အခန်း ၉၈၀
Vol. 66 Ch. 980
အခန်း ( ၉၈၀ ) ကျစ်ကျင်းရှေးမြို့တော်ဟောင်း။
မိစ္ဆာမျက်လုံး အလင်းတန်းမှာ အလွန်အစွမ်းထက်သည်။
မင်းသမီးလုံကျိတို့ သုံးဦးလည်း အလျင်အမြန် ရှောင်တိမ်းပြီး သူတို့ကိုယ်ကို ဖော်ထုတ်လိုက်ရ၏။
"မင်းတို့ပဲ..."
ခရမ်းရောင်ဆံပင်နှင့် ကောင်းကင်ပိုးသားတော်မှာတော့ မင်းသမီးလုံကျိနှင့် အခြားသူများကိုတွေ့သောအခါ အနည်းငယ် စိတ်အေးသွားသည်။
အကယ်၍ တိုင်းတပါးမှ အကူအညီများဖြစ်လျှင် အမှန်တကယ် ဒုက္ခများလိမ့်မည်။
နောက်ဆုံးတွင်၊ လက်ရှိ ရန်သူများနှင့် ရင်ဆိုင်ရခြင်းသည်ပင် အလွန်ခက်ခဲနေပြီ ဖြစ်သည်။
တိုင်းတပါးမှ ဘုရင်အဆင့် ပါရမီရှင်ဆယ်ပါးမှာ ကျွင်းရှောင်ယောက်၏ရှေ့တွင် ခွေးများ ကြောင်များကဲ့သို့ အားနည်းလွန်းလှသည်။
သို့ရာတွင်၊ ထိုအခြေအနေကိုကြည့်ပြီး ငပေါများဟု မဆိုနိုင်ပေ။
အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များအတွက် သူတို့ဟာ အလွန်အားကောင်းသော ရန်သူများ ဖြစ်သည်။
အထူးသဖြင့်၊ လီကျိုးမင်၏ ကျင့်ကြံခြင်းအခြေခံက အဓိပဓိတစ်ပိုင်းအဆင့်သာဖြစ်သော်လည်း...
အဓိပဓိအဆင့် ကျင့်ကြံခြင်းအဆခြခံရှိသည့် ကောင်းကင်ပိုးသားတော်နှင့် ကွာဟချက်မရှိပေ။
နောက်ဆုံးတွင်၊ လီကျိုးမင်က မင်ကျောက်ဧကရာဇ်မျိုးနွယ်၏ ဘိုးဘွားမျက်လုံးနှင့် ဧကရာဇ်တစ်ပိုင်းလက်နက် မိစ္ဆာမျက်လုံးကို ပိုင်ဆိုင်ထားခဲ့သည်။
ထို့ကြောင့် ကောင်းကင်ပိုးသားတော်မှာ လီကျိုးမင်ကို ခဏချင်းတော့ မဖယ်ရှားနိုင်တော့ပေ။
ထို့အပြင်၊ တိုင်းတပါးမှ သတ္တဝါများက အင်မော်တယ်နယ်မြေကြီး၏ အဆင့်တူ ကျင့်ကြံသူများထက် အဆများစွာ ပို၍ အစွမ်းထက်သည်။
ထို့ကြောင့်ပင် လီကျိုးမင်က မိစ္ဆာမျက်လုံး၏ အကူအညီဖြင့် ကောင်းကင်ပိုးတောင်ကြား၏ မျိုးစေ့အဆင့်ပါရမီရှင် ကောင်းကင်ပိုးသားတော်ကို ယှဉ်ပြိုင်နေနိုင်ခဲ့ပေသည်။
ဖူယောင်၊ ကျင်းကျန့်၊ ဂူချီနှင့် ခေါင်းနှစ်လုံးနတ်ဘုရားသားရဲတို့က ကျိချင်းရီ၊ နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူတို့ကို တိုက်ခိုက်နေခဲ့သည်။
ကောင်းကင်ဘုရင်ဆယ်ပါး၏ ခေါင်းဆောင် ပိအန်းမင်းသားကတော့ ရောက်မလာသေးပေ။
မင်းသမီးလုံကျိ၊ ယွိချန်ကျွမ့်နှင့် ရန်ယုမန်တို့ ပေါ်လာသည်ကို မြင်ရပြီးနောက်...
နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူ၏ မျက်နှာဖုံးအောက်မှ မျက်လုံးများက အရောင်လက်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။
ပုဝါပါးအောက်မှ ကျိချင်းရီ၏ အမူအရာကတော့ မပြောင်းလဲပေ။
သူ့အမူအရာက အမြဲတမ်းတည်ငြိမ်နေပြီး သူ့အတွေးများကို ခန့်မှန်းနိုင်ရန် ခက်ခဲသည်။
"နင်တို့သုံးယောက်၊ အင်အားကြီးတဲ့ရန်သူကို အတူလက်တွဲပြီး အရင်ဆုံး ဖြေရှင်းလိုက်ကြရအောင်"
ကျိချင်းရီက လှမ်းပြောလိုက်သည်။
ကျိချင်းရီနှင့် ပတ်သက်လျှင်တော့ မင်းသမီးလုံကျိတို့သုံးဦးမှာ ဘာခံစားချက်မျှ မရှိပေ။
သို့ရာတွင်၊ နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူကြောင့် ယွိချန်ကျွမ့်၏ စိတ်ထဲတွင် အနည်းငယ် မပျော်ရွင်သလို ခံစားမိသည်။
သို့သော်လည်း ယခုအချိန်တွင် ဘုံရန်သူနှင့် ရင်ဆိုင်နေရသောကြောင့် အတိတ်မှ မကျေနပ်မှုများကို အမှန်တကယ် ဘေးဖယ်ထားရပေဦးမည်။
မင်းသမီးလုံကျိတို့ သုံးဦးလည်း တိုက်ပွဲအတွင်းကို ပါဝင်ခဲ့ကြသည်။
"သူတို့က အဓိပဓိတစ်ပိုင်းတောင်မှ မဖြစ်သေးဘူး။ ကျားပါးစပ်ထဲကို ခုန်ဆင်းလာကြတာပဲ"
"အင်မော်တယ်နယ်မြေကြီးရဲ့ မျိုးစေ့အဆင့် ပါရမီရှင်ကတောင် ဘာမှမဟုတ်တာ"
လီကျိုးမင်က လှောင်ပြောင်ပြောဆိုလိုက်သည်။
ကျွင်းရှောင်ယောက်ထံတွင် သူ၏ ယုံကြည်မှုတို့ ပျောက်ဆုံးသွားသော်လည်း ကောင်းကင်ပိုးသားတော်ထံမှ ပြန်ရနေပြီ။
"ငါ အခုမှ သွေးပူလေ့ကျင့်ခန်းပဲ ရှိသေးတာကွ"
ကောင်းကင်ပိုးသားတော်၏ မျက်လုံးများက အေးစက်သွားသည်။
နောက်ဆုံးတွင်၊ သူက ကောင်းကင်ပိုးတောင်ကြား၏ မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ကိုးကြိမ်သာ အသွင်ပြောင်းရသေးသည်။
ထို့ကြောင့် သူနိုးထလာပြီးနောက် ဆယ်ကြိမ်အသွင်ပြောင်းရန် အခွင့်အလမ်းကို ရှာနေခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီက သူဟာ ကောင်းကင်သင်္ဂြိုဟ်တောအုပ်တွင် အခွင့်ကောင်းတစ်ခုရှိသည်ဟု ခံစားမိခဲ့သည်။
ထို့ကြောင့် သူပြေးလာရင်းမှ ကျိချင်းရီတို့သုံးဦးနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပေသည်။
ထို့နောက် ကောင်းကင်သင်္ဂြိုဟ်တောအုပ်ထဲသို့ ဆက်လက် ဝင်ရောက်ခဲ့ရာ လီကျိုးမင်တို့နှင့် တွေ့ဆုံခဲ့ရခြင်း ဖြစ်သည်။
နှစ်ဘက်စလုံးက အပြင်းအထန် တိုက်ခိုက်ကြပြီး ရှေးဟောင်းသစ်ပင်ကြီးများနှင့် တောင်များလည်း ပြိုကျခဲ့ရသည်။
မြေပြင်မှာလည်း အက်ကြောင်းကြီးများ ဖြစ်ပေါ်လာခဲ့ရ၏။
ထိုစဉ်၊ အက်ကွဲကြောင်းများကြားမှ ရှေးမြို့တော်ဟောင်းကြီး၏ ထောင့်စွန်းတစ်ခု ရုတ်တရက် ပေါ်လာတော့သည်။
ဝိညာဉ်စွမ်းအင်က အလွန် သိပ်သည်းပြီး နတ်အလင်းများကလည်း ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။
ခမ်းနားထည်ဝါသော ရှေးဟောင်းမြို့တစ်မြို့က ကောင်းကင်သင်္ဂြိုဟ်တောအုပ်၏ နက်နဲရာအရပ် မြေအောက်မှ တိုးထွက်လာခဲ့၏။
အပြင်းအထန် တိုက်ခိုက်နေကြသူများလည်း အလိုအလျောက် ရပ်တန့်သွားကာ လှမ်းကြည့်လိုက်ကြသည်။
ထိုအခါမှာတော့ မြင်လိုက်ရသော မြင်ကွင်းကြောင့် ရင်သပ်ရှုမော ဖြစ်သွားရတော့သည်။
ထိုရှေးမြို့ဟောင်းကို ခရမ်းရောင်ရွှေအလွှာဖြင့်ကွပ်ထားပြီး တာအိုနိယာမ၏ အရိပ်အယောင်များပင် ရှိနေခဲ့သည်။
ယင်းက ဧကရာဇ်လက်နက် ထုလုပ်ရာတွင် အသုံးပြုနိုင်သော နတ်အမှတ်အသား ခရမ်းရောင်ရွှေများပင်။
ယခုက ရှေးမြို့ဟောင်းတစ်ခုလုံးကို နတ်အမှတ်အသား ခရမ်းရောင်ရွှေဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပါ။
သို့သော်လည်း၊ ခရမ်းရောင်ရွှေအလွှာဖြစ်လျှင်ပင် ပြီးပြည့်စုံသော ဧကရာဇ်လက်နက်ကိုပြုလုပ်ရန် လုံလောက်သည်။
"ခမ်းနားလွန်းပါလား"
ကမ္ဘာနှစ်ရပ်လုံးမှ ပါရမီရှင်များ အံ့သြသွားကြသည်။
ရှေးမြို့ဟောင်းတစ်ခုလုံးက အံ့ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
မျက်နှာပြင်ပေါ်တွင် တောင်များ၊ မြစ်များ၊ နေနှင့်လ၊ ရှေးသားရဲများ၊ နတ်များနှင့် နတ်ဆိုးများ...
အမျိုးမျိုးသော အမှတ်အသားများကို ရေးထွင်းထား၏။
ယင်းက လက်ရှိခေတ်နှင့်မသက်ဆိုင်ဘဲ အလွန်ရှေးကျပုံရသည်။
ရှေးမြို့ဟောင်း၏အောက်မှာလည်း ရှေးဟောင်း ဝင်္ကပါတစ်ခုရှိနေသည်။ ယင်းကိုကြည့်ရသည်မှာ ကောင်းကင်သင်္ဂြိုဟ်တောအုပ်တစ်ခုလုံးကို လွှမ်းခြုံထားပုံရ၏။
"အဲဒါပဲ..."
ကောင်းကင်ပိုးသားတော်နှင့် ရန်ယုမန်တို့ နှစ်ဦးစလုံး တပြိုင်နက်တည်း စိတ်လှုပ်ရှားသွားသည်။
သူတို့နှစ်ဦးစလုံး ယခင် ခံစားခဲ့ရသော ခံစားချက်မှာ ထိုရှေးမြို့ဟောင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ချေသည်။
ဘာကြောင့်မှန်းမသိသော်လည်း ရှေးမြို့ဟောင်း၏ နက်နဲရာတွင် သူတို့နှစ်ဦးနှင့် ပတ်သက်သော အရာတစ်ခုခု ရှိနေနိုင်သည်။
"အဲဒါက ဘာကြီးလဲ"
လီကျိုးမင်နှင့် အခြားသော ကောင်းကင်ဘုရင်များလည်း အံ့သြသွားကြသည်။
သို့ရာတွင်၊ သူတို့အတွက်တော့ ရှေးမြို့ဟောင်းက အန္တရာယ်ရှိသလို ဝေဝါးဝါး ခံစားရ၏။
"ဝုန်း၊ ဒုန်း၊ ဒုန်း"
ရုတ်တရက်၊ ရှေးဟောင်းမြို့တော်၏ နက်နဲရာအရပ်မှ ပြင်းထန်သော လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ထောင်နှင့်ချီသော မြင်းစီးစစ်သည်များ ချီတက်လာသကဲ့သို့ အငွေ့အသက်များက လေထဲတွင် ပြည့်နှက်သွား၏။
ရှေးမြို့ဟောင်းမှ ကြေးအင်မော်တယ်စစ်သည်လေးဦး ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီ။
ဤကြေးစစ်သည်အားလုံးက လှံကဲ့သို့ လက်နက်များကို ကိုင်ဆွဲထား၏။ သူတို့၏ ခန္ဓာကိုယ်များမှ အဓိပဓိ ကမ္ပည်းအမှတ်အသားများလည်း လင်းလက်နေတော့သည်။
"တိုင်းတပါးသားတွေ၊ သတ်"
ကြေးအင်မော်တယ်စစ်သည်တစ်ဦးက အော်ဟစ်လိုက်သည်။
သူတို့က ရှေ့သို့တိုးလာပြီး လီကျိုးမင်နှင့် တခြားသူများကို တိုက်ခိုက်လိုက်၏။
"သေစမ်း၊ ဒါက အင်မော်တယ်နယ်မြေကြီးက ပုဂ္ဂိုလ်ကြီးတွေ ကျန်ရစ်ခဲ့တဲ့ အမွေအနှစ်နယ်မြေပဲ။ ဆုတ်ကြ"
လီကျိုးမင်၏ မျက်ခုံးများ တလှုပ်လှုပ်ဖြစ်သွားသည်။
ပျက်စီးခြင်းနယ်စပ်မှာ ကြီးမားလွန်းလှသည်။ ရှေးခေတ်မှစ၍ ယနေ့အထိ ကျွမ်းကျင်သူများ မည်မျှကျဆုံးခဲ့သလဲဆိုတာကိုပင် မသိနိုင်တော့ပေ။
ကောလဟာလများအရ သွေးစတေးခံနယ်မြေမှာ တိုင်းတစ်ပါးမှ ထိပ်တန်းဘုရင်တစ်ပါး သေဆုံးပြီးနောက် ပေါ်ပေါက်လာသည့် တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။
ထို့ကြောင့် ဤနေရာတွင် အင်မော်တယ်နယ်မြေကြီး၏ အကျော်အမော်ဘိုးဘေးများမှ ကြွင်းကျန်ခဲ့သော အမွေအနှစ်များ ရှိနေသည်မှာ အံ့သြစရာ မဟုတ်ပေ။
လီကျိုးမင်နှင့် အခြားသူများ ဆုတ်ခွာသွားသည်ကို မြင်ရသောအခါ၊ ကောင်းကင်ပိုးသားတော်က လှောင်ပြောင်ရယ်မောလိုက်သည်။
"ငါ့ကို ဘုရားမတာပဲ"
ထို့နောက်၊ သူက နောက်ပြန်လှည့်ပြီး စိတ်လှုပ်ရှားစွာဖြင့် ရှေးဟောင်းမြို့တော်ကို လှမ်းကြည့်လိုက်၏။
ဤနေရာတွင် သူအသွင်ပြောင်းရန် အခွင့်အလမ်းရှိမည်ဟု မသိစိတ်မှ ခံစားနေရသည်။
ဤအခွင့်အရေးကို ဆုပ်ကိုင်နိုင်ပါက အမှန်တကယ် သူ အသွင်ပြောင်းနိုင်လောက်သည်။
ကောင်းကင်ပိုးသားတော်လည်း အလင်းတန်းတစ်ခုကဲ့သို့ ကျစ်ကျင်းရှေးမြို့တော်ဟောင်းကို ပြေးသွားသည်။
ကျိချင်းရီ၊ နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူလည်း ပြေးသွားကြ၏။
"အတူတူသွားရအောင်"
ရန်ယုမန်က သူမ၏ ပတ္တမြားသဖွယ် နှုတ်ခမ်းဖူးကို ခပ်ဖွဖွကိုက်လိုက်သည်။
ဤနေရာတွင် အခွင့်အလမ်းကြီးကြီးမားမား ရှိနေသည်ဟု သူ ခံစားရ၏။
သူတို့အားလုံး ရှေးမြို့တော်ထဲသို့ ပြေးဝင်သွားတော့သည်။
တစ်ဖက်တွင်...
လီကျိုးမင်နှင့် အခြားသူများမှာ ကြေးစစ်သည်များ၏ လိုက်လံတိုက်ခိုက်ခြင်းကြောင့် အသည်းအသန် ပြေးနေခဲ့ရသည်။
ဤကြေးစစ်သည်များ၏ ခန္ဓာကိုယ်များက အဓိပဓိနိယာမများ စီးဆင်းနေပြီး ထိုးဖောက်၍မရပေ။
လီကျိုးမင်နှင့် အခြားသူများမှာလည်း တားဆီးနိုင်စွမ်း မရှိကြပါ။
မကြာမီ၊ ဘုရင်အဆင့် ပါရမီရှင်တစ်ယောက် လဲကျသွားသည်။
ဤအချိန်တွင်၊ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကစဉ့်ကလျားအငွေ့အသက်များ ဝန်းရံထားသည့် သရဲမျက်နှာဖုံးနှင့် လူတစ်ယောက် ပေါ်လာခဲ့သည်။
ထိုလူရိပ်က နတ်ဘုရင်တစ်ပါးကဲ့သို့ လက်နှစ်ဖက်ကို နောက်ပစ်ပြီး လေထဲမှ တည်ငြိမ်စွာ လျှောက်လာခဲ့၏။
သူ့ထံမှ ထွက်ပေါ်နေသော ကစဉ်ကလျားအငွေ့အသက်များကြောင့် ကောင်းကင်သင်္ဂြိုဟ်တောအုပ်အတွင်းမှ မိစ္ဆာသားရဲများအားလုံး အနားကိုမကပ်ဝံ့ခဲ့ပေ။
ဤပုံရိပ်မှာ သဘာဝအတိုင်း ကောင်းကင်သင်္ဂြိုဟ်တောအုပ်အတွင်းသို့ ဝင်ရောက်ခဲ့သော ကျွင်းရှောင်ယောက် ဖြစ်သည်။
ထိုအချိန်တွင်၊ အရှေ့ဘက်မှ လှုပ်ရှားမှုများကို ခံစားလိုက်ရသည်။
ကျွင်းရှောင်ယောက် လှမ်းကြည့်လိုက်တော့ အသက်လုကာပြေးနေသော လီကျိုးမင်နှင့် အခြားသူများကို တွေ့လိုက်ရ၏။
"မင်းပဲ..."
လီကျိုးမင်နှင့် အခြားသူများမှာလည်း ကျွင်းရှောင်ယောက်ကို ရုတ်တရက် မြင်လိုက်ရသောကြောင့် အံ့ဩသွားကြသည်။
ဤမျှရှက်စရာကောင်းသော အခြေအနေဖြင့် ကျွင်းရှောင်ယောက်ကို တွေ့ရရန် မမျှော်လင့်ထားပေ။
သို့သော်လည် ယခုအချိန်တွင် အကြပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရသောကြောင့် ယခင်ပြဿနာများအား ခေတ္တမေ့ထားရန်သာ တတ်နိုင်သည်။
ကျွင်းရှောင်ယောက်က အဓိပဓိတစ်ပိုင်းဖြစ်သော်လည်း အလွန်သန်မာသူတစ်ဦးဖြစ်ကြောင်း သူတို့အားလုံး သိပေသည်။
မော့ကျဲဧကရာဇ်သားတော်ပင်လျှင် တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရသည်။
"ယွီရှောင်ယောက်၊ ငါတို့ အင်မော်တယ်နယ်မြေကြီးရဲ့ အခွင့်အလမ်းတစ်ခုကို တွေ့ခဲ့တယ်။ ဒါပေမဲ့ ငါတို့ကို ရုပ်သေးတစ်ကောင်က လိုက်ဖမ်းနေလို့။ အဲဒီရုပ်သေးကို အရင်ရှင်းပစ်ပြီး အဲဒီအခွင့်အရေးအတွက် ကြိုးစားကြရအောင်"
လီကျိုးမင်မှာ စိတ်ထဲမှ မခံချိမခံသာဖြစ်နေသော်လည်း အော်ပြောလိုက်သည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က စိတ်ဝင်စားနေသော မျက်လုံးများနှင့် သူတို့ကို စိုက်ကြည့်နေကြောင်း သတိထားမိလိုက်၏။
အကြောင်းတစ်ခုခုကြောင့် လီကျိုးမင်မှာ ကြက်သီးထသွားခဲ့ရသည်။
ထိုစဉ် ကျွင်းရှောင်ယောက်က သူ့လက်တစ်ဖက်ကို မြှောက်လိုက်သည်။ တောက်ပသော ဓားအလင်းတစ်ခု ထွက်ပေါ်လာ၏။
တာ့လော့ဓားသန္ဓေက ကစဉ့်ကလျားစွမ်းအားကိုသယ်ဆောင်ရင်း လီကျိုးမင်နှင့် အခြားသူများကို ထိုးခုတ်လာတော့သည်။
"ယွီရှောင်ယောက်၊ မင်း အတင့်ရဲလှချေလား"
ဤအခြေအနေကြောင့် လီကျိုးမင်၏ မျက်လုံးများ ပြူးကျယ်သွားကာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။