အခန်း ၉၈၄
Vol. 66 Ch. 984
အခန်း ( ၉၈၄ ) ကျိချင်းရီကို စမ်းသပ်ခြင်း။
ကောင်းကင်ပိုးသားတော်၏ မျက်ခုံးနှစ်ခုကြား၌ တိုးလျှိုပေါက် ဓားရာ အမှတ်အသားတစ်ခု ရှိနေခဲ့သည်။
ထိုအပေါက်မှ ကြည့်လိုက်ပါက ဦးနှောက်တစ်ခုလုံး ကြေမွနေသည်ကို မြင်တွေ့ကြရမည် ဖြစ်၏။ သူ၏ ရှေးဦးဝိညာဉ်သည်ကား ပျက်သုဉ်းသွားတာ ကြာခဲ့ပြီ။
သို့သော်လည်း သူ၏ဦးခေါင်းက ပုံမှန်အတိုင်း ငြိမ်သက်နေခဲ့သည်။
ဓားလမ်းစဉ်အပေါ် ကျွင်းရှောင်ယောက်၏ နားလည်မှုက အလွန်နက်နဲသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့မြင်နိုင်ပေသည်။
သို့သော်လည်း စဉ်းစားကြည့်ပါသော်...
ကျွင်းရှောင်ယောက်က မဟာဓားသိုင်းကြီး ငါးခုအနက် လေးခုကို ကျွမ်းကျင်ပိုင်နိုင်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ဓားပညာက ထက်မြက်ခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။
"ဒါ… ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူတို့လည်း တကိုယ်လုံး တုန်ယင်သွားကြသည်။
ဤသည်က အဓိပဓိနယ်ပယ်မှ မျိုးစေ့အဆင့် ပါရမီရှင် ဖြစ်၏။
သူတို့သခင်တောင်မှ တစ်ဖက်လူကို ဤမျှ သေသေသပ်သပ် သတ်နိုင်မည်ဟု မထင်ပေ။
ထိုသို့တွေးမိသောအခါ နှစ်ယောက်စလုံး ရေခဲဂူထဲ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ နှစ်ဦးသား ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြန်ဆုတ်ရန် ကြိုးစားလိုက်၏။
သို့ရာတွင် ကျွင်းရှောင်ယောက်က သူတို့ကို ဤအခွင့်အရေး မည်သို့ပေးနိုင်ပါမည်နည်း။
သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အားကောင်းသော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာခဲ့သည်။
လေထဲတွင်၊ ကောင်းကင်ကို ဖြိုခွင်းနိုင်ပုံရသော ရှေးဟောင်း ကျောက်စာချပ်တစ်ခု ပေါ်လာခဲ့၏။
ယင်းက စစ်နတ်ဘုရားကျမ်း၏ နည်းလမ်းများထဲမှ တစ်ခုဖြစ်သော ထျန်းပေကျောက်စာချပ် ဖြစ်တော့သည်။
"ဝုန်း"
ရှေးဟောင်း ထျန်းပေကျောက်စာချပ်က နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူအား ဖိချလိုက်သည်။ သူတို့ခန္ဓာကိုယ်များက ပေါက်ကွဲပြီး ရှေးဦးဝိညာဉ်များလည်း ပျက်သုဉ်းသွား၏။
ဤအချိန်တွင် အင်မော်တယ်နယ်မြေကြီးရှိ ကစဉ့်ကလျားခန္ဓာ၏ နေ၊လနှင့် ကြယ်တာရာ ကာကွယ်သူ သုံးဦးစလုံး ကျဆုံးသွားခဲ့ပြီ။
ယင်းက အင်မော်တယ်နယ်မြေကြီးမှ ကစဉ့်ကလျားခန္ဓာကို လုံးဝ စော်ကားလိုက်ခြင်းဟု ဆိုနိုင်သည်။
သို့သော်၊ ကျွင်းရှောင်ယောက်ကတော့ ဂရုမစိုက်ပေ။
ကြယ်တာရာ ကာကွယ်သူရှင်းမှ ယွိချန်ကျွမ့်ကို ဖမ်းဆီးရန် ကြိုးစားကတည်းက...
ကျွင်းရှောင်ယောက်နှင့် ထိုကစဉ့်ကလျားခန္ဓာကြားတွင် ဆန့်ကျင်ဘက်အစပြုခဲ့ပြီ ဖြစ်သည်။
နေရာမှာတော့ ကျိချင်းရီ တစ်ယောက်သာ ကျန်တော့သည်။
မင်းသမီးလုံကျိတို့သုံးဦးသည်ကား ကျစ်ကျင်းရှေးမြို့ဟောင်းမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်ကို လေးလေးနက်နက်ကြည့်ရင်း ကျိချင်းရီ မျက်မှောင်ကြုတ်လိုက်သည်။
ကစဉ့်ကလျားအငွေ့အသက်များနှင့် မှုန်ဝါးဝါး ရုပ်သွင်ကိုကြည့်ရင်း တစ်စုံတစ်ယောက်နှင့် ဆင်တူသလို သူ ပိုပြီး ခံစားလာရ၏။
ထို့အပြင် ကျိချင်းရီက နှိမ့်ချတတ်သလောက် အလွန်ထက်မြက်သည်။
ထို့ကြောင့် သူဟာ အခြားသူများထက် ပိုတွေးတတ်ပေသည်။
"တိုင်းတပါးရဲ့ ကစဉ့်ကလျားခန္ဓာ၊ ကျွင်းရှောင်ယောက်ကို သိလား"
ကျိချင်းရီက တစ်စုံတစ်ခုကို ဖော်ထုတ်ရန် ကြိုးစားနေသကဲ့သို့ ကျွင်းရှောင်ယောက်၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
'ဒီမိန်းမ...'
ကျွင်းရှောင်ယောက် သူ့စိတ်ထဲမှ ပြုံးလိုက်မိသည်။
အနှီကျိချင်းရီက သူ့ကို စမ်းသပ်ရန် ကြိုးစားနေ၏။
ကျိချင်းရီကို ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင် ပထမဆုံး တွေ့ကတည်းက...
ဤအမျိုးသမီးဟာ အလွန်တွေးခေါ်တတ်ပြီး ထူးကဲသည်ဟု သူခံစားမိခဲ့သည်။
ယခုဆိုလျှင်၊ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးမှ ခေတ်ပြိုင်ပါရမီရှင်များစွာ ကျဆုံးသွားကြပြီ။
သို့ရာတွင် ကျိချင်းရီက ဘေးကင်းစွာနေထိုင်ပြီး ယခင်ကထက် ပို၍ အားကောင်းလာခဲ့သည်။
ဤအမျိုးသမီးက ခေသူမဟုတ်ကြောင်း သက်သေပြရန် လုံလောက်ပြီ။
'ဒါပေမဲ့ ဒီလို အကြံကြီးသူကို သင်ခန်းစာတစ်ခု ပေးရမယ်။ အကြွင်းမဲ့အင်အားနဲ့ ရင်ဆိုင်ရတဲ့အခါ အစီအစဉ်တိုင်းက အားနည်းပြီး ရယ်စရာကောင်းလှတယ်'
ကျွင်းရှောင်ယောက်က စိတ်ထဲမှ လှောင်ပြောင်ပြီး တိုက်ရိုက် လှုပ်ရှားလိုက်သည်။
အားကောင်းသော ကစဉ့်ကလျားစွမ်းအင်များက လေထဲသို့ ပျံ့နှံ့သွား၏။
သူကိုယ်တိုင်လည်း ကျိချင်းရီ၏ အတိမ်အနက်ကို စမ်းသပ်ချင်မိသည်။ ယခုတော့ ကစဉ့်ကလျားခန္ဓာ တိုင်းတပါးမှ အထောက်အထားဖြင့် စမ်းသပ်နိုင်ပေပြီ။
နောက်ဆုံးတွင်၊ ကျိချင်းရီက အင်မော်တယ်နယ်မြေကြီးမှာ သူ့ကို တစ်ခါမျှ ပြဿနာမရှာခဲ့ပေ။
သူဟာ ကျွင်းရှောင်ယောက်နှင့် သူငယ်ချင်းဖြစ်လိုကြောင်း ပြောဆိုခဲ့ပြီး စေတနာကောင်းများကိုလည်း ပြသခဲ့သည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ ထိုစဉ်က ကျိချင်းရီကို အလွယ်တကူ မတိုက်ခိုက်နိုင်ခဲ့ပေ။
ယခုတော့ အခွင့်အရေးရလာပြီ ဖြစ်သည်။
ကျိချင်းရီ၏ ရေက မည်မျှနက်သနည်း။
ကျွင်းရှောင်ယောက်က လျစ်လျူရှုထားပြီး တိုက်ရိုက် တိုက်ခိုက်နေကြောင်း မြင်ရပြီးနောက် ကျိချင်းရီ မျက်ခုံးပင့်လိုက်သည်။
သူလည်း တိုက်ခိုက်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
သူမက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ လေထု တုန်ခါသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူမက လျှို့ဝှက်ကျင့်စဉ်တစ်ခုကို အသက်သွင်းလိုက်ရာ၊ သူ၏ ကျင့်ကြံခြင်းအခြေခံက တဖြည်းဖြည်းတိုးတက်လာပြီး အဓိပဓိတစ်ပိုင်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်သွား၏။
အဓိပဓိနယ်ပယ် ခုနစ်ခုတွင် အချိန်တိုအတွင်း ခွန်အားတိုးစေနိုင်သည့် လျှို့ဝှက်နည်းလမ်းက အလွန်ရှားပါးကြောင်း သိထားကြရမည် ဖြစ်သည်။
သို့ရာတွင်၊ ကျိချင်းရီက ကျွမ်းကျင်ပိုင်နိုင်ခဲ့ပေသည်။
"ဝုန်း"
နှစ်ဦးသား ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ကျိချင်းရီလည်း ရှေးသားရဲတစ်ကောင်နှင့် တိုက်မိသလို ခံစားလိုက်ရ၏။
'ကစဉ့်ကလျားခန္ဓာက မျှော်လင့်ထားတဲ့အတိုင်းပဲ'
ကျိချင်းရီ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
ကျွင်းရှောင်ယောက်လည်း အနည်းငယ် အံ့သြသွား၏။
အခြားသူများနှင့် ပူးပေါင်းတိုက်ခိုက်စဉ်က ကျိချင်းရီ၏ခွန်အားမှာ နေမင်းကာကွယ်သူ၊ လမင်းကာကွယ်သူတို့နှင့် အတူတူပင်။
ယခု သူမတစ်ဦးတည်း ကျန်တော့သောအခါ၊ သူမ၏ ခွန်အားများ တိုးမြင့်လာပြီး ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုကိုပင် အမှန်တကယ် တွန်းလှန်နိုင်ခဲ့သည်။
'မင်းမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်များမလဲ ကြည့်ရသေးတာပေါ့'
ကျွင်းရှောင်ယောက်လည်း ပိုပြီး စိတ်ဝင်စားလာခဲ့မိသည်။
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကျိချင်းရီကို ထပ်မံတိုက်ခိုက်လိုက်သည်။
ကျိချင်းရီလည်း နှုတ်ခမ်းကို တိတ်တဆိတ် ကိုက်လိုက်၏။
အကြွင်းမဲ့ခွန်အားနှင့် နှိုင်းယှဉ်ပါက မည်သည့်အစီအစဉ်မျှ အသုံးမဝင်ပေ။
တိုက်ကွက်အနည်းငယ်အတွင်း ကျိချင်းရီ အဆက်မပြတ် ဖိနှိပ်ခံရပြီး သူမ၏ နှုတ်ခမ်းထောင့်များမှ သွေးများပင် စီးကျလာခဲ့သည်။
'ဒါက မင်းရဲ့တကယ့်ခွန်အားလား။ ငါထင်ထားတာထက် နည်းနည်းပိုပြီး အားကောင်းပေမဲ့ မလုံလောက်သေးဘူး'
ကျွင်းရှောင်ယောက် သူ့စိတ်ထဲမှ တွေးလိုက်သည်။
ထိုစဉ်...
ကျိချင်းရီ၏ မျက်လုံးများက ကြည်လင်သော မျက်လုံးများက အလင်းရောင်လက်သွားသည်။
သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော တာအိုပန်းချီကားတစ်ခု ထွက်ပေါ်လာပြီး ကျွင်းရှောင်ယောက်ကို တိုက်ရိုက် ဖိနှိပ်လိုက်၏။
ထိုပန်းချီကားက ပုံရိပ်ယောင်ဆန်ပြီး အရာဝတ္ထုတစ်ခုမဟုတ်သော်လည်း ဖိနှိပ်နိုင်စွမ်း ရှိနေသည်။
တာအိုပန်းချီကားပေါ်တွင် နတ်ဘုရားနှင့် နတ်ဆိုး ပုံစံများကိုလည်း ရေးထိုးထား၏။
နတ်ဘုရားနှင့် နတ်ဆိုးများကို ဖိနှိပ်နေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုလည်း ထွက်ပေါ်လာတော့သည်။
'အင်မော်တယ်ရတနာ အမှတ်အသားလား'
ကျွင်းရှောင်ယောက်လည်း မမျှော်လင့်ထားသော အခြေအနေကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။
အင်မော်တယ်ရတနာများမှာ အလွန်ရှားပါးပြီး ဧကရာဇ်လက်နက်များထက် များစွာတန်ဖိုးကြီးမားသည်။
ဧကရာဇ်အဆင့် အင်အားစု အများစုတွင် ဧကရာဇ်လက်နက်များ ရှိသည်။
သို့ရာတွင်၊ အင်မော်တယ်ရတနာကတော့ အင်အားစုတချို့လောက်သာ ပိုင်ဆိုင်နိုင်ကြပေသည်။
ကျွင်းရှောင်ယောက်သည် ကျွင်းမိသားစုတွင် တစ်ခု ရှိ၊မရှိကို မသိပါ။ မေးလည်း မမေးခဲ့ဖူးပေ။
သို့ရာတွင် အကျော်ကြားဆုံးက အင်မော်တယ်ခုံရုံး ဖြစ်သည်။ သူတို့သည် တချိန်က အင်မော်တယ်ရတနာ ကောင်းကင်ဧကရာဇ်၏ ပလ္လင်ကို ပိုင်ဆိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့ပေသည်။
ထို့ကြောင့် လင်းယွမ်ဟာ ကောင်းကင်ဧကရာဇ်၏ ပလ္လင်တော် အမှတ်အသားကိုသာ ရရှိခဲ့သည်။
သို့သော်လည်း ထိုသည်မှာ အဓိပဓိ အင်မော်တယ်ခုံရုံး ဖြစ်သည်။
သူတို့တွင် အင်မော်တယ်ရတနာ အမှတ်အသားရှိခြင်းက ပုံမှန် ဖြစ်၏။
သို့ပေမည့်၊ ကျိချင်းရီက အင်မော်တယ်ရတနာ အမှတ်အသားတစ်ခုကို ရရှိထားခဲ့သည်။
ဤအရာက ဆန်းကျယ်လွန်းပေသည်။
ကျိချင်းရီက သူ့ကို ရင်ဆိုင်ရသော်လည်း လွန်စွာတုန်လှုပ်ခြင်း မရှိသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
"နတ်ဘုရားနဲ့နတ်ဆိုး ပန်းချီကား၊ ဖိနှိပ်လော့"
ကျိချင်းရီက အော်ဟစ်လိုက်သည်။
ယင်းက အင်မော်တယ်ရတနာ အမှတ်အသား တစ်ခုမျှသာဖြစ်သော်လည်း စွမ်းအားက အလွန်အားကောင်းသည်။
ခရမ်းရောင်ရွှေအလွှာဖြင့် ဖုံးကွယ်ထားခဲ့သည့်တိုင် ကျစ်ကျင်းရှေးဟောင်းနန်းတော်တစ်ခုလုံး တုန်ခါပြီး အက်ကွဲလုနီးပါး ဖြစ်နေတော့သည်။
'ကျိချင်းရီက အမွေတစ်ခုခု ရခဲ့တာလား၊ ဒါမှမဟုတ် ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုကိုကို ရရှိခဲ့တာလား'
ကျွင်းရှောင်ယောက်လည်း ကျိချင်းရီကို မရိုးရှင်းဘူးဟု ပိုပိုပြီး ခံစားလာခဲ့ရသည်။
အင်မော်တယ်ရတနာဆိုသည်မှာ လူတိုင်းပိုင်ဆိုင်နိုင်သော အရာမဟုတ်ပေ။
ယင်းက ထိပ်သီးအင်အားစုကြီးတစ်ခုခု သို့မဟုတ် ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်ကြီးတစ်ဦးဦး၏ အမွေအနှစ် ဖြစ်သည်။
ယင်းက ကျိမိသားစု သို့မဟုတ် လူသားအင်မော်တယ်ဂိုဏ်း၏ ရတနာမဟုတ်ကြောင်းတော့ ကျွင်းရှောင်ယောက် သိပေသည်။
"ဝုန်း"
နတ်ဘုရားနှင့်နတ်ဆိုး ပန်းချီကားက ကောင်းကင်ကြီး ပြိုကျသကဲ့သို့ အင်အားမျိုးဖြင့် ကျရောက်လာခဲ့သည်။
အင်မော်တယ်ဟူသော ဝေါဟာရပါဝင်သည့် မည့်သည့်အရာမဆို မရိုးရှင်းပေ။
ယင်းက အင်မော်တယ်ရတနာ အမှတ်အသားဖြစ်လျှင်ပင် အလွန်အစွမ်းထက်သည်။
ဤအခိုက်တွင် ကျိချင်းရီ၏ မျက်နှာလည်း ဖြူဖျော့သွားပုံရလေသည်။
ယင်းက အင်မော်တယ်ရတနာ အမှတ်အသားတစ်ခုသာဖြစ်သော်လည်း၊ ယင်းကို အသက်သွင်းရန် အနည်းငယ် ခက်ခဲနေသေးသည်။
သာမန်ကျင့်ကြံသူတစ်ဦးသာ အင်မော်တယ်ရတနာ အမှတ်အသားကို ရင်ဆိုင်ရပါက ခုခံနိုင်ရန် ခက်ခဲမည် ဖြစ်သည်။
သို့သော်၊ ကျွင်းရှောင်ယောက်ကတော့ မတုန်လှုပ်ပေ။
သူက ရွှေနက်ရောင် လှံပုဆိန်တစ်လက်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သည်။
ရုတ်တရက်၊ ပြင်းထန်သော တိုက်ခိုက်ချင်စိတ်နှင့် နတ်ဆိုးအငွေ့အသက်က အရပ်ရပ်ကို ပျံ့နှံ့သွားခဲ့သည်။
လှံပုဆိန်မှ လိုင်းများက အသက်ဝင်နေသော သွေးကြောများကဲ့သို့ ကျွင်းရှောင်ယောက်၏ လက်မောင်းအတွင်းကို ထိုးဖောက်ဝင်ရောက်သွားသည်။
ချက်ချင်းပင် လှံပုဆိန်က နတ်ဆိုးဧကရာဇ်တစ်ပါး နိုးထလာသကဲ့သို့ အငွေ့အသက်များကို ထုတ်လွှတ်လာခဲ့၏။
ကျွင်းရှောင်ယောက်၏ အနက်ရောင်ဆံပင်များမှာလည်း ရုတ်တရက် နှင်းများကဲ့သို့ ဖြူဖွေးသွားခဲ့သည်။
ထို့နောက်တော့ နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ဖြင့် နတ်ဘုရားနှင့်နတ်ဆိုး ပန်းချီကားကို ခုတ်ပိုင်းလိုက်တော့သည်။