အခန်း ၉၈၅
Vol. 66 Ch. 985
အခန်း ( ၉၈၅ ) ကွပ်မျက်သူများအကြောင်း။
အင်မော်တယ်ရတနာ အမှတ်အသားတစ်ခုအနေဖြင့် နတ်ဘုရားနှင့်နတ်ဆိုး ပန်းချီကား၏ စွမ်းအားက သံသယဖြစ်စရာ မလိုပေ။
သို့ရာတွင် နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကလည်း ပါချီပါချဲ့ မဟုတ်ပါ။
ပထမမျိုးဆက် စစ်နတ်ဘုရား၏ လက်နက်ဖြစ်လာခြင်းက ၎င်း၏တန်ဖိုးကို သက်သေပြရန် လုံလောက်သည်။
ကျွင်းရှောင်ယောက်သည်ပင် နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်နှင့် ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးတို့၏ လျှို့ဝှက်ချက်အကြား ဆက်နွယ်မှု အချို့ ရှိသင့်သည်ဟု ဝေဝါးဝါး ခံစားမိခဲ့သည်။
အင်မော်တယ်ရတနာ အမှတ်အသားနှင့် ရင်ဆိုင်ရလျှင်ပင် ဤအဆင့် နတ်ဆိုးလက်နက်များက အလွယ်တကူ မပျက်ဆီးနိုင်ပေ။
ဤအခိုက်တွင် ကျွင်းရှောင်ယောက်က နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်၏ လှံသွားက လေထုကို ထိုးခွဲသွားခဲ့သည်။
လှံအလင်းက နတ်ဆိုးစွမ်းအားများကို သယ်ဆောင်ရင်း ကောင်းကင်ကိုဖြတ်သွား၏။
"ဝုန်း"
ကြယ်အစင်းတစ်ထောင် တပြိုင်နက်တည်း ပေါက်ကွဲသွားခြင်းမှ ဖြစ်ပေါ်လာသော လှိုင်းများကဲ့သို့၊ စွမ်းအင်လှိုင်းများက ရှေးဟောင်းနန်းတော်တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။
ထိုပေါက်ကွဲခြင်းနှင့်အတူ...
ကျိချင်းရီ၏ နူးညံ့သိမ်မွေ့သောခန္ဓာကိုယ်ကလေးက တုန်လှုပ်သွား၏။ သူမ၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး အဝတ်အစားများပင် သွေးများရွှဲသွားတော့သည်။
ပြီးပြည့်စုံသော အစီအမံများကို အမြဲချမှတ်ထားတတ်သော ကျိချင်းရီ၏ မျက်လုံးများက ကြောက်ရွံ့မှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။
သူဟာ တစ်ဖက်လူကို သတိပေါ့လျော့စေရန် အားနည်းချက်ကို ဦးစွာပြခဲ့သည်။ ထို့နောက် နတ်ဘုရားနှင့်နတ်ဆိုး ပန်းချီကားဖြင့် တိုက်ရိုက်ဖိနှိပ်လိုက်၏။
ထိုနည်းက ကစဉ့်ကလျားခန္ဓာကို မသတ်နိုင်လျှင်ပင်၊ အနည်းဆုံးတော့ ထိခိုက်ဒဏ်ရာရစေပြီး သူမ ဆုတ်ခွာရန်အတွက် အချိန်ရနိုင်သည်။
သို့ရာတွင်၊ တစ်ဖက်လူမှာ ဤမျှအစွမ်းထက်သော နတ်ဆိုးရတနာရှိနေမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
"လက်နက်ကောင်းတွေက အရေးကြီးပေမဲ့ အမြဲတမ်းတော့ မဟုတ်ဘူး။ တစ်ခါတလေကျရင် အသုံးပြုသူအပေါ်မှာလည်း မူတည်တယ်"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
အင်မော်တယ်ရတနာ အမှတ်အသားက အမှန်တကယ် အစွမ်းထက်သော်လည်း ၎င်းကို အသုံးပြုသူအပေါ်တွင် မူတည်သေးသည်။
ကျွင်းရှောင်ယောက်သာ ၎င်းကို အသုံးပြုခဲ့ပါက စွမ်းအားမှာ သဘာဝအတိုင်း ပို၍ အားကောင်းလာမည် ဖြစ်သည်။
ယခုလည်း ကျွင်းရှောင်ယောက်က နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ဖြင့် နတ်ဘုရားနှင့်နတ်ဆိုး ပန်းချီကား၏ ဖိနှိပ်မှုကို တွန်းလှန်ခဲ့ပေသည်။
တချိန်တည်းမှာပင် ကျွင်းရှောင်ယောက်က ကျိချင်းရီကို လက်တစ်ဖက်ဖြင့် ဖိနှိပ်လိုက်သည်။
နောက်ဆုံးတွင်၊ သူက ကျိချင်းရီ၏ ဖြူစင်ကာ ကြော့ရှင်းသော လည်တိုင်ကို ဖမ်းဆုပ်လိုက်တော့သည်။
မြင်ကွင်းက ခဏချင်း တစ်မျိုးပြောင်းသွားသည်။
"ပြီိးပြီ"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
ကျိချင်းရီ၏ မျက်လုံးများက အရောင်ပြန်ဖျော့သွားပြီး နတ်ဘုရားနှင့်နတ်ဆိုး ပန်းချီကားကို ပြန်လည်ရုတ်သိမ်းလိုက်လေသည်။
ကျွင်းရှောင်ယောက်သည်လည်း နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကို သိမ်းလိုက်သည်။
ယခုအခါ သူ၏ အင်အားအနည်းငယ်မျှဖြင့် ကျိချင်းရီ၏ လည်ပင်းကိုချေမွပြီး ရှေးဦးဝိညာဉ်ကို တိုက်ရိုက် ဖျက်ဆီးနိုင်နေပြီ။
ကျိချင်းရီ၏ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းက ကျွင်းရှောင်ယောက်၏ အတွေးတစ်ခုသာ ဖြစ်သည်။
"ငါရှုံးသွားပြီ"
ကျိချင်းရီက တည်ငြိမ်စွာ ပြောသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ လက်က မလွှတ်ခဲ့ပေ။
ကျိချင်းရီ၏ တွက်ချက်မှုများက အလွန်နက်နဲသည်။
နတ်ဘုရားနှင့်နတ်ဆိုး ပန်းချီကားဖြင့် လှုပ်ရှားခြင်းသည် သတိမပြုမိပါက သာမန်မျိုးစေ့အဆင့် ပါရမီရှင်များကိုပင် အကြီးအကျယ် ထိခိုက်စေနိုင်သည်။
ကျွင်းရှောင်ယောက်သာလျှင် ရုတ်ချည်း ဖြစ်ပေါ်လာတတ်သော အခြေအနေများကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်သည်။
"မင်း ဘာဖြစ်လို့ သွေးစွန်းနေတဲ့ ပုဝါကို ချန်ထားသေးတာလဲ"
ကျွင်းရှောင်ယောက်က ကျိချင်းရီ၏ မျက်နှာထက်မှ ပုဝါကို ဆွဲဖယ်ပစ်လိုက်သည်။
လောကကြီးကို ကိုင်လှုပ်နိုင်အောင် ထူးကဲသော အလှတရားတစ်ခု ပပေါ်လာခဲ့၏။
ဆောင်းဦးနှင်းရေစက်ကဲ့သို့ တောက်ပသော မျက်လုံး၊ ဖြောင့်စင်းသေးသွယ်သော နှာတံ၊ ဖြူဖွေးသော သွားများ၊ သွေးစတို့ဖြင့် ရဲနေသော နှုတ်ခမ်းဖူးဖူး...
ဤသို့သော ရင်သပ်ရှုမောဖွယ် အလှတရားမျိုးမှာ အမှန်တကယ် ရှားပါးလွန်းလှသည်။
သူမက ပုဝါဖြင့် မျက်နှာကို အမြဲကွယ်ထားတာ အံ့ဩစရာ မရှိတော့ပေ။ မဟုတ်ပါက၊ သွားလေရာရာတွင် အမျိုးသားကျင့်ကြံသူများ၏ အနှောင့်အယှက်က ပြည့်နေတော့မည် ဖြစ်သည်။
ဤအခိုက်အတန့်တွင်၊ သွေးစွန်းနေသော သူမ၏ အလှတရားက သနားစရာဘက်ကို ရောက်နေခဲ့လေသည်။
ဤနေရာတွင် သာမန်လူတစ်ယောက်ဖြစ်ပါက အမှန်တကယ်လှုပ်ရှားရန် ဝန်လေးနေလိမ့်မည် ဖြစ်သည်။
သရဲမျက်နှာဖုံးအောက်မှ ကျွင်းရှောင်ယောက်၏ မျက်လုံးများကတော့ အစမှအဆုံးထိ မပြောင်းလဲခဲ့ပေ။
ကျိချင်းရီ၏ မျက်နှာကို သူ မြင်ရတာ ဒါပထမဆုံး မဟုတ်ပါ။
ယခင်က ကျိချင်းရီဟာ ရှေးဟောင်းလမ်း၏ အဆင့်ခုနစ်ဆယ်ရှိ ပျက်စီးခြင်းကြယ်တွင်...
သူမ၏ ပုဝါစကို ကိုယ်တိုင်ဖယ်ရှားရန် အစပြုကာ ကျွင်းရှောင်ယောက် တစ်ဦးတည်းသာ သူ့မျက်နှာအား မြင်နိုင်သည်ဟု ပြောခဲ့သည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်မှာ ကျိချင်းရီအတွက် ခံစားချက်မရှိပါ။
သူဟာ ကျိချင်းရီကို မကောင်းမမြင်သော်လည်း အကောင်းမြင်စိတ် မရှိပေ။
ကျိချင်းရီကဲ့သို့လူများကို သူ၏ယခင်ဘဝတွင် ကောက်ကျစ်သောမြေခွေးဟု ခေါ်ကြမည် ဖြစ်သည်။
သို့သော်လည်း သူ့ကိုရန်စမသရွေ့ ကျွင်းရှောင်ယောက်ကလည်း သူမကိုသတ်မည် မဟုတ်ပါ။
သို့ရာတွင် ကျိချင်းရီကို သူ စိတ်ဝင်စားမိတာတော့ အမှန်ဖြစ်သည်။
ဤစိတ်ဝင်စားမှုမျိုးက ထူးဆန်းသော တိရိစ္ဆာန်တစ်ကောင်ကို မြင်ရသောကြောင့် လေ့လာချင်စိတ်နှင့် တူပေသည်။
ကျိချင်းရီမှာ မည်သို့သော လျှို့ဝှက်ချက်မျိုး ရှိမည်နည်း။
"နင် ငါ့ကိုသတ်မှာလား"
ကျိချင်းရီက မေးလိုက်သည်။
လက်ရှိအခြေအနေကို သတိမထားမိသကဲ့သို့ သူမ၏ လေသံက အေးဆေးတည်ငြိမ်နေဆဲပင်။
"ငါဘာလုပ်သင့်တယ်လို့ မင်းထင်လဲ"
ကျွင်းရှောင်ယောက်က ရှေ့သို့တိုးလိုက်သည်။ ကျိချင်းရီ၏ ဖြူနုချောမွတ်သောမေးစေ့ကို လက်တစ်ဖက်နှင့်ကိုင်ပြီး သူ့အနားကို ဆွဲခေါ်လိုက်၏။
ကျိချင်းရီ၏ နူးညံ့သော အလှတရားကိုပင် သူ ခံစားနေရပြီ။
ယင်းက ကျိချင်းရီ၏ မျက်နှာကို နီရဲသွားစေခဲ့သည်။
သူ ရှက်ရွံ့သွား၏။
ကျိချင်းရီက မည်မျှ အကြံကြီးပြီး လှည့်စားတတ်ပါစေ၊ မိန်းကလေးတစ်ယောက် ဖြစ်နေဆဲပင်။
ကျိချင်းရီတွင်လည်း အကန့်အသတ်တစ်ခု ရှိသည်။
သူမ၏ အလှအပနှင့် ခန္ဓာကိုယ်ကို အလျှော့အတင်းလုပ်သည့် ချစ်ပ်တစ်ခုအဖြစ် ဘယ်တော့မှ သုံးမည်မဟုတ်ပေ။
သူ့အမြင်တွင် ကမ္ဘာပေါ်ရှိ ယောက်ျားအားလုံးနီးပါးက အလွန်ညစ်ပတ်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။
ထို့ကြောင့်၊ ထိုအရှက်ကင်းမဲ့သော ယောက်ျားများအား သူမ၏မျက်နှာကိုပင် မကြည့်စေချင်ဘဲ ပုဝါစဖြင့် အမြဲကွယ်ထားခဲ့ခြင်း ဖြစ်ချေသည်။
ကျိတောက်ရီဆိုလျှင်လည်း ကျိချင်းရီ၏ မျက်နှာကို မြင်တွေ့ဖူးရန် မဆိုထားဘိ...
သူမနှင့် သုံးပေအကွာကိုတောင် မရောက်နိုင်ခဲ့ပေ။
အဆုံးတွင်၊ ကျိချင်းရီ၏လက်ထဲမှာ သူ သေဆုံးခဲ့ရသည်။
ယောက်ျားအားလုံးထဲမှာ ကျွင်းရှောင်ယောက်တစ်ဦးသာ သူမကို အသွင်သစ်တစ်ခုနှင့် မြင်အောင် လုပ်နိုင်ခဲ့ပေသည်။
ကံမကောင်းစွာဖြင့်၊ သူမ သဘောကျသော အမျိုးသားက မရှိတော့ပေ။
"နင် ငါ့ကို လွှတ်ပေးမယ်ဆိုရင် သတင်းတစ်ခု ပြောပြမယ်"
ကျိချင်းရီက မျက်တတောင်တဖျတ်ဖျတ်ခတ်ပြီး ပြောလိုက်သည်။
"အိုး၊ ဘာသတင်းလဲ"
ကျွင်းရှောင်ယောက်က မေးသည်။
"ငါ့ကို လွှတ်ပေးမယ်လို့ အရင်ကတိပေးရမယ်"
ကျိချင်းရီက ပြော၏။
"ဒါကတော့ မင်းရဲ့အချက်အလက်တွေက တန်ဖိုးရှိမရှိပေါ် မူတည်တယ်"
ကျွင်းရှောင်ယောက်က ဂရုမစိုက်ပေ။
ကျိချင်းရီလည်း ခဏမျှ နှုတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
"ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးထဲက တစ်ပါးအနေနဲ့ နင်ဟာ အင်မော်တယ်နယ်မြေကြီးကို ခြိမ်းခြောက်နိုင်စွမ်း ကြီးမားတယ်။ ဒါကြောင့် ကွပ်မျက်သူတွေရဲ့ သတ်ပစ်ရမဲ့ စာရင်းထဲကို ရောက်နေပြီ"
"နင့်ကို ပူးပေါင်းဖိနှိပ်ပြီး ချေမှုန်းဖို့အတွက် နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်းအစီရင်ကို အထူး ယူဆောင်လာကြတယ်"
ကျိချင်းရီ၏ စကားများက ကျွင်းရှောင်ယောက်ကို အနည်းငယ် အံ့အားသင့်စေခဲ့သည်။ သို့သော်လည်း ယင်းက ကျိုးကြောင်းဆီလျော်ပေသည်။
အင်မော်တယ်နယ်မြေကြီးက သူ့ကို ပစ်မှတ်ထားပြီး ဖိနှိပ်ရန် လူများစေလွှတ်မည်မှန်း သူ သိသည်။
သို့ရာတွင်၊ နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်း အစီရင်ကိုပင် အသုံးပြုမည်ဟု မထင်ထားခဲ့ပေ။
ယင်းက ရှေးခေတ်မှ ယနေ့တိုင် ကြောက်စရာအကောင်းဆုံး တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတွင် အဆင့်ကိုး အစီရင် ဖြစ်သည်။
ကျွင်းမိသားစု၏ မျိုးနွယ်စုအကာကွယ် ဝင်္ကပါက တတိယအဆင့် အကြမ်းဆုံး ဝင်္ကပါ ဖြစ်၏။
ပထမနှင့် ဒုတိယ သတ်ဖြတ်ခြင်း အစီရင်များကတော့ သတင်းပျောက်နေတာ ကြာခဲ့ပြီ။
ဤနဝမမြာက် သတ်ဖြတ်ခြင်းအစီရင်ကို တတိယ သတ်ဖြတ်ခြင်းအစီရင်နှင့် နှိုင်းယှဉ်၍ မရသော်လည်း အားနည်းမည်မဟုတ်ကြောင်း ထင်ရှားသည်။
"ဒီသတင်းက လုံလောက်ပြီလား"
ကျိချင်းရီက မေးလိုက်သည်။
ဤသတင်းပေါက်ကြားပါက အစီအစဉ်အပေါ် မည်သို့အကျိုးသက်ရောက်မည်ကို သူမ ဂရုမစိုက်ပေ။
အခက်အခဲများကြားမှ ရုန်းထွက်ပြီး သူ့အသက်ကို ကယ်နိုင်သရွေ့ လုံလောက်ပြီ ဖြစ်သည်။
"အိုး..."
ကျွင်းရှောင်ယောက် တစ်ချက်ပြုံးလိုက်သည်။ ကစဉ့်ကလျား စွမ်းအင်များက သူ့လက်ချောင်းပေါ်မှာ ရစ်ဝဲထွက်ပေါ်လာ၏။
ထို့နောက်တော့ ကျိချင်းရီ၏ လှပသော မျက်နှာကိုဖြတ်၍ အမှတ်အသားတစ်ခု ချန်ရစ်လိုက်တော့သည်။
"နင်..."
ကျိချင်းရီ၏ ခန္ဓာကိုယ်လေးက သိမ့်သိမ့်တုန်သွားသည်။
မျက်နှာပေါ်တွင် ဖျောက်ဖျက်၍မရသော အမှတ်အသားတစ်ခု ချန်ရစ်ခြင်းကို...
အထူးသဖြင့် ထူးထူးခြားခြား လှပသော အမျိုးသမီးတိုင်း လက်မခံနိုင်ပေ။
"ဒီအမှတ်အသားမှာ ကစဉ့်ကလျားစွမ်းအားနဲ့ နိယာမတွေ ပါဝင်တယ်။ မှတ်ထားပါ၊ ဒါကို ငါတစ်ယောက်တည်းပဲ ဖျက်နိုင်တယ်"
ကျွင်းရှောင်ယောက် ကျေနပ်စွာပြုံးပြီး ကျိချင်းရီ၏ ကျောက်စိမ်းလည်တိုင်ကို လွှတ်လိုက်သည်။
ဤအရာက ကျိချင်းရီကို အလွန်မောက်မာပြီး လူတိုင်းအပေါ် လှည့်စားနိုင်မည်ဟု မထင်စေရန် သတိပေးလိုက်ခြင်းပင်။
ယင်းက ကျိချင်းရီအပေါ်မှာ စိတ်ပိုင်းဆိုင်ရာအရ ဖိအားတစ်မျိုးလည်း ဖြစ်စေသည်။
ကျိချင်းရီကဲ့သို့ မိန်းကလေများနှင့် ဆက်ဆံရာတွင် အင်အားအရမ်းသုံးနေစရာ မလိုပါ။ ရိုးရှင်းသော နည်းလမ်းကလည်း သူတို့ကို မျက်ရည်ကျစေရန် လုံလောက်သည်။
ကျိချင်းရီလည်း လွန်စွာ စိတ်ဆိုးသွားဟန်ဖြင့် အသက်ပြင်းပြင်းရှူနေသောကြောင့် ရွှေရင်အစုံမှာ မြင့်တက်လာခဲ့ရသည်။ ထို့နောက် ကျွင်းရှောင်ယောက်ကို စူးစူးစိုက်စိုက်ကြည့်ပြီး ပုဝါတစ်ခုဖြင့် မျက်နှာပေါ်မှ အမှတ်အသားကို ကွယ်လိုက်၏။
နောက်တော့ သူမ ချာခနဲလှည့်ကာ ထွက်ပြေးသွားတော့သည်။
ကျိချင်းရီ ထွက်ပြေးသွားသော်လည်း ကျွင်းရှောင်ယောက်ကတော့ ဂရုမစိုက်ပါ။
ကျိချင်းရီတွင် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိဦးမည်ဟု သူ ခံစားမိသည်။
ယင်းကိုတော့ အနာဂတ်တွင် အင်မော်တယ်နယ်မြေကြီးသို့ သူပြန်လာပြီးမှ ထပ်မံစုံစမ်းလျှင်ပင် အချိန်နှောင်းမည်မဟုတ်ပေ။
'အခု နောက်တစ်ဆင့်က...'
ကျွင်းရှောင်ယောက်က လှည့်ပြီး နိယာမရေကန်ကို ကြည့်လိုက်သည်။
"နိယာမရေကန်၊ ဝိညာဉ်တစ်သောင်းဆေးပင်နဲ့ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများ တောက်ပလာ၏။
ငွေပုံကြီးကို သူ တိုးမိခဲ့ပြီလား။