← Chapters

အခန်း ၉၆၄

Vol. 65 Ch. 964

အခန်း ၉၆၄

Vol. 65 Ch. 964

အခန်း ( ၉၆၄ ) စစ်နတ်ဘုရား‌ကျမ်းကို နားလည်ဆင်ခြင်ခြင်း။

စနစ်၏ အကြောင်းကြားသံအဆုံးတွင်...

ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ စစ်နတ်ဘုရားရုပ်ပုံ လေးဆယ့်ကိုးပုံက ချက်ချင်းပေါ်လာခဲ့သည်။

ဤရုပ်ပုံ လေးဆယ့်ကိုးပုံတွင် တစ်ပုံချင်းစီမှာ ကောင်းကင်နှင့်မြေပြင်ကို ဖိနှိပ်နိုင်ပုံရသော တန်ခိုးရှင်ကြီးတစ်ဦး၏ ပုံသဏ္ဍာန်ဖြင့် ပုံဖော်ထားသည်။

တချို့က ဓားကိုကိုင်ဆွဲပြီး ကောင်းကင်ကိုထိုးခွဲတော့မည့်ပုံရသည်။ တချို့ကလည်း မြေပြင်ကို ခွဲခြမ်းတော့မည့်ဟန်ဖြင့် ပုဆိန်ကြီးများကို ကိုင်ဆောင်ထား၏။

သူတို့အားလုံးကို ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားများဟု ခေါ်ဆိုနိုင်သည်။

ထိုရုပ်ပုံများတွင် နတ်ဘုရားစွမ်းရည်များနှင့် မဟာတာအိုများ ပါဝင်သော တိုက်ပွဲ အနှစ်သာရများလည်း ပါဝင်ပေသည်။

"ဒါက စစ်နတ်ဘုရားကျမ်းလား"

ကျွင်းရှောင်ယောက် အံ့အားသင့်သွားသည်။

မူလက ဤစစ်နတ်ဘုရားကျမ်းမှာ သိုင်းပညာ သို့မဟုတ် လျှို့ဝှက်နည်းလမ်းတစ်ခုခုဖြစ်မည်ဟု သူထင်ခဲ့ခြင်း ဖြစ်သည်။

ယခုတော့၊ ဤစစ်နတ်ဘုရားကျမ်းမှာ သိုင်းပညာတစ်ခုမဟုတ်သလို လျှို့ဝှက်နည်းလမ်းတစ်ခုလည်း ဟုတ်ပုံမရပေ။

အတိအကျပြောရလျှင်၊ ၎င်းက သိုင်းပညာ၏ လျှို့ဝှက်ချက်များနှင့် နတ်ဘုရားစွမ်းရည်များ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ရှင်းပြသည့် ထိပ်တန်းနည်းလမ်းတစ်ခုသာ ဖြစ်သည်။

စစ်နတ်ဘုရားရုပ်ပုံ လေးဆယ့်ကိုးပုံတွင်၊ တစ်ပုံချင်းစီက အလွန်လျှို့ဝှက်ဆန်းကြယ်သော တိုက်ပွဲအနှစ်သာရများနှင့် လျှို့ဝှက်ချက်များ ပါဝင်သည်။

"ဒါက ငါအလိုအပ်ဆုံးအရာဖြစ်နိုင်တယ်"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပသွားသည်။

ယခုအခါ၊ သူ့တွင် သိုင်းပညာများ မရှားပါးသလို နတ်ဘုရားစွမ်းရည်လည်း မပြတ်လတ်ပေ။

လိုအပ်နေသည်က နားလည်မှု ဖြစ်သည်။

ဤသည်ကပင်၊ ကျွင်းရှောင်ယောက်မှာ သူကိုယ်တိုင်ဖန်တီးထားသော မဟာတာအို၏မူလ၊ ကမ္ဘာဦးကျမ်း၏ တတိယပုံစံကို နားမလည်နိုင်သော အကြောင်းရင်း ဖြစ်ချေသည်။

ဤတွင်၊ ကျွင်းရှောင်ယောက်၏ နားလည်နိုင်စွမ်းက မခိုင်မာသောကြောင့် မဟုတ်ပါ။

သူ၏ ကျင့်ကြံခြင်းအခြေခံက နိမ့်ကျပြီး နားလည်မှု မလုံလောက်သေးသောကြောင့် ဖြစ်သည်။

သမိုင်းတွင်၊ ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်များကို ဖန်တီးနိုင်သူတိုင်းက အနည်းဆုံး နှစ်ထောင်သောင်းမက နေထိုင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။

သူတို့၏ အတွေ့အကြုံနှင့် အမြင်များက အလွန်ကြွယ်ဝသော ရတနာသိုက်ကြီးဟု ခေါ်နိုင်ပေသည်။

ကျွင်းရှောင်ယောက်ကတော့...

အလွန်ငယ်ရွယ်သေးသည်။

ကျင့်ကြံသူများအတွက် အသက် နှစ်ဆယ်၊ သုံးဆယ်က မွေးကာစ ကလေးတစ်ယောက်နှင့် မခြားပေ။

ကျွင်းရှောင်ယောက်၏ အသက်အရွယ်ဖြင့် ဤအဆင့်သို့ ရောက်လာနိုင်သည်ကပင် အလွန်ကြောက်စရာကောင်းနေပြီ ဖြစ်သည်။

သူ၏ နားလည်နိုင်စွမ်းက မနိမ့်ကျသော်လည်း နှစ်ပေါင်းထောင်သောင်းမက လေ့ကျင့်ခဲ့သော ပုဂ္ဂိုလ်ကြီးများ၏ အသိအမြင်နှင့် နှိုင်းယှဉ်ရန်တော့ မဖြစ်နိုင်ပေ။

ဤစစ်နတ်ဘုရားကျမ်းက ကျွင်းရှောင်ယောက်၏ လိုအပ်ချက်အတွက် အလွန်အထောက်အကူဖြစ်စေနိုင်သည်။

'ဒီစစ်နတ်ဘုရားရုပ်ပုံ လေးဆယ့်ကိုးခုမှာ တစ်ခုကို ထုတ်ယူလိုက်ရင်တောင် စစ်နတ်ဘုရားတစ်ပါးကို ဖန်တီးနိုင်လောက်တယ်'

'တကယ်လို့ ငါသာ စစ်နတ်ရားရုပ်ပုံ လေးဆယ့်ကိုးခုကို နားလည်နိုင်ရင်... အထွတ်အထိပ်ကာလက လွမ်ကုဧကရာဇ်နဲ့ နှိုင်းယှဉ်ရင်တောင် သိပ်ပြီး မနိမ့်ကျလောက်တော့ဘူး'

ကျွင်းရှောင်ယောက်လည်း သူ့ကိုယ်သူ တွေးလိုက်မိသည်။

လွမ်ကုဧကရာဇ်က သူ့ဘဝတစ်လျှောက်လုံး တိုက်ပွဲထဲတွင်သာ ကုန်ဆုံးစေခဲ့ရသူ ဖြစ်ချေသည်။

သူ၏ တိုက်ပွဲအတွေ့အကြုံနှင့် စုဆောင်းမှုများက အလွန်ကြွယ်ဝသည်ဟု ဆိုနိုင်သည်။

ထို့အတွက်ကြောင့်ပင် သူက ထိပ်တန်းတားမြစ်နည်းလမ်း၊ လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤစစ်နတ်ဘုရားကျမ်းက ကျွင်းရှောင်ယောက်အတွက် အတိုင်းအတာတစ်ခုအထိ အချိန်ကုန်သက်သာစေခဲ့ပေသည်။

ဤစစ်နတ်ဘုရားရုပ်ပုံ လေးဆယ့်ကိုးပုံကို နားလည်ပြီးပါက၊ နတ်ဘုရားစွမ်းရည် တိုက်ခိုက်ရေးနည်းလမ်းများကို သိရှိနားလည်မှုတွင် လွမ်ကုဧကရာဇ်ထက် အားနည်းလိမ့်မည် မဟုတ်တော့ပေ။

နယ်ပယ်သစ်တစ်ခုကိုပင် တက်လှမ်းနိုင်လောက်သည်။

"ဒီစစ်နတ်ဘုရားရုပ်ပုံတွေကိုသာ နားလည်ပြီး လှုံ့ဆော်မှုတစ်ခုရနိုင်ရင် မဟာတာအိုရဲ့မူလ၊ ကမ္ဘာဦးကျမ်းရဲ့ တတိယပုံစံကို ဖော်ဆောင်နိုင်မယ်လို့ ငါခံစားနေရပြီ"

ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။

ကျွင်းရှောင်ယောက် ကိုယ်တိုင်ဖန်တီးထားသော နတ်ဘုရားစွမ်းရည် ကမ္ဘာဦးကျမ်းမှာ လက်ရှိအချိန်တွင် ပုံစံနှစ်မျိုးသာ ရှိသည်။

ယင်းက နတ်ဘုရား၏အလင်းနှင့် နတ်ဘုရား၏ပြစ်ဒဏ် ဖြစ်ချေသည်။

တစ်ချိန်တည်းတွင်၊ ထိုနည်းလမ်းနှစ်ခုကို ပေါင်းစပ်ထားသော သတ်ဖြတ်ကွက်လည်း ရှိသည်။

သို့ရာတွင်၊ ဤသတ်ဖြတ်ကွက်ကို တတိယမြောက်လှုပ်ရှားမှုအဖြစ် မရေတွက်နိုင်ပေ။

အကယ်၍ သူသာ တတိယပုံစံကို ဖော်ဆောင်နိုင်ပါက...

ယင်းမှာ ပထမပုံစံနှစ်ခု၏ ပေါင်းစပ်မှုထက် ပို၍ အားကောင်းမည်မှာ သေချာသည်။

စစ်နတ်ဘုရားကျမ်းကို လက်မှတ်ထိုးဝင်ကာ ရရှိပြီးနောက်၊ ကျွင်းရှောင်ယောက်လည်း နတ်ဘုရားငိုကြွေးစစ်ပုဆိန်ဘေးတွင် တင်ပျဉ်ခွေထိုင်ကာ နားလည်ဆင်ခြင်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ မော့ကျဲဧကရာဇ်သားတော် ရောက်မလာသေးသောကြောင့် ဤအချိန်ကို အခွင့်ကောင်းယူပြီး နားလည်ဆင်ခြင်ရလိမ့်မည်။

"ဟမ်၊ ကစဉ့်ကလျားခန္ဓာက ဘာလို့ ထိုင်နေတာလဲ"

လူတော်တော်များများ စိတ်ရှုပ်ထွေးသွားကြသည်။

"ကြောက်စရာကောင်းတဲ့ ရန်သူတော်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ဘယ်သူမဆို၊ ကိုယ့်စိတ်ကို အကောင်းဆုံးချိန်ညှိထားကြမှာပဲ မဟုတ်လား"

လူအများစုက ကျွင်းရှောင်ယောက်မှာ သူ့ကိုယ်သူ တည်ငြိမ်စေရန် ကြိုးစားနေသည်ဟု ယူဆလိုက်ကြသည်။

နောက်ဆုံးတွင်၊ ဤတစ်ကြိမ်မှာ သူ၏ပြိုင်ဘက်က ထိပ်တန်းဘုရင်ဆယ်ပါး၏အဆင့်မှ ပါရမီရှင်တစ်ယောက် မဟုတ်ပေ။

ယင်းက စစ်မှန်သော ဧကရာဇ်ငယ်ခုနစ်ပါးအဆင့်မှ ပါရမီရှင် ဖြစ်သည်။

ဧကရာဇ်ငယ်ခုနစ်ပါးကို ရင်ဆိုင်ရပါက၊ တိုင်းတစ်ပါးမှ မျိုးဆက်သစ်လူငယ်များတွင် မည်သူမျှ လျစ်လျူမရှုဝံ့မှာ ကြောက်ရသည်။

ဤသို့ဖြင့် အထင်မြင်လွဲမှားမှုများကြားတွင် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားခဲ့သည်။

မော့ကျဲဧကရာဇ်သားတော် ရောက်မလာသေးပေ။

သူက တမင်တကာ အချိန်ဆွဲပြီး ကျွင်းရှောင်ယောက်ကို စောင့်ခိုင်းထားပုံရသည်။

"ငါနားလည်ပြီ၊ တိုက်ပွဲတစ်ခုမှာ စိတ်ဓာတ်ကို တိုက်ခိုက်တာကလည်း အရေးကြီးတာပဲ။ မော့ကျဲဧကရာဇ်သားတော်က ကစဉ့်ကလျားခန္ဓာကို ဖိအားတွေခံစားစေချင်တာ"

"မှန်တာပေါ့၊ အချိန်ကြာလာလေလေ... ဖိအားတွေက ပိုပြီး ကြီးမားလာလေပဲ။ မော့ကျဲဧကရာဇ်သားတော်ရဲ့ စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာတွေက တကယ်ကို အံ့သြစရာကောင်းတယ်"

အကယ်ဒမီ၏ တပည့်များကို မဆိုထားနှင့်၊ အကြီးအကဲများပင် သက်ပြင်းချလိုက်ကြသည်။

ဧကရာဇ်ငယ်ခုနစ်ပါးထဲမှ တစ်ယောက်အနေဖြင့်၊ မော့ကျဲဧကရာဇ်သားတော်ဟာ တကယ့်ကို ထူးကဲသူတစ်ယောက်ပင်။

"မိတ်ဆွေလေးရှောင်ယောက်၊ ဒီလိုဖိအားမျိုးကို ခံနိုင်ပါ့မလားမသိဘူး"

အကြီးအကဲမူလည်း ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်ကတော့ မျက်လုံးမှိတ်ပြီး တင်ပျဉ်ခွေထိုင်နေဆဲပင်။

ဤအချိန်တိုလေးအတွင်း၊ ကျွင်းရှောင်ယောက်ဟာ စစ်နတ်ဘုရားကျမ်းမှ ရုပ်ပုံများစွာကို ကနဦး နားလည်ပြီးနေပြီ ဖြစ်သည်။

"ငါနားလည်ပြီ၊ စစ်နတ်ဘုရားကျမ်းမှာ သန့်စင်ဖို့လိုအပ်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိနေတာပဲ"

ကျွင်းရှောင်ယောက် ရုတ်တရက် နားလည်သွားခဲ့သည်။

ဤမျှတိုတောင်းသော အချိန်အတွင်းတွင်၊ စစ်နတ်ဘုရားကျမ်း၏ အနှစ်သာရကို သူနားလည်ခဲ့ပြီ။

သန့်စင်သောနိယာမကို တိုက်ခိုက်ခြင်း။

နည်းလမ်းတစ်ခုမှ နည်းလမ်းအားလုံးကို ရနိုင်သည်။

ဤနည်းလမ်းများက နတ်ဘုရားစွမ်းရည်အားလုံးကို နုတ်ယူနိုင်ပြီး တိုက်ခိုက်ရေးနည်းလမ်းအားလုံးကို အတုယူနိုင်ပေသည်။

ဤသည်က စစ်နတ်ဘုရားကျမ်း၏ အနှစ်သာရ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ယခုမှ နားလည်ဆင်ခြင်ရုံဖြစ်သော်လည်း ဤအနှစ်သာရကို နားလည်ခဲ့ပြီ။

သူ့နားလည်နိုင်စွမ်းက လွန်စွာ ထက်မြက်သည်ဟု ဆိုရမည်။

သဘာဝအတိုင်း၊ ပြင်ပလူများကတော့ ကျွင်းရှောင်ယောက် မည်မျှရရှိသည်ကို မသိကြပေ။

အကယ်၍ မော့ကျဲဧကရာဇ်သားတော်သာ သူ၏ တမင်တကာနှောင့်နှေးမှုကြောင့် ကျွင်းရှောင်ယောက် နည်းလမ်းသစ်တစ်ခုကို နားလည်သွားကြောင်း သိလိုက်ရပါက...

သွေးများ တပွက်ပွက် အန်သွားလောက်သည်။

နောက်ပိုင်းတွင်၊ ကျွင်းရှောင်ယောက်က စစ်နတ်ဘုရားကျမ်း၏ အစိတ်အပိုင်းတစ်ခုမှ နည်းလမ်းအချို့ကို ထပ်မံနားလည်ခဲ့သည်။

ဥပမာအားဖြင့် ကျောက်စစ်လက်ဝါး၊ တောင်ရွေ့တံဆိပ်တော်၊ ကောင်းကင်ဖောက်လက်သီး စသည်ဖြင့်...

ယင်းက ကမ္ဘာမြေကို ဖြိုခွဲနိုင်သော နည်းလမ်းများမဟုတ်သော်လည်း၊ ကျွင်းရှောင်ယောက်၏ တိုက်ခိုက်ရေးနည်းလမ်းများကို ကြွယ်ဝစေပေသည်။

နောက်ဆုံးတွင်၊ သူ၏လက်ရှိအထောက်အထားမှာ ကစဉ့်ကလျားခန္ဓာဖြစ်၍ ယခင်လှုပ်ရှားမှုများစွာကို အသုံးမပြုနိုင်ပေ။ သို့မဟုတ်ပါက သူ၏အထောက်အထားကို ထုတ်ဖော်မိလိမ့်မည် ဖြစ်သည်။

နောက်ဆုံးတွင်...

ဆယ်ရက်ကြာသွားသည်။

နိယာမတရားများ၏ စွမ်းအားများ ရောယှက်နေသော ရွှေရောင်လမ်းတစ်ခုက အဝေးမှ ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။

ရွှေရောင်လမ်းပေါ်မှာတော့ ထူးကဲသော အသွင်အပြင်ဖြင့် လူရိပ်တစ်ခုက အေးအေးလူလူ လျှောက်လာခဲ့၏။

ယင်းက အလွန်ချောမောခန့်ညားသော အမျိုးသားတစ်ဦး ဖြစ်သည်။ ခါးထိရှည်လျားသော ဆံပင်များကလည်း လေထဲတွင် အနည်းငယ် လူးလွန့်လှုပ်ရှားနေသေးသည်။

သူ၏ အသားအရေမှာလည်း အမျိုးသမီးများစွာထက် ပိုနုနယ်ပြီး ကျောက်စိမ်းကဲ့သို့ ဖြစ်သည်။

သူ့ခန္ဓာကိုယ်တဝိုက်မှာတော့ နတ်ကွင်းအလွှာဆယ်ခု ရှိ၏။

ယင်းက ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။

မော့ကျဲဧကရာဇ်သားတော် ရောက်လာပြီ ဖြစ်သည်။

"ဒါက‌ မော့ကျဲဧကရာဇ်သားတော်ပဲ"

စစ်နတ်ဘုရားတောင်တဝိုက်မှ လူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်။ အားလုံး၏ အကြည့်များက မော့ကျဲဧကရာဇ်သားတော်အပေါ် ကျရောက်သွား၏။

နောက်ဆုံးတွင် သူတို့ထဲမှ အတော်များများမှာ၊ ဧကရာဇ်ငယ်ခုနစ်ပါးအဆင့်ရှိ ပါရမီရှင်တစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏ နှလုံးသားများ တုန်လှုပ်သွားခဲ့ရပေသည်။

ဤသည်မှာ၊ လောကထဲသို့ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ဖြစ်သည်။

မော့ကျဲဧကရာဇ်သားတော်ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

စွမ်းအင်ခုခံကာကွယ်ခြင်း ကွင်းဆယ်ကွင်းကြောင့်လည်း သူ့ကို နတ်ဘုရား၏သားတော်နှင့် ပို၍ တူစေခဲ့၏။

တစ်ချိန်တည်းမှာပဲ၊ နတ်ဘုရားငိုကြွေး စစ်ပုဆိန်၏ဘေးမှာ တင်ပျဉ်ခွေထိုင်နေသော ကျွင်းရှောင်ယောက်က သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

သူတို့နှစ်ဦး၏ မျက်လုံးအကြည့်များက လေထဲတွင် ထိပ်တိုက်တွေ့ဆုံသွား၏။

မိုးနှင့်မြေက တိတ်ဆိတ်သွားပြီး လူတိုင်း အသက်ပြင်းပြင်းရှူလိုက်ကြသည်။

ထိတ်လန့်ဖွယ်ရာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည်။

All Chapters