အခန်း ၉၇၂
Vol. 65 Ch. 972
အခန်း ( ၉၇၂ ) ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီ။
ပျက်စီးခြင်းနယ်နိမိတ်တွင် စစ်ပွဲတစ်ခု စတင်တော့မည်ဖြစ်၍ စစ်နတ်ဘုရားနန်းတော် တစ်ခုလုံးရှိ လေထုက ပူလောင်နေခဲ့သည်။
စစ်နတ်ဘုရားနန်းတော်မှ တပည့်အားလုံးက သူတို့၏ စွမ်းရည်များကို ပြသလိုကြသည်။
ဤကြားထဲတွင်၊ ကျွင်းရှောင်ယောက်က စစ်နတ်ဘုရားနန်းတော်၏ စစ်မှန်သော စစ်နတ်ဘုရားဖြစ်လာသည့် သတင်းသည်လည်း ပျံ့နှံ့သွား၏။
ဤအတွက် မည်သူမျှတော့ မအံ့ဩကြပေ။
စစ်နတ်ဘုရားဟူသော ဘွဲ့အမည်မှာ ပထမမျိုးဆက် စစ်နတ်ဘုရားမှ ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ၊ ကျွင်းရှောင်ယောက်က နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်အား ဆွဲနှုတ်လိုက်သောကြောင့်၊ သူ့အား စစ်နတ်ဘုရားအဖြစ် သတ်မှတ်ခြင်းမှာ သဘာဝကျပေသည်။
"စစ်နတ်ဘုရားရဲ့ ဦးဆောင်မှုအောက်မှာ ငါတို့ စစ်နတ်ဘုရားနန်းတော်က ဒီတစ်ခေါက် နယ်နိမိတ်တိုက်ပွဲမှာ ရန်သူတွေကို သေချာပေါက်အောင်နိုင်လိမ့်မယ်"
"အမှန်ပဲ၊ အင်မော်တယ်နယ်မြေကြီးရဲ့ အားနည်းတဲ့ ကျင့်ကြံသူတွေက ငါတို့ကို ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲ"
ကျွင်းရှောင်ယောက်ကို စစ်နတ်ဘုရားဘွဲ့ အပ်နှင်းလိုက်သော သတင်းများ ထွက်ပေါ်လာပြီးနောက်...
စစ်နတ်ဘုရားနန်းတော် တစ်ခုလုံးရှိ လေထုက ပို၍ ပူလောင်ပြင်းပြလာခဲ့သည်။
"မကောင်းတော့ဘူး။ စစ်နတ်ဘုရားဘွဲ့ခံ ဒီကစဉ့်ကလျားခန္ဓာက ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးထဲက တစ်ပါးပဲ။ ဒီလောက် ကြောက်စရာကောင်းတဲ့ တည်ရှိမှုက တိုင်းတပါးမှာ တကယ်ကြီး ပေါ်လာတယ်"
"ငါတို့ ဒီသတင်းကို အင်မော်တယ်နယ်မြေကြီးဆီကို အမြန်ပြန်ပို့ဖို့ လိုတယ်။ မဟုတ်ရင် မလွယ်ဘူး၊ အင်မော်တယ်နယ်မြေကြီးရဲ့ မျိုးဆက်သစ်လူငယ်တွေ ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားကြရလိမ့်မယ်"
တိုင်းတပါး၏ ပြည်နယ်ကြီးများတွင်၊ လူတချို့၏ အမူအရာများက လေးနက်လာခဲ့သည်။
သူတို့က တိုင်းတစ်ပါးတွင် လျှို့ဝှက်ထောက်လှမ်းနေသော အင်မော်တယ်နယ်မြေကြီးမှ သူလျှိုများ ဖြစ်၏။
အင်မော်တယ်နယ်မြေကြီးတွင် တိုင်းတပါး၏ လျှို့ဝှက်အဖွဲ့အစည်းတစ်ခု ရှိသကဲ့သို့...
တိုင်းတစ်ပါးတွင်လည်း၊ အချက်အလက်မျိုးစုံကို စုံစမ်းနေသော အင်မော်တယ်နယ်မြေကြီး၏ သူလျှိုများ သဘာဝအတိုင်း ရှိပေသည်။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင်...
လေထဲတွင် မျောလွင့်နေသော အင်မော်တယ်ကျွန်းတစ်ကျွန်း ရှိနေသည်။
ကျွန်းတစ်ကျွန်းဟုသာ ဆိုကြသော်လည်း ၎င်း၏ နယ်မြေအကျယ်အဝန်းက တိုက်ကြီးတစ်ခုနှင့် မခြားပေ။
ဤအင်မော်တယ်ကျွန်းမှာ အင်မော်တယ် အငွေ့အသက်များ ပြည့်နှက်နေပြီး အဖြူရောင်တိမ်များ၊ စမ်းချောင်းများ၊ ရေတံခွန်များနှင့် တောင်ထွတ်များစွာ ရှိသည်။
ကောင်းကင်နန်းတော်များ၊ ကျောက်စိမ်း အဆောက်အအုံများစွာတို့ကိုလည်း အင်မော်တယ်ကျွန်းပေါ်တွင် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားကြ၏။
အဖိုးတန် ဆေးပင်များနှင့် ပန်းပင်များမှာလည်း တောင်များတစ်လျှောက် ပေါက်ရောက်နေသေးသည်။
သွားလာလှုပ်ရှားနေသော နတ်သားရဲများကိုလည်း မြင်ရသည်။
ယင်းက ဒဏ္ဍာရီလာ နတ်ဘုံနတ်နန်းကဲ့သို့ပင်။
ယင်းမှာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ အမြင့်မြတ်ဆုံး အကယ်ဒမီ တည်ရှိရာ နေရာဖြစ်သည်။
ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီမှာ လူငယ် ပါရမီရှင်များအတွက် မြင့်မြတ်နယ်မြေတစ်ခုဟု ဆိုနိုင်ပေသည်။
အရည်အချင်းအရှိဆုံး ပါရမီရှင်များသာ ထိုနေရာသို့ ဝင်ရောက်လေ့ကျင့်နိုင်သည်။
ယခုအချိန်တွင်၊ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီ၏ နက်နဲရာအရပ်မှ ကောင်းကင်နန်းတော်တစ်ခုထဲတွင်...
အကြီးအကဲ ဒါဇင်များစွာတို့ ထိုင်နေကြသည်။
သူတို့ထဲတွင် အားအနည်းဆုံးပင်လျှင် ဆန်းကျယ်အဓိပဓိ ကျင့်ကြံခြင်းအခြေခံ ရှိ၏။
ထိုပုဂ္ဂိုလ်များက ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီ၏ အကြီးအကဲများ ဖြစ်တော့သည်။
ဤအခိုက်တွင် စားပွဲထိပ်တွင်ထိုင်နေသော အကြီးအကဲတစ်ဦးက တည်ကြည်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
“တိုင်းတစ်ပါးက သူလျှိုတွေ သတင်းပို့လာတယ်။ တိုင်းတပါးမှာ အိပ်စက်နေတဲ့ ဧကရာဇ်သားတော်နဲ့ နတ်ဘုရားမတွေ တဖြည်းဖြည်း နိုးထလာပြီတဲ့။ နောက်ဆုံး ပျက်စီးခြင်းနယ်နိမိတ်မှာ ငါတို့ အကယ်ဒမီရဲ့ တပည့်တွေနဲ့ ရင်ဆိုင်တွေ့ကြလိမ့်မယ်"
"ဒါပေမဲ့ အဲဒါက အရေးကြီးဆုံး မဟုတ်သေးဘူး။ အရေးကြီးဆုံးက စစ်နတ်ဘုရားနန်းတော်က စစ်နတ်ဘုရားအသစ် ပေါ်လာပြီ။ သူ့ရဲ့ မူလဇာစ်မြစ်ကလည်း တကယ်ကို အံ့ဩစရာပဲ"
"အလို၊ သူ့ရဲ့ ဇာစ်မြစ်က ဘာများဖြစ်လို့လဲ"
အခြား အကြီးအကဲများက စကားထောက်လိုက်၏။ သို့သော်လည်း သိပ်တော့ စိတ်မပူကြပေ။
နောက်ဆုံးတွင်၊ တစ်ဖက်လူ၏ မူလဇာစ်မြစ်က မည်မျှပင် ထူးကဲပါစေ မျိုးဆက်သစ်တစ်ဦးသာ ဖြစ်သည်။ သူဟာ စစ်နတ်ဘုရားဘွဲ့ကို ရရှိထားသော်လည်း ကမ္ဘာနှစ်ခု၏ အလုံးစုံသော အခြေအနေအပေါ်တွင် သက်ရောက်မှုများစွာ ရှိမည်မဟုတ်ပေ။
"စစ်နတ်ဘုရားဘွဲ့ကို အပ်နှင်းခံရတဲ့ အဲဒီလူငယ်က ကစဉ့်ကလျားခန္ဓာပဲ"
ယခင်အကြီးအကဲက ပြောလိုက်သည်။
"ဘာ"
ဤစကားများက အကြီးအကဲအချို့ကို အံ့အားသင့်စေခဲ့သည်။
တိုင်းတပါးတွင် ကစဉ့်ကလျားခန္ဓာ ပေါ်လာခြင်းက ပေါ့သေးသေးကိစ္စ မဟုတ်ပေ။
သူကြီးပြင်းလာပါက နောင်အနာဂတ်တွင် အင်မော်တယ်နယ်မြေကြီးအတွက် ဘေးဒုက္ခများ ဆောင်ယူလာနိုင်သည်။
"ကစဉ့်ကလျားခန္ဓာက မရိုးရှင်းပေမဲ့ ငါတို့ အင်မော်တယ်နယ်မြေကြီးမှာ မရှိတာမဟုတ်ဘူး"
အကြီးအကဲတစ်ဦးက ပြောလိုက်သည်။
ဤစကားကိုကြားတော့ အကြီးအကဲများစွာ ခေါင်းညိတ်လိုက်၏။
အင်မော်တယ်နယ်မြေကြီးတွင်လည်း အိပ်စက်နေသော ကစဉ့်ကလျားခန္ဓာ ရှိပေသည်။
ယခုအခါ သူက မမွေးဖွားသေးသော်လည်း၊ သူ၏နောက်လိုက်များဖြစ်သည့် နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူတို့က ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီတွင် ရှိနေပြီ ဖြစ်သည်။
ကြယ်တာရာကာကွယ်သူကိုတော့ ရှေးဦးအင်ပါယာမြို့တော်တွင် ကျွင်းရှောင်ယောက်က သတ်ပစ်ခဲ့ပေသည်။
"အဲဒါက ကစဉ့်ကလျားခန္ဓာသက်သက်ဆိုရင် ငါဘာမှ မပြောပါဘူး။ ပြဿနာက သူ့မှာ တခြား အထောက်အထားတစ်ခု ရှိနေတယ်"
"ဘယ်လို အထောက်အထား ရှိလို့လဲ"
"ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးထဲက တစ်ပါး"
ထိပ်ဆုံးတွင်ထိုင်နေသော အကြီးအကဲ၏ အမူအရာက အေးစက်သွားသည်။
ထိုစကားကိုကြားပြီးနောက် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
ဒဏ္ဍာရီလာ ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါး။
ဤဒဏ္ဍာရီမှာ တိုင်းတစ်ပါး၌သာ ပျံ့နှံ့နေပြီး အင်မော်တယ်နယ်မြေကြီးတွင် သိသူများများမရှိပေ။
သို့သော်လည်း အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများကတော့ သဘာဝအတိုင်း သိကြသည်။
နယ်စပ်ရှိ တံတိုင်းကြီးမှ အက်ကြောင်းမှာလည်း ဖျက်ဆီးခြင်းဘုရင်၏ စွမ်းအားများ ပါဝင်ပေသည်။
အကယ်၍ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးသာ အင်မော်တယ်ဘုရင် ဖြစ်လာပါက ပျက်စီးခြင်းအဆင့်သို့ ရောက်မည်မှာ သေချာသည်။
အင်မော်တယ်နယ်မြေကြီးအတွက် ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်လိမ့်မည်။
ယခင်ခေတ်များက ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးမှာ အမှန်တကယ် ပြီးပြည့်စုံခြင်း မရှိခဲ့ပါ။
လူတစ်ဦးစ၊ နှစ်ဦးစသာ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။ သို့တိုင်၊ ထိုလူများက အင်မော်တယ်နယ်မြေကြီးသို့ ကြီးစွာသော ဘေးဒုက္ခများကို ယူဆောင်လာသေးသည်။
ဤခေတ်မှာတော့ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးစလုံး သတင်းထွက်နေပြီ ဖြစ်သည်။ ထို့အပြင် တစ်ဦးက ကစဉ့်ကလျားခန္ဓာ ဖြစ်၏။
ယင်းကြောင့်၊ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီမှ အကြီးအကဲများအားလုံး စိတ်မသက်မသာ ဖြစ်သွားကြတော့သည်။
"အဲဒါကြောင့်ပဲ မင်းတို့ကို ခေါ်လိုက်ရတာ။ ဒီတစ်ခေါက် ပျက်စီးခြင်းနယ်နိမိတ်က တိုက်ပွဲမှာ ငါတို့အကယ်ဒမီရဲ့ တပည့်တွေအတွက် အဓိကရည်မှန်းချက်က ကစဉ့်ကလျားခန္ဓာကို သတ်ဖို့ပဲ"
"အကြီးအကဲဖူ၊ ဒီအကြောင်းကို အသိပေးဖို့ကတော့ မင်းပဲ တာဝန်ယူလိုက်ပါ"
ပထမခုံမှ အကြီးအကဲက ပြောလိုက်သည်။
"ကောင်းပါပြီ"
အကြီးအကဲဖူလည်း မတ်တပ်ထရပ်ပြီး လေးနက်သောအမူအရာဖြင့် အနည်းငယ်လက်ယှက်လိုက်၏။
ဖြစ်နိုင်ပါက ထိုကစဉ့်ကလျားခန္ဓာကို ကိုယ်တိုင် လှုပ်ရှားလိုက်ချင်သည်။
သို့သော်လည်း နယ်စပ်မှတိုက်ပွဲက စစ်သည်နှင့်စစ်သည်၊ စစ်သူကြီးနှင့် စစ်သူကြီးတို့ ရင်ဆိုင်တွေ့ရမည့် အနေအထားမှာ ရှိပေသည်။
ဤအခြေအနေမျိုးမှာ မျိုးဆက်သစ်လူငယ်များကို တိုက်ခိုက်ရန် ခက်ခဲသည်။
ထို့ကြောင့် မျိုးဆက်သစ် ပါရမီရှင်များကိုသာ တိုက်တွန်းရတော့မည်။
'ဒါက ငါတို့ အကယ်ဒမီရဲ့ တပည့်တွေအတွက် ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုပဲ'
အကြီအကဲဖူလည်း သူ့စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
မကြာမီ အင်မော်တယ်ကျွန်းပေါ်၌ ကျယ်လောင်သော ခေါင်းလောင်းသံ မြည်လာခဲ့သည်။
"ဒါက ဆင့်ခေါ်ခြင်း ခေါင်းလောင်းသံပဲ။ ငါတို့တွေ အခုပဲ နယ်စပ်ကို သွားရတော့မှာလား"
ခေါင်းလောင်းသံကိုကြားတော့ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီမှ တပည့်များစွာ အံ့သြသွား၏။ တစ်ချိန်တည်းမှာပင် စိတ်မသက်မသာ ဖြစ်သွားကြတော့သည်။
စစ်နတ်ဘုရားနန်းတော်မှ ပြင်းပြသော စိတ်လှုပ်ရှားမှု၊ စိတ်အားထက်သန်မှုတို့နှင့် နှိုင်းယှဉ်ပါက...
ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီ၏ တပည့်များမှာ ပို၍ စိတ်မသက်မသာ ဖြစ်နေမိကြသည်။
နောက်ဆုံးတွင်၊ အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများက တိုင်းတပါးသားများနှင့်ယှဉ်လျှင် တူညီသောအဆင့်တွင် အားနည်းချက်ရှိသည်။
ဤနယ်စပ်အတွေ့အကြုံမှာ သူတို့အတွက် အလွန်အန္တရာယ်များပြီး ရှင်သန်ရန်ထက် သေဆုံးနိုင်ခြေ ပို၍များပေသည်။
အင်မော်တယ်ကျွန်းပေါ်တွင် ကောင်းကင်ဂူပေါင်း သုံးဆယ့်ခြောက်ခုနှင့် မြင့်မြတ်နေရာ ခုနစ်ဆယ့်နှစ်ခု ရှိသည်။
ယင်းက ထိပ်သီးပါရမီရှင်များ၊ မျိုးစေ့အဆင့် ပုဂ္ဂိုလ်များနှင့် တပည့်ကြီးများ နေထိုင်ရာ နေရာ ဖြစ်ချေသည်။
ဤအခိုက်အတန့်တွင် ကောင်းကင်ဂူအပြင်ဘက်မှာ လှပသော မိန်းကလေးတစ်ဦး ပေါ်လာခဲ့သည်။
သူမက ဂူအဝင်ဝကို လက်ယှက်ပြပြီး ပြောလိုက်သည်။
"သခင်မလေး၊ ဆင့်ခေါ်ခေါင်းလောင်းသံ ကြားရတယ်။ အကြီးအကဲတွေမှာ အရေးကြီးတဲ့ ကြေငြာစရာတွေ ရှိနေပုံရတယ်။ သခင်လေး..."
"စိတ်မဝင်စားဘူး၊ ပျက်စီးခြင်းနယ်နိမိတ် ခရီးစဉ်စမှ ငါ့ကိုလာပြီး အသိပေးချေ"
ကောင်းကင်ဂူအတွင်းပိုင်းမှ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အသံတစ်ခု ထွက်ပေါ်လာ၏။
ထိုစကားကိုကြားတော့ မိန်းကလေးလည်း တီးတိုး သက်ပြင်းချလိုက်လေသည်။
ဤမိန်းကလေးက အစေခံ ရူရင်း ဖြစ်သည်။
သို့ဖြစ်ပေရာ၊ ဂူထဲမှ အသံရှင်က မည်သူမည်ဝါဖြစ်မှန်း အထူးပြောနေရန်ပင် လိုမည်မထင်တော့ပေ။
သူက...
ဧကရီသမီးတော်... လင်ယွမ်။