အခန်း ၉၇၇
Vol. 66 Ch. 977
အခန်း ( ၉၇၇ ) ဧကရာဇ်မျိုးနွယ်များမှ ပါရမီရှင်များ။
"ဒေါင်၊ ဒေါင်၊ ဒေါင်"
ကျယ်လောင်သော ခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့သည်။
ယင်းက စစ်နတ်ဘုရားနန်းတော်မှ စစ်ခေါင်းလောင်းသံ ဖြစ်၏။
စစ်နတ်ဘုရားနန်းတော်မှ နယ်စပ်အတွေ့အကြုံ ထွက်ခွာကြတော့မည်။
"နောက်ဆုံးတော့ နယ်စပ်အတွေ့အကြုံ စတင်တော့မယ်။ ငါ မစောင့်နိုင်တော့ဘူး"
"အင်မော်တယ်နယ်မြေကြီးက ပုရွက်ဆိတ်တွေရဲ့ ကြောက်ရွံ့နေမဲ့ မျက်နှာတွေကို ငါ တကယ်ကြီး တွေ့ချင်နေမိပြီ"
"အခုဆို ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးထဲက ကစဉ့်ကလျားခန္ဓာသခင်တောင် ပေါ်လာပြီလေ။ ဒီခေတ်မှာ ငါတို့တိုင်းတပါးက နယ်စပ်ကိုဖြတ်ပြီး အင်မော်တယ်နယ်မြေကြီးကို သိမ်းပိုက်နိုင်လိမ့်မယ်"
ကြွေးကြော်သံများစွာက စစ်နတ်ဘုရားနန်းတော်၏ အရပ်ရပ်မှ ထွက်ပေါ်လာခဲ့သည်။
တော်ဝင်မျိုးကြီးများ၊ ထိပ်တန်းတော်ဝင်မျိုးနွယ်များ၊ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်စုများနှင့် ဧကရာဇ်မျိုးနွယ်စုများ၏ ပါရမီရှင်များပင်လျှင် သက်တံ့အလင်းများကဲ့သို့ ပျံသန်းထွက်လာကြတော့သည်။
ကျွင်းရှောင်ယောက်၏ တည်ရှိမှုကြောင့် စစ်နတ်ဘုရားနန်းတော်မှ လူများ၏ စိတ်ဓာတ်များမှာ တက်ကြွလာခဲ့ကြသည်။
ပိအန်းမင်းသား၊ လီကျိုးမင်၊ ဖူယောင်၊ ကျင်းကျန့်နှင့် အခြားဘုရင်အဆင့် ပါရမီရှင်ဆယ်ယောက်လည်း ပေါ်လာကြ၏။
သူတို့၏ မျက်နှာအမူအရာများကတော့ သိပ်ပြီး ကြည့်မကောင်းလှပေ။
ယခင်က သူတို့ဟာ အာရုံစိုက်မှု၏ ဗဟိုချက် ဖြစ်ခဲ့သည်။
ရလဒ်အနေဖြင့်၊ ကျွင်းရှောင်ယောက် ပေါ်လာပြီးနောက် သူတို့၏ ဘုန်းအသရေအားလုံး ပျောက်ကွယ်ခဲ့ရပြီ။
"ဒီလို မကောင်းဆိုးရွားတစ်ကောင်က ဘယ်လိုလုပ်ပြီး ပေါ်လာရတာလဲ။ ဒါက ပုံမှန်မဟုတ်ဘူး"
ပိအန်းမင်းသားက မျက်မှောင်ကြုတ်လိုက်သည်။
ကျွင်းရှောင်ယောက်၏ တည်ရှိမှုက ထူးဆန်းလွန်းသည်ဟု သူ အမြဲခံစားနေခဲ့ရ၏။
နောက်ဆုံးတွင်၊ ဤမျှ ကြောက်စရာကောင်းလွန်းသော ပါရမီရှင်မျိုးကို သူ တစ်ခါမျှ မကြားခဲ့ဘူးပေ။
လေထဲမှ ဘွားခနဲ ထွက်လာခဲ့သလို ဖြစ်သည်။
ယခုတော့ ကျွင်းရှောင်ယောက်ဟာ အလွန်နာမည်ကျော်ကြားပြီး အင်မော်တယ်ဧကရာဇ်မျိုးနွယ်များပင်လျှင် သူ့ကိုဆွဲဆောင်ရန် ကြိုးစားနေကြပြီ။
ထို့ကြောင့် သူ့သံသယကို မည်သူမျှ ဂရုစိုက်မည်မဟုတ်ကြောင်း သိသာထင်ရှားသည်။
"စိတ်မပူပါနဲ့၊ ဒီခရီးကနေ သူ အသက်ရှင်လျက် ပြန်လာနိုင်မလားဆိုတာ မသေချာဘူး"
လီကျိုးမင်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
"မင်း ဘာပြောချင်တာလဲ"
ဖူယောင်နှင့် အခြားသူများလည်း သူ့ကို ဝိုင်းကြည့်လိုက်၏။
"အခု အင်မော်တယ်နယ်မြေကြီးက သူ့အကြောင်းကို သိပြီးလောက်ပြီ။ သူ့လို မကောင်းဆိုးရွားမျိုးကို အင်မော်တယ်နယ်မြေကြီးက ကြီးထွားခွင့်ပေးမယ်လို့ မင်းတို့ထင်လား"
လီကျိုးမင် ပြုံးလိုက်သည်။
"အမှန်ပဲ၊ အင်မော်တယ်နယ်မြေကြီးက ခေါင်းဖြတ်စစ်ဆင်ရေးကို လုပ်လိမ့်မယ်"
ဖူယောင်လည်း အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။
ခေါင်းဖြတ်စစ်ဆင်ရေးဟူသည်မှာ ကမ္ဘာနှစ်ဖက်ကြားမှ တိုက်ပွဲများကို ရည်ညွှန်းသည်။
ယင်းက တစ်ဖက်ရန်သူအင်အားစု၏ ထူးချွန်သောပါရမီရှင်ကို ကြီးထွားခွင့်မပေးဘဲသတ်ရန် လက်ရွေးစင်ပါရမီရှင်များကို စေလွှတ်ခြင်း ဖြစ်၏။
အင်မော်တယ်နယ်မြေကြီးတွင် ထိုသူများကို ကွပ်မျက်သူများဟု ခေါ်သည်။
တိုင်းတစ်ပါးမှာတော့ ထိုလက်ရွေးစင်အဖွဲ့ကို မုဆိုးများဟု ခေါ်ဝေါ်ကြ၏။
နာမည်ချင်းမတူသော်လည်း အဓိပ္ပါယ်ကတော့ အတူတူ ဖြစ်လေသည်။
ကျွင်းရှောင်ယောက်နှင့်ပတ်သက်သော သတင်းများသာ အင်မော်တယ်နယ်မြေကြီးသို့ ရောက်ရှိပါက၊ အင်မော်တယ်နယ်မြေကြီး၏အာရုံကို ဆွဲဆောင်မိမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက် မည်မျှပင် သန်မာနေစေကာမူ အန္တရာယ်ထဲတွင် ရှိနေပေလိမ့်မည်။
"ငါမျှော်လင့်ပါတယ်"
ပိအန်းမင်းသား ပြောလိုက်သည်။
ကျွင်းရှောင်ယောက်၏ ဖျက်ဆီးခြင်းဘုရင် အထောက်အထားက တိုင်းတပါးအတွက် အလွန်အရေးကြီးသည်။
သို့သော်၊ ကျွင်းရှောင်ယောက်ကို အနာဂတ်မှာ အင်မော်တယ်ဘုရင်တစ်ပါးအဖြစ် ကြီးပြင်းလာခွင့် မပြုနိုင်ပေ။
ထိုအချိန်တွင် ပတ်ဝန်းကျင်က ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ပိအန်းမင်းသားနှင့် အခြားလူများလည်း တစ်ချက်လှမ်းကြည့်ပြီးနောက် မျက်နှာမသာမယာ ဖြစ်သွားကြ၏။
ကျွင်းရှောင်ယောက်နှင့် စူးဟုန်ယီတို့ ရောက်လာကြခြင်း ဖြစ်တော့သည်။
"စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်ပါတယ်"
"ကစဉ့်ကလျားစစ်နတ်ဘုရား အသက်တော်ရာကျော်ရှည်ပါစေ"
စစ်နတ်ဘုရားနန်းတော်မှ တပည့်များစွာက ရိုသေလေးစားမှုတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့်ကြည့်ရင်း ဦးညွတ်ဂါရဝပြုလိုက်ကြလေသည်။
တချို့လူများဆိုပါက ကျွင်းရှောင်ယောက်ကို ကစဉ့်ကလျားစစ်နတ်ဘုရားဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။
ကစဉ့်ကလျားခန္ဓာနှင့် စစ်နတ်ဘုရားကို ပေါင်းခေါ်ကြခြင်း ဖြစ်လေသည်။
"ကစဉ့်ကလျားစစ်နတ်ဘုရားတဲ့လား"
ပတ်ဝန်းကျင်မှ အော်သံလှိုင်းများကိုကြားတော့ ကျွင်းရှောင်ယောက် မသိမသာပြုံးလိုက်သည်။
သူတို့ လွန်စွာ ရိုသေလေးစားနေရသော ကစဉ့်ကလျား စစ်နတ်ဘုရား၊ ဖျက်ဆီးခြင်းဘုရင်သာ အင်မော်တယ်နယ်မြေကြီးမှဖြစ်ကြောင်း သိသွားကြလျှင်...
သူတို့အားလုံး၏ အသိအမြင်များ ပျက်စီးသွားလောက်သည်။
ဟုတ်ပေသည်၊ ဤသည်က နောက်ပိုင်းကိစ္စများ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ချက်ချင်းပြန်ဦးမည် မဟုတ်ပေ။
ဝိညာဉ်ကျမ်း၊ ပိအန်းမျိုးနွယ်နှင့် သူ့အဖေအကြောင်း သတင်းများကို အပြည့်အစုံ မစုံစမ်းရသေးပါ။
ထို့အပြင်၊ တိုင်းတပါးတွင် ဆက်လက်ပြီး သာသနာပြုရဦးမည် ဖြစ်သည်။
ကောင်းကင်သင်္ချိုင်းတွင် အသွင်ပြောင်းနေဆဲဖြစ်သော မြင့်မြတ်ခန္ဓာတာအိုသန္ဓေလည်း ရှိသေးသည်။
အကယ်၍၊ အင်မော်တယ်နယ်မြေကြီးကို သူပြန်မည်ဆိုပါက၊ သဘာဝအတိုင်း ပြီးပြည့်စုံပြီး အသန်မာဆုံးပုံစံဖြင့် ပြန်လာမည် ဖြစ်သည်။
'အိမ်း၊ ခဏလောက်တော့ ငါ စိတ်ရှည်ရှည်ထားရဦးမယ်။ အလျင်လိုလို့မဖြစ်ဘူး၊ ငါ လုပ်စရာတွေ အများကြီးရှိသေးတယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
တချိန်တည်းမှာပင်၊ သူ ယောင်ဝါးဝါး ခံစားနေရ၏။
အမည်မဲ့နယ်မြေတွင် တိုင်းတပါးနှင့်ပတ်သက်သော လျှို့ဝှက်ချက်အချို့ကို ရှာတွေ့နိုင်သည်။
အမှောင်ထု၏ မူလဇစ်မြစ်ကိုလည်း တွေ့ရှိနိုင်သေးသည်။
ဒဏ္ဍာရီလာဧကရာဇ်မီဖေး ဖော်ပြခဲ့သည့် "ရင်းမြစ်"နှင့် "ခေတ်၏ကပ်ဘေးဆိုးကြီး"အကြောင်း သဲလွန်စအချို့ကိုပင် ရှာဖွေတွေ့ရှိနိုင်သည်။
'အမည်မဲ့နယ်မြေကို ဘယ်လိုဝင်ရမယ်ဆိုတာ ငါမသိသေးဘူး'
'ဒါပေမဲ့ အဲဒီနေရာက လူအများစု သွားရောက်ချင်တိုင်း သွားလို့မရဘူး။ အနာဂတ်မှာ ငါသွားချင်ရင် တိုင်းတစ်ပါးရဲ့ အာရုံစူးစိုက်မှုကို အပြည့်အဝရရှိရမယ်'
'တစ်နည်းပြောရရင်၊ တိုင်းတပါးတစ်ခုလုံး တုန်ဆင်းရတဲ့အထိ အံ့အားသင့်အောင် လုပ်ဆောင်ပြဖို့ လိုအပ်တယ်'
ကျွင်းရှောင်ယောက်က စဉ်းစားလိုက်သည်။
ယင်းက တိုင်းတပါး၏ သက်သေခံလက်မှတ်ကဲ့သို့ပင်။
စစ်မှန်သောယုံကြည်မှုနှင့် အာရုံစူးစိုက်မှု ရရှိရန် ကြီးမားသောအောင်မြင်မှုများကို ဆောင်ရွက်ရန် လိုသည်။
သို့သော်လည်း ထိုအခြေအနေမျိုးကိုလိုချင်လျှင် အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများကို သတ်ရလိမ့်မည်။
'ဒီနည်းက မလွယ်ပေမဲ့ သိပ်တော့လည်းမခကိပါဘူး။ အင်မော်တယ်နယ်မြေကြီးမှာ ငါ့ရန်သူတွေက နည်းတာမှ မဟုတ်တာ'
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သောအလင်းရောင်များ လက်သွားသည်။
သူ့အတွက်တော့ အင်မော်တယ်နယ်မြေကြီးမှ လူတချို့မှာ တိုင်းတပါးသားများနှင့် မခြားပေ။
ဥပမာအားဖြင့် အင်မော်တယ်ခုံရုံး၊ ရှေးဟောင်းတော်ဝင်မိသားစုနှင့် ကျွင်းမိသားစု၏ ရန်ဘက်အင်အားစုအချို့။
ထိုအင်အားစုများကိုလူများကို သတ်လိုက်လျှင်ပင် သူ့စိတ်ထဲမှာ အနည်းငယ်မျှ မသက်မသာ ခံစားရမည် မဟုတ်ပေ။
အနည်းငယ်ပင် ပျော်ဦးမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်က တစ်ယောက်တည်း တွေးနေစဉ်...
ရုတ်တရက်၊ အားကောင်းပြီး ထူးကဲသော ရောင်ဝါတစ်ခု ပေါ်လာသောကြောင့် ကျွင်းရှောင်ယောက်လည်း တစ်ချက်လှမ်းကြည့်လိုက်မိသည်။
ကောင်းကင်တွင် အဓိပဓိ အငွေ့အသက်များနှင့် သွေးပင်လယ်တစ်ခုပေါ်လာခဲ့၏။
သွေးပင်လယ်အတွင်းမှ သွေးရောင်ဝတ် လူငယ်တစ်ဦး ထွက်လာတော့သည်။
သူ၏ ရှည်လျားသော အနီရောင်ဆံပင်များက သွေးမြစ်ကဲ့သို့ ပခုံးထက်ဝယ် ပြန့်ကျနေခဲ့သည်။ သူ့မျက်လုံးများကလည်း သွေးကန်နှစ်ခုပမာ ဖြစ်၏။
"ဒါက သွေးနတ်ဆိုး ဧကရာဇ်မျိုးနွယ်စုရဲ့ သွေးနတ်ဆိုးဧကရာဇ်သားတော်ပဲ"
တစ်စုံတစ်ယောက်က ရောက်ရှိလာသည်ကို တွေ့ရသောအခါ အော်ပြောလိုက်သည်။
သွေးနတ်ဆိုးဧကရာဇ်မျိုးနွယ်က တိုင်းတပါးမှ အင်မော်တယ်ဧကရာဇ်မျိုးနွယ်တစ်ခု ဖြစ်၏။ သူတို့က သွေးနတ်ဘုရားစွမ်းရည်ဖြင့် မွေးဖွားလာပြီး သွေးတစ်စက်ဖြင့် ပြန်လည်မွေးဖွားခြင်း၊ သွေးနှင့်လက်နက်ဖန်တီးခြင်း၊ သွေးယာဇ်ပူဇော်ခြင်း အစရှိသည့် အစွမ်းထက်စွမ်းရည်များ ပိုင်ဆိုင်ထားကြပေသည်။
ထိုအချိန်တွင် ကောင်းကင်၏ တစ်ဖက်ခြမ်းမှ၊ ကောင်းကင်ကြီး ပြိုလဲတော့မည်ကဲ့သို့ လောင်ကျွမ်းနေသော တိမ်တိုက်တစ်ခု ပေါ်လာခဲ့သည်။
အတွင်းမှ ကြီးမားသော သားရဲအရိပ်တစ်ခု ပေါ်လာခဲ့၏။
၎င်းက မီးလောက်နေသကဲ့သို့ အမြီးဖွားနှင့်၊ ခွေးနက်ကြီးနှင့်တူသော သားရဲကြီးတစ်ကောင် ဖြစ်သည်။
ထို့နောက်တွင်၊ သားရဲကြီးက အသားညိုညိုနှင့် ပိန်ပိန်ပါးပါး လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဒါက ဖူသို့မျိုးနွယ်က ယွင် ပဲ"
ဖူသို့မျိုးနွယ်မှာ ဒဏ္ဍာရီဆန်ဆန် မီးနှင့် မိစ္ဆာသားရဲကြီး ဖြစ်သည်။
ဖူသို့မျိုးနွယ်သည် တိုင်းတပါးမှ ဧကရာဇ်မျိုးနွယ်တစ်ခုလည်း ဖြစ်၏။
ဤလူငယ်က ဖူသို့မျိုးနွယ်၏ ပါရမီရှင်ဖြစ်ပြီး သူ့တွင် နာမည်တစ်လုံးတည်းသာ ရှိသည်။
ထို့အပြင် အခြားတစ်ဖက် ကောင်းကင်ယံမှ သတ္တဝါတစ်ကောင် ပေါ်လာပြန်သည်။
၎င်းက အစစ်အမှန်နဂါး ဦးခေါင်း၊ လူ့ခန္ဓာကိုယ်၊ ငှက်ကဲ့သို့ ခြေသည်းများနှင့် ငှက်ခြေထောက်ရှိသည်။
သူ့လက်နှစ်ဖက်စလုံးမှာလည်း ငှက်မွှေးများ ရှိ၏။
ဤသတ္တဝါကိုကြည့်ရသည်မှာ လေနှင့်မိုးကို ဖြတ်သန်းလာပုံရသည်။
"ကျိမန်မျိုးနွယ်က ကျိမန်ဧကရာဇ်သားတော်"
ပတ်ဝန်းကျင်မှ လူများ တုန်ယင်သွားကြသည်။
ပုံမှန်အားဖြင့် တွေ့မြင်ရန်ခက်သော ထိပ်သီးပါရမီရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြီ။
သူတို့တစ်ဦးစီက သာမန်လူအများ လိုက်မမီနိုင်အောင် မြင့်မားသော အဆင့်အတန်းများ ရှိကြသည်။
"အကြိမ်တစ်ရာ ကြားရတာထက် တစ်ကြိမ်မြင်ရတာက သာတာပဲ။ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးထဲက တစ်ပါးက သူ့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်"
သွေးနတ်ဆိုး ဧကရာဇ်မျိုးနွယ်၏ သွေးနတ်ဆိုးဧကရာဇ်သားတော်က ကျွင်းရှောင်ယောက်ကိုကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။
"ပျက်စီးခြင်းနတ်ဘုရား စစ်လှံပုဆိန်ကိုဆွဲထုတ်ပြီး ပထမမျိုးဆက် စစ်နတ်ဘုရားရဲ့ ဆက်ခံသူဖြစ်လာတဲ့ ကစဉ့်ကလျားခန္ဓာက မျှော်လင့်ထားတဲ့အတိုင်း တကယ်ကို ထူးကဲတာပဲ"
ကျိမန်ဧကရာဇ်သားတော်ကလည်း ပြောသည်။
"ဟေးးး၊ ဒီခေတ်မှာ သူက ငါတို့ရဲ့ စစ်နတ်ဘုရားဘွဲ့ကို ခံယူနိုင်တဲ့ ပထမဆုံးလူပဲ"
ဖူသို့မျိုးနွယ်မှ ယွင်က ရယ်မောလိုက်၏။ သိုသော်လည်း သူ့လေသံက အထူးအဆန်းကြီးဖြစ်ကာ လူများကို စိတ်မသက်မသာ ဖြစ်စေသည်။
'ဒီသုံးယောက်...'
ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်သည်။
ထိုသုံးယောက်က သူ့ကို ချီးကျူးနေပုံရသော်လည်း တစ်ခုခု လွဲမှားနေသလို ခံစားရ၏။
'ဖြစ်နိုင်မလား...'
ကျွင်းရှောင်ယောက်၏ မျက်လုံးများက မှောင်မိုက်သော အလင်းရောင်တစ်ခု လင်းလက်လာတော့သည်။