အခန်း ၉၇၉
Vol. 66 Ch. 979
အခန်း ( ၉၇၉ ) ကောင်းကင်သင်္ဂြိုဟ်တောအုပ်။
ပျက်စီးခြင်းနယ်စပ်မှာ အင်မော်တယ်နယ်မြေကြီးနှင့် တိုင်းတပါးကြားတွင် တည်ရှိသည်။
သို့သော်လည်း အနားသတ်များကိုမူ လုံးဝမမြင်ရဘဲ အဆုံးမရှိနီးပါးပင်။
ပျက်စီးခြင်းတာအိုသခင်နှင့် ဧကရာဇ်တစ်ပိုင်းပင်လျှင် ပျက်စီးခြင်းနယ်စပ်၏ ထောင့်အားလုံးကို စူးစမ်းနိုင်ရန် ခဲယဉ်းသည်။
ပျက်စီးခြင်းနယ်နိမိတ်သည် လွန်စွာ လျှို့ဝှက်ဆန်းကျယ်လွန်းလှသည်။ ရှေးခေတ်ကတည်းက နယ်မြေကြီးနှစ်ခု၏ အုပ်ချုပ်မှုအောက်တွင်မရှိဘဲ နိယာမများကလည်း ကစဉ့်ကလျား ဖြစ်၏။
ဤနေရာမှာ လျှို့ဝှက်ဆန်းကျယ်မှုများ ပြည့်နှက်နေသော ကစဉ့်ကလျားနယ်မြေ ဖြစ်တော့သည်။
ဥပမာအားဖြင့် အရိုးသင်္ချိုင်းမြေ၊ တစ္ဆေဝိညာဉ်ချောက်နက်၊ အကြွင်းအကျန်ကြယ်ကုန်းမြေ၊ ကောင်းကင်သင်္ဂြိုဟ်တောအုပ်၊ မဟာသွေးစတေးခံမြေ၊ ပျက်စီးခြင်းရှေးတောင်တန်း... စသည်တို့ ဖြစ်သည်။
နေရာတိုင်းက အလွန်အန္တရာယ်များပြီး ထူးဆန်းသော တားမြစ်နယ်မြများ ဖြစ်ချေသည်။
ကျွင်းရှောင်ယောက်ဟာ ပျက်စီးခြင်းနယ်စပ်သို့ မရောက်မီကတည်းက အနည်းငယ် ကြိုစုံစမ်းထားခဲ့သည်။
ယခင် အကြီးအကဲမူပြောခဲ့သော မဟာသွေးစတေးခံမြေမှာ ကောင်းကသ်သင်္ဂြိုလ်တောအုပ်နှင့် ပျက်စီးခြင်းရှေးတောင်တန်းများ၏ လမ်းဆုံတွင် တည်ရှိသည်။
"ကောင်းကင်သင်္ဂြိုဟ်တောအုပ်ကို အရင်သွားတာပေါ့"
ကျွင်းရှောင်ယောက်လည်း ခဏစဉ်းစားပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပျောက်ကွယ်သွားတော့သည်။
မူလက စစ်နတ်ဘုရားနန်းတော်၏ တပည့်များစွာမှာ ကျွင်းရှောင်ယောက်နှင့်အတူ လေ့ကျင့်လိုကြသည်။
သို့သော်လည်း သူတို့ ဘာမျှမပြောနိုင်မီ၊ ကျွင်းရှောင်ယောက် ပျောက်ကွယ်သွား၏။
တစ်ဖက်တွင်လည်း သွေးနတ်ဆိုးဧကရာဇ်သားတော်၊ ကျိမန်ဧကရာဇ်သားတော်နှင့် ဖူသို့မျိုးနွယ်မှ ယွင်တို့က တစ်ယောက်ကိုတစ်ယောက် မှုန်ကုပ်ကုပ်ဖြင့် ကြည့်လိုက်ကြသည်။
ထို့နောက်မှာတော့ သူတို့လည်း ထွက်ခွာကြပြီး နေရာမှ ပျောက်ကွယ်သွားတော့သည်။
စစ်နတ်ဘုရားနန်းတော်၏ တပည့်များ၊ တော်ဝင်မျိုးနွယ်စုများ၊ ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုများနှင့် ဧကရာဇ်မျိုးနွယ်စုများမှ တပည့်များလည်း ကိုယ်ပိုင်အဖွဲ့များ ဖွဲ့စည်းကာ နယ်နိမိတ်အတွင်းသို့ စတင်ဝင်ရောက်ခဲ့ကြသည်။
အခြားတစ်ဖက်တွင်...
အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များမှာလည်း အလားတူ ဖြစ်လေသည်။
ကိုယ့်အစွမ်းအစကို ယုံကြည်မှုရှိသူများက တစ်ယောက်တည်း ခြေဆန့်သည်။
မသေချာသူများ သို့မဟုတ် အစီစဉ်ရှိသူများကတော့ အဖွဲ့ငယ်များသို့ ဝင်ရောက်ကြ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ကြာသွားပြီ။
ပျက်စီးခြင်းနယ်စပ်တွင် နှစ်ဖက်အင်အားစုများ တိုက်ခိုက်ကြပြီး အော်ဟစ်ကြွေးကြော်သံများမှာလည်း ကောင်းကင်ယံကို တုန်လှုပ်စေခဲ့သည်။
ပျက်စီးခြင်းတာအိုသခင် သို့မဟုတ် ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ကြီးများကတော့ လှုပ်ရှားခြင်း မပြုခဲ့ပေ။
ထိုအစား မျိုးဆက်သစ် လူငယ်များသာ ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ကြသည်။
ဤလဝက်အတွင်းတွင်၊ ကျွင်းရှောင်ယောက်သည်လည်း လေဟာပြင်ကိုဖြတ်ကျော်ရင်း နောက်ဆုံးမှာ ကောင်းကင်သင်္ဂြိုဟ်တောအုပ်၏ အစွန်းသို့ ရောက်ရှိခဲ့သည်။
တစ်ချက်ကြည့်လိုက်ပါက ကောင်းကင်သင်္ဂြိုဟ်တောအုပ်ဟာ ဧရာမ တိုက်ကြီးတစ်ခုကဲ့သို့ ကျယ်ပြောလှပေသည်။
ရှေးဟောင်းသစ်ပင်ကြီးများက ဘီလူးကြီးများကဲ့သို့ အမြင့်ပေထောင်ချီ မြင့်မားကာ ကောင်းကင်ယံကို တိုးထွက်နေကြသည်။
ဤတောထဲတွင် ရက်စက်ကြမ်းကြုတ်သော သားရဲများရှိပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များလည်း ပျံ့နှံ့နေ၏။
ရံဖန်ရံခါ၊ တောအုပ်အတွင်းမှ ပြင်းထန်သော တိုက်ခိုက်သံများနှင့် ကျယ်လောင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတတ်သည်။
ကျွင်းရှောင်ယောက်ကတော့ ထိုအရာများကို စိတ်မဝင်စားပေ
သူ၏ အဓိကရည်ရွယ်ချက်မှာ အဓိပတိသို့ ဖြတ်ကျော်ရန်အတွက် အခွင့်အလမ်းကို ရှာဖွေရန် ဖြစ်သည်။
ဒုတိယအဆင့်ကတော့ အင်မော်တယ်နယ်မြေကြီးမှ ပြိုင်ဘက်အနည်းငယ်ကို သတ်ပြီး သူ့တည်ရှိမှုကို သေချာစေရန်ပင်။
တချိန်တည်းမှာပင် တိုင်းတပါးမှ ပုရွက်ဆိတ်များကို သတ်ပစ်နိုင်သည်။
နောက်ဆုံးတွင်၊ ဤနေရာမှာ အကြောင်းအကျိုးနှင့် နိယာမများက ဖရိုဖဖရဲဖြစ်နေခြင်းကြောင့် အင်မော်တယ်များပင်လျှင် ခြေရာခံနိုင်ကြမည် မဟုတ်ပေ။
'ကောင်းကင်သင်္ဂြိုဟ်တောအုပ်က ကမ္ဘာနှစ်ခုရဲ့ ပါရမီရှင်တွေ တိုက်ခိုက်ကြမဲ့ အဓိက စစ်မြေပြင်တွေထဲက တစ်ခု ဖြစ်သင့်တယ်။ ပြီးရင် အင်မော်တယ်နယ်မြေကြီးက ကျင့်ကြံသူတချို့ကိုဖမ်းပြီး အင်မော်တယ်နယ်မြေကြီးနဲ့ပတ်သက်တဲ့ သတင်းတွေကို ရှာဖွေကြည့်ရမယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
ထို့နောက် တစ်ခုခုကို တွေးမိဟန်ဖြင့် သိုလှောင်ခြင်းရတနာအတွင်းမှ သရဲမျက်နှာဖုံးကို ထုတ်လိုက်၏။
ရွယ်ယွဲ့ထံမှ ရရှိခဲ့သော မျက်နှာဖုံး ဖြစ်သည်။
ကျွင်းရှောင်ယောက်က သရဲမျက်နှာဖုံးကို သူ့မျက်နှာပေါ်တွင် ဝတ်လိုက်လေသည်။
ဤသည်မှာ အင်မော်တယ်နယ်မြေကြီးမှ အသိမိတ်ဆွေအချို့နှင့် မတွေ့မိစေရန် ဖြစ်သည်။
ကျွင်းရှောင်ယောက်က တမင်တကာ ဖုံးကွယ်လိုခြင်းတော့ မဟုတ်ပေ။
သို့သော်လည်း သူဟာ တိုင်းတပါးတွင် ဆက်နေရဦးမည် ဖြစ်သည်။
သူ့အထောက်အထားကို ဖော်ထုတ်မိပါက တိုင်းတစ်ပါးကို ပြန်မလာနိုင်တော့ဘဲ အင်မော်တယ်နယ်မြေကြီးသို့ ပြန်သွားရလိမ့်မည်။
သို့ဆိုလျှင် သူ၏သာသနာပြုလုပ်ငန်းအပါအဝင် တိုင်းတစ်ပါးမှ အရာအချို့ကို ဆက်လက် မလုပ်နိုင်တော့ပေ။
ထိုအတွက်၊ ကျွင်းရှောင်ယောက်ဟာ မည်သည့်မတော်တဆမှုမျှ ဖြစ်ပွားခွင့်မပြုနိုင်ပါ။
သရဲမျက်နှာဖုံးကို ဝတ်ဆင်ပြီးနောက် ကစဉ့်ကလျားမြူခိုးများက ထပ်မံ ဝိုင်းရံသွားခဲ့သည်။
ယခုအခါမှာတော့ ကျွင်းရှောင်ယောက်ကို လူတော်တော်များများ မှတ်မိနိုင်တော့မည် မဟုတ်ပေ။
အသင့်ပြင်ဆင်ပြီးနောက် ကျွင်းရှောင်ယောက်လည်း ကောင်းကင်သင်္ဂြိုဟ်တောအုပ်ကို စတင်ဝင်ရောက်ခဲ့သည်။
ယခုအချိန်တွင်၊ ကောင်းကင်သင်္ဂြိုဟ်တောအုပ်၏ အလယ်ပိုင်း ဧရိယာမှာ...
လှပသော ရုပ်သွင်တချို့က အဖွဲ့ငယ်တစ်ခုဖွဲ့ပြီး သွားလာနေသည်။
လမ်းတလျှောက်တွင် တိုင်းတပါးသတ္တဝါတချို့ကို တွေ့ခဲ့ရသော်လည်း သူတို့အားလုံး ဖြတ်ကျော်နိုင်ခဲ့၏။
ထိုသူများကတော့ မင်းသမီးလုံကျိ၊ ရန်ယုမန်နှင့် ယွိချန်ကျွမ့်တို့ ဖြစ်တော့သည်။
ထိုမိန်းကလေး သုံးယောက်စလုံးက ကျွင်းရှောင်ယောက်နှင့် ခင်မင်ရင်းနှီးကြသည်။
ကျွင်းရှောင်ယောက်၏ နောက်လိုက်များဖြစ်သော ရီယု၊ ရန်ချင်းယင်၊ ဝမ့်ချွမ်နှင့် ထာဝရဆင်းရဲဒုက္ခ နတ်ဘုရားမတို့ကလည်း အဖွဲ့ငယ်တစ်ခုအဖြစ် သွားလာနေကြ၏။
သူတို့က အဖွဲ့နှစ်ဖွဲ့ခွဲကာ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပေသည်။
"ငါ့မှာ ကုသိုလ်ရမှတ်တွေ သောင်းနဲ့ချီပြီး ရနေပြီ။ အချိန်ကျရင် အင်မော်တယ်အကယ်ဒမီမှာ ကောင်းမွန်တဲ့ ရတနာတွေနဲ့ လဲလှယ်နိုင်လိမ့်မယ်"
ယွိချန်ကျွမ့်က ပြုံးပြီး ပြောလိုက်သည်။
သူမ၏ နက်မှောင်သော မျက်ခုံးများက ကွေးညွတ်ပြီး မျက်လုံးလေးများမှာလည်း အရောင်တဖိတ်ဖိတ်တောက်နေ၏။ ဖြောင့်စင်းသေးသွယ်သော နှာတံနှင့် သူမ၏နှုတ်ခမ်းများကလည်း စိုစွတ်နေလေသည်။
ဤအခိုက်တွင် သူမက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အချိုးအစားကျလှသော ခန္ဓာကိုယ်ကောက်ကြောင်းက အထင်းသား ဖြစ်သည်။
ပြည့်တင်းသော ရွှေရင်အစုံနှင့် စွင့်ကားသော တင်ပါးများရှိသော်လည်း သူမ၏ခါးလေးက သေးကျဉ်သည်။
ထိုက်ယင်မြင့်မြတ်ခန္ဓာကြောင့် ဖြစ်နိုင်သော်လည်း ယွိချန်ကျွမ့်၏ ခန္ဓာကိုယ်အလှက ယခင်ကထက် သိသိသာသာ ပိုလှလာတာကိုတော့ ငြင်းမရနိုင်ပေ။
ကံမကောင်းစွာဖြင့်၊ ဤမျှလှပသော ခန္ဓာပိုင်ရှင်ကို မည်သည့်အမျိုးသားမျှ မအောင်နိုင်သေးပါ။
ယွိချန်ကျွမ့်ကလည်း သူ့ဘဝကို ကျွင်းရှောင်ယောက်သာ ပိုင်စေမည်ဟု ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။
ကျွင်းရှောင်ယောက် သေဆုံးသွားသော်လည်း သူမ၏ ကတိကဝတ်ကို ယခုအချိန်အထိ တည်မြဲစေခဲ့ပေသည်။
"မလုံလောက်သေးဘူး။ ငါ့သခင်ပြန်လာတဲ့အခါ ကြိုဆိုဖို့ အရည်အချင်းပြည့်မီအောင် ငါ ပိုသန်မာလာရမယ်"
မင်းသမီးလုံကျိက လက်သီးဆုပ်ပြီး ပြောလိုက်သည်။
သူ့စကားကိုကြားတော့ ကျန်မိန်းကလေးနှစ်ဦး တိတ်ဆိတ်သွား၏။
"သူ အသက်ရှင်နေသေးတယ်ဆိုတာ နင်ယုံနေသေးလား"
ရန်ယုမန်က ခဏတာ ငြိမ်သက်နေပြီးမှ မေးလိုက်သည်။
ကျွင်းရှောင်ယောက် သေဆုံးသွားကြောင်း သိရပြီးနောက် ရန်ယုမန်လည်း တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို ခံစားခဲ့ရပေသည်။
သို့ရာတွင်၊ သူမကတော့ ဤအဖြစ်မှန်ကို လက်မခံလိုသည့်တိုင် လက်ခံခဲ့သည်။
"သခင်လေး ပြန်လာမယ်ဆိုတာ ငါယုံတယ်"
မင်းသမီးလုံကျိကတော့ ကျွင်းရှောင်ယောက်အပေါ် အပြည့်အဝ ယုံကြည်မှုရှိ၏။
သူ၏ ကျွင်းရှောင်ယောက်အပေါ် ယုံကြည်မှုက အရူးမျက်ကန်းကဲ့သို့ ဖြစ်နေပြီ။
"ထားပါ၊ လောလောဆယ် ဒီအကြောင်း မပြောတော့ဘူး။ ကောင်းကင်သင်္ဂြိုလ်တောအုပ်ထဲမှာ ကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်လို့ ငါခံစားနေရတယ်"
ရန်ယုမန်က လေးလေးနက်နက် ပြောလိုက်သည်။
"အဲဒါဆိုလည်း ပိုပြီး နက်နက်နဲနဲ သွားလိုက်ကြတာပေါ့"
မင်းသမီးလုံကျိ ပြောလိုက်၏။
မိန်းကလေးသုံးယောက်လည်း အတွင်းပိုင်း နက်နဲရာသို့ ဆက်လက်ဝင်ရောက်ခဲ့တော့သည်။
ရက်အနည်းငယ်ကြာပြီးနောက်...
ကောင်းကင်သင်္ဂြိုဟ်တောအုပ်၏ နက်နဲရာသို့ ရောက်ခဲ့ကြသည်။
ထိုအချိန်တွင်၊ အရှေ့ဘက်မှ အံ့ဩဖွယ်ရာ တိုက်ပွဲလှိုင်းတစ်ခု ထွက်ပေါ်လာ၏။
မင်းသမီးလုံကျိတို့ သုံးဦးလည်း ရှေ့ကို ချဉ်းကပ်သွားကြည့်လိုက်ကြသည်။
အင်မော်တယ်နယ်မြေကြီးမှ လူလေးယောက်က တိုင်းတပါးသားများနှင့် တိုက်ခိုက်နေခြင်း ဖြစ်ချေသည်။
ထိုအထဲတွင် သုံးဦးက ကျိချင်းရီ၊ နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူတို့ ဖြစ်သည်။
ထို့အပြင်၊ အားကောင်းသော ရောင်ဝါများနှင့် ခရမ်းရောင်ဆံပင်ပိုင်ရှင် အမျိုးသားတစ်ဦးလည်း ရှိ၏။
"ဒါက ကောင်းကင်ကိုးတောင်ကြားက ကောင်းကင်ပိုးသားတော်ပဲ"
လူငယ်ကိုမြင်တော့ ရန်ယုမန်မှာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
အကြောင်းမူကား၊ ရန်ယုမန်ဟာ ယခင်က ကောင်းကင်ပိုးတောင်ကြားနှင့် မနှစ်မြို့စရာ အတွေ့အကြုံရှိသောကြောင့်ပင်။
တချိန်က ကောင်းကင်ပိုးတောင်ကြားမှ ယွမ်စန်းတောက်ဇီဟာ သူ့အား အနှောင့်အယှက်ပေးခဲ့သည်။
သို့သော်လည်း နောက်ဆုံးမှာတော့ ကျွင်းရှောင်ယောက်က သူ့ကို သတ်ပစ်ခဲ့ပေသည်။
"ဘယ်သူလဲ၊ ထွက်ခဲ့စမ်း"
တိုင်းတပါးသားများဘက်မှ ရွှေနက်ရောင်ဝတ်စုံဖြင့် လူငယ်တစ်ဦးက အေးစက်စက်ဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ့လက်တစ်ဖက်ကို မြှောက်လိုက်သောအခါ လက်ဖဝါးအလယ်မှ အက်ကြောင်းတစ်ခု ပေါ်လာခဲ့၏။
ထိုမျက်လုံးမှ ရက်စက်ကြမ်းကြုတ်မှု အလင်းတစ်ခု ထွက်လာတော့သည်။
ကျွင်းရှောင်ယောက်သာ ဤနေရာတွင် ရှိနေပါက မှတ်မိမည်မှာ သေချာသည်။
တိုင်းတပါးသားများမှာ လီကျိုးမင်၊ ဖူယောင်၊ ကျင်းကျန့်နှင့် အခြား ဘုရင်အဆင့် ပါရမီရှင် ဆယ်ယောက်တို့ ဖြစ်၏။
ယခုအချိန်တွင်၊ နှစ်ဖက်စလုံးက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတော့သည်။