အခန်း ၉၆၇
Vol. 65 Ch. 967
အခန်း ( ၉၆၇ ) မော့ကျဲဧကရာဇ်မျိုးနွယ် ဒေါသထွက်ချေပြီ။
ဤအခိုက်တွင်၊ မိုးနှင့်မြေကြားမှ အသံများအားလုံး ပျောက်ကွယ်သွားခဲ့ပုံရသည်။
အားလုံးက မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားဖြစ်နေသော်လည်း အသံမထွက်ကြတော့ပေ။
မည်သူမျှ စကားမပြောနိုင်ကြတော့ပါ။
ဧကရာဇ်ငယ်ခုနစ်ပါးအနက်မှ မော့ကျဲဧကရာဇ်သားတော်မှာ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ဖြင့် တိုက်ရိုက်ထိုးဖောက်ခံခဲ့ရပြီ ဖြစ်သည်။
စစ်လှံပုဆိန်ဖြင့် စစ်နတ်ဘုရားတောင်တွင် ထိုးဖောက်ခံရပြီး သေဆုံးသွားခဲ့ပြီ။
ဤကဲ့သို့သော သက်ရောက်မှုနှင့် အံ့မခန်းစွမ်းအားက လူတိုင်းကို အချိန်အတော်ကြာသည်အထိ မတုံ့ပြန်နိုင်အောင် ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။
ထိုအချိန်တွင် နှင်းဖြူအဝတ်အစားများများ၊ အဖြူရောင် ဆံပင်များနှင့် လူငယ်အပေါ်သို့ လူတိုင်း၏အကြည့်က တစ်ဖန် ကျရောက်လာခဲ့သည်။
"မော့ကျဲဧကရာဇ်သားတော်ကို ချက်ချင်းသတ်ပစ်နိုင်မယ်လို့ ယုံကြည်မှုရှိလို့ သူ ငြိမ်နေခဲ့တာများလား"
ထိုသို့တွေးမိသောအခါ လူတိုင်း၏ ကျောရိုးထဲထိ စိမ့်တက်သွားခဲ့သည်။ သူတို့နှလုံးသားထဲတွင် အေးစက်သွား၏။
ဤပုဂ္ဂိုလ်က အစွမ်းထက်သလောက် ကြောက်စရာကောင်းလွန်းသည်။
စစ်နတ်ဘုရားတောင်ပေါ်တွင် မော့ကျဲဧကရာဇ်သားတော်ကို တစ်ချက်တည်းဖြင့် သတ်ခဲ့၏။ မည်သူက ဤမျှ သတ္တိကောင်းပြီး မတုံ့မဆိုင်း ပြုမူဝံ့မည်နည်း။
ကျွင်းရှောင်ယောက်၏ အမူအရာကတော့ အပြောင်းအလဲမရှိပေ။
မော့ကျဲဧကရာဇ်သားတော်မှ သူ့အား တိုက်ခိုက်ရန် စိန်ခေါ်ကတည်းက သူ့ကံကြမ္မာမှာ ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။
ဤအတွက် အပြစ်တင်ချင်လျှင် လှံသွားကိုမှ တည့်တည့်တိုးမိသည့် သူ့ကိုယ်သူ အပြစ်တင်ရလိမ့်မည်။
ထို့ပြင် တိုင်းတစ်ပါးမှ ဧကရာဇ်ငယ်ခုနစ်ပါးက သူတို့ကြီးပြင်းလာသောအခါ နောင်အနာဂတ်တွင် အင်မော်တယ်နယ်မြေကြီးအတွက် ဘေးဆိုးကြီးများ ဖြစ်လာမည်မှာ သေချာသည်။
ထို့ကြောင့် လူတစ်ယောက်ကို ကြိုတင်သတ်လိုက်ခြင်းဖြင့် အမြတ်ကြီးကြီး ရရှိခဲ့ပေသည်။
ကျွင်းရှောင်ယောက်က မော့ကျဲဧကရာဇ်သားတော်အရှေ့သို့ တည်ငြိမ်စွာ လျှောက်သွားခဲ့သည်။
နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်မှ သွေးကြောမျှင်များက မော့ကျဲဧကရာဇ်သားတော်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ပြီး သူ၏အနှစ်သာရ အားလုံးကို စုပ်ယူပစ်လိုက်၏။
ကျွင်းရှောင်ယောက်လည်း နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို ဖြည်းညှင်းစွာ ပြန်ဆွဲထုတ်လိုက်လေသည်။
လှံကို အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် အသားနှင့်သွေးများက လွင့်စဉ်သွားခဲ့သည်။
ကျွင်းရှောင်ယောက်က စစ်နတ်ဘုရား တောင်ထိပ်ပေါ်တွင် ရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
ပိအန်းမင်းသား၊ လီကျိုးမင်၊ ဖူယောင်နှင့် အခြားသူများလည်း ကျွင်းရှောင်ယောက်ကို မကြည့်ဝံ့ဘဲ အနည်းငယ် ခေါင်းငုံ့သွား၏။
စစ်နတ်ဘုရားနန်းတော်၏ အခြားတပည့်များလည်း ခေါင်းငုံ့သွားတော့သည်။
တုရှန်ဝမ်ဝမ်၊ တုရှန်ချွန်းချွန်း၊ စူးဟုန်ယီနှင့် မိန်းကလေးများ၏ မျက်လုံးများမှာတော့ တောက်ပပြီး အံ့ဩမှုနှင့် မြတ်နိုးခြင်းတို့ ပြည့်နေတော့သည်။
အကြည့်တစ်ချက်ဖြင့် ပရိသတ်တစ်ခုလုံးကို လွှမ်းမိုးနိုင်သော ကျွင်းရှောင်ယောက်ကိုကြည့်ရင်း အကြီးအကဲမူလည်း သက်ပြင်းချလိုက်မိသည်။
ကစဉ့်ကလျားခန္ဓာကတော့ အရှိန်အဝါသစ်တို့ စတင်တည်ဆောက်နေပြီ။
"ငါ့ကို စိန်ခေါ်ချင်ရင် ဘယ်သူ့ကိုမဆို စိန်ခေါ်ပိုင်ခွင့်ရှိပါတယ်၊ ဒါပေမဲ့..."
"မင်းတို့ရဲ့ အသက်ကိုတော့ ငါအာမမခံနိုင်ဘူး"
ကျွင်းရှောင်ယောက်၏အသံက တည်ငြိမ်သော်လည်း ကျယ်ပြောလှသည့် ကမ္ဘာကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
ထိုစကားကိုကြားတော့ လူများမှာ ပထမ အံ့ဩသွားခဲ့သည်။ ထို့နောက် လေးစားကြည်ညိုမှုတို့ ဖြစ်ပေါ်လာခဲ့၏။
တိုင်းတစ်ပါးတွင် ကြီးမားသော အင်အားရှိသူကိုသာ လေးစားသည်။
ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက ပရိသတ်အားလုံးကို အကြွင်းမဲ့ အောင်နိုင်စေခဲ့ပေသည်။
ဤတိုက်ပွဲအပြီးတွင်၊ ကျွင်းရှောင်ယောက်၏ ဂုဏ်သတင်းက တိုင်းတပါး၌ အထွတ်အထိပ်သို့ ထိုးတက်သွားတော့မည်မှာ သေချာသည်။
ဧကရာဇ်ငယ်ခုနစ်ပါး၏ ဂုဏ်သိက္ခာပင်လျှင် ကျွင်းရှောင်ယောက်၏ရှေ့မှာ မှိန်ဖျော့သွားမည်ကို ကြောက်ရပေသည်။
အကယ်၍၊ သူတို့လေးစားနေရသူဟာ အင်မော်တယ်နယ်မြေကြီးမှ လာရောက်သူဖြစ်မှန်း သိသွားခဲ့ကြမည်ဆိုလျှင်...
ထိုအချိန်မှာ တိုင်းတပါးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားမည်မှာ သေချာသည်။
ဟုတ်ပေသည်၊ ယင်းကတော့ နောက်တစ်နေ့မှ နောက်ဇာတ်လမ်းတစ်ခုပင်။
ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်က နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကိုကိုင်ပြီး တည်ငြိမ်စွာ ရပ်နေခဲ့သည်။ အဖြူရောင် သူ့ဆံပင်များကလည်း လေအဝှေ့တွင် လူးလွန့်လှုပ်ရှားနေ၏။ အဖြူရောင် အဝတ်အစားများနှင့် သူ့ပုံစံက အမှန်တကယ် တုနှိုင်းမရသော စစ်နတ်ဘုရားကဲ့သို့ပင်။
အခြေအနေများက မပြီးဆုံးသေးမှန်း သူသိသောကြောင့် စိတ်ကိုမလျှော့ထားသေးပါ။
မော့ကျဲဧကရာဇ်သားတော်က ကျွင်းရှောင်ယောက်၏ ခွန်အားနှင့် နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်၏ စွမ်းအားကို လျှော့တွက်ထားခဲ့သည်။
ထို့ကြောင့် အချည်းနှီး သေဆုံးခဲ့ရခြင်း ဖြစ်ချေသည်။
သို့သော်လည်း သူ့နောက်ကွယ်မှ မော့ကျဲဧကရာဇ်မျိုးနွယ်က ဤအတိုင်းနေမည်မဟုတ်မှန်း သူသိသည်။
'မိတ်ဆွေလေး နည်းနည်းတော့ စိတ်မြန်လက်မြန်နိုင်သွားပြီ'
အကြီးအကဲမူ၏ အမူအရာက လေးနက်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။
ကျွင်းရှောင်ယောက်၏ စွမ်းဆောင်ရည်က တကယ်ကို အံ့မခန်းပင်။
သို့သော်လည်း သူ့လုပ်ရပ်များက အနည်းငယ် ပြင်းထန်သည်။
"ဝုန်း"
မိုးနှင့်မြေက တုန်ခါပြီး ကောင်းကင်ပြင်က ရုတ်တရက် အရောင်ပြောင်းသွားသည်။
အလွန်ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များက တဟုန်ထိုး တက်လာခဲ့၏။
ယင်းမှာ မော့ကျဲဧကရာဇ်မျိုးနွယ်မှ ပုဂ္ဂိုလ်ကြီးတစ်ဦး၏ ဒေါသ ဖြစ်သည်။
သူသည် တိုက်ပွဲကို စောင့်ကြည့်နေခဲ့သော်လည်း မော့ကျဲဧကရာဇ်သားတော်အား တစ်ချက်တည်း သတ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
အခြေအနေများက ရုတ်တရက်ဆန်လွန်းသောကြောင့် သူတို့လည်း ဘာမျှမတတ်နိုင်တော့ပါ။
"ကောင်စုတ်လေး၊ မင်း သေချင်နေတာပဲ"
အဆုံးမဲ့ ဟင်းလင်းပြင်အတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အင်မော်တယ်တစ်ပိုင်း အရှိန်အဝါများကလည်း တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့၏။
ယင်းက ဒေါသကို မချုပ်တီးနိုင်တော့သော မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်းပုဂ္ဂိုလ် ဖြစ်တော့သည်။
ထို့ပြင်၊ စစ်နတ်ဘုရားတောင်မှ တိုက်ပွဲတစ်ခုက မော့ကျဲဧကရာဇ်သားတော်၏ သေဆုံးခြင်းကို ဖြစ်ပေါ်စေမည်ဟု မည်သူထင်ထားခဲ့မည်နည်း။
ဧရာမ လက်ကြီးတစ်ဖက်က ကောင်းကင်ကို ဖြိုခွင်းကာ ဆင်းသက်လာခဲ့သည်။
အင်မော်တယ်တစ်ပိုင်း ဒေါသထွက်သောအခါ ကမ္ဘာကြီးပင် ကမောက်ကမ ဖြစ်လာခဲ့ရသည်။
"ဆရာကြီး၊ စိတ်ကိုလျှော့ပါ။ ဒါက စစ်နတ်ဘုရားနန်းတော်ပဲ"
အကြီးအကဲမူ၏ မျက်ခွံများက လှုပ်ယမ်းသွားကာ အော်ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က မော့ကျဲဧကရာဇ်သားတော်ကို သတ်ခဲ့သော်လည်း၊ သူသည် ကစဉ့်ကလျားခန္ဓာဖြစ်သလို စစ်နတ်ဘုရားနန်းတော်၏ စစ်နတ်ဘုရားတစ်ပိုင်း ဖြစ်နေဆဲပင်။
ထို့အပြင် ကျွင်းရှောင်ယောက်က နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်အား နှုတ်ယူပြပြီး ပထမမျိုးဆက် စစ်နတ်ဘုရား၏ ဆက်ခံသူဟု ကြေညာထားခဲ့သည်။
သူ့ကိုသာ မော့ကျဲဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်တစ်ပိုင်းမှ သတ်လိုက်ပါက ဆုံးရှုံးမှုများမှာ တိုင်းတာမရနိုင်ပေ။
အင်မော်တယ်တစ်ပိုင်း အကျော်အမော်၏ ကြီးမားသော ဖိအားကိုရင်ဆိုင်ရင်း၊ ကျွင်းရှောင်ယောက်၏ အဖြူရောင်ဆံပင်များနှင့် အဖြူရောင်အဝတ်အစားများက တဖျပ်ဖျပ်လှုပ်ရှားလာခဲ့သည်။ သို့သော်၊ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို ကိုင်ဆွဲထားသော သူ့အမူအရာက မပြောင်းလဲသလို အနေအထားကလည်း မပြောင်းသေးပေ။
ကျွင်းရှောင်ယောက်က မော့ကျဲဧကရာဇ်သားတော်ကို သတ်ဖြတ်ရာတွင် အဘယ်ကြောင့် ပြတ်သားခဲ့သနည်း။
အကြောင်းက၊ သူဟာ ဧကရာဇ်ငယ်ခုနစ်ပါးမှ တစ်ပါး ဖြစ်နေသောကြောင့်သာ ဖြစ်သည်။
ထို့ပြင်... အခြားအကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။
ကျွင်းရှောင်ယောက်က အလောင်းအစားလုပ်နေသည်။
လော့ရှန်းလင် မည်ကဲ့သို့ တုံ့ပြန်မည်ကို လောင်းကြေးထပ်ထား၏။
တစ်ဖက်လူက သူ့ကို ထောက်ပံ့ပြီး လှုပ်ရှားရန် ဆန္ဒရှိမည်လော။
"ဝုန်း"
ဧရာမ လက်ဝါးကြီးက ဆက်လက်ဆင်းသက်လာခဲ့သည်။
ဤအခိုက်တွင်...
မရေမတွက်နိုင်သော နိယာမများက လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာပြီး ဧရာမ နိယာမလက်ကြီးကို ချေဖျက်သွားခဲ့သည်။
"ဟမ်"
မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်းက အေးစက်စက် နှာမှုတ်လိုက်သည်။
လေထဲတွင် လှပသော ရုပ်သွင်တစ်ခု ထွက်ပေါ်လာခဲ့၏။
ရိုးရှင်းသော မီးခိုးရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူမ၏ အဝတ်မစားများက လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး ရေပြာရောင် ဆံနွယ်များကလည်း လူးလွန့်လှုပ်ရှားနေလေသည်။
သူမကို ကြည့်ရသည်မှာ မြစ်နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်သည်။
ရောက်ရှိလာကြသော ပါရမီရှင် အမျိုးသားများအားလုံး အံ့အားသင့်ကာ ငေးမောသွားကြတော့သည်။
"လော့ဝမ်ပဲ"
"သူက လော့ဝမ်လား၊ လှလိုက်တာ"
အမျိုးသားများကို မဆိုထားဘိ၊ အမျိုးသမီးများပင် မနေနိုင်ဘဲ ငေးမောလိုက်ရသည်။
လူအများစုမှာ လော့ရှန်းလင်ကို ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
သူမက အလွန်နိမ့်ကျသောပုံရိပ်ကို ထိန်းသိမ်းထားပြီး ခရမ်းရောင်ဝါးတောမှ ထွက်ခွာခဲသောကြောင့်လည်း ကျော်ကြားပေသည်။
လော့ရှန်းလင် ရောက်လာတာကိုမြင်မှ အကြီးအကဲမူလည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
အနည်းဆုံးတော့ လော့ရှန်းလင်သည် ကျွင်းရှောင်ယောက် တစ်ခုခုဖြစ်သွားတာကို ထိုင်ကြည့်နေမည်မဟုတ်ပေ။
နောက်ဆုံးတွင်၊ သူတို့ကြားမှ ဆက်ဆံရေးက...
"လော့ဝမ်၊ မင်း ဒါက ဘာအဓိပ္ပာယ်လဲ"
မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်းက အေးစက်သောလေသံဖြင့် မေးသည်။
လော့ရှန်းလင်၏ မျက်လုံးက အေးစက်နေပြီး အမူအရာမပြောင်းပေ။
ကျွင်းရှောင်ယောက်ကို ကြည့်လိုက်စဉ်ကနှင့်မတူဘဲ သူ့အမူအရာ ပြတ်သားလွန်းလှသည်။
"ရှောင်ယောက်က ငါ့ရဲ့ ကာကွယ်မှုအောက်မှာ ရှိတယ်"
သူမ၏အသံက ချိုသာသော်လည်း သူ့စကားများက ယောက်ျားများထက်ပင် ပို၍ ကြီးစိုးသည်။
လော့ရှန်းလင်သည် ကျွင်းရှောင်ယောက်နှင့် နေ့စဉ် အပြန်အလှန် ဆက်ဆံချိန်တွင် ထိပ်သီးအကျော်အမော်တစ်ပါး၏ အနေအထားကို အနည်းငယ်မျှ မပြသခဲ့ပေ။
သို့ရာတွင်၊ သူမ အမှန်တကယ်လေးနက်ပါက စစ်မှန်သော ဘုရင်မတစ်ပါးကဲ့သို့ သန်မာသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။
"ငါ ဘာဖြစ်လို့ နည်းနည်း မနာလိုနေရတာလဲ"
ပါရမီရှင်တစ်ဦးက ပြောလိုက်သည်။
"လော့ဝမ်ရဲ့ အကာကွယ်အောက်မှာဆိုရင် လေ့ကျင့်စရာတောင် မလိုဘူး"
"လော့ဝမ်ရေ၊ ကျွန်တော်မျိုးလည်း အလုပ်မကြိုးစားချင်တော့ဘူး"
မနာလို၊ အားကျသော အကြည့်များက ပတ်ဝန်းကျင်တစ်ခွင်မှာ ပြည့်သွားခဲ့လေသည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင်လည်း စိတ်သက်သာရာရသော အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
ဤကာလအတွင်းမှ သူ၏ နည်းဗျူဟာများမှာ အသုံးဝင်ဆဲဖြစ်ပုံပင်။
သူ့အပေါ်တွင် လော့ရှန်းလင်က ခံစားချက်တို့ ရှိ၊မရှိကို ဘေးဖယ်ထားလျှင်ပင်...
အနည်းဆုံးတော့၊ ဧကရာဇ်မျိုးရိုးမှ အင်မော်တယ်တစ်ပိုင်းကို သူ့အတွက် ရပ်တည်ပေးနိုင်သည်။
ယင်းက လုံလောက်ပါပြီ။