← Chapters

အခန်း ၉၆၈

Vol. 65 Ch. 968

အခန်း ၉၆၈

Vol. 65 Ch. 968

အပိုင်း ( ၉၆၈ ) ဘုရင်ဖုဖုန်း ပစ်မှတ်ထားလာခြင်း။

"‌လော့ဝမ်၊ မင်း ဒီကောင်လေးအတွက်နဲ့ ငါတို့ မော့ကျဲဧကရာဇ်မျိုးနွယ်ကို တကယ်ဆန့်ကျင်မှာလား"

မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်းပုဂ္ဂိုလ်၏ လေသံက အေးစက်သွားသည်။

လော့ရှန်းလင်က သာမန်မဟုတ်ပေ။ အင်မော်တယ်တစ်ပိုင်း အကျော်အမော်များကြားမှာပင် သူမက အလွန်သန်မာသည်။

သူမက စစ်နတ်ဘုရားနန်းတော်၏ ရှေးအဓိပဓိတစ်ဦး ဖြစ်သည်ဟူသော အချက်ကို ဘေးဖယ်ထားလျှင်ပင်...

မော့ကျဲဧကရာဇ်မျိုးနွယ်က သူမကို အလွယ်တကူ အနိုင်ကျင့်၍မရပါ။

အားလုံး၏ မျက်လုံးများက လော့ရှန်းလင်ကိုသာ စိုက်ကြည့်လိုက်ကြသည်။

လော့ရှန်းလင်က ကျွင်းရှောင်ယောက်အတွက် ဧကရာဇ်မျိုးနွယ်တစ်ခုကို ပစ်မှားလိုနေသည်။

ယင်းက ပေါ့သေးသေး မဟုတ်ပေ။

လော့ရှန်းလင်တွင် စစ်နတ်ဘုရားနန်းတော် နောက်ခံရှိသော်လည်း၊ အင်မော်တယ်ဧကရာဇ်မျိုးနွယ်ကို စော်ကားမိပါက ကောင်းမည်မဟုတ်ပါ။

"လော့ဝမ်က ကစဉ့်ကလျားခန္ဓာအတွက် မော့ကျဲဧကရာဇ်မျိုးနွယ်ကို တကယ်ပစ်မှားတော့မှာလား"

လူများမှာ လွန်စွာ သိချင်လာခဲ့ကြသည်။

နောက်ဆုံးတွင်၊ လူတိုင်းက ဧကရာဇ်မျိုးနွယ်ကို ဆန့်ကျင်ဝံ့သော သတ္တိမရှိကြပါ။

ထိုအချိန်တွင် မတိုးမကျယ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"လူတိုင်းပဲ ဒီလောက်ထိ တင်းမာနေစရာ မလိုပါဘူး"

စကားသံအဆုံးတွင်၊ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မိုးပြာရောင် တောင်ပံများရှိသည့် လူလတ်ပိုင်းတစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်ရင်း တည်ငြိမ်စွာ ပေါ်လာခဲ့သည်။

သူ့ထံမှ အင်မော်တယ်တစ်ပိုင်း အရှိန်အဝါများလည်း ထွက်ပေါ်လျက်ရှိ၏။

ဘုရင်ဖုဖုန်း ဖြစ်တော့သည်။

"နောက်ထပ် နန်းတော်ရဲ့ အင်မော်တယ်တစ်ပိုင်း အကျော်အမော်တစ်ဦး"

စစ်နတ်ဘုရားနန်းတော်မှ တပည့်များစွာ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ လှစ်ဟလာခဲ့ကြသည်။

ကစဉ့်ကလျားခန္ဓာနှင့် မော့ကျဲဧကရာဇ်သားတော်တို့ကြားမှ တိုက်ပွဲက နောက်ဆုံးတွင် အင်မော်တယ်တစ်ပိုင်းအဆင့် အကျော်အမော်သုံးဦးကို ဆွဲဆောင်နိုင်မည်ဟု မည်သူထင်ထားခဲ့မည်နည်း။

ဘုရင်ဖုဖုန်း ပေါ်လာသည်ကို မြင်ရပြီးနောက် မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်း၏ အမူအရာမှာ ပို၍ အေးစက်လာခဲ့သည်။

သူက အဆောင်တစ်ခုမျှသာဖြစ်ပြီး လော့ဝမ်တစ်ဦးတည်းကိုပင် ရင်မဆိုင်နိုင်ပေ။ ယခုအခါ ဘုရင်ဖုဖုန်းက ထပ်မံတိုးလာပြီ ဖြစ်သည်။

သို့ရာတွင်၊ လူတိုင်းကို အံ့အားသင့်စေအောင် ဘုရင်ဖုဖုန်းက ပြုံးလျက် ပြောလာခဲ့သည်။

"လော့ဝမ်၊ ဒီကိစ္စမှာတော့ မော့ကျဲဧကရာဇ်မျိုးနွယ် မမှားဘူးလို့ ငါထင်တယ်။ ဒီကစဉ့်ကလျားခန္ဓာကို မော့ကျဲဧကရာဇ်မျိုးနွယ်ဆီကို ဘာဖြစ်လို့ ခေတ္တမလွှဲအပ်လိုက်ရမှာလဲ"

ဘုရင်ဖုဖုန်း၏ စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

ဘုရင်ဖုဖုန်းကို လော့ဝမ်နှင့် လက်တွဲပြီး ကစဉ့်ကလျားခန္ဓာအား ထောက်ပံ့မည်ဟု လူအများက ထင်ထားခဲ့ကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ နှောင့်ယှက်ရန် လာရောက်ခြင်းဖြစ်မည်ဟု မည်သူထင်ထားခဲ့မည်နည်း။

"ဘုရင်ဖုဖုန်း၊ နင်..."

လော့ရှန်းလင်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။

ဘုရင်ဖုဖုန်း၏ သဘောထား သေးသိမ်နိုင်စွမ်းကို သူမ လျှော့တွက်မိဆဲပင်။

ကျွင်းရှောင်ယောက်၏ မျက်လုံးမှာလည်း အေးစက်စက် အလင်းတစ်ခုက ဖျတ်ခနဲ လက်သွားသည်။

ဘုရင်ဖုဖုန်းကို သူ၏‌ လူသေစာရင်းတွင် မှတ်သားထားလိုက်ပြီ။

"လော့ဝမ်၊ ဒါက ကစဉ့်ကလျားခန္ဓာရဲ့ အပြစ်ပဲ။ မော့ကျဲဧကရာဇ်သားတော်ကို သတ်ရမယ်လို့ သူ့ကို ဘယ်သူပြောလို့လဲ။ ငါတို့က စစ်နတ်ဘုရား‌နန်းတော်ကဖြစ်ရင်တောင် ကျိုးကြောင်းဆီလျော်မှု ရှိသင့်တယ်"

ဘုရင်ဖုဖုန်းက ပြုံးနေဆဲပင်။

သို့ရာတွင် ထိုအပြုံးက လော့ရှန်းလင်၏ လှပသောမျက်နှာအား နှင်းများထက်ပင် ပို၍ အေးစက်စေခဲ့သည်။

"နင်က စစ်နတ်ဘုရားနန်းတော်ကို ကိုယ်စားပြုနိုင်လို့လား"

လော့ရှန်းလင်က အေးစက်စက် ပြောလိုက်သည်။

ဘုရင်ဖုဖုန်း၏ မျက်နှာက တင်းခနဲ ဖြစ်သွားသည်။ သူက ကျွင်းရှောင်ယောက်ကိုကြည့်ပြီး ခပ်မာမာ ပြောလိုက်၏။

"ယွီရှောင်ယောက်၊ မင်းက လော့ဝမ်ကို မင်းအတွက် အင်မော်တယ်ဧကရာဇ်မျိုးနွယ်ကို ပစ်မှားစေချင်နေတာလား"

"အဲဒီတုန်းက မင်း စစ်နတ်ဘုရားတစ်ပိုင်း ဖြစ်လာတယ်ဆိုတာ လော့ဝမ် ထောက်ခံပေးခဲ့လို့ပဲ။ အခု မင်းက လော့ဝမ်ကို အခက်ကြုံအောင် လုပ်နေတယ်။ မင်းမှာ အသိစိတ်ကော ရှိသေးရဲ့လား"

ဘုရင်ဖုဖုန်းက လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်သည်။

ပတ်ဝန်းကျင်မှ လူများလည်း တစ်ခုခု လွဲမှားနေသလို ခံစားလာရ၏။

ဘုရင်ဖုဖုန်းက ကျွင်းရှောင်ယောက်အပေါ်မှာ ရန်ငြိုးထားနေပုံရသည်။

"ဟင်း..."

အကြီးအကဲမူကတော့ ခပ်တိုးတိုး သက်ပြင်းချလိုက်လေသည်။

ဘုရင်ဖုဖုန်းက ကျွင်းရှောင်ယောက်ကို ဘာကြောင့် ပစ်မှတ်ထားနေမှန်း သူနားလည်သည်။

ဘုရင်ဖုဖုန်းသည် လော့ဝမ်ကို ရှေးယခင်ကတည်းက ပိုးပန်းနေခဲ့သူ ဖြစ်၏။

နောက်မှပေါက်သည့် ရွှေကြာပင်ဖြစ်သော ကျွင်းရှောင်ယောက်အပေါ် သူ ရန်ငြိုးထားနေခြင်းမှာ ပုံမှန်ဖြစ်ချေသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲသေးပေ။

သို့သော်လည်း ဘုရင်ဖုဖုန်းက အင်မော်တယ်တစ်ပိုင်း ကျင့်ကြံသူဆိုသည့်အတိုင်း တကယ့်ကို မြေခွေးအိုကြီးဖြစ်ကြောင်း သူဝန်ခံရလိမ့်မည်။

သူ၏ စကားများက တကယ်ကို အမှားအယွင်းမရှိပေ။

ဤနေရာတွင် အခြားသူဖြစ်ပါက ငြင်းခုန်ရန် မဆိုထားဘိ၊ စကားပင် ပြောနိုင်တော့မည် မဟုတ်ပါ။

သို့သော်လည်း ကျွင်းရှောင်ယောက်က အခြေအနေများကို အခွင့်ကောင်းယူတတ်သူ ဖြစ်သည်။

ထို့အပြင်၊ သူ့တွင် နောက်ဆုံးလှည့်ကွက်တစ်ခု ရှိသေးသည်။

ဤအရာက ဘုရင်ဖုဖုန်း လုံးဝ မမျှော်လင့်ထားခဲ့သော အရာ ဖြစ်သည်။

'ငါနဲ့ လာပြိုင်နေတယ်ပေါ့၊ အဆုံးမှာ ဘယ်သူက ဘယ်သူ့ကို ပါးရိုက်မလဲ ဆိုတာ ကြည့်ရအောင်'

ကျွင်းရှောင်ယောက်က သူ့နှလုံးသားထဲမှ လှောင်ပြောင်လိုက်သည်။

အပေါ်ယံမှာတော့၊ ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်၏။

သူက ရှေ့သို့ တဖြည်းဖြည်းလျှောက်သွားပြီး လော့ရှန်းလင်၏ ကျောက်စိမ်းလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။

"ရှန်းလင်၊ အကြီးအကဲ‌ဘုရင်ဖုဖုန်းပြောတာ မှန်ပါတယ်။ လူတစ်ယောက်က သူလုပ်တဲ့အရာအတွက် တာဝန်ယူသင့်တယ်။ ကျွန်တော် လုပ်ခဲ့တာရဲ့ အကျိုးဆက်တွေကို ကျွန်တော်ပဲ ခံယူပါမယ်"

ဤမြင်ကွင်းက လေထုကို ပို၍ အေးခဲသွားစေခဲ့သည်။

ကျွင်းရှောင်ယောက်ပြောလိုက်သော စကားများမှာလည်း အလွန် ထိတ်လန့်စရာကောင်း၏။

သို့သော်လည်း သူက လော့ရှန်းလင်၏အမည်ကို အလွန်ကြင်နာစွာ အဖျားဆွတ်၍ ခေါ်လိုက်သည်။

ထို့ပြင်၊ သူက လော့ရှန်းလင်၏ ကျောက်စိမ်းလက်ကိုပင် ဆုပ်ကိုင်ထားသေးသည်။

လော့ရှန်းလင်၏ လက်များက အရိုးမရှိသကဲ့သို့ နူးညံ့ပျော့ပျောင်းသည်။ သူမ၏ အသားအရည်ကလည်း နုဖက်ပြီး သွယ်လျပေသည်။

သို့သော်လည်း ယခင်က မည်သူမျှ မကိုင်ဖူးသော ထိုလက်ကို ယခုအခါ ကျွင်းရှောင်ယောက်က ဆုပ်ကိုင်ထားခဲ့ပြီ ဖြစ်သည်။

"ရှောင်ယောက်၊ မင်း..."

လော့ရှန်းလင်၏ နှလုံးသားက တဒုန်းဒုန်း ခုန်ပေါက်လာခဲ့သည်။

သူမ၏ သိမ်မွေ့သော ခန္ဓာကိုယ်ကလေးသည်ပင် အနည်းငယ် တောင့်တင်းသွား၏။

လော့ရှန်းလင်၏ဘဝတွင် သူမ၏လက်ကို တစ်စုံတစ်ဦးမှ ပထမဆုံးအကြိမ် ဆုပ်ကိုင်ခံရခြင်း ဖြစ်သည်။

အဆင့်အတန်းမြင့်မားသော အင်မော်တယ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်များပင်လျှင် အနည်းငယ် အံ့အားသင့်သွားကြပေသည်။

လော့ရှန်းလင်မှာ နှစ်ထောင်ပေါင်းများစွာ တစ်ကိုယ်တည်းနေခဲ့သော ဒေါ်လေး ချောချောလေး ဖြစ်သည်။

သူမ၏ ဘဝတွင် ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံတာမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

သူသည် ယခင်က ကျွင်းရှောင်ယောက်နှင့် အချိန်နည်းနည်းကြာ အတူရှိခဲ့သော်လည်း ဤသို့ဆက်ဆံခြင်းမျိုး မရှိခဲ့ပါ။

ဘုရင်ဖုဖုန်းလည်း ဤမြင်ကွင်းကို မြင်ရပြီးနောက် ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။

အင်မော်တယ်တစ်ပိုင်းအဆင့် သူ၏ စိတ်ဓာတ်ဖြင့်ပင် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပါ။

သူဟာ လော့ဝမ်ကို အလွန်ချစ်သူဖြစ်ပြီး နှစ်ပေါင်းများစွာကြာအောင် လိုက်ခဲ့သည်။

သို့သော်လည်း လော့ရှန်းလင်နှင့် ဆက်ဆံရန် မဆိုထားဘိ။ လော့ရှန်းလင်နှင့် သုံးပေအတွင်းကိုပင် တစ်ခါမှ မရောက်ဖူးပေ။

ယခုမူ၊ ကျွင်းရှောင်ယောက်က လော့ရှန်းလင်၏လက်ကို ဆုပ်ကိုင်ထားခဲ့ပြီး ဖြစ်သည်။

ထို့အပြင်၊ အခေါ်အဝေါ်များမှာ အလွန်ရင်းနှီး၏။

ဘုရင်ဖုဖုန်း၏ မျက်နှာက စိမ်းပြာသွားခဲ့သည်။ အသက်ပြင်းပြင်းရှူရင်း သူ့ကိုယ်သူ တည်ငြိမ်မှုရှိစေရန် မနည်း ထိန်းချုပ်လိုက်ရလေသည်။

"ယွီရှောင်ယောက်..."

ဘုရင်ဖုဖုန်း အံကြိတ်လိုက်သည်။

"ရှောင်ယောက်၊ ငါဒီမှာရှိနေသရွေ့ မင်းဘာမှ မဖြစ်ပါဘူး"

လော့ရှန်းလင်က ပြောလိုက်သော်လည်း ဆုပ်ကိုင်ထားသော ကျွင်းရှောင်ယောက်၏လက်ကို မဖယ်ရှားခဲ့ပေ။

"ရှန်းလင်၊ ထားလိုက်ပါ။ ယောက်ျားတစ်ယောက်က မိန်းမရဲ့နောက်မှာ ဘယ်လိုရပ်နေရမှာလဲ"

"အနာဂတ်မှာ၊ ရှောင်ယောက်က ပိုသန်မာတဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာပြီး ရှန်းလင်ကိုတောင် ကာကွယ်စောင့်ရှောက်ချင်ပါသေးတယ်"

ကျွင်းရှောင်ယောက်က ချိုသာစွာပြုံးရင်း ပြောလိုက်သည်။

လော့ရှန်းလင် ရင်ခုန်သံ မြန်သွားခဲ့၏။

အင်မော်တယ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးအနေဖြင့် သူမ၏ ခံစားချက်များကို ကောင်းစွာ ထိန်းချုပ်နိုင်နေပြီဟု ဆိုနိုင်သည်။

သို့တိုင်၊ လော့ရှန်းလင်၏ ဖြူနုသော ပါးပြင်နှစ်ဖက်က ပန်းနုရောင်သန်းနေသေးသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်မှ လူများအားလုံး အံသြသွားကြသည်။

ဒီကောင်က ပရောပရည်လုပ်တဲ့နေရာမှာ တကယ်ကို ဆရာကြီးပါလား။

"လော့ဝမ်ကိုတောင် မနာလိုချင်လာပြီ"

ဤမြင်ကွင်းကြောင့် မိန်းကလေး အတော်များများ မနာလိုဖြစ်သွားခဲ့ကြသည်။

"ငါ့မှာသာ ကစဉ့်ကလျားခန္ဓာရဲ့ တော်ကီစွမ်းရည် ဆယ်ပုံတစ်ပုံလောက်ရှိခဲ့ရင် အခုချိန်မှာ ငါ တစ်ကိုယ်တည်း ထီးထီးကြီး ဖြစ်နေနိုင်ပါ့မလား"

အမျိုးသားများမှာလည်း သက်ပြင်းချလိုက်မိလေသည်။

ကျွင်းရှောင်ယောက်က လော့ရှန်းလင်ကို သူ့နောက်သို့ ဆွဲပို့လိုက်သည်။

သူကိုယ်တိုင်က မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်း အကျော်အမော်နှင့် မျက်နှာချင်းဆိုင်လိုက်၏။

"ကြည့်ရတာ မင်းမှာ တာဝန်ယူလိုစိတ်တော့ ရှိသေးပုံရတယ်"

မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်း အမျိုးသားက အေးစက်စက် ပြောလိုက်သည်။

"မော့ကျဲဧကရာဇ်မျိုးနွယ်ရဲ့ အင်မော်တယ်တစ်ပိုင်း ပုဂ္ဂိုလ်ကျော်၊ ခင်ဗျား ကျုပ်နဲ့ လောင်းကြေးထပ်ဝံ့လား"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလျက် ပြောလိုက်သည်။

"ဘာကိုလဲ"

မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်း အမျိုးသားက အေးစက်စက် ပြော၏။

ကျွင်းရှောင်ယောက်က သူ့ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်လောက်ပင် အားမရှိပေ။

ထို့ကြောင့် ကျွင်းရှောင်ယောက် ဘာတွေကြံစည်နေသည်ဖြစ်စေ၊ သူ မကြောက်ပါ။

"ကျုပ် ခင်ဗျားဆီကနေ တိုက်ခိုက်မှုတစ်ခု လက်ခံဖို့ ဆန္ဒရှိတယ်။ ဒီတစ်ကွက်နဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်မယ်"

ကျွင်းရှောင်ယောက်၏ စကားများက မိုးနှင့်မြေကြားတွင် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။

All Chapters