခဲ့သည်။

တချိန်တည်းမှာပင် လက်ကောက်ဝတ်ကို မသိစိတ်က စိုက်ကြည့်လိုက်မိ၏။

သူ၏ အမှောင်စီကွမ် အထောက်အထားသာ ပေါ်လာခဲ့လျှင်...

ကစဉ့်ကလျားခန္ဓာထက်ပိုပြီး ထိတ်လန့်တုန်လှုပ်စေလိမ့်ဦးမည်။

"ရှောင်ယောက်၊ စိတ်မပူပါနဲ့။ မော့ကျဲဧကရာဇ်မျိုးနွယ်ဆိုရင်တောင် စစ်နတ်ဘုရားနန်းတော်မှာ စိတ်ထင်ရာ မလုပ်နိုင်ဘူး"

လော့ရှန်းလင်က စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။

မော့ကျဲဧကရာဇ်မျိုးနွယ်က ကျွင်းရှောင်ယောက်အတွက် ကြီးမားသော ဖိအားတစ်ခု ဖြစ်လာစေမည်ကို သူမ ကြောက်ရွံ့မိလေသည်။

"ကျေးဇူးပါပဲ ရှန်းလင်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

တစ်ဖက်တွင်၊ သူတို့နှစ်ယောက်၏ စကားအသွားအလာများကို နားထောင်ရင်း အကြီးအကဲမူ၏ မျက်ခုံးများ တလှုပ်လှုပ် ဖြစ်သွားရသည်။

ဤလူနှစ်ယောက်ကြားတွင် ဘယ်အချိန်ကစပြီး ဤမျှကောင်းမွန်သော ဆက်ဆံရေး ရှိသွားခဲ့သနည်း။

တစ်ယောက်နှင့်တစ်ယောက် ပြောဆိုပုံများက ရင်းနှီးလွန်းလှသည်။

မဟုတ်မှလွဲ၊ အပြင်ဘက်မှ ကောလဟာလများက တကယ်ဖြစ်နေသလော။

လော့ဝမ်က မြက်နုကြိုက်တဲ့ နွားမအိုကြီးလား။

သို့သော်လည်း လူနပ်တစ်ဦးဖြစ်သည့်အလောက် အကြီးအကဲမူမှာ မသိချင်ယောင်ဆောင်နေပြီး ဘာမျှ မပြောတော့ပေ။

"သတိလာပေးတာ ကျေးဇူးတင်ပါတယ်အကြီးအကဲမူ၊ ဒီကိစ္စကို ကျုပ် မှတ်ထားလိုက်ပါမယ်"

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။

"ဒါနဲ့ စကားမစပ်၊ မင်းကိုပြောစရာတစ်ခုရှိသေးတယ်။ ပျက်စီးခြင်းနယ်စပ်က စစ်ပွဲတွေစပြီး နယ်နိမိတ်အတွေ့အကြုံက မကြာခင် စတင်တော့မှာလေ"

"ကောင်းကင်ကိုးခုအင်မော်တယ်နယ်မြေကြီးကို လျှော့တွက်လို့မရဘူး။ ကျွင်းမိသားစု၊ အင်မော်တယ်ခုံရုံး အစရှိတဲ့ အင်အားစုကြီးတွေကနေ ပါရမီရှင် အကျော်အမော်တွေ ထွက်ပေါ်နေသလို ဧကရာဇ်သားတော်၊ သမီးတော်တွေလ်ြး ရှိတယ်။ နောက်ပြီး ရှေးဟောင်းမျိုးနွယ်တွေရဲ့ မျိုးဆက်တွေလည်း ရှိသေးတယ်"

အကြီးအကဲမူက သတိပေးလိုက်သည်။

"ကျုပ်နားလည်ပါပြီ"

ကျွင်းရှောင်ယောက် ပြောလိုက်၏။

ရင်းနှီးကျွမ်းဝင်ပြီးသား ထိုလူများကို ထပ်မံမြင်တွေ့ရန် သူ မစောင့်နိုင်တော့ပေ။

အကြီးအကဲမူ ထွက်သွားပြီးနောက် ကျွင်းရှောင်ယောက်နှင့် လော့ရှန်းလင်သာ နေရာတွင် ကျန်ခဲ့သည်။

မော့ကျဲဧကရာဇ်သားတော်နှင့် ပတ်သက်၍တော့ ကျွင်းရှောင်ယောက်က လုံးဝ ဂရုမစိုက်ပေ။

မော့ကျဲဧကရာဇ်သားတော်က အဓိပဓိတစ်ပါးဖြစ်လျှင်ပင် ကျွင်းရှောင်ယောက်က ဂရုမစိုက်သေးပါ။

ထို့ထက် သူပိုပြီး ဂရုစိုက်သည်က ယခုလေးတင် ကြားခဲ့ရသော စနစ်၏ လက်မှတ်ထိုးဝင်ရန် အခွင့်အလမ်း ဖြစ်သည်။

စစ်နတ်ဘုရားတောင်တွင် မည်သည့်အရာများ ရရှိနိုင်မည်နည်း။

ကျွင်းရှောင်ယောက်က ယင်းကို ပိုပြီး ဂရုစိုက်သည်။

ဤသို့ဖြင့် အချိန်များ ကုန်လွန်သွားပြီ။

အခြားတစ်ဖက်တွင်....

တုရှန်ဝမ်ဝမ်က ကျွင်းရှောင်ယောက်နှင့် တာအိုတရား မကြာခဏ ဆွေးနွေးလိုသည်။

သို့သော်လည်း အချိန်ကြာလာသည့်တိုင် မတွေ့ရတော့ပေ။

"သခင်လေးရှောင်ယောက် ပြန်မလာသေးဘူးလား"

တုရှန်ဝမ်ဝမ် အတော်လေး စိတ်ပျက်သွားသည်။

"အစ်မဝမ်ဝမ်၊ နင် တုရှန်မျိုးနွယ်ကိုပြန်ပြီး သတို့သားရွေးချယ်ပွဲအတွက် ပြင်ဆင်သင့်ပြီလို့ ထင်တယ်"

တုရှန်ချွန်းချွန်းက လေးလေးနက်နက် ပြောလိုက်သည်။

"ပဉ္စမညီမလေး၊ နင်က နင့်အစာကို ကာကွယ်နေတာလား"

တုရှန်ဝမ်ဝမ်က တုရှန်ချွန်းချွန်း၏ ပါးပြင်နှစ်ဖက်ကို ခပ်ဖွဖွဖျစ်ညှစ်ရင်း ပြောလိုက်၏။

"အစ်မ ဝမ်ဝမ်၊ ငါအမှန်အတိုင်းပြောနေတာ။ ချွန်းချွန်းက သခင်လေးကို တကယ်တွေ့ခဲ့တာ ဖြစ်နိုင်တယ်"

တုရှန်ချွန်းချွန်းက လေးလေးနက်နက် ပြောသည်။

တုရှန်ဝမ်ဝမ်လည်း ခဏတာ အံ့အားသင့်သွား၏။ ထို့နောက် ပြုံးလျက် ပြောလိုက်သည်။

"ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ၊ ငါလည်း သခင်လေးကို ခံစားချက်ရှိပုံရတယ်"

"အား... ငါ လက်မခံဘူးနော်"

တုရှန်ချွန်းချွန်း ချက်ချင်း ထအော်လိုက်သည်။ သူ့ဆံပင်လေးများပင် ထောင်ထသွား၏။

"ခစ်ခစ်၊ သခင်လေးကိုသာ တုရှန်မျိုးနွယ်ကိုခေါ်သွားရင် အခြား ညီအစ်မငါးဦးလည်း သူ့ကို သဘောကျလောက်တယ်"

တုရှန်ဝမ်ဝမ်က စနောက်လိုက်ပြန်သည်။

"မဟုတ်ဘူး၊ သခင်လေး အရမ်းပင်ပန်းမှာပေါ့"

တုရှန်ချွန်းချွန်းမှာ ပို၍ စိုးရိမ်လာတော့သည်။

သူက တစ်ယောက်တည်း အပိုင်သိမ်းလိုခြင်း ဖြစ်သည်။

လူတစ်ယောက်ကို မည်သို့ ငါးစုခွဲရပါမည်နည်း။

ထို့အပြင် ညီအစ်မငါးယောက်ကို မည်သူက သည်းခံနိုင်မည်နည်း။

နောက်ဆုံးမှာ၊ သူ တုရှန်ချွန်းချွန်းအလှည့်သို့ ရောက်သောအခါ အားအင် အနည်းငယ်မျှ ကျန်ရှိတော့မည် မဟုတ်ပေ။

တုရှန်ချွန်းချွန်းကို နောက်ပြောင်ပြီးနောက် တုရှန်ဝမ်ဝမ်လည်း ပြန်ထွက်လာခဲ့သည်။

တံခါးနားမှာတော့ ယွင်ရှောင်ဟေးက ကောင်းကင်ငှက်မွှေးမြင်းနှင့်အတူ စောင့်ဆိုင်းနေဆဲပင်။

'အဲဒီကစဉ့်ကလျားခန္ဓာက ဘယ်လိုများ ဒီလောက် စန်းပွင့်နေရတာလဲ'

ယွင်ရှောင်ဟေး၏ မျက်လုံးများက အနည်းငယ် မှုန်ကုပ်သွားသည်။

မကြာသေးမီက တုရှန်ဝမ်ဝမ်သည် ကျွင်းရှောင်ယောက်နှင့်တွေ့ရန် မကြာခဏ လာရောက်ခဲ့သည်။ သို့သော်၊ ကျွင်းရှောင်ယောက်ကတော့ နေရာတွင် မရှိပေ။

ယင်းက ယွင်ရှောင်ဟေး၏ စိတ်နှလုံးကို မနာလိုစိတ်ဖြင့် ပို၍ တုန်လှုပ်သွားစေခဲ့သည်။

သူ့အတွက်တော့ တုရှန်ဝမ်ဝမ်မှာ လက်လှမ်းမမီနိုင်သော အမြင့်တစ်နေရာမှ ပန်းတစ်ပွင့် ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ကျွင်းရှောင်ယောက်က ထိုပန်း‌ကလေးကို ဂရုပင်မစိုက်ဘဲ နေချင်သလိုနေခဲ့၏။

ဤကွာဟချက်က ကြီးမားလွန်းပေသည်။

"ရှောင်ဟေး၊ ပြန်ကြရအောင်"

ထိုအချိန်တွင် စိတ်ပျက်လက်ပျက် အမူအရာဖြင့် တုရှန်ဝမ်ဝမ် ပြန်ရောက်လာခဲ့သည်။

"အရှင်မင်းသမီး၊ မင်း ဒီလိုတွေလုပ်နေရတာ တန်ရဲ့လား"

ယွင်ရှောင်ဟေး မနေနိုင်ဘဲ မေးလိုက်သည်။

ပုံမှန်အတိုင်းဆိုပါက တုရှန်ဝမ်ဝမ်ကို အစပျိုး၍ စကားပြောရန် သူ့တွင် သတ္တိမရှိပေ။

သို့ရာတွင်၊ ယခုတော့ သူ အမှန်တကယ် သည်းမခံနိုင်တော့ပါ။

တုရှန်ဝမ်ဝမ်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ ယွင်ရှောင်ဟေးကို ထိုကဲ့သို့ ပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

သူမက အနည်းငယ် ပြုံးပြီး ပြောလိုက်သည်။

"ရှောင်ဟေး၊ သခင်လေးနဲ့ ယှဉ်ပြိုင်တာက ဘယ်လောက်တောင် အကျိုးအမြတ်များနိုင်တယ်ဆိုတာ နင်မသိပါဘူး"

"သူ့ဆီက လမ်းညွှန်မှုနည်းနည်းပဲ ရနိုင်ရင်တောင် ငါ့ရဲ့ခွန်အားက အရမ်းတိုးတက်လာလိမ့်မယ်"

"ဒါကခွန်အားတွေ တိုးတက်စေဖို့တစ်ခုတည်းကော ဟုတ်ရဲ့လား"

ယွင်ရှောင်ဟေး အံကြိတ်ပြီး ထပ်မေးလိုက်၏။

ဤစကားမျိုး ဘယ်လိုပြောဝံ့နေမှန်း သူကိုယ်တိုင်လည်း မသိတော့ပေ။

တုရှန်ဝမ်ဝမ်၏ မျက်နှာက နီမြန်းသွားကာ အနည်းငယ် အကြည့်လွှဲပြီး ပြောလိုက်သည်။

"ဒါက... ငါ... သူ့ကို သဘောကျ..."

တုရှန်ဝမ်ဝမ်က ထိုမျှသာပြောပြီး ဆက်မပြောတော့ပါ။

သို့သော်လည်း သူမ၏ ပြောပုံဆိုပုံက အချစ်ကို ရှာတွေ့သွားသော မိန်းကလေးတစ်ယောက်၏ ရှက်ရွံ့နေပုံမျိုး ဖြစ်သည်။

"အရှင်မင်းသမီး၊ အဲဒီကစဉ့်ကလျားခန္ဓာက ပုံမှန်မဟုတ်သလို ငါ အမြဲခံစားနေခဲ့ရတယ်။ သူက အရှင်မင်းသမီးကို အကြောင်းတစ်ခုခုကြောင့် ချဉ်းကပ်နေတာ ဖြစ်နိုင်တယ်"

ယွင်ရှောင်ဟေးက ပြောလိုက်သည်။

တုရှန်ဝမ်ဝမ်ကို ထိုထောင်ချောက်အတွင်းသို့ မကျရောက်စေရန် သူ တားဆီးချင်မိလေသည်။

မမျှော်လင့်ဘဲ၊ တုရှန်ဝမ်ဝမ်၏ မျက်နှာပေါ်ရှိ အပြုံးများက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမက စိတ်ဆိုးသွားဟန်ဖြင့် အနည်းငယ်ပင် မျက်မှောင်ကြုတ်သွား၏။

"ရှောင်ဟေး၊ နင်က ငါ့မြင်းထိန်းအဖြစ်နေတာ ကြာပြီမို့လို့ ဒီတစ်ခါတော့ ထားလိုက်မယ်"

"နောက်တစ်ခါ သခင်လေးကို ဘယ်တော့မှ မကောင်းမပြောမိပါစေနဲ့။ မဟုတ်ရင် ငါ့မြင်းထိန်းအဖြစ် ဆက်ထားတော့မှာ မဟုတ်ဘူး"

တုရှန်ဝမ်ဝမ်က မျက်နှာထား ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ နောက်တော့ ကောင်းကင်ငှက်မွှေး မြင်းကိုစီးကာ တစ်ယောက်တည်း ထွက်သွားတော့သည်။

"အရှင်မင်းသမီး..."

ယွင်ရှောင်ဟေး၏ မျက်နှာက ဖြူဖျော့ပြီး နှုတ်ခမ်းများပင် တုန်ရီလာခဲ့သည်။

ဤသည်က တင်းမာသော သတိပေးချက် ဖြစ်၏။

တုရှန်ဝမ်ဝမ် အလွန်ဒေါသထွက်သွားပြီ။

သူသိထားသည့်အတိုင်းဆိုပါက၊ တုရှန်ဝမ်ဝမ်မှာ စိတ်ထားကောင်းပြီး ဒေါသထွက်ခဲသည်။

သူ့ကိုလည်း ရိုက်နှက်ခြင်း သို့မဟုတ် ဆူပူကြိမ်းမောင်းခြင်းတို့ဖြင့် ကျွန်ကဲ့သို့ ဆက်ဆံခြင်းမျိုး မပြုခဲ့ဖူးပေ။ ထိုအစား အလွန်ကြင်နာပြီး သဘောကောင်းသည်။

ယင်းကပင် တုရှန်ဝမ်ဝမ်ကို သူ အလွန်နှစ်သက်မြတ်နိုးရသည့် အကြောင်းရင်းတစ်ခု ဖြစ်လေသည်။

ယခုတော့...

ယွင်ရှောင်ဟေး၏ နှလုံးသားမှာ နာကျင်လွန်းသဖြင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။

သူ့မျက်လုံးများမှာလည်း အမှောင်ထဲတွင် နစ်မြုပ်နေသကဲ့သို့ မနာလိုမှုနှင့် နာကြည်းမှုတို့ ပြည့်နှက်နေပြီ။

မူလကတော့ သူ မဆုံးဖြတ်နိုင်ခဲ့ပါ။

ယခုမူကား၊ ယွင်ရှောင်ဟေး စိတ်ပိုင်းဖြတ်လိုက်ပြီ ဖြစ်သည်။

တုရှန်ဝမ်ဝမ်ထံမှ ထွက်ခွာပြီး နတ်ဆိုးတံဆိပ်ခတ်သင်္ချိုင်းဆီသို့ သွားတော့မည်။

သူ့ကိုယ်ပိုင်လျှို့ဝှက်ချက်ကို အဖြေရှာပြီး အသန်မာဆုံးသူ ဖြစ်လာချင်သည်။

"ဝမ်ဝမ်၊ မင်း သေချာပေါက် ငါ့မိန်းမ ဖြစ်လာရမယ်"

"အဲဒီကစဉ့်ကလျားခန္ဓာကိုလည်း ငါ ပြန်ပြီး ပေးဆပ်စေမယ်"

ယွင်ရှောင်ဟေး၏ မျက်လုံးများက ခိုင်မာသော စိတ်ဆုံးဖြတ်ချက်တို့ ပြည့်သွားသည်။ နောက်တော့ ချာခနဲလှည့်ကာ သူ ထွက်သွားတော့သည်။

All Chapters