အခန်း ၉၇၆
Vol. 66 Ch. 976
အခန်း ( ၉၇၆ ) တုရှန်မျိုးနွယ်၏ လက်ထပ်ပွဲအတွက် အစည်းဝေးပွဲ။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် ကစဉ့်ကလျားခန္ဓာ အကြောင်း သတင်းများကြောင့် အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။
နိုးထလာခဲ့ကြသော မျိုးစေ့အဆင့် ပါရမီရှင်အချို့ကတော့ တိုင်းတပါးမှ ကစဉ့်ကလျားခန္ဓာကို ပစ်မှတ်ထားလာကြ၏။
ကစဉ့်ကလျားခန္ဓာကို သတ်ခြင်းဖြင့် အကျိုးကျေးဇူးမည်မျှ ရနိုင်သည်ကို ဘေးဖယ်ထားလျှင်ပင်...
ကစဉ့်ကလျားခန္ဓာကို အောင်နိုင်သူဟူသော ဂုဏ်သတင်းတစ်ခုတည်းက မရေမတွက်နိုင်သော လူများကို ရူးသွပ်သွားစေရန် လုံလောက်သည်။
နှစ်ကာလတစ်ခုကြာ အိပ်စက်နေသော မျိုးစေ့အဆင့် ပါရမီရှင်များ နိုးလာသောအခါ ပထမဆုံး လုပ်သောအရာကား အဘယ်နည်း။
သဘာဝအတိုင်း သူတို့၏ဩဇာအာဏာကို တည်ဆောက်ရန် ဖြစ်သည်။
ပြိုင်ဆိုင်မှုပြင်းထန်သော ဤကမ္ဘာကြီးတွင် ပေါ်လွင်စေရန် လူတစ်ဦးက သဘာဝအတိုင်း ထက်မြက်ပြီး ဩဇာအာဏာကြီးမားရန် လိုအပ်သည်။
ကံကောင်းခြင်းအတွက် ပြိုင်ဆိုင်ခြင်းနှင့် ယုံကြည်ခြင်းတို့က အလွန်အရေးကြီး၏။
ကျွင်းရှောင်ယောက်သည်လည်း အစီအစဥ်တစ်ခုပြုလုပ်ပြီး နယ်စပ်ကိုကာကွယ်ရန် သူ့ကိုယ်သူ စတေးဟန်ဆောင်ခဲ့ပေသည်။
ထိုသို့ဖြင့် ထင်ရှားကျော်ကြားမှုနှင့် ယုံကြည်ခြင်းလှိုင်းများကို ကြီးမားစွာ အမှန်တကယ် ရရှိနိုင်ခဲ့သည်။
အနာဂတ်တွင်၊ ကျွင်းရှောင်ယောက်က သက်ရှိသတ္တဝါအားလုံး၏ ကံကောင်းခြင်းများဖြင့် ကောင်းချီးပေးခံရလိမ့်မည်။
ဤမျိုးစေ့အဆင့် ပါရမီရှင်များအတွက်လည်း ဂုဏ်သိက္ခာကို ထူထောင်ရန် အလျင်မြန်ဆုံးနည်းလမ်းမှာ၊ သဘာဝအတိုင်း တိုင်းတစ်ပါးမှ ကစဉ့်ကလျားခန္ဓာ သုတ်သင်ဖယ်ရှားခြင်း ဖြစ်ချေသည်။
အချိန်အတိုင်းအတာတစ်ခုအထိ၊ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံး တုန်လှုပ်သွားပြီး ပါရမီရှင်များစွာကလည်း ကစဉ့်ကလျားခန္ဓာကို ပစ်မှတ်ထားရန် ပြင်ဆင်နေခဲ့ကြသည်။
တချိန်တည်းမှာပင်...
တိုင်းတပါးဘက်မှာလည်း အင်မော်တယ်နယ်မြေကြီးမှ မျိုးစေ့အဆင့် ပါရမီရှင်များနှင့် ယှဉ်ပြိုင်နိုင်သော ထူးချွန်သူများ မွေးဖွားလာကြသည်။
ထူးကဲသော သဘာဝရူပါရုံများကိုပင် မြင်သူများ မြင်လာရ၏။
အင်မော်တယ်ဧကရာဇ်မျိုးရိုးမှ အိပ်စက်နေသော ဧကရာဇ်သားတော်နှင့် နတ်ဘုရားမတချို့လည်း နိုးထလာတော့သည်။
ထို့ပြင်၊ စစ်နတ်ဘုရားနန်းတော်မှာ...
ကျွင်းရှောင်ယောက်လည်း အကြောင်းကြားစာကို လက်ခံရရှိပြီး ပျက်စီးခြင်းနယ်စပ်သို့ ထွက်ခွာတော့မည် ဖြစ်သည်။
ရွယ်ယွဲ့မူကား သူမ၏ဒဏ်ရာများကို ကုသနေရဆဲဖြစ်သောကြောင့် ကျွင်းရှောင်ယောက်က သူ၏ခြံဝန်းတွင်သာ ဆက်လက် နေစေခဲ့ပေသည်။
ဖေးချင်ရွယ်ကလည်း စစ်နတ်ဘုရား နန်းတော်မှာပဲ လေ့ကျင့်နေခဲ့မည် ဖြစ်သည်။
စူးဟုန်ယီကိုတော့ ကျွင်းရှောင်ယောက်က သူမကိုလေ့ကျင့်ပေးရန် နယ်စပ်သို့ သွားခွင့်ပြုထားလေသည်။
စူးဟုန်ယီက ဖေးချင်ရွယ်နှင့် မတူပေ။
ကျွင်းရှောင်ယောက်က စူးဟုန်ယီဟာ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးအနက်မှ တစ်ပါးဖြစ်မည်ဟု ယုံကြည်ထားသည်။ သူမက အကြောင်းတစ်ခုခုကြောင့်သာ မနိုးထသေးခြင်း ဖြစ်လိမ့်မည်။
ပျက်စီးခြင်းနယ်စပ်ကို လေ့ကျင့်ရန် သွားရောက်ခြင်းဖြင့် စူးဟုန်ယီအတွက် မမျှော်လင့်ထားသော အရာတစ်ခုခု ရရှိနိုင်သည်။
နောက်တစ်ခုကတော့ တုရှန်ချွန်းချွန်းနှင့် တုရှန်ဝမ်ဝမ်ပင်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကို အံ့သြသွားစေအောင်...
သူတို့က ပျက်စီးခြင်းနယ်စပ်သို့သွားရန် အစီအစဉ် အမှန်တကယ် မရှိခဲ့ပါ။
"ခွင့်လွှတ်ပါသခင်လေး၊ အရင်ကတော့ ငါလည်း နင်နဲ့အတူ နယ်စပ်ကိုသွားချင်ပေမဲ့ စတုတ္ထအစ်မက ခွင့်မပြုခဲ့ဘူး"
တုရှန်ချွန်းချွန်းက နှုတ်ခမ်းလေး မဲ့ကာမဲ့ကာဖြင့် တုရှန်ဝမ်ဝမ်ကိူ မကျေမနပ် ကြည့်လိုက်သည်။
ယေဘူယျအားဖြင့် ပျက်စီးခြင်းနယ်စပ်ကဲ့သို့ အန္တရာယ်များသော နေရာများကို အတူသွားလာခြင်းမှာ နှစ်ဦးစလုံး၏ ခံစားချက်များ ပို၍တိုးလာစေရန် အချိန်ကောင်းဖြစ်သည်။
တုရှန်ချွန်းချွန်းက အလှလေးကိုကယ်တင်သည့် သူရဲကောင်း ဇာတ်လမ်းမျိုးကို ကျွင်းရှောင်ယောက်နှင့်အတူ သရုပ်ဆောင်ရန်ပင် စိတ်ကူးယဉ်ထားခဲ့သေးသည်။
ယခုတော့ စိတ်ကူးယဉ်အိပ်မက်လေး မဖြစ်နိုင်တော့ပေ။
"စိတ်မကောင်းပါဘူး သခင်လေး၊ အဲဒါက အကြီးဆုံး အစ်မတော်ရဲ့ အမိန့်ပဲ။ ငါတို့ ပြန်သွားပြီးတော့ လက်ထပ်ပွဲအတွက် ပြင်ဆင်ရတော့မယ်"
တုရှန်ဝမ်ဝမ်က ပြောလိုက်သည်။ သူမ၏ လှပသော မျက်နှာလေးမှာလည်း အထီးကျန်မှု အရိပ်အယောင်တို့ ယှက်သန်းသွားလေသည်။
ဤအတောအတွင်း၌ တုရှန်ဝမ်ဝမ်ဟာ ဘယ်သူ့ကို သူမ နှစ်သက်သလဲဆိုတာ သေချာနေခဲ့သည်။
သို့သော်...
ကျွင်းရှောင်ယောက်က အလွန်ထူးချွန်သည်။
ကစဉ့်ကလျားခန္ဓာ၊ စစ်မှန်သော စစ်နတ်ဘုရားနှင့် ဖျက်ဆီးခြင်းဘုရင်။
အင်မော်တယ်ဧကရာဇ်မျိုးနွယ်စုများပင်လျှင် ကျွင်းရှောင်ယောက်ကို ဆွဲဆောင်နိုင်ရန် ဘာမဆိုလုပ်နိုင်ကြပေသည်။
သူ့ဘေးမှာလည်း ပြီးပြည့်စုံသောရုပ်ရည်၊ ခွန်အားနှင့် အဆင့်အတန်းရှိသော လော့ဝမ်ကဲ့သို့သော မိန်းမလှလေးတစ်ဦး ရှိသည်။
နှိုင်းယှဥ်ကြည့်လျှင် တုရှန်အလှလေးငါးပါးအနက်မှ တစ်ဦးဖြစ်သော တုရှန်ဝမ်ဝမ်က ဘာမျှဟုတ်ပုံမရတော့ပေ။
တုရှန်မျိုးနွယ်ဟာ အခြားသူများအတွက် တက်လှမ်းရန်ခက်သော ဧကရာဇ်မျိုးနွယ် ဖြစ်သည်။
သို့သော်၊ ကျွင်းရှောင်ယောက်၏ မျက်လုံးထဲမှာတော့ ထို့ထက်မပိုပေ။
သူဟာ မော့ကျဲဧကရာဇ်မျိုးနွယ်ကိုပင် ရင်ဆိုင်ဝံ့သည်။ သူတို့ တုရှန်ဧကရာဇ်မျိုးနွယ်ကို မတူခြားနားစွာ မည်သို့ဆက်ဆံနိုင်နည်နည်း။
ထို့ကြောင့်ပင် တုရှန်ဝမ်ဝမ်က သူ့နှလုံးသား လှုပ်ရှားနေရသည့်တိုင် ထုတ်ဖော်မပြတော့ပေ။
"လက်ထပ်ပွဲအတွက် စုရုံးပွဲလား"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။
ရုတ်တရက်၊ တစ်စုံတစ်ယောက်ကို သူ သတိရသွား၏။
ချီရှောင်းမျိုးနွယ်မှ ချီဟုန်ယွိ။
သူ၏ ညီဖြစ်သူ ချီလင်ခုန်းမှာ ကျွင်းရှောင်ယောက်၏လက်တွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ထိုမတိုင်မီတွင်၊ ကျွင်းရှောင်ယောက်ဟာ ချီလင်ခုန်းထံမှ ကောင်းကင်ကျမ်းကိုးအုပ်အနက် တစ်အုပ်ဖြစ်သည့် ဝိညာဥ်ကျမ်း၏ အငွေ့အသက်ကို ခံစားခဲ့ရ၏။
ထိုမှတဆင့် ချီလင်ခုန်း၏အစ်ကို ချီဟုန်ယွိက ဝိညာဉ်ကျမ်းကို ပိုင်ဆိုင်ထားမည်ဟု သူ ခန့်မှန်းမိခဲ့သည်။
အတိအကျမဟုတ်လျှင်ပင်၊ သူ့တွင် ဝိညာဉ်ကျမ်းနှင့်ပတ်သက်သော သတင်းအချက်အလက်များ ရှိလိမ့်မည်။
နောက်ထပ်သဲလွန်စတစ်ခုကတော့ တုရှန်ဧကရာဇ်မျိုးနွယ်၏ တတိယမြောက်မင်းသမီး တုရှန်ရှောင်ရှောင်း ပြောခဲ့ခြင်း ဖြစ်သည်။
ချီဟုန်ယွိဟာ တချိန်က တုရှန်အလှလေးများကို ပိုးပန်းခဲ့ဖူးသည်။ သို့ရာတွင်၊ ထိုစဉ်က ချီရှောင်းဘုရင်မှာ အင်မော်တယ်ဘုရင်အဆင့်သို့ မချိုးဖြတ်နိုင်သေးပေ။
ထို့ကြောင့်ပင်၊ ချီဟုန်ယွိမှာ သူတို့ကိုပိုးပန်းရန် အရည်အချင်း မရှိခဲ့ပါ။
ယခုတော့ တုရှန်အလှလေးငါးပါးဟာ လက်ထပ်ပွဲအတွက် စုရုံးပွဲ ကျင်းပနေပြီဖြစ်သောကြောင့် ချီဟုန်ယွိသည်လည်း လက်လွတ်ခံမည် မဟုတ်တော့ပေ။
ဤအတောအတွင်း၌ ကျွင်းရှောင်ယောက်ဟာ ချီဟုန်ယွိအကြောင်းကို စုံစမ်းခဲ့ဖူးသည်။
ထိုအခါ၊ ချီဟုန်ယွိကို ချီရှောင်းအင်မော်တယ်ဘုရင်က တပည့်အဖြစ် ခေါ်ဆောင်သွားကြောင်း သိလိုက်ရ၏။
ယင်းကြောင့်ပင် ချီဟုန်ယွိက စစ်နတ်ဘုရားနန်းတော်သို့ ရောက်မလာခဲ့ခြင်း ဖြစ်ချေသည်။
အင်မော်တယ်ဘုရင်တစ်ပါး၏ ကိုယ်တိုင် လမ်းညွှန်ခံရခြင်းက စစ်နတ်ဘုရားနန်းတော်ထံ လာရောက်ခြင်းထက် သာလွန်ကောင်းမွန်သည်။
အင်မော်တယ်ဘုရင်၏ လမ်းညွှန်မှုအောက်တွင် ချီဟုန်ယွိ၏ခွန်အားက အလွန်တိုးတက်လာလိမ့်မည်။
သူက ဧကရာဇ်ငယ်ခုနစ်ပါးထက်ပင် ပို၍ သန်မာနေနိုင်သည်။
"သခင်လေး..."
ကျွင်းရှောင်ယောက် အနည်းငယ် ငြိမ်သက်သွားသည်ကို မြင်ရသောအခါ၊ တုရှန်ဝမ်ဝမ်က လက်ထပ်ပွဲအတွက် စုရုံးပွဲကြောင့်ဖြစ်မည်ဟု ထင်မှတ်မှားသွားသည်။
သူ စိတ်လှုပ်ရှားသွား၏။
ကျွင်းရှောင်ယောက်က လက်ထပ်ပွဲအတွက် စုရုံးပွဲကို ဂရုစိုက်သေးခြင်း ဖြစ်မည်လော။
"သခင်လေး၊ နင် ငါတို့ကို တခြားတစ်ယောက်နဲ့ လက်မထပ်စေချင်ဘူးမို့လား"
တုရှန်ချွန်းချွန်းက အပြစ်ကင်းစင်ပြီး သနားစဖွယ် မျက်လုံးလေးများနှင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
တုရှန်ဝမ်ဝမ်နှင့်ယှဉ်လျှင် သူမက ပို၍ရိုးရှင်းပြီး ပွင့်ပွင့်လင်းလင်း ရှိလေသည်။
ကျွင်းရှောင်ယောက်က ဘာမျှမပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။
ထိုအခါ တုရှန်ဝမ်ဝမ်က သတ္တိများကို စုစည်းနေသကဲ့သို့ အသက်ပြင်းပြင်းရှူရင်း ရှူလိုက်သည်။ နဂိုကမှ မို့မောက်သော တောင်ထွတ်လေးနှစိခုသည်ပင် ပို၍ မြင့်သွားရ၏။
"လက်ထပ်ပွဲအတွက် စုရုံးပွဲကို စတင်တဲ့အခါ သခင်လေးလာမှာလား"
တုရှန်အလှလေး နှစ်ဦးစလုံးက အသက်ပြင်းပြင်းရှူရင်း ကျွင်းရှောင်ယောက်ကို ကြည့်လိုက်ကြလေသည်။
"ဖြစ်နိုင်တယ်"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
လက်ထပ်ပွဲအတွက် စုရုံးပွဲကို မသွားဘူးဆိုလျှင် ချီဟုန်ယွိကိုတွေ့ပြီး ဝိညာဉ်ကျမ်းအား မည်သို့ရယူနိုင်မည်နည်း။
တုရှန်ဝမ်ဝမ်၏ အဆိုအရ ယွင်ရှောင်ဟေးလည်း ပျောက်နေသည်။
ထိုအချိန်တွင်၊ မျှော်လင့်မထားသော စိတ်ဝင်စားဖွယ်အရာများ ဖြစ်ပေါ်လာပေမည်။
ထိုသို့သော ပွဲကြီးပွဲကောင်းတစ်ခုကို သူ မပါဝင်ပါက နှမြောစရာဖြစ်မည်။
"ကောင်းလိုက်တာ"
တုရှန်ချွန်းချွန်း ဝမ်းသာသွားသည်။
တုရှန်ဝမ်ဝမ်လည်း ပြုံးလိုက်၏။
သို့သော်လည်း သူ့စိတ်ထဲမှာတော့ စိတ်မသက်မသာ ဖြစ်နေသေးသည်။
ကျွင်းရှောင်ယောက်က အစည်းဝေးပွဲသို့ တက်ရောက်ရန် သဘောတူခဲ့သော်လည်း...
လက်ထပ်ပွဲကို အမှန်တကယ် ပါဝင်ချင်သည်ဟု မပြောခဲ့ပေ။
အနည်းငယ်ပြင်ဆင်ပြီးနောက်...
ကျွင်းရှောင်ယောက်လည်း စူးဟုန်ယီကိုခေါ်ကာ ခရီးထွက်ရန် ပြင်လိုက်သည်။
သူ အပြင်ဘက်ကို ထွက်လာသည်နှင့် တပြိုင်နက် လေထဲတွင် လှပသော ရုပ်သွင်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။
ရိုးရှင်းသော မီးခိုးရောင်ဝတ်စုံကို ဝတ်ထားသော်လည်း တစ်သက်မမေ့နိုင်စရာ အလှလေးတစ်ဦး ဖြစ်၏။
ထိုမိန်းကလေးကတော့ လော့ရှန်းလင်မှတပါး အခြားမရှိနိုင်တော့ပေ။
ကျွင်းရှောင်ယောက်၏အနားမှ စူးဟုန်ယီလည်း အနည်းငယ် အံ့အားသင့်သွားသည်။ မနာလိုခြင်း အရိပ်အယောင်များပင် အနည်းငယ် ယှက်သန်းသွား၏။
ယခုအခါ၊ သူမ၏ခန္ဓာကိုယ်မှာ အမာရွတ်များ မရှိတော့ဘဲ လှသွေးကြွယ်နေပြီ ဖြစ်သည်။ သို့သော်လည်း အရွယ်မရောက်သေးဘဲ လော့ရှန်းလင်ကဲ့သို့ ရင်သပ်ရှုမောဖွယ်အလှမျိုးနှင့် နှိုင်းယှဥ်ရန် အလှမ်းဝေးနေသေးသည်။
"ရှောင်ယောက်၊ မင်း နယ်စပ်ကို ခရီးထွက်မယ်ဆိုရင် သတိထားရမယ်"
လော့ရှန်းလင်က ပြောလိုက်သည်။
"စိတ်မပူနဲ့"
ကျွင်းရှောင်ယောက် အနည်းငယ်ပြုံးလိုက်လေသည်။
လော့ရှန်းလင်ကတော့ သူ့ကို အမှန်တကယ် စိတ်ဝင်စားနေပြီ ထင်သည်။
တစ်ချိန်တည်းမှာပင်၊ စစ်နတ်ဘုရားနန်းတော်၏ နက်နဲရာအရပ်...
ဘုရင်ဖုဖုန်း၏ နေအိမ်တွင်...
ဘုရင်ဖုဖုန်းက တစ်စုံတစ်ဦးထံ စာပို့နေသကဲ့သို့ ကျောက်စိမ်းစလစ်တစ်ချောင်းကို ကိုင်ထားသည်။
ထို့နောက်၊ ဘုရင်ဖုန်း၏ နှုတ်ခမ်းများက အေးစက်စက် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား၏။
"ဒီကစဉ့်ကလျားခန္ဓာအတွက် ငါကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး"
"ပျက်စီးခြင်းနယ်နိမိတ်က ကစဉ့်ကလျားဖြစ်ပြီး တိုင်းတပါးရဲ့ နိယာမတွေနဲ့ မသက်ဆိုင်ဘူး။ ကံကောင်းလို့ သူ မသေရင်တောင် အကြောင်းအကျိုးတွေကို ရှာဖွေဖို့ ခက်ခဲတယ်။ ငါ့အကြောင်း သဲလွန်စရဖို့ဆိုရင် ပိုလို့တောင် မဖြစ်နိုင်သေးတယ်"
"ကစဉ့်ကလျားခန္ဓာ၊ ပျက်စီးခြင်းနယ်နိမိတ်က မင်းရဲ့ နောက်ဆုံးခရီးဖြစ်လိမ့်မယ်"
ဘုရင်ဖုဖုန်းက ကျွင်းရှောင်ယောက်၏ အထောက်အထားများကို လုံးဝ ဂရုမစိုက်ပေ။
မည်မျှပင်၊ အဆင့်အတန်း မြင့်မားပါစေ သူ့အား စော်ကားပါက သေရမည် ဖြစ်သည်။