အခန်း ၉၇၃
Vol. 65 Ch. 973
အခန်း ( ၉၇၃ ) ပါရမီရှင်များ စုရုံးခြင်း။
ယခင်ကလည်း လင်ယွမ်ဟာ မြင့်မား ဝေးကွာပြီး အေးစက်စက် နေတတ်သည်။
သို့သော်၊ သူ့လေသံက ယခုကဲ့သို့ အေးစက်ပြီး ခံစားချက်ကင်းမဲ့ခြင်းမျိုး မရှိပေ။
ဤခံစားချက်မျိုးမှာ နှလုံးသားထဲမှ အစိတ်အပိုင်းတစ်ခု လုံးဝ ပျောက်ကွယ်သွားခဲ့သလို ဖြစ်သည်။
ထိုပြောင်းလဲမှုက ကျွင်းရှောင်ယောက် သေဆုံးခြင်းမှ စတင်ခဲ့ခြင်း ဖြစ်ချေသည်။
ကျွင်းရှောင်ယောက် သေဆုံးသွားပြီးနောက် အခြားသူများနှင့် မရင်းနှီးတတ်သော လင်ယွမ်ဟာ ပို၍ အေးစက်လာခဲ့သည်။
ယခင်ကဆိုလျှင် လင်ယွမ်က ရူယင်းနှင့် ရံဖန်ရံခါ ဟာသလုပ်တတ်သည်။
ယခုတော့ လင်ယွမ်ဟာ အမြဲ တံခါးပိတ်လေ့ကျင့်နေပြီး ကမ္ဘာကြီးနှင့်ပင် အဆက်အသွယ်ပြတ်လုနီးပါး ဖြစ်နေတော့သည်။
'သခင်မလေး၊ နှစ်တွေတော်တော်ကြာနေပြီ။ နင် အခုထိ အပြင်မထွက်သေးဘူးလား'
ရူယင်းလည်း သူ့စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ကျွင်းရှောင်ယောက်က အတိတ်မှ အရိပ်တစ်ခုထက် မပိုတော့ပေ။
ယခုဆိုလျှင်၊ အင်မော်တယ်နယ်မြေကြီးမှာ သူ့အကြောင်းကို ပြောဆိုသူပင် များများမရှိတော့ပါ။
သို့ရာတွင်၊ လင်ယွမ်က ထိုအရိပ်ကို အမှောင်ထဲမှ စောင့်မျှော်နေသည်ဟု ရူယင်း ခံစားနေမိသည်။
အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်အနေဖြင့် လင်ယွမ်ဟာ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်နှင့် အပြိုင်အဆိုင် အနေအထားတွင် ရှိခဲ့ပေသည်။
ထို့ကြောင့်ပင် ယုတ္တိဗေဒအရ၊ ကျွင်းရှောင်ယောက် ကျဆုံးသွားပြီးနောက် အကျိုးအရှိဆုံးသူက လင်ယွမ် ဖြစ်နိုင်သည်။
ယခုတော့၊ လင်ယွမ်ဟာ ပျော်ရွှင်နေရမည့်အစား အံ့ဖွယ်ကောင်းအောင် ဝမ်းနည်းမှုအရိပ်အယောင်များ ပေါ်နေတော့သည်။
ဂူအတွင်းဝယ်...
နတ်အလင်းနှင့် မြူခိုးများက ပြည့်နေသည်။
မြူများကြားမှာတော့ အလွန်တရာလှပသော မိန်းကလေးတစ်ဦး တင်ပျဉ်ခွေထိုင်နေ၏။
သူမ၏ မျက်နှာက ကြည်လင်ပြီး လှပသည်။ သို့ရာတွင်၊ သူ့မျက်လုံးများမှာတော့ အေးစက်ခြင်း၊ လျစ်လျူရှုခြင်းနှင့် ဝေးကွာခြင်းတို့က နေရာယူထားကြလေသည်။
ထိုမိန်းကလေးက လင်ယွမ် ဖြစ်သည်။
ရှန်းရွှီကမ္ဘာ တိုက်ပွဲများပြီးနောက် ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို ဖွင့်လှစ်ခဲ့သည်။
သူသည်လည်း အခြားပါရမီရှင်များနှင့်အတူ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီသို့ ဝင်ရောက်ခဲ့ပြီး အင်မော်တယ်အဆင့်အမွေကို ရရှိခဲ့၏။
သုံးလေးနှစ်ခန့် ကြာပြီးနောက်...
လင်ယွမ်၏ ကျင့်ကြံခြင်းအခြေခံက အဓိပဓိတစ်ပိုင်းအဆင့်အထိ အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပေသည်။
ထို့အပြင်၊ သူက ကောင်းကင်ဧကရာဇ်၏ပလ္လင်ကို ကိုင်ဆောင်ထားပြီး အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်တစ်ပါး ဖြစ်သည်။
ယခုအခါ လင်ယွမ်က အင်မော်တယ်ခုံရုံးရှိ မျိုးဆက်သစ်လူငယ်များ၏ စစ်မှန်သော ခေါင်းဆောင်ဟုပင် ဆိုနိုင်ပြီ။
ကူတိကျစ်၏ ဩဇာအာဏာကမူ ကြီးမားသော်လည်း လင်ယွမ်ထက် များစွာ နိမ့်ကျသည်။
သို့သော် လင်ယွမ်တစ်ဦးတည်းသာ သိသောအရာက...
သူမ တစ်ခုခုကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
"ကြာခဲ့ပြီ..."
လင်ယွမ်၏ မျက်လုံးများက လွမ်းဆွတ်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ရံဖန်ရံခါလည်း သူမ၏ မှတ်ဉာဏ်များတွင်...
လူတစ်ယောက်အတွက် သီးသန့် ကခုန်ပြပြီး ကြယ်ကောင်းကင်အောက်တွင် အတူလျှောက်နေသော မြင်ကွင်းများ ပေါ်လာတတ်၏။
ထိုအခါမျိုးတွင်... သူမက လင်ယွမ်လား၊ နတ်သမီးယွမ်လား မသိတော့ပေ။
သို့တည်းမဟုတ်၊ နှစ်ခုစလုံး ဖြစ်နိုင်သည်။
နောက်ဆုံးတွင်၊ နတ်သမီးယွမ်က သူမ၏ခန္ဓာကို ဖျက်ဆီးပစ်ကာ သူမ၏ဝိညာဉ်ကိုတော့ လင်ယွမ်နှင့် ပြန်လည်ပေါင်းစည်းစေခဲ့သည်။
ယခုဆိုလျှင် လင်ယွမ်နှင့် နတ်သမီးယွမ်က တစ်ဦးတည်း ဖြစ်နေပြီ။
ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်၏ သေဆုံးမှုက လင်ယွမ်အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်စေခဲ့သည်။
လင်ယွမ်က သူမ၏ လက်တစ်ဖက်ကို မြှောက်လိုက်သောအခါ ကျောက်စိမ်းစလစ်တစ်ခု ပေါ်လာသည်။
အထဲတွင် ဝါဧကရီအင်မော်တယ်မျိုးရိုးမှ သတင်းစကား ရှိ၏။
"တိုင်းတပါးပြည်၊ ကစဉ့်ကလျားခန္ဓာ"
လင်ယွမ်က စိတ်မဝင်စားဟန်ဖြင့် ရေရွတ်လိုက်သည်။
ကျွင်းရှောင်ယောက် မရှိတော့ကတည်းက အရာအားလုံးဟာ ငြီးငွေ့ဖွယ်ကောင်းလွန်းသည်ဟု သူမ ခံစားမိခဲ့လေသည်။
............
ဆင့်ခေါ်ခြင်းခေါင်းလောင်းသံ မြည်လာပြီးနောက်...
ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီမှ တပည့်များစွာလည်း အလင်းတန်းများကဲ့သို့ အင်မော်တယ်ကျွန်း၏ ဗဟိုရင်ပြင်ကို စုဝေးရောက်ရှိခဲ့ကြသည်။
"ဒါက အကြီးအကဲဖူရဲ့ ဆင့်ခေါ်သံလို့ ကြားတယ်။ ဘာကိစ္စလဲ မသိဘူး"
"နယ်စပ် အတွေ့အကြုံ စတင်တော့မယ် ဖြစ်မှာပေါ့"
လူများ ပိုများလာပြီး ဆွေးနွေးပြောဆိုသံများ ညံလာခဲ့လေသည်။
"နယ်စပ်အတွေ့အကြုံက နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့။ ငါမစောင့်နိုင်တော့ဘူး"
ထိုစဉ် ကြည်လင်ပြတ်သားပြီး လွှမ်းမိုးချုပ်ကိုင်ထားသော အသံတစ်ခု ထွက်ပေါ်လာသည်။
အဝေးတွင် ကြီးမားသော အရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထိုအရိပ်ထဲမှာတော့ အလွန်အမင်း လှပတဲ့ မိန်းမပျိုတစ်ဦး ရှိနေသည်။
မိန်းကလေးက နှင်းဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ခြေတံရှည်များကလည်း ချောမွေ့နေလေသည်။
သူမ၏ ရှည်လျားသော ခရမ်းရောင်ဆံပင်များမှာလည်း ပိုးသားပမာ တောက်ပလျက်။
ဤအခိုက်တွင် သူမက ကြည်လင်သော ဖီးနစ်မျက်လုံးများနှင့် အောက်မှ ပါရမီရှင်များကို ကြည့်နေသည်။
ထိုမိန်းကလေးကတော့ ကြီးပြင်းပြီး အသွင်ပြောင်းလာသော လုံယောက်အာဆိုသူပင်။
"အဲဒါ ဘုရင်မ လုံယောက်အာပဲ"
ထိုမိန်းကလေးကို မြင်လိုက်ရတော့ ပါရမီရှင်များစွာတို့ တအံ့တဩ ဖြစ်သွား၏။
လုံယောက်အာမှာ ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးအနက်မှ တစ်ပါး ဖြစ်သည်။
ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါး၏ ဂုဏ်သတင်းမှာ ကောင်းမွန်ခြင်းတော့ သိပ်မရှိပေ။
သို့သော်လည်း အဓိကလူမှာ ကူတိကျစ် ဖြစ်သည်။
အခြား ဧကရာဇ်များက ပုံမှန်အတိုင်းသာ ပါဝင်ခဲ့ခြင်း ဖြစ်ချေသည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း လုံယောက်အာဟာ ကောင်းကောင်းမွန်မွန် လေ့ကျင့်နိုင်ခဲ့သည်။
သူမက ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ ဧကရီဖြစ်လာသည်။ အသျှင်ဘိုးဘွားခန်းမ၏ ဂရုတစိုက် ပျိုးထောင်ပေးခြင်းခံရသော ပါရမီရှင်တစ်ဦးလည်း ဖြစ်သေးသည်။
ကျွင်းရှောင်ယောက် မရှိတော့သည့်နောက်ပိုင်း လုံယောက်အာ၏ ကောင်းကင်ယံမှာ တိမ်များကင်းစင်သွားခဲ့ပုံရသည်။
ယခင်က မြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာတိုက်ပွဲတွင် ကျွင်းရှောင်ယောက်က လုံယောက်အာအား ဓမ္မခန္ဓာဖြင့် ချေမှုန်းခဲ့ကာ သူမ၏တာအိုနှလုံးသားကို ပြိုလဲလုနီးပါး ဖြစ်စေခဲ့သည်။
နောက်ပိုင်းတွင်၊ သူမက ရွှေရောင် ရှေးနဂါး သွေးမျိုးဆက်ကို အသက်သွင်းပြီး အသွင်ပြောင်းကာ လက်စားချေလိုသော်လည်း ကျွင်းရှောင်ယောက်၏ ချေမှုန်းခြင်းကို ခံရဆဲပင်။
ထိုကာလများမှာ သူမအတွက် အမှောင်မိုက်ဆုံး နေ့ရက်များဟု ဆိုနိုင်သည်။
ယခုတော့ ကျွင်းရှောင်ယောက် ကျဆုံးသွား၍ အမှောင်ထုများ ပျောက်ကွယ်သွားခဲ့ပြီ။
"ကျွင်းရှောင်ယောက်၊ နင်ကျဆုံးသွားတာ စိတ်မကောင်းစရာပဲ။ နင်အသက်ရှင်နေသေးရင် ငါ့နှလုံးနတ်ဆိုးတွေကို အပြီးတိုင် ဖျက်ဆီးပစ်ဖို့
နင်နဲ့ထပ်ပြိုင်ချင်သေးတာ"
လုံယောက်အာက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အင်မော်တယ်အဆင့်အမွေကို ရရှိပြီးနောက်၊ ယခုအခါ သူသည်လည်း အဓိပဓိတစ်ပိုင်းအဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကို ကိုယ်တိုင် အနိုင်မယူနိုင်ခဲ့ခြင်းက တစ်ခုတည်းသော နောင်တအဖြစ် ကျန်ရစ်ခဲ့ပေသည်။
ဤအရာက သူမ၏ နှလုံးသားထဲမှ အတွင်းစိတ် နှလုံးသားနတ်ဆိုး ဖြစ်သည်။
ယခုတော့၊ သူမ၏ နှလုံးသားနတ်ဆိုးကို ဖျက်ဆီးရန် အခွင့်အလမ်း မရှိတော့ပုံပင်။
ထိုအချိန်တွင် အခြားတစ်ဖက်မှ ငွေရောင်ဆံပင်နှင့် ချောမောသော အမျိုးသားတစ်ဦး ပေါ်လာခဲ့သည်။
ယွီဟွာဝမ် ဖြစ်၏။ သူသည်လည်း အဓိပဓိတစ်ပိုင်းအဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။
ယွီယွင်ရှန့်ကိုတော့ ယွီဟွာဝမ်နှင့် အတူတွဲကာ တစ်ခါမှ မမြင်ရတော့ပေ။
ဤအခိုက်တွင် ယွီဟွာဝမ်၏ မျက်လုံးများက ဆွေးရိပ်တို့ ပေါ်နေသည်။
နှစ်အတော်ကြာပြီးသည့်တိုင် ကျွင်းရှောင်ယောက်၏ စကားများကို သူ့နားထဲတွင် ယောင်ဝါးဝါးကြားနေရဆဲပင်။
'သူငယ်ချင်းဆိုတာက ဇိမ်ခံပစ္စည်းလိုပဲ'
ယွီဟွာဝမ်လည်း သူ့ကိုယ်သူ အမှားလုပ်မိခဲ့သလားဟု အကြိမ်ကြိမ်မေးမိသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်ကတော့ သူမှားခဲ့ချေပြီ။
သို့သော်လည်း ဤလောကတွင် နောင်တအတွက် ဖြေဆေးမရှိပေ။
အချိန်ကြာလာသည်နှင့်အမျှ၊ ပါရမီရှင်များ ပိုများလာကာ ရင်ပြင်တွင် စုရုံးလာခဲ့ကြသည်။
ထိုအချိန်တွင် အားကောင်းသော အရှိန်အဝါများဖြင့် လူတစ်စု ရောက်လာကြ၏။
"ဟင်၊ အဲဒီလူတွေက... ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ နောက်လိုက်တွေပဲ"
ထိုလူများကိုမြင်တော့ ရိုသေလေးစားမှုတို့က လူအများစု၏ မျက်လုံးများမှ ပေါ်လာကြလေသည်။
ကျွင်းရှောင်ယောက် ကွယ်လွန်ခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။
သို့သော် အင်မော်တယ်နယ်မြေကြီးအပေါ် သူ၏ ပံ့ပိုးကူညီမှုက ဖျောက်ဖျက်၍မရပေ။
အကယ်၍၊ ကျွင်းရှောင်ယောက်သာ နတ်ဘုရား၏ မိစ္ဆာအတွေးများကို ဖိနှိပ်ရန် သူ့ခန္ဓာကိုယ်ကို အသုံးမပြုပါက ရှန်းရွှီကမ္ဘာတစ်ခုလုံး ပျက်စီးသွားရမည် ဖြစ်သည်။
ရှန်းရွှီကမ္ဘာ ပြိုကျသွားသည်နှင့် တိုင်းတပါးသားများ တိုက်ရိုက် ဝင်ရောက်နိုင်လိမ့်မည်။
ထိုရလဒ်၏ အပျက်အစီးများက မှန်းဆ၍ပင် မရပေ။
ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီး၏ သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ရသည်။
သူ့နောက်လိုက်များမှာလည်း သဘာဝအတိုင်း လူအများ၏ လေးစားခံခဲ့ရပေသည်။
ဤအခိုက်တွင် ရီယု၊ ရန်ချင်းယင်၊ ဝမ့်ချွမ်နှင့် ထဝရဆင်းရဲဒုက္ခ နတ်ဘုရားမတို့အားလုံး ရှိနေခဲ့ကြသည်။ သူတို့အားလုံး၏ အရှိန်အဝါများကလည်း အားကောင်း၏။
သူတို့အပြင် မင်းသမီးလုံကျိလည်း ရှိသေးသည်။ သူမက ကျွင်းရှောင်ယောက်၏ နောက်လိုက်တစ်ယောက် မဟုတ်သေးသော်လည်း ရီယု၊ အခြားသူများနှင့် အတူတူနေခဲ့သည်။
လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်၏ ဆက်ခံသူအနေဖြင့် သူသည်လည်း ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို သဘာဝအတိုင်း ဝင်ရောက်နိုင်ခဲ့ပေသည်။
ထို့အပြင် ယွိချန်ကျွမ့်၊ ရန်ယုမန်နှင့် ထိုက်ယင်ကျောက်စိမ်းယုန်တို့ မိန်းကလေးတစ်စုလည်း ရှိသည်။
သူတို့အားလုံး ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီတွင် ပါဝင်နိုင်ခဲ့ကြ၏။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း၊ ကျွင်းရှောင်ယောက်နှင့်ပတ်သက်သည့် ဤလူများအားလုံး အပြင်းအထန် လေ့ကျင့်ခဲ့ကြသည်။
ကျွင်းရှောင်ယောက်က အမှန်တကယ် မသေသေးဘဲ တစ်နေ့ကျလျှင် ပြန်လာမည်ဟု သူတို့အားလုံး တထစ်ချ ယုံကြည်ထားခဲ့ကြပေသည်။
ထိုစဉ်...
အေးစက်စက် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ယွိချန်ကျွမ့်၊ မင်း ကစဉ့်ကလျားခန္ဓာသခင်ကို အခုထိ လက်မခံချင်သေးဘူးလား"
စကားသံအဆုံးတွင် လူရိပ်တချို့ ထွက်ပေါ်လာကြ၏။
ထိုလူများကို မြင်လိုက်ရပြီးနောက် ယွိချန်ကျွမ့်နှင့် အခြားသူများ၏ မျက်လုံးများက အလွန်အေးစက်သွားတော့သည်။
"ကစဉ့်ကလျားခန္ဓာရဲ့ နောက်လိုက်တွေ..."