အခန်း ၉၆၃
Vol. 65 Ch. 963
အပိုင်း ( ၉၆၃ ) နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်။
စစ်နတ်ဘုရားတောင်မှာ စစ်နတ်ဘုရားနန်းတော်၏ အတွင်းပိုင်းတွင် တည်ရှိသည်။
ယင်းက ကောင်းကင်ယံသို့ တိုးဝင်နေသော မျှော်စင်အလား တောင်တစ်လုံး ဖြစ်၏။
စစ်နတ်ဘုရားတောင်ထိပ်သို့ ရောက်သွားပါက ကမ္ဘာကြီးတစ်ခုလုံးကို မြင်နိုင်သည်ဟု ဆို၍ရသည်။
စစ်နတ်ဘုရားနန်းတော်ကို ပထမဆုံး စစ်နတ်ဘုရားက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သူ၏ဘွဲ့အမည်မှ ဆင်းသက်ခဲ့ခြင်း ဖြစ်ချေသည်။
နောက်ပိုင်းတွင် သူက သူ၏ကိုယ်ပိုင်လက်နက်ဖြစ်သည့် စစ်နတ်ဘုရားလှံပုဆိန်ကို တောင်ထိပ်ပေါ်တွင် စိုက်သွင်းထားခဲ့သည်။
သို့ရာတွင်၊ ယနေ့ထိတိုင် ထိုလှံပုဆိန်ကို မည်သူမျှ မဆွဲထုတ်နိုင်သေးပေ။
ထိုအချိန်မှစ၍ စစ်နတ်ဘုရားတောင်မှာ စစ်နတ်ဘုရားနန်းတော်၏ မြင့်မြတ်သောနေရာတစ်ခု ဖြစ်လာခဲ့သည်။
တိုင်းတပါးမှ မရေမတွက်နိုင်သော သတ္တဝါများကလည်း အရိုအသေပြုရန်နှင့် ပထမ စစ်နတ်ဘုရား၏ ကျေးဇူးတော်ကို အောက်မေ့ရန် စစ်နတ်ဘုရားတောင်သို့ လာရောက်ခဲ့ပေသည်။
စစ်နတ်ဘုရားတောင်မှာ စစ်နတ်ဘုရားနန်းတော်၏ ဂုဏ်သိက္ခာနှင့် ယုံကြည်ရာနေရာဟု ဆိုနိုင်သည်။
ယခုအချိန်မှာတော့ စစ်နတ်ဘုရားတောင်၏ အတွင်းအပြင်တွင် မရေမတွက်နိုင်သော တိုင်းတပါးသတ္တဝါများ ရှိနေကြသည်။
လူများစွာက စောစီးစွာလာရောက်ကြပြီး နေရာကောင်းယူ၍ ကြီးကျယ်ခမ်းနားသော တိုက်ပွဲတစ်ခု စတင်မည့်အချိန်ကို စောင့်မျှော်နေကြ၏။
ပိအန်းမင်းသား၊ လီကျိုးမင်၊ ဖူယောင်နှင့် အခြား ကောင်းကင်ဘုရင်အဆင့် ပါရမီရှင်များစွာလည်း ဤနေရာသို့ စောစီးစွာ ရောက်ရှိလာခဲ့ကြပေသည်။
"အားလုံးပဲ၊ ဒီတစ်ကြိမ်ရလဒ်က ဘယ်လိုဖြစ်မယ်လို့ထင်လဲ"
လီကျိုးမင်က မေးလိုက်သည်။
"ကစဉ့်ကလျားခန္ဓာရဲ့ အရှုံးမဲ့ဒဏ္ဍာရီ အဆုံးသတ်လိမ့်မယ်"
ဖူယောင်က အေးစက်စက် ပြောသည်။
"သူ့ရဲ့ ရှုံးနိမ့်မှုကို သက်သေခံဖို့ ငါရောက်လာခဲ့တာ"
ပိအန်းမင်းသား၏ မျက်လုံးများက အေးစက်စက်အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။
နောက်ဆုံးအခေါက်က ပါရမီရှင်ရွေးချယ်ပွဲတွင် ကျွင်းရှောင်ယောက်က သူ့ပါးကိုရိုက်နှက်ပြီး မျက်နှာပျက်စေခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင်၊ ပိအန်းမင်းသားက ကျွင်းရှောင်ယောက်၏အခြေအနေကိုကြည့်ရန် ရောက်လာခဲ့ခြင်း ဖြစ်ချေသည်။
အကယ်၍၊ မော့ကျဲဧကရာဇ်သားတော်သာ ကျွင်းရှောင်ယောက်ကို အလွယ်တကူ အနိုင်ယူခဲ့ပါက သူ ကြောက်ရွံ့နေတော့မည် မဟုတ်ပါ။
ထိုသို့ဖြစ်လျှင်၊ များစွာစိုးရိမ်စရာမလိုဘဲ သူ့အာဏာကို ပြန်တည်ဆောက်နိုင်သည်။
တစ်ဖက်တွင် တုရှန်ဝမ်ဝမ်၊ တုရှန်ချွန်းချွန်း၊ ဖေးချင်ရွယ်နှင့် စူးဟုန်ယီတို့လည်း ရောက်လာခဲ့ကြသည်။
စူးဟုန်ယီပေါ်လာသောအခါ လူအတော်များများ အံ့ဩသွား၏။
အနီရောင်ဝတ်စုံဖြင့် လှပနေသော စူးဟုန်ယီကိုကြည့်ရင်း ကျွင်းရှောင်ယောက်ကို အမြင်အာရုံ စူးရှလွန်းသူပါတကားဟု ရေရွတ်လိုက်မိကြလေသည်။
"အစ်မဝမ်ဝမ်၊ နင်ဘာဖြစ်နေတာလဲ"
တုရှန်ဝမ်ဝမ်၏ အမူအရာက အနည်းငယ် ဒေါသထွက်နေပုံပေါ်သဖြင့်။ တုရှန်ချွန်းချွန်း မနေနိုင်တော့ဘဲ မေးလိုက်သည်။
"ငါက ရှောင်ဟေးကို နည်းနည်းပဲ ဆုံးမခဲ့တာ၊ အဲဒါကို သူက ထွက်ပြေးသွားတယ်တဲ့လေ။ ငါသူ့ကို ခေါ်ယူစောင့်ရှောက်ထားခဲ့တာ တကယ်မှားတာပဲ"
တုရှန်ဝမ်ဝမ်က အနည်းငယ် ဒေါသထွက်နေခဲ့သည်။
ယွင်ရှောင်ဟေးက အမှန်တကယ် ထွက်ပြေးသွား၏။
ခွေးတစ်ကောင်ပင်လျှင် အချိန်အကြာကြီး စောင့်ရှောက်ထားပေးပါက၊ သခင်ကို ကျေးဇူးတင်ပြီး ကျေးဇူးဆပ်ရမည်မှန်း သိလိမ့်မည်။
ယွင်ရှောင်ဟေးကတော့ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားသည်။
သူ့ကိုနှုတ်ဆက်ခဲ့လျှင်ပင် တုရှန်ဝမ်ဝမ် နားလည်နိုင်ဦးမည်။
"သူက မြင်းထိန်းလေးတစ်ယောက်ပဲ မဟုတ်လား၊ အစ်မဝမ်ဝမ် ဘာဖြစ်လို့ စိတ်ထဲထားနေရမှာလဲ"
တုရှန်ချွန်းချွန်းက သူထင်ထားသကဲ့သို့ ကိစ္စကြီးကြီးမားမားမဟုတ်သောကြောင့် နှုတ်ခမ်းကိုမဲ့လိုက်လေသည်။
"ထားပါ၊ သူသွားချင်မှတော့ သွားပါစေတော့။ ငါ သူ့ကို ကြင်နာမှုနဲ့ ရိုးရိုးသားသား ဆက်ဆံခဲ့ပြီးပြီ။ ဒါပေမဲ့ သခင်လေးလိုလူကို သံသယရှိရအောင် သူ့ကို ဘယ်သူကပြောခဲ့လို့လဲ"
တုရှန်ဝမ်ဝမ်လည်း ခေါင်းကိုခါယမ်းလိုက်သည်။
ယွင်ရှောင်ဟေး၏ အကြီးမားဆုံးအမှားက ကျွင်းရှောင်ယောက်ကို သံသယဝင်ခြင်းပင်။
ဤသို့ဆိုမှတော့ သူထွက်သွားတာ ပိုကောင်းသည်။
"ဒီတစ်ခါ သခင်လေးရဲ့ ပြိုင်ဘက်က မော့ကျဲဧကရာဇ်သားတော်ပဲ"
တုရှန်ချွန်းချွန်း၏ မျက်လုံးများက စိုးရိမ်ပူပန်မှုအရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
ဧကရာဇ်ငယ်ခုနစ်ပါးမှ တစ်ပါးအနေဖြင့် မော့ကျဲဧကရာဇ်သားတော်က တိုင်းတစ်ပါးတွင် အရှိန်အဝါကြီးမားပေသည်။
"သခင်လေးမှာ ဒီစွမ်းရည်မျိုးရှိမယ်လို့ ငါယုံကြည်တယ်"
တုရှန်ဝမ်ဝမ်က အခိုင်အမာ ပြောလိုက်သည်။
ကျွင်းရှောင်ယောက်နှင့် လေ့ကျင့်စဉ်အတွင်း၌၊ ကျွင်းရှောင်ယောက်၏ခွန်အားဟာ နားမလည်နိုင်လောက်အောင် ဖြစ်နေပြီဖြစ်ကြောင်း သူမ ခံစားခဲ့ရသည်။
ကျွင်းရှောင်ယောက်က သူ့ခွန်အားကို ဘယ်တုန်းကမျှ အပြည့်အဝ မထုတ်ဖော်ခဲ့ပေ။
အဓိပဓိနယ်ပယ် ကျွန်အိုကြီးကို သတ်လိုက်စဉ်ကပင်၊ ကျွင်းရှောင်ယောက်က အစွမ်းကုန် မကြိုးစားခဲ့ပါ။
ဤသည်ကပင်၊ ကျွင်းရှောင်ယောက်အပေါ် သူမ ယုံကြည်နေရခြင်း အကြောင်းရင်း ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ စစ်နတ်ဘုရားတောင်တစ်ဝိုက်တွင် လူများ ပိုများလာခဲ့၏။
စစ်နတ်ဘုရားတောင်၏ အကြီးအကဲအချို့ပင် တိုက်ပွဲကြည့်ရှုရန် လာရောက်ခဲ့၏။
နောက်ဆုံးတွင်၊ ဤသည်က တိုင်းတပါး၏ မျိုးဆက်သစ်လူငယ်များကြားမှ အထွတ်အထိပ်တိုက်ပွဲဟု မှတ်ယူနိုင်သည်။
ဧကရာဇ်ငယ်ခုနစ်ပါးအနက်မှ မော့ကျဲဧကရာဇ်သားတော်က စစ်နတ်ဘုရားတစ်ပိုင်း ကစဉ့်ကလျားခန္ဓာကို တိုက်ခိုက်တော့မည်။
နောက်ဆုံးတွင်၊ လူတိုင်း၏အကြည့်အောက်မှာ အဖြူရောင်ဝတ်စုံဖြင့် အသွင်အပြင်တစ်ခုက ကောင်းကင်ယံမှ ဖြတ်ကျော်လာခဲ့သည်။
ကျွင်းရှောင်ယောက် ဖြစ်၏။
ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်သော အမူအရာဖြင့် စစ်နတ်ဘုရားတောင်ကို ကြည့်လိုက်သည်။
လေအဝှေ့တွင် သူ့ဆံပင်များက လူးလွန့်လှုပ်ရှားသွား၏။
ကျွင်းရှောင်ယောက်ကို ပထမဆုံးအကြိမ်တွေ့ဖူးသော အမျိုးသမီးတော်တော်များများ၏ မျက်လုံးများမှာ အံ့သြမှုဖြင့် ငေးမောသွားကြတော့သည်။
"လော့ဝမ်တောင် နွားအိုမြက်နုကြိုက်ဖြစ်တာ အံ့ဩစရာမရှိတော့ပါဘူး။ ကစဉ့်ကလျားခန္ဓာက တကယ်ကို ထူးကဲလွန်းတယ်"
ပါရမီရှင် အမျိုးသမီးအများစု၏ မျက်လုံးလေးများမှာ တောက်ပနေခဲ့ကြလေသည်။
"ရုပ်ချောတာက စားလို့ရလို့လား။ မော့ကျဲဧကရာဇ်သားတော် ရောက်လာတဲ့အခါ သူ ဒီလောက် ဟန်ကြီးနိုင်ဦးမလား ငါကြည့်ချင်မိတယ်"
အမျိုးသားကျင့်ကြံသူတချို့က ခပ်တိုးတိုး ပြောဆိုလိုက်ကြသည်။
"သခင်လေး..."
တုရှန်ချွန်းချွန်း၏ မျက်လုံးများလည်း တောက်ပလာလေသည်။
သို့သော်လည်း သူတို့အားလုံးက ထက်မြက်ကြသူများ ဖြစ်သည်။
တိုက်ပွဲက စတင်တော့မည်ဖြစ်ပြီး ကျွင်းရှောင်ယောက်အတွက် သူ့ကိုယ်သူ အဆင်သင့်ပြင်ဆင်ထားရန် လိုအပ်သည်။ ဤအချိန်တွင် သူ့ကို သွားနှောင့်ယှက်ရန် မသင့်ပေ။
ကျွင်းရှောင်ယောက်က စစ်နတ်ဘုရားတောင်ပေါ်သို့ ဖြည်းညှင်းစွာ ခြေချခဲ့သည်။
သောင်းချီသော မျက်လုံးအကြည့်များလည်း သူ့နောက်သို့ လိုက်သွားကြ၏။
စစ်နတ်ဘုရားတောင်က အလွန်မြင့်မားသလောက် လျှို့ဝှက်ဆန်းကျယ်သော ဖိအားတစ်ခုလည်း ရှိသည်။ ယင်းက လောကအလယ်တွင် တည်ငြိမ်စွာ ရပ်တည်နေသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းသွားလိုက်သည်။ သူ့ခြေလှမ်းများက မနှေးသလို မြန်လည်းမမြန်ပေ။
မော့ကျဲဧကရာဇ်သားတော် မရောက်သေးသဖြင့် စစ်နတ်ဘုရားတောင်ထိပ်သို့ ဦးစွာတက်ရောက်နေရုံသာ ဖြစ်သည်။
မကြာမီ၊ စစ်နတ်ဘုရားတောင်၏ တောင်ထိပ်သို့ ကျွင်းရှောင်ယောက် ရောက်သွားသည်။
ပတ်ပတ်လည်ကိုကြည့်လိုက်ပါက၊ စစ်နတ်ဘုရားတောင်ထိပ်မှာ အလွန်ကျယ်ပြန့်ကြောင်း မြင်ရမည် ဖြစ်၏။
ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကျယ်သော ရှေးဟောင်း ကမ္ပည်းများကလည်း စစ်နတ်ဘုရားတောင်တစ်ခုလုံးကို ဖုံးအုပ်ထားသေးသည်။
အဓိပဓိများကြားမှ တိုက်ပွဲသည်ပင် တောင်တစ်ခုလုံးကို လှုပ်ခတ်နိုင်မည် မဟုတ်ပေ။
ကျွင်းရှောင်ယောက်က တောင်ထိပ်အလယ်ကို တစ်ချက်ကြည့်လိုက်သည်။
တောင်ထိပ် အလယ်ဗဟိုတွင် နက်မှောင်သော ရွှေရောင် လှံပုဆိန်တစ်ခုကို ဇောက်ထိုးစိုက်ထား၏။
လှံပုဆိန်က ခုနစ်ပေခန့်ရှည်ပြီး လှံကိုယ်ထည်တစ်ခုက မှောင်မိုက်သော ရွှေရောင်အလင်းများ လင်းလက်နေပေသည်။
အထူးခြားဆုံးအချက်က လှံပုဆိန်ပေါ်တွင် သွေးနီရောင်လိုင်းများ ရှိနေခြင်း ဖြစ်သည်။
ယင်းက လူ့ခန္ဓာမှ သွေးကြောများကဲ့သို့ပင်။
ဆိတ်သုဉ်းခြင်း၊ သတ်ဖြတ်ခြင်း၊ လွှမ်းမိုးချုပ်ကိုင်မှုနှင့် ကျယ်ပြောသော ရောင်ဝါက လေထုထဲကို ပြည့်လျှံစေသည်။
နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်။
စစ်နတ်ဘုရားနန်းတော်ကို တည်ထောင်သူ၊ ပထမမျိုးဆက် စစ်နတ်ဘုရား၏ ရတနာ ဖြစ်သည်။
ယင်းကို စစ်နတ်ဘုရားတောင်တွင် စိုက်ထားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ရှေးခေတ်မှ ယနေ့အချိန်အထိ မည်သူမျှ မဆွဲထုတ်နိုင်သေးပေ။
ယင်းက ခွန်အားတစ်ခုတည်းနှင့် ဆွဲထုတ်လို့ရသော အရာမဟုတ်ပါ။
စစ်နတ်ဘုရား၏ ကံကြမ္မာအတိုင်း ထမ်းရွက်ရန် စိတ်ဆန္ဒတစ်မျိုး လိုအပ်သည်။
နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို ပထမဆုံး မြင်လိုက်ရသည့်အခိုက်တွင်...
ထူးခြားမှုကို ကျွင်းရှောင်ယောက် ခံစားလိုက်ရသည်။
သူ့လက်ကောက်ဝတ်က ပူခြစ်လာ၏။
အမှောင်ခြောက်ထောင့်ကြယ် အမှတ်အသားက ထိန်းချုပ်မရဘဲ သူ့အလိုလို ပေါ်လာတော့မည်ကဲ့သို့ပင်။
'မျှော်လင့်ထားတဲ့အတိုင်းပဲ...'
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလင်းရောင် တောက်ပလာခဲ့သည်။
သူမျှော်လင့်ထားသည့်အတိုင်းပင်။
စစ်နတ်ဘုရားနန်းတော်၏ တည်ထောင်သူ၊ ပထမဆုံး စစ်နတ်ဘုရားက ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးမှ တစ်ပါး ဖြစ်သည်။
ကျွင်းရှောင်ယောက် ခန့်မှန်းထားတာမမှားလျှင်...
ကောင်းကင်သင်္ချိုင်းမှာ သူသတ်ခဲ့သော နတ်ဆိုးကဲ့သို့သူက အခြားမဟုတ်ဘဲ၊ ပထမမျိုးဆက် စစ်နတ်ဘုရား၏ ကံကြမ္မာကို ဆက်ခံသူဖြစ်သင့်သည်။
တစ်နည်းဆိုရသော် ကမ္ဘာကြီးကို ဖျက်ဆီးရန် ပထမမျိုးဆက် စစ်နတ်ဘုရား၏ ကံကြမ္မာကို ထိုလူက အမွေဆက်ခံခဲ့ပေသည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် ထိုလူမှာ ကောင်းကင်သင်္ချိုင်းတွင် ကျွင်းရှောင်ယောက်၏ တိုက်ရိုက်သတ်ဖြတ်ခြင်း ခံလိုက်ရရှာသည်။
ရလဒ်အနေဖြင့်၊ ပထမမျိုးဆက် စစ်နတ်ဘုရား၏ ကံကြမ္မာနှင့် အမှောင်ခြောက်ထောင့်ကြယ် အမှတ်အသားက သူ့အပေါ်သို့ ကျရောက်သွားတော့သည်။
ဤနည်းဖြင့်၊ ကျွင်းရှောင်ယောက်ဟာ ပထမမျိုးဆက် စစ်နတ်ဘုရား၏ အလိုဆန္ဒကို ဆက်ခံသူ ဖြစ်လာခဲ့သည်။
ကံကြမ္မာဟူသော စကားလုံးက တကယ်ကို အံ့သြစရာကောင်းပေသည်။
ကျွင်းရှောင်ယောက်လည်း နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ဆီသို့ ချဉ်းကပ်သွားခဲ့သည်။
ထိုအချိန်တွင်၊ စစ်နတ်ဘုရားတောင်ကြီးတစ်ခုလုံး အနည်းငယ်တုန်ခါလာ၏။
"ဘာတွေဖြစ်နေတာလဲ"
စစ်နတ်ဘုရားနန်းတော်မှ အကြီးအကဲအချို့လည်း အံ့အားသင့်သော အရိပ်အယောင်များ လှစ်ဟလာကြတော့သည်။
ထိုနေရာတွင် အကြီးအကဲမူလည်း ရှိသည်။ ဤအခိုက်တွင်၊ သူလည်း တအံ့တဩဖြင့် နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို ကြည့်လိုက်လေသည်။
ဤနတ်ဘုရားငိုကြွေးစစ်လှံပုဆိန်မှာ ကာလများစွာကြာအောင် ငြိမ်သက်နေခဲ့သည်။
သို့ရာတွင်၊ ယနေ့မှာတော့...
အကြီးအကဲမူက ကျွင်းရှောင်ယောက်ကို လေးလေးနက်နက်ကြည့်လိုက်သည်။
ဤအချိန်တွင်၊ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်နှင့် နီးကပ်လာပြီးနောက် စနစ်၏ အသိပေးသံက ကျွင်းရှောင်ယောက်၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
"လက်မှတ်ထိုးဝင်ရမဲ့နေရာ စစ်နတ်ဘုရားတောင်ကို ရောက်ပါပြီ၊ လက်မှတ်ထိုးဝင်လိုပါသလား"
"ဝင်မယ်"
"ဒင်၊ ဂုဏ်ယူပါတယ်ပိုင်ရှင်။ ကြယ်ခုနစ်ပွင့်ဆုလာဘ်၊ စစ်နတ်ဘုရားကျမ်းကို ရရှိခဲ့ပါပြီ"