← Chapters

အခန်း ၉၇၄

Vol. 65 Ch. 974

အခန်း ၉၇၄

Vol. 65 Ch. 974

အခန်း ( ၉၇၄ ) နေကိုကာကွယ်သူနှင့် လကိုကာကွယ်သူ။

ယောက်ျားနှစ်ယောက်နှင့် မိန်းမတစ်ယောက်။

လူသုံးယောက်ရောက်လာသည်။

မိန်းကလေးကတော့ ရင်းနှီးပြီးသားပင်။

မိုးပြာရောင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး နတ်အလင်းများ ဖြာထွက်နေသည်။ သူ့မျက်နှာကိုလည်း နတ်အလင်းများဖြင့် ကွယ်ထားသောကြောင့် ကြည်လင်သော မျက်ဝန်းအစုံကိုသာ မြင်တွေ့ရ၏။

သူမ၏ စိတ်နေစိတ်ထားက သေမျိုးကမ္ဘာမှ လွတ်ကင်းပြီး ဖုန်မှုန့်များဖြင့် ကင်းစင်သော နှင်းကြာပန်းတစ်ပွင့်ကဲ့သို့ပင်။

ကျိချင်းရီ ဖြစ်သည်။

သူမက ရှေးဟောင်းကျိမိသားစု၏ နတ်ဘုရားသာမကဘဲ လက်ရှိ လူသားအင်မော်တယ်ဂိုဏ်း၏ တစ်ဦးတည်းသော မျိုးဆက်လည်း ဖြစ်လေသည်။

လူသားအင်မော်တယ်ဂိုဏ်း၏ ယခင်ဆက်ခံသူ ကျိတောက်ရီမှာ တိုင်းတပါးသားများ၏ လုပ်ကြံမှုကြောင့် ရှန်းရွှီကမ္ဘာတွင် ကျဆုံးခဲ့ရသည်။

သို့သော်...

တကယ့်အမှန်တရားက ထိုသို့မဟုတ်မှန်း ကျိချင်းရီသာ သိပေသည်။

သို့သော်လည်း သူမက မည်သူ့ကိုမျှ မပြောဘူးဆိုတာ သေချာသည်။

ဤသို့ဖြင့် ကျိချင်းရီက ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီသို့ ဝင်ရောက်ခဲ့ပြီး ကျိတောက်ရီ၏နေရာတွင် အစားထိုးကာ အင်မော်တယ်အဆင့်အမွေကို ရရှိခဲ့ပေသည်။

ယခုအခါ သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း အဓိပဓိတစ်ပိုင်း ဖြစ်သည်။

ယခင်က‌ သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

ကျိချင်းရီဟာ ကစဉ့်ကလျားခန္ဓာနှင့် အနည်းငယ် ပတ်သက်နေပုံရသည်။

ကစဉ့်ကလျားခန္ဓာက လုံးလုံးလျားလျား မနိုးထသေးသော်လည်း သူ့နောက်လိုက်များမှာ စတင် ပေါ်ထွက်လာကြပြီ။

သို့ရာတွင်၊ ယခုပြောလိုက်သူက ကျိချင်းရီ မဟုတ်ပါ။

ထိုအစား ငွေရောင်ဝတ်ရုံနှင့် ငွေရောင်မျက်နှာဖုံးဝတ်ထားသော လူငယ်တစ်ဦး ဖြစ်သည်။

မျက်နှာဖုံးပေါ်မှာတော့ နေအမှတ်အသားကို ရေးထွင်းထား၏။

သူ့ဘေးမှာလည်း ဝတ်ရုံရှည်နှင့် လူတစ်ယောက်ရှိသေးသည်။ သူ၏ ကိုယ်ဟန်အနေအထားကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတစ်ဦး ဖြစ်ဟန်တူသည်။

ထိုအမျိုးသမီးကလည်း မျက်နှာဖုံး ဝတ်ထား၏။ သို့ရာတွင်၊ သူမ၏ မျက်နှာဖုံးမှာတော့ လခြမ်းပုံစံ ရေးထွင်းထားသည်။

ထိုလူနှစ်ယောက်က ကစဉ့်ကလျားခန္ဓာ၏ နောက်လိုက်နှစ်ယောက်ဖြစ်သော နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူတို့ ဖြစ်လေသည်။

တကယ်တမ်းတွင် ကြယ်တာရာကာကွယ်သူ အပါအဝင် သုံးဦး ဖြစ်သည်။ ယခုတော့ သူတို့နှစ်ဦးသာ ရှိတော့သည်။

"တကယ်လို့ နင်ငါ့ကို ဒီလို စက်ဆုပ်စရာနည်းလမ်းတွေနဲ့ ခြိမ်းခြောက်နေတာမှန်း နင့်ရဲ့ကစဉ့်ကလျားခန္ဓာ သိခဲ့ရင် သူ့ဂုဏ်သိက္ခာကို ဖျက်စီးတယ်လို့ မထင်သွားဘူးလား"

ယွိချန်ကျွမ့်၏ လေသံက အေးစက်သွားသည်။

ရှေး‌ဦးအင်ပါယာမြို့တော်မှ အဖြစ်အပျက်များကို ယခုထိ သူမ မမေ့သေးပေ။

"ဟားဟားဟား၊ ငါ့သခင်က ဒါတွေကို ဂရုစိုက်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ မင်းကတော့ ထိုက်ယင်မြင့်မြတ်ခန္ဓာဖြစ်ပြီး ငါ့သခင်အတွက် အရမ်းအသုံးဝင်တယ်"

နေမင်းကာကွယ်သူက လှောင်ပြောင်ရယ်မောလိုက်သည်။

လမင်းကာကွယ်သူကလည်း ဝင်ပြောလိုက်လေသည်။

"ငါ့သခင်က‌ ခေတ်အဆက်ဆက်မှာ ပြိုင်ဘက်ကင်းတဲ့ ကစဉ့်ကလျားခန္ဓာနော်။ သူ့နောက်ကိုလိုက်ပါဖို့ ရွေးချယ်လိုက်ရင် နင့်ရဲ့အနာဂတ်က အကန့်အသတ်မဲ့ ဖြစ်လိမ့်မယ်"

သူတို့နှစ်ဦးက ယွိချန်ကျွမ့်ကို ကစဉ့်ကလျားခန္ဓာအား လက်အောက်ခံစေလိုသည်။

ယခင်ကဆိုလျှင် သူတို့က တိုက်ရိုက် လှုပ်ရှားရန်ပင် တွေးခဲ့မိသည်။

သို့သော်လည်း ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီက တပည့်အချင်းချင်း တိုက်ခိုက်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့ပေသည်။

ဒုတိယအနေဖြင့် ယွိချန်ကျွမ့်ဟာ ကျွင်းရှောင်ယောက်၏ နောက်လိုက်များနှင့်အတူ အမြဲရှိနေခဲ့သည်။

ထို့ကြောင့် အတင်းအကြပ်လုပ်ခြင်းက မဖြစ်နိုင်ပေ။

သို့ရာတွင်၊ သူတို့နှစ်ယောက်၏စကားကို ကြားရပြီးနောက် ယွိချန်ကျွမ့်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"ခေတ်အဆက်ဆက်မှာ ပြိုင်ဘက်ကင်းတာလား။ ဟွန့်၊ သခင်လေးသာ ဒီမှာရှိနေရင်..."

ယွိချန်ကျွမ့်၏စကားကို ကြားလိုက်ရပြီးနောက် ရင်ပြင်တစ်ခုလုံးမှ ပါရမီရှင်များအားလုံး တိတ်ဆိတ်သွားကြသည်။

ယင်းက ထာဝရကမ္ပည်းတင်ထိုက်သော နာမည်တစ်ခုပင်။

ဤကမ္ဘာကြီးတွင် ကျွင်းရှောင်ယောက်ကို အတောက်ပဆုံးသော ကြယ်တစ်ပွင့်ဟု ဆိုနိုင်သည်။

သူဟာ မွေးကတည်းက ကမ္ဘာကို လွှမ်းမိုးထားပြီး အင်မော်တယ်နယ်မြေကြီး၏ တစ်ဦးတည်းသော ရှုံးပွဲကင်းမဲ့သူ ဖြစ်သည်။

ရှန်းရွှီကမ္ဘာတွင် ကျဆုံးသွားခဲ့သည့်တိုင် ကျွင်းရှောင်ယောက်ဟာ နတ်ဘုရား၏မိစ္ဆာအတွေးများကို သူ့ခန္ဓာဖြင့် တံဆိပ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်မည်ဟု လူအများက ယုံကြည်ခဲ့ကြသည်။

မဟုတ်ပါက၊ ကျွင်းပေါင်လီ၏ ဓမ္မခန္ဓာနှင့် ကူတိကျစ်ကဲ့သို့ ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါး ပေါင်းစည်းထားလျှင်ပင် သူ့ကိုအနိုင်ယူရန် မဖြစ်နိုင်ပေ။

ယခုတော့ နှစ်အနည်းငယ်ကြာပြီးနောက် ယွိချန်ကျွမ့်ဟာ ဤနာမည်ကို ထပ်မံဖော်ပြလာခဲ့ပြီ။

ယင်းကြောင့် လူအများလည်း သက်ပြင်းချလိုက်မိကြသည်။

သို့ရာတွင်၊ နေမင်းကာကွယ်သူက လေသံမာမာဖြင့် စကားဖြတ်ပြောလိုက်သည်။

"ကျွင်းရှောင်ယောက်၊ သူ့ကို မေ့သလောက်တောင် ဖြစ်နေပြီ"

"ကျဆုံးပြီးသား လူတစ်ယောက်ကို ထပ်ပြောနေစရာမလိုပါဘူး။ ငါ့သခင်က နိုးထလာတာနဲ့ ဘုရင်တစ်ပါး ဖြစ်လာလိမ့်မယ်"

လမင်းကာကွယ်သူကလည်း ရိုသေလေးစားမှုတို့ ပြည့်နှက်နေသောလေသံဖြင့် ပြောလိုက်လေသည်။

မျိုးစေ့အဆင့် ပါရမီရှင်များကြားတွင်ပင် ကစဉ့်ကလျားခန္ဓာက ထိပ်တန်းဖြစ်သည်။ သူ၏ပြိုင်ဘက် ဖြစ်နိုင်သူက အနည်းငယ်သာ ရှိပေသည်။

ကစဉ့်ကလျားခန္ဓာက ကျွင်းမိသားစုမှ နတ်ဘုရားသားတော်၏ ဂုဏ်သိက္ခာကို ဆက်ခံမည် ဖြစ်သည်။

"မင်းတို့ပါးစပ် ပိတ်ထားစမ်း"

ထိုအချိန်တွင် ရီယုက အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။ ရွှေရောင် မီးတောက်များကလည်း သူ့မျက်လုံးများတွင် လှုပ်ရှားလာခဲ့၏။

သူဟာ ကျွင်းရှောင်ယောက်၏ ပထမဆုံး နောက်လိုက် ဖြစ်သည်။

သူ့စိတ်ထဲတွင် ကျွင်းရှောင်ယောက်က မည်သူမျှ ထိပါး၍မရသော တည်ရှိမှုတစ်ခု ဖြစ်ချေသည်။

"အဟက်၊ ငါပြောတာမှားလို့လား။ လူကိုယ်တိုင်တောင် သေသွားမှတော့ ဘာပြောစရာ လိုဦးမှာလဲ"

နေမင်းကာကွယ်သူက လှောင်ပြောင်ပြောဆိုလိုက်သည်။

နှစ်ဖက်ကြားမှ တိုက်ပွဲအငွေ့အသက်များက တဖြည်းဖြည်း ပိုပြင်းထန်လာ၏။

သို့သော်လည်း ကစဉ့်ကလျားခန္ဓာနှင့် ပတ်သက်နေသည်ဟု ကောလဟာလထွက်ပေါ်နေသော ကျိချင်းရီမှာ မလှုပ်ရှားခဲ့ပေ။

သူမက မည်သည့်ဘက်မှမလိုက်ဘဲ ခပ်မဆိတ်သာ ရှိခဲ့သည်။

ထိုအချိန်တွင်...

အသံတစ်သံ ထွက်ပေါ်လာပြန်သည်။

"ကျွင်းရှောင်ယောက်ရဲ့ခေတ်က ကုန်သွားပြီ။ အဲဒါကို ထပ်ပြောနေလည်း ဘာများထူးမှာလဲ"

လူတစ်စု ရောက်လာကြ၏။

ခေါင်းဆောင်လာသူက ရှစ်ထောင့်ပါကွားဝတ်စုံကို ၀တ်ဆင်ထားပြီး အရပ်မြင့်မြင့်နှင့် ချောမောခန့်ညားသူ ဖြစ်သည်။

ဖူရှီအင်မော်တယ်မျိုးရိုးမှ ဧကရာဇ်သား‌တော် ကူတိကျစ် ဖြစ်ချေသည်။

သူ့အပြင် စန်းကျဲအင်မော်တယ်မျိုးရိုးမှ စန်းလီ၊ ရှန်းနွန်အင်မော်တယ်မျိုးရိုးမှ ယောင်ချင်းနှင့် အခြားသူများလည်း ပါဝင်သည်။

"အင်မော်တယ်ခုံရုံးရဲ့လူတွေ ရောက်လာပြီ"

အင်မော်တယ်နယ်‌မြေကြီးတွင် အဓိပဓိအင်မော်တယ်ခုံရုံးနှင့် ကျွင်းမိသားစုကို ပြိုင်ဖက်များဟု ဆိုနိုင်ပေသည်။

ကူတိကျစ်ကို မြင်လိုက်ရတော့ ပါရမီရှင်များစွာက တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်ကြသည်။

ယခုအခါ အင်မော်တယ်နယ်မြေကြီးတွင် ကူတိကျစ်၏ နာမည်က အလွန်ဆိုးရွားနေပြီဟု ဆိုနိုင်သည်။

ကျွင်းရှောင်ယောက်က တရားမျှတမှုအတွက် သူ့ကိုယ်သူ စတေးပြီး နတ်ဘုရား၏ မိစ္ဆာအတွေးများကို ဖိနှိပ်နေချိန်တွင်၊ ကူတိကျစ်က ကောင်းကင်သရဖူကို သိမ်းပိုက်ရန်အတွက် ခိုးဝင်တိုက်ခိုက်ရန် ကြံစည်ခဲ့သည်။

သို့သော်လည်း အဆုံးတွင် ကောင်းကင်သရဖူကို မရရှိဘဲ သူကိုယ်တိုင်သာ ဒုက္ခရောက်ခဲ့ရပေသည်။

ဟုတ်သည်၊ သူ၏ အဆင့်အတန်းကြောင့် မည်သူမျှတော့ ထိုအကြောင်းကို မပြောဝံ့ကြပေ။

"နင်လိုလူက ဒီစကားမျိုးကို ပြောဝံ့တယ်လား"

မင်းသမီးလုံကျိ၏ မျက်လုံးများက အေးစက်သွားသည်။

လက်ကိုးချောင်းရှိ သူတော်စင်နဂါးဧကရာဇ်ထံမှ အမွေကိုရရှိပြီးနောက်၊ မင်းသမီးလုံကျိ၏ခွန်အားဟာ တဟုန်ထိုး တိုးတက်လာခဲ့သည်။

သူမက အဓိပဓိတစ်ပိုင်းအဆင့်သို့ မဖြတ်ကျော်သေးသော်လည်း သူတော်စင်သခင်နယ်ပယ် ကြီးမားသော ပြီးပြည့်စုံခြင်းသို့ ရောက်နေပြီ။

"ဟမ့်၊ ဧကရာဇ်ရဲ့အမွေကို ဆက်ခံနိုင်ရုံနဲ့ ဒီလောက်တောင် မောက်မာနေတာလား။ တကယ်ဆို ကျွင်းရှောင်ယောက်ရဲ့ အကူအညီမပါရင် မင်းက ဘာကောင်မှမဟုတ်ဘူး"

ကူတိကျစ်၏ မျက်လုံးများက အေးစက်သောအလင်းရောင်များ လင်းလက်လာခဲ့သည်။

အကယ်၍ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီသာ တိုက်ခိုက်ခြင်းကို တားမြစ်ခြင်းမရှိပါက၊ ကျွင်းရှောင်ယောက်၏ နောက်လိုက်များကို ချေမှုန်းပစ်ပြီးပြီ ဖြစ်သည်။

သို့သော်လည်း သူပြောတာ မမှားပေ။

ရီယုနှင့် အခြားသူများ၏ အရည်အချင်းနှင့် ခွန်အားများက အားမနည်းသော်လည်း... သူတို့၏ လက်ရှိအနေအထားမှာ ကျွင်းရှောင်ယောက်၏ နောက်လိုက်ဟူသော အထောက်အထားကြောင့် ဖြစ်သည်။

"တော်လောက်ပြီ၊ ပျက်စီးခြင်းနယ်စပ်က အတွေ့အကြုံက နီးကပ်လာပြီ။ အားလုံးက ကြောက်စရာကောင်းတဲ့ ရန်သူတွေကို ရင်ဆိုင်ရတော့မှာ၊ မင်းတို့က ကလေးတွေလို စကားနိုင်လုနေတုန်းပဲလား"

အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အဖြူရောင် ၀တ်စုံဝတ် အဘိုးအိုတစ်ယောက် လေထဲမှ ထွက်လာခဲ့၏။

"အကြီးအကဲဖူကို နှုတ်ခွန်းဆက်ပါတယ်"

ပါရမီရှင်များစွာတို့လည်း လက်ယှက်ကာ နှုတ်ခွန်းဆက်လိုက်ကြလေသည်။

အကြီးအကဲဖူမှာ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီ၏ အကြီးအကဲများထဲမှ တစ်ဦး ဖြစ်သည်။

"အကြီးအကဲဖူ၊ ကျွန်တော်တို့ကိုခေါ်တာ နယ်စပ်အတွေ့အကြုံအတွက်လား"

ပါရမီရှင်တစ်ဦးက မေးလိုက်သည်။

အကြီးအကဲဖူက လေးနက်သော အမူအရာဖြင့် မျက်မှောင်ကြုတ်ပြီးမှ ပြော၏။

"ဒါက ဒုတိယ ဦးစားပေးပဲ။ အခု မင်းတို့ကိုခေါ်တာ သတင်းဆိုးတစ်ခု ပြောစရာရှိလို့။ ဒီတစ်ခေါက် မင်းတို့ရဲ့ အတွေ့အကြုံက ကြီးမားတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်နိုင်တယ်”

အကြီးအကဲဖူ၏ စကားကြောင့် ပါရမီရှင်များအားလုံး အံ့သြသွားကြသည်။

အကြီးအကဲဖူကိုယ်တိုင် ပြောဆိုလာခြင်းကြောင့် ကောင်းသောအရာ မဟုတ်မှန်းတော့ သိသာထင်ရှားနေခဲ့ပြီ။

"အကြီးအကဲဖူ၊ ဒါက ဘာသတင်းလဲလို့ မေးပါရစေ"

ပါရမီရှင်တစ်ဦးက မနေနိုင်တော့ဘဲ မေးလိုက်သည်။

"စစ်နတ်ဘုရားနန်းတော်မှာ စစ်နတ်ဘုရားအသစ်တစ်ပါး ပေါ်လာပြီ"

အကြီးအကဲဖူက ပြောသည်။

"ဘယ်လို"

ထိုစကားက ရင်ပြင်တစ်ခုလုံးမှ လူများအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့၏။

တိုင်းတပါး၏ စစ်နတ်ဘုရားနန်းတော်မှာ အင်မော်တယ်နယ်မြေကြီးရှိ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီနှင့် ဆန့်ကျင်ဘက်ဟု ဆိုနိုင်သည်။

စစ်နတ်ဘုရားနန်းတော်ရှိ စစ်နတ်ဘုရားက ဘာကိုဆိုလိုမှန်း လူတိုင်းသိပေသည်။ တိုင်းတပါး၏ အသန်မာဆုံးသော ပါရမီရှင်ကိုသာ စစ်နတ်ဘုရားဘွဲ့ အပ်နှင်းခြင်း ဖြစ်သည်။

တစ်ချိန်က နယ်စပ်အတွေ့အကြုံတွင်၊ စစ်နတ်ဘုရားနန်းတော်မှ စစ်နတ်ဘုရားက အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့အဆင့် ပါရမီရှင် ဆယ်ယောက်အား သတ်ခဲ့ဖူး၏။ ထိုသတင်းက နယ်မြေကိုးခုစလုံးကို တုန်ခါသွားစေခဲ့ပေသည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဆိုးရွားတဲ့ သမိုင်းမှတ်တမ်းက နောက်တစ်ဖန် ဖြစ်လာ‌ဦးတော့မှာလား"

ပါရမီရှင်ချို့၏ မျက်နှာများက ဖြူဖျော့သွားခဲ့သည်။

သို့ရာတွင်၊ အကြီးအကဲဖူ၏စကားက မဆုံးသေးပါ။

"ဒါ့အပြင် စစ်နတ်ဘုရားနန်းတော်ရဲ့ စစ်နတ်ဘုရားအသစ်က ကစဉ့်ကလျားခန္ဓာ ဖြစ်နေသေးတယ်"

ထိုစကားများ ထွက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

အပ်ကျသံပင် ကြားရလောက်အောင် အသံအားလုံး ပျောက်ကွယ်သွားတော့သည်။

All Chapters