အခန်း ၉၇၈
Vol. 66 Ch. 978
အခန်း ( ၉၇၈ ) နယ်စပ်အတွေ့အကြုံ စတင်ပြီ။
ကျွင်းရှောင်ယောက်၏ မသိစိတ်အာရုံက အလွန်အားကောင်းသည်။
ထို့အပြင်၊ သူသည် အလွန်ထက်မြက်ပြီး ပါးနပ်၏။
ဤဧကရာဇ်မျိုးနွယ်မှ ပါရမီရှင်သုံးယောက်ဟာ သူနှင့်ပတ်သက်ပြီး မကောင်းသောရည်ရွယ်ချက်များ ရှိနေသည်ဟု သူခံစားမိသည်။
ကျွင်းရှောင်ယောက်က ယခုအခါ တိုင်းတစ်ပါးတွင် ရန်သူများစွာကို ဖန်တီးထားပြီးပြီ ဖြစ်သည်။
သို့သော်လည်း ယခင် ဥဒေါင်းနက်တော်ဝင်မျိုးနွယ်ကတော့ သူ့ကို ထပ်မံရန်စဝံ့မည်ဟု မထင်ပေ။
ဤသုံးယောက်သာ သူ့ကို အမှန်တကယ် ကြံစည်ဝံ့ပါက နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှု တစ်ခုခု ရှိနိုင်သည်။
'ဒါက မင်ကျောက်ဧကရာဇ်မျိုးနွယ်၊ မော့ကျဲဧကရာဇ်မျိုးနွယ်လား။ ဒါမှမဟုတ်... ဘုရင်ဖုဖုန်းပဲလား'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
သူဟာ လီကျိုးမင်နှင့် ပြဿနာရှိသော်လည်း အနည်းဆုံးတော့ လီကျိုးမင် အသက်ရှင်နေသေးသည်။
ထို့ကြောင့် မင်ကျောက်ဧကရာဇ်မျိုးနွယ် မဖြစ်နိုင်ပေ။
သို့ဆိုလျှင် မော့ကျဲဧကရာဇ်မျိုးနွယ်နှင့် ဘုရင်ဖုဖုန်းတို့သာ ကျန်သည်။
ထိုနှစ်ဦးစလုံးက ဖြစ်နိုင်ချေ အလွန်များ၏။
အထူးသဖြင့် ဘုရင်ဖုဖုန်းက မည်မျှ သဘောထားသေးသိမ်ကြောင်း သူ မြင်ထားပြီး ဖြစ်သည်။
သူ၏ ဖျက်ဆီးခြင်းဘုရင် အထောက်အထားကို သိရှိပြီးနောက်၊ ဘုရင်ဖုဖုန်းမှာ သဘာဝအတိုင်း ပို၍ စိတ်ထဲမပျော်ရွှင်နိုင် ဖြစ်နေပေလိမ့်မည်။
ထို့အပြင်၊ သူက အကယ်ဒမီ၏ အင်မော်တယ်တစ်ပိုင်းအဆင့် ရှေးအဓိပဓိ အဖွဲ့ဝင်တစ်ဦးဖြစ်၍ ပါရမီရှင်များစွာကို ဆွဲဆောင်နိုင်သည်။
ကျွင်းရှောင်ယောက် တွေးလိုက်၏။
သို့သော်လည်း ဤကိစ္စကို သိပ်ပြီး အလေးအနက် မထားပါ။
ဤဧကရာဇ်မျိုးနွယ်၏ ပါရမီရှင်သုံးဦးက သန်မာသော်လည်း...
သူ့ကို ပျက်စီးခြင်းနယ်စပ်တွင် သတ်လိုပါက စိတ်ကူးယဉ်လွန်းရာဖြစ်မည်။
"ဒါက မပြောပလောက်တဲ့ နာမည်လေးတစ်ခုပါပဲ။ ဘာမှမဟုတ်ဘူး"
ကျွင်းရှောင်ယောက်က ပြုံးလျက် ပြောလိုက်သည်။
"ကစဉ့်ကလျားစစ်နတ်ဘုရား၊ နယ်စပ်အတွေ့အကြုံမှာ ငါတို့ကမ္ဘာအတွက် မင်း နာမည်ကောင်းရယူပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"
ကျိမန်ဧကရာဇ်သားတော်က ပြုံးပြီး ပြောလိုက်၏။
"ဒါက ပြောနေစရာမလိုပါဘူး"
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
ဤစကားဝိုင်းက ငြိမ်းချမ်းပုံရသော်လည်း လူအများ သတိပြုမိရန်ခက်ခဲသော ရေစီးကြောင်းတစ်ခု ရှိပေသည်။
ထို့နောက်တွင် ဧကရာဇ်မျိုးနွယ်မှ ပါရမီရှင်တချို့ ထပ်မံပေါ်လာခဲ့သည်။
သူတို့အားလုံးက အဓိပဓိတစ်ပိုင်း ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထား၏။
ယင်းက ကျွင်းရှောင်ယောက်ကို မသိမသာ မျက်မှောင်ကြုတ်သွားစေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင်။ အင်မော်တယ်နယ်မြေကြီးနှင့် တိုင်းတပါးကြားတွင် ကွာဟချက်တစ်ခု ရှိနေသည်။
အကယ်၍၊ အင်မော်တယ်နယ်မြေကြီးတွင်သာ အိပ်စက်နေသော မျိုးစေ့အဆင့် ပါရမီရှင်အချို့ ရှိမနေပါက...
မျိုးဆက်သစ် ပါရမီရှင်များ၏ ခွန်အားသက်သက်နှင့် ယှဉ်ပြိုင်ရန် ခက်ခဲမည် ဖြစ်သည်။
"ကောင်းပြီ၊ အားလုံးပဲ စကားမများတော့နဲ့။ သွားစို့"
အကြီးအကဲမူက လေထဲတွင်ပေါ်လာကာ ပြောလိုက်သည်။
ဤတစ်ကြိမ်တွင်၊ သူက အဖွဲ့ကို ဦးဆောင်ပေလိမ့်မည်။
လေထဲတွင်၊ မီတာရာနှင့်ချီကာ ရှည်လျားသော ရှေးဟောင်းစစ်သင်္ဘောကြီးများ ပေါ်လာခဲ့သည်။ တချို့ဆိုလျှင် မီတာထောင်ချီ ရှည်လျား၏။
ရှေးဟောင်းသားရဲများဆွဲသည့် ရထားများလည်း ရှိသေးသည်။
ဤနယ်စပ်အတွေ့အကြုံမှာ ကမ္ဘာအင်အား နှစ်ခုကြားမှ စစ်မှန်သော အဆုံးအဖြတ်တိုက်ပွဲမဟုတ်သော်လည်း မြင်ကွင်းမှာ အလွန်တုန်လှုပ်စရာကောင်းနေဆဲပင်။
အကြီးအကဲမူ၏ ဦးဆောင်မှုအောက်တွင် ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း စစ်နတ်ဘုရားနန်းတော်မှ ထွက်ခွာကာ နယ်စပ်သို့ ရွက်လွှင့်ခဲ့ကြသည်။
စစ်နတ်ဘုရားနန်းတော်အပြင် တိုင်းတပါး၏ ပြည်နယ်ဆယ်ခုကလည်း ထွက်ခွာခဲ့သေးသည်။
စစ်သူကြီးမျိုးနွယ်များ၊ တော်ဝင်မျိုးနွယ်များ၊ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်စုများနှင့် ဧကရာဇ်မျိုးနွယ်စုများအားလုံးက ကျွမ်းကျင်သူများနှင့် ပါရမီရှင်များကိုပါ စေလွှတ်ခဲ့ကြသည်။
စစ်နတ်ဘုရားနန်းတော်က ထိုအင်အားများထဲမှ တစ်ခုသာ ဖြစ်သည်။
နောက်ဆုံးတွင် အင်မော်တယ်နယ်မြေကြီးကလည်း ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီအပြင် အင်မော်တယ်ခုံရုံး၏ အင်မော်တယ်မျိုးရိုး ကိုးခု၊ ကျွင်းမိသားစု၊ ထိပ်သီရှေးဟောင်းမိသားစုများ၊ ရှေးဟောင်းတော်ဝင်မိသားစုများ၊ နတ်ဘုရားမင်းဆက် စသည်တို့ ပါဝင်ကြပေသည်။
ယခုအကြိမ်က အဆုံးအဖြတ်တိုက်ပွဲမဟုတ်သော်လည်း ကမ္ဘာနှစ်နိုင်ငံကြားမှ ပထမဆုံးသော လှုပ်ရှားမှုဟု ဆိုနိုင်သည်။
ကျွင်းရှောင်ယောက်လည်း တိုင်းတပါးမှ အင်အားများကို အကဲခတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
တိုင်းတစ်ပါး၏ အမွေအနှစ်များနှင့် ခွန်အားက သူထင်ထားသည်ထက် ပိုအားကောင်း၏။
သူတို့က အင်မော်တယ်နယ်မြေကြီးကို ခြိမ်းခြောက်နိုင်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
ကျွင်းရှောင်ယောက်လည်း လွန်စွာ သိချင်မိခဲ့သည်။ တိုင်းတပါး၏ မူလအစက အဘယ်နည်း။
တိုင်းတပါးမှ အင်အားစုများ ထွက်လာချိန်တွင်၊ အင်မော်တယ်နယ်မြေကြီးမှ အင်အားများကလည်း သဘာဝအတိုင်း စုရုံး၍ ပျက်စီးခြင်းနယ်စပ်ကို ထွက်လာခဲ့ကြသည်။
အင်မော်တယ်နယ်မြေကြီးက ပျက်စီးခြင်းနယ်စပ်သို့ရောက်ရှိရန် တဖြည်းဖြည်း ထွက်ခွာရ၏။ တိုင်းတပါးမှာတော့ ပျက်စီးခြင်းနယ်စပ်သို့ တိုက်ရိုက်ပို့ဆောင်ရန် ဧရာမ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကြီးများ ရှိပေသည်။
တိုင်းတပါးတွင်၊ အင်မော်တယ်နယ်မြေကြီးကဲ့သို့ တံတိုင်းများ မရှိပေ။
နောက်ဆုံးတွင်၊ တိုင်းတပါးက ကျူးကျော်သူများဖြစ်သောကြောင့် အင်မော်တယ်နယ်မြေကြီး၏ ကျူးကျော်မှုကို မကြောက်ကြပေ။
ထို့အပြင်၊ တိုင်းတစ်ပါး၏ အမှောင်ဓာတ်က အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများ အလွယ်တကူ ခုခံနိုင်သောအရာ မဟုတ်ပါ။
တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ထဲကို ဝင်လိုက်ပြီးနောက်...
ပတ်ဝန်းကျင်ရှိ လေဟာပြင်က ပြင်းထန်စွာ တုန်ခါသွားသလို ကျွင်းရှောင်ယောက် ခံစားလိုက်ရသည်။
သူ့ပတ်ဝန်းကျင်မှ မြင်ကွင်းများ ချက်ခြင်း ပြောင်းလဲသွား၏။
အချိန်များ မည်မျှကုန်လွန်သွားပြီမသိသလို ဖြတ်သန်းခဲ့ရသော ဒေသများ မည်မျှရှိပြီမှန်းလည်း မသိတော့ပေ။
နောက်ဆုံးတွင်မှ ပတ်ဝန်းကျင်မှ ရှုပ်ထွေးနေသော လေဟာပြင်မှာ တည်ငြိမ်သွားခဲ့သည်။
ကျွင်းရှောင်ယောက်လည်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်မိ၏။
ပတ်ပတ်လည်ကို ကြည့်လိုက်ပါက အဆုံးမဲ့ သဲကန္တာရကို မြင်ရမည် ဖြစ်သည်။
မျက်စေ့တစ်ဆုံး မြင်နိုင်သမျှက ကန္တာရချည်းသာ ဖြစ်၏။
ဝိညာဉ်အသိဖြင့် စူးစမ်းကြည့်လျှင်ပင် သဲကန္တာရ၏အဆုံးကို ရှာမတွေ့ပေ။
ထို့အပြင်၊ အထက်ကောင်းကင်ယံက အပြာရောင်ကောင်းကင်မဟုတ်ဘဲ မှောင်မိုက်ပြီး ကြယ်ရောင်စုံသော ကောင်းကင်ကြီး ဖြစ်သည်။
ကောင်းကင်တွင် ကြယ်များက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏။
ဤသည်က အဆုံးမဲ့ ကြယ်ကောင်းကင်အောက်မှ အဆုံးမဲ့ ကန္တာရတစ်ခု ဖြစ်တော့သည်။
"ဒါက ပျက်စီးခြင်းနယ်စပ်လား"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။
သူ့အပြင်၊ ပျက်စီးခြင်းနယ်စပ်သို့ ပထမဆုံးအကြိမ် ရောက်လာဖူးသော တိုင်းတပါးသား လူငယ်များလည်း တအံ့တဩ ဖြစ်ခဲ့ရပေသည်။
သူတို့ရှေ့မှ မြင်ကွင်းများကြောင့် အားလုံး အံ့ဩမဆုံးအောင် ဖြစ်ကြရ၏။
တောင်ကြီးများကဲ့သို့ အမျိုးအမည်မသိ ဧရာမ အရိုးစုကြီးများလည်း ရှိနေသေးသည်။
ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး မြေပြင်ပေါ်မှ သဲများကို လက်တစ်ဖက်ဖြင့် ကောက်ယူကြည့်လိုက်သည်။
ဤနေရာမှ သဲများက ဖြူဆွတ်နေ၏။
"ဒါတွေက သဲမှမဟုတ်ဘဲ၊ အချိန်နဲ့ ရာသီဥတုရဲ့ တိုက်စားမှုကြောင့် ကျန်ရစ်ခဲ့တဲ့ အရိုးဖုန်မှုန့်တွေပဲ"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။
အခြားသော ပါရမီရှင်များလည်း သတိပြုမိကြပြီး အံ့အားသင့်သွားကြလေသည်။
အကန့်အသတ်မရှိသော ဤပျက်စီးခြင်းနယ်စပ်က အမှန်တကယ်ပင် သတ္တဝါများ၏ အရိုးဖုန်မှုန့်များဖြင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
"ဒီနေရာမှာ အသက်တွေဘယ်လောက်တောင်မှ သေခဲ့ရပြီလဲ"
တိုင်းတပါးမှ ပါရမီရှင်တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
တိုင်းတစ်ပါး၏ အင်အားကြီးသူ ကြီးစိုးရသော တောတွင်းနိယာမကို အသားကျနေသူများပင်လျှင် ဤမြင်ကွင်းကို ပထမဆုံး မြင်ရသောအခါ တုန်လှုပ်မိဆဲပင်။
"ဒီနေရာမှာ ရှိနေတဲ့ အရိုးပြာအားလုံးက ဒီနေရာမှာကျဆုံးခဲ့တဲ့ ငါတို့တိုင်းတပါးရဲ့ ဘိုးဘေးတွေပဲ။ ဒါက သူတို့ရဲ့ ရဲရင့်တဲ့ ဂုဏ်သိက္ခာ"
"ငါတို့သည်လည်း ငါတို့ဘိုးဘေးတွေရဲ့ဆန္ဓကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားကြရမယ်။ နယ်စပ်ကိုဖြတ်ပြီး အင်မော်တယ်နယ်မြေကြီးကို ထိုးဖောက်ကြ"
အကြီးအကဲမူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"မှန်တယ်၊ နယ်စပ်ကိုဖြတ်ပြီး အင်မော်တယ်နယ်မြေကြီးကို ထိုးဖောက်ကြစို့"
တိုင်းတပါးသား သတ္တဝါများလည်း အော်ဟစ်လိုက်၏။
ကျွင်းရှောင်ယောက်သာ တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်သည်။
တိုင်းတစ်ပါးက အင်မော်တယ်နယ်မြေကြီးကို ကျူးကျော်ရန် အဘယ်ကြောင့် စိတ်အားထက်သန်နေရသနည်း။
အင်မော်တယ်နယ်မြေကြီး၏ အရင်းအမြစ်များ အတွက်သာလား။
ကျွင်းရှောင်ယောက်တော့ ဤကိစ္စတွင် ပိုနက်နဲသော လျှို့ဝှက်ချက်တစ်ခု ရှိနေမည်ဟု ယောင်ဝါးဝါး ခံစားခဲ့ရသည်။
"ကောင်းပြီ၊ နောက်ပိုင်းကျရင် ငါတို့စစ်အင်အားနဲ့ အင်မော်တယ်နယ်မြေကြီးရဲ့ စစ်အင်အားတွေ ထိပ်တိုက်ရင်ဆိုင်ရလိမ့်မယ်"
"ဒါပေမဲ့ မင်းတို့ရဲ့တာဝန်က ရန်သူတွေကိုသတ်ဖို့ စစ်တပ်မဟာနဲ့ စစ်မြေပြင်ကိုသွားဖို့ မဟုတ်ဘူး။ အဲဒီအစား ပျက်စီးခြင်းနယ်စပ်ရဲ့ နက်နဲရာကိုဝင်ရောက်ပြီး အင်မော်တယ်နယ်မြေကြီးက ပါရမီရှင်တွေကို သတ်ဖို့ပဲ"
"အင်မော်တယ်နယ်မြေကြီးရဲ့ ပါရမီရှင်တွေကို တတ်နိုင်သမျှသတ်၊ သူတို့ရဲ့ အနာဂတ်အင်အားကို ဖြတ်တောက်ပြီး တိုင်းတပါးနဲ့ အင်မော်တယ်နယ်မြေကြီးကြားက ကွာဟချက်ကို ဖန်တီးရလိမ့်မယ်"
အကြီးအကဲမူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
စစ်မှန်သောစစ်ပွဲက မစတင်သေးသောကြောင့် ကမ္ဘာနှစ်ဖက်မှ ပုဂ္ဂိုလ်ကြီးများဟာ ၎င်းတို့ဘာသာ ထိုင်နေကြပြီး မလှုပ်ရှားသေးပေ။
အကြီးအကဲမူပြောသော စစ်တပ်မဟာက စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။
အရေးကြီးဆုံးက ဤမျိုးဆက်သစ်လူငယ်များကို စမ်းသပ်ရန် ဖြစ်ချေသည်။
"မိတ်ဆွေလေး၊ မင်းကိုဂရုစိုက်ဖို့ တခြားဘယ်သူမှ မလိုအပ်တာ သေချာလား"
အကြီးအကဲမူက ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
မူလက သူဟာ ဧကရာဇ်မျိုးနွယ်မှ ပါရမီရှင်တချို့ကို ကျွင်းရှောင်ယောက်နှင့်အတူ လိုက်ပါသွားစေလိုခဲ့သည်။
မထင်မှတ်ထားသော အန္တရာယ်နှင့် ကြုံတွေ့ရလျှင်ပင်၊ ဤဧကရာဇ်မျိုးနွယ်စုမှ ပါရမီရှင်များကို စတေးနိုင်သေးသည်။ ကျွင်းရှောင်ယောက် အသက်ရှင်နေသရွေ့ ဘာမဆိုလုပ်နိုင်သည်။
နောက်ဆုံးမှာတော့ သူ့တွင် အထူးအဆင့်အတန်းရှိပြီး တိုင်းတစ်ပါးအတွက် အလွန်အရေးကြီးပေသည်။
"ရွှေအစစ်တောင်မှ မီးနဲ့သန့်စင်ဖို့ လိုပါသေးတယ်။ ကျုပ်က စစ်နတ်ဘုရားတစ်ပါးဖြစ်ပြီး ကြောက်နေမယ်ဆိုရင် ရယ်စရာမကောင်းဘူးလား"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်၏။
သို့သော်လည်း တကယ်တမ်းတွင် သူက ချုပ်ချယ်မခံလိုခြင်း ဖြစ်သည်။
အကြီးအကဲမူကတော့ ထိုစကားကိုကြားသောအခါ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
"သခင်လေး၊ ကျွန်မလည်း တစ်ယောက်တည်း သီးခြားထွက်ပြီး လေ့ကျင့်ချင်တယ်"
စူးဟုန်ယီက ခဏတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
သူမက ပိုသန်မာလာပြီး ကျွင်းရှောင်ယောက်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ အထောက်အကူ ပေးနိုင်ရန် မျှော်လင့်ထားပေသည်။
"ကောင်းပြီ"
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။
စူးဟုန်ယီတွင် လျှို့ဝှက်ချက်ကြီးများရှိပြီး အလွန်လည်း ထက်မြက်သည်။
သို့သော်၊ သေခြင်းရှင်ခြင်းကြားတွင် လေ့ကျင့်မှုမျိုးတော့ မရှိသေးပါ။
စူးဟုန်ယီသာ အမှန်တကယ် ဖျက်ဆီးခြင်းဘုရင်တစ်ပါး ဖြစ်နေပါက အလွယ်တကူ ကျဆုံးမည်မဟုတ်ကြောင်း ကျွင်းရှောင်ယောက် ယုံကြည်မှုရှိသည်။
'အင်မော်တယ်နယ်မြေကြီးကလူတွေ... အဆင်ပြေကြရဲ့လား'
ကျွင်းရှောင်ယောက်လည်း သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။ ထို့နောက် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး နေရာမှ ပျောက်ကွယ်သွား၏။
ပျက်စီးခြင်းနယ်စပ် အတွေ့အကြုံကို တရားဝင်စတင်လိုက်ပြီ။