← Chapters

အခန်း ၉၈၈

Vol. 66 Ch. 988

အခန်း ၉၈၈

Vol. 66 Ch. 988

အခန်း ( ၉၈၈ ) ‌လင်ယွမ်ပေါ်လာပြီ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်တစ်လ ကုန်လွန်သွားပြီ။

ယခုလအတွင်း ပျက်စီးခြင်းနယ်စပ်ဟာ တိုက်ပွဲများအတွက် ဇာတ်ခုံတစ်ခု ဖြစ်လာခဲ့သည်။

နယ်မြေကြီးနှစ်ခု၏ တပ်မဟာများက ကြိမ်ဖန်များစွာ တိုက်မိကြပြီး သွေးချောင်းများစီး၍ အလောင်းတောင်တန်းများသဖွယ် စုပုံလာကြ၏။

တစ်ချိန်တည်းမှာပင်၊ ကမ္ဘာနှစ်ခုမှ လူငယ်မျိုးဆက်သစ်များလည်း ပျက်စီးခြင်းနယ်စပ်ရှိ တားမြစ်စစ်မြေပြင်အမျိုးမျိုးတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြတော့သည်။

ဆန့်ကျင်ဘက်အားဖြင့်၊ နယ်မြေကြီးနှစ်ခုမှ အဆင့်မြင့်ပုဂ္ဂိုလ်များက ငြိမ်သက်နေကာ အလွယ်တကူ လှုပ်ရှားခြင်းမျိုး မရှိကြပါ။

အကြောင်းမှာ၊ သူတို့ လှုပ်ရှားပါက စစ်မှန်သော အဆုံးစွန်တိုက်ပွဲကြီး ဖြစ်လာမည်မှန်း နှစ်ဖက်စလုံးမှလူများ သိထားကြသောကြောင့် ဖြစ်သည်။

ပျက်စီးခြင်းနယ်စပ်မှ ဤတိုက်ပွဲသည် အဓိကအားဖြင့် ကမ္ဘာနှစ်ရပ်မှ မျိုးဆက်သစ်များအတွက် စင်မြင့်တစ်ခုသာ ဖြစ်ချေသည်။

ထိုကဲ့သို့ တိုက်ပွဲများကြားတွင်၊ တားမြစ်နယ်မြေတစ်ခုက ကမ္ဘာနှစ်ခုကြား ပြိုင်ဆိုင်မှု၏ အာရုံစိုက်ရာ ဖြစ်လာခဲ့သည်။

ယင်းက ကြီးမြတ်သော သွေးစတေးခံနယ်မြေပင်။

ဤတားမြစ်နယ်မြေကို တိုင်းတစ်ပါးမှ အင်မော်တယ် အမှောင်ဘုရင်က ချန်ထားခဲ့သည်ဟူသော ကောလဟာလများ ရှိသည်။

ယခင်က ထိုတားမြစ်နယ်မြေဟာ တိတ်ဆိတ်နေခဲ့သော်လည်း...

မကြာသေးမီ အချိန်အတွင်း၌ ကြီးမြတ်သော သွေးစတေးခံနယ်မြေတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်။

ကောင်းကင်တခွင်လုံး သွေးရောင်တောက်နေပြီး ဝိညာဉ်ငိုကြွေးသံများလည်း ထွက်ပေါ်နေ၏။

ယင်းက နှစ်ဖက်စလုံး၏ အာရုံစိုက်မှုကို ခံခဲ့ရပေသည်။

တိုင်းတပါးသားများအတွက် ဤသည်မှာ ရှာဖွေတူးဖော်ရမည့် အင်မော်တယ်အဆင့် လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။

အင်မော်တယ်နယ်မြေကြီးမှ လူများအတွက်မူကား၊ ဤသည်မှာ တိုင်းတပါးမှလူများ မအောင်မြင်စေရန် တားဆီးရမည့် ‌အခြေအနေတစ်ခု ဖြစ်၏။

ထို့ကြောင့် ကမ္ဘာနှစ်ရပ်မှ ပါရမီရှင်များက သွေးစတေးခံနယ်မြေတွင် စတင်တိုက်ခိုက်ခဲတော့သည်။

ဤအခိုက်တွင်၊ ပျက်စီးခြင်းနယ်စပ်၏ တစ်နေရာမှာ...

ပြိုင်စံရှားသော အလှတရား၊ တုနှိုင်းမယှဉ်နိုင်သော အသွင်အပြင်နှင့် မြင့်မြတ်ပြီး အေးစက်သော စိတ်နေစိတ်ထားရှိသည့် မိန်းကလေးတစ်ဦးက လေဟာပြင်ကို ဖြတ်သန်းပြီး သွေးစတေးခံနယ်မြေကို ဦးတည်သွားနေသည်။

ထိုမိန်းကလေးက လင်ယွမ်။

သူမက ယခင်အတိုင်း နှင်းဖြူဝတ်စုံကို ဝတ်ဆင်ထားပြီး အင်မော်တယ် နတ်သမီးတစ်ပါးကဲ့သို့ လှပနေလေသည်။

တစ်ခုတည်းသော‌ ပြောင်းလဲမှုဟူ၍...

လင်ယွမ်၏ ခြေတံရှည်များမှာ နှစ်‌တစ်ထောင် ဆန်းကျယ်ရေခဲပိုး၏ ပိုးချည်ဖြင့် ပြုလုပ်ထားသော ခြေအိတ်များကို စွတ်ထားခြင်း ဖြစ်သည်။

ယခင်က လင်ယွမ်၏ ခြေထောက်များမှာ ဗလာဖြစ်ပြီး ဘယ်တုန်းကမှ ခြေအိတ်မဝတ်ဖူးမှန်း သိထားကြရမည်။

ဤအတောအတွင်းမှ ပြောင်းလဲမှုများက လင်ယွမ်ကိုယ်တိုင်ပင် သတိမထားမိသောအရာများ ဖြစ်သည်။

ဤအတောအတွင်း၌ လင်ယွမ်ဟာ အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်အနေဖြင့် ပျက်စီးခြင်းနယ်စပ်တွင် နာမည်တည်ဆောက်နိုင်ခဲ့သည်။

ကောင်းကင်ဧကရာဇ်၏ပလ္လင် အင်မော်တယ်အမှတ်အသား ပေါ်လာသည်နှင့် အရပ်ရပ်မှာ ပြိုကျရ၏။

တိုင်းတစ်ပါးမှ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်အချို့ပင် လင်ယွမ်အား မည်သို့မျှ မထိခိုက်စေနိုင်ခဲ့ကြပေ။

ထိုမှ အင်မော်တယ်အဆင့်အခွင့်အလမ်း၏ နှစ်ခြင်းခံရပြီးနောက် လင်ယွမ်၏ ခွန်အားမှာ မည်မျှပြောင်းလဲသွားကြောင်း မြင်နိုင်သည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုပုံရိပ်က ကူတိကျစ်။

"နင် ငါ့နောက်ကိုလိုက်နေတာလား"

လင်ယွမ်က အနည်းငယ် မျက်မှောင်ကြုတ်ကာ အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

ယခင်က လင်ယွမ်သည် ကူတိကျစ်နှင့် ခပ်ခွာခွာနေခဲ့သော်လည်း ထိုကဲ့သို့ စက်ဆုပ်ခြင်းမျိုး မရှိခဲ့ပေ။

ယခု နောက်ပိုင်းမှာတော့ အကြောင်းပြချက်မရှိဘဲ သူဟာ ကူတိကျစ်ကို အလိုအလျောက် ကြည့်မရတော့ပါ။

"လင်ယွမ်၊ ဒီအတောအတွင်းမှာ မင်းရဲ့ လှုပ်ရှားမှုတွေက ပြတ်သားလွန်းတယ်။ ဒါကြောင့် တိုင်းတစ်ပါးက မုဆိုးတွေရဲ့ ပစ်မှတ်ကို ခံရမှာကို ငါစိုးရိမ်လို့"

ကူတိကျစ်က ပြောလိုက်သည်။

အင်မော်တယ်နယ်မြေကြီးတွင် ကွပ်မျက်သူများရှိကြသလို...

တိုင်းတစ်ပါးမှာလည်း မုဆိုးများ ရှိသည်။

သူတို့အားလုံး၏ ရည်ရွယ်ချက်ကတော့ ရန်ဘက်အင်အားစုမှ ထူးချွန်သူများကို ပစ်မှတ်ထားကာ သုတ်သင်ကြရန် ဖြစ်ချေသည်။

"အခု နင့်ရဲ့အင်အားက ငါ အရှင်မကို မမီတော့ဘူး။ ဒါကြောင့် ဒီလိုအ‌ချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ်ပဲ စိုးရိမ်နေသင့်တယ်"

လင်ယွမ်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"လင်ယွမ်၊ မင်း တကယ်ပဲ ပြောင်းလဲသွားပုံရတယ်။ နတ်သမီးယွမ်ရဲ့ အသိစိတ်က မင်းကို တကယ်ပဲ ထိခိုက်စေတယ် မဟုတ်လား"

ကူတိကျစ်က လင်ယွမ်အား လေးလေးနက်နက် ကြည့်လိုက်သည်။

"နင် ဘာပြောချင်တာလဲ။ ဒီအရှင်မက အမြဲတမ်း ဒီအရှင်မပဲ ဖြစ်လိမ့်မယ်။ ဘယ်တော့မှ သူဖြစ်လာမှာ မဟုတ်ဘူး"

လင်ယွမ် မျက်ခုံးပင့်လိုက်၏။

"ကောင်းပါပြီ၊ လင်ယွမ်... မင်းကို ဧကရာဇ်ငယ်ရာထူး ဘယ်သူက ပေးခဲ့တယ်ဆိုတာ မမေ့ပါနဲ့"

ကူတိကျစ်က ပြောလိုက်သည်။

လင်ယွမ်၏ မျက်လုံးများက ပို၍ အေးစက်လာခဲ့သည်။

ကူတိကျစ်က သူ့ကျေးဇူးကို ပြန်ဆပ်စေချင်လျှင် မဖြစ်နိုင်ပါချေ။

နောက်ဆုံးတွင်၊ ထိုအချိန်တွင် လင်ယွမ်သည် ကူတိကျစ်ကို စွန့်လွှတ်ရန်အတွက် တောင်းဆိုရန် စိတ်ကူးပင်မရှိခဲ့ပါ။

သူ့အစီအစဉ် ကျရှုံးသွားပြီး ကိုယ့်ပြဿနာနှင့်ကိုယ် ဖြစ်ခဲ့ရခြင်းသာ ဖြစ်သည်။

"ဒါနဲ့ စကားမစပ်၊ နောက်ထပ်သတင်းတစ်ခု ပြောပြရဦးမယ်။ ကောင်းကင်သဂြိဟ်တောအုပ်မှာ တိုင်းတပါးက ကစဉ့်ကလျားခန္ဓာရဲ့ သဲလွန်စတွေ ရှိနေပုံရတယ်။"

"မျိုးစေ့အဆင့် ပါရမီရှင်တချို့တောင်မှ သူ့လက်ထဲမှာ ကျဆုံးသွားကြပြီ"

ကူတိကျစ် ပြောလိုက်သည်။

ထိုစကားက လင်ယွမ်၏ မျက်လုံးများကို အရောင်လက်သွားစေခဲ့၏။

"တိုင်းတပါးက ကစဉ့်ကလျားခန္ဓာရဲ့ ခြိမ်းခြောက်မှုက အရမ်းကြီးမားတာကြောင့် ချေမှုန်းပစ်ရမယ်"

လင်ယွမ် ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင် ပျက်စီးခြင်းနယ်စပ်ကို သူမ လာရောက်ခြင်း၏ ရည်ရွယ်ချက်က ကစဉ့်ကလျားခန္ဓာကို ဖယ်ရှားရန် ဖြစ်သည်။

"အတူတူသွားရအောင်၊ ကစဉ့်ကလျားခန္ဓာ ခေသူမဟုတ်ဘူး"

ကူတိကျစ်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

သို့ရာတွင်၊ လင်ယွမ်က လျစ်လျူရှုပြီး လှည့်ထွက်သွား၏။

ကူတိကျစ်လည်း နောက်မှ တိတ်တဆိတ် လိုက်ပါသွားတော့သည်။

ကောင်းကင်သင်္ဂြိုဟ်တောအုပ်သို့ ဦးတည်သွားနေသည်က လင်ယွမ်နှင့် ကူတိကျစ်ချည်းတော့ မဟုတ်ပါ။

လုံယောက်အာ၊ ယွီဟွာဝမ်နှင့် ယခင် ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါးအဖွဲ့ဝင် အခြားသူများလည်း ရှိကြသည်။

ထို့အပြင် မြင့်မြတ်ဝိညာဉ်ကျွန်း၏ မျိုးစေ့အဆင့် ပါရမီရှင် အရိုးဖြူသခင်လေးနှင့် အမှောင်ဘုရင်မျိုးရိုးမှ မျိုးစေ့အဆင့် ပါရမီရှင် သူတော်စင်ယာမာလည်း သတင်းရရှိပြီးနောက် ခရီးထွက်ရန် ပြင်ဆင်နေကြတော့သည်။

သွေးစတေးခံနယ်မြေအပြင်၊ ကောင်းကင်သင်္ဂြိုလ်တောအုပ်က မုန်တိုင်းတစ်ခု၏ ဗဟိုချက် ထပ်မံဖြစ်လာခဲ့ရသည်။

ထိုအချိန်တွင်...

ကျွင်းရှောင်ယောက်ကတော့ သူ့ကို ဝိုင်းရံတိုက်ခိုက်တော့မည်မှန်း မသိသေးပါ။

သို့ရာတွင်၊ သူသိခဲ့လျှင်လည်း ဂရုစိုက်မည် မဟုတ်ပေ။

အချိန်တစ်လက နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်မျိုးနွယ်၏ သဘာဝစွမ်းရည်ကို ကျွင်းရှောင်ယောက် နက်နက်နဲနဲ နားလည်ဆင်ခြင်ရန် လုံလောက်သည်။

သူထိုင်နေသော နိယာမရေကန်ကြီးမှာတော့ ခြောက်ကပ်နေခဲ့ပြီ။

စွမ်းအင်အားလုံးကို ကျွင်းရှောင်ယောက်နှင့် နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး ရှောင်ယီတို့က စုပ်ယူခဲ့ကြသည်။

"အီး၊ ဒီအင်မော်တယ်နတ်ဘုရားကျင့်စဉ်က လေ့ကျင့်ရတာ တကယ်ကိုခက်ခဲတာပဲ"

ရှောင်ယီက ညည်းတွားရေရွတ်လိုက်လေသည်။

ထိုသို့ပြောလိုက်သော်လည်း...

လက်ချောင်းအရွယ် သူ့ခန္ဓာကိုယ်လေးကို တောက်ပသော အလင်းလွှာများက လွှမ်းခြုံထားသည်။

ဓမ္မကျမ်းစာ ရွတ်ဆိုသံများလည်း ထွက်ပေါ်နေပုံရ၏။

တစ်လအတွင်း ဤအဆင့်သို့ ရောက်ရှိခြင်းက ရှောင်ယီ၏ အရည်အချင်းမှာ မည်မျှမြင့်မားကြောင်း တွေ့နိုင်သည်။

ယင်းက မွန်းစတားအဆင့် အရည်အချင်းမျိုးပင်။

ရှောင်ယီက မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွင်းရှောင်ယောက်လည်း မျက်လုံးဖွင့်ပြီး သက်ပြင်းချနေသည်ကို တွေ့လိုက်ရသည်။

ရှောင်ယီလည်း နေရာမှ ခုန်ထပြီး ကျွင်းရှောင်ယောက်၏ ပခုံးပေါ်သို့ တက်လိုက်လေသည်။

သူက တည်ကြည်လေးနက်သော အမူအရာဖြင့် ကျွင်းရှောင်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။

"နားလည်ရခက်တယ် မဟုတ်လား၊ ငါ နားလည်ပါတယ်။ ဒါက ငါတို့မျိုးနွယ်ရဲ့ အထူး သဘာဝစွမ်းရည်ပဲလေ။ အခြား မျိုးနွယ်ဝင်တွေအတွက် နားလည်ရခက်မှာ ငါနားလည်ပါတယ်"

"မင်း နောက်ဘဝမှာ နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်အဖြစ် ပြန်လည်ဝင်စားရင်တော့ ငါက မင်းရဲ့အစ်ကိုကြီး ဖြစ်လိမ့်မယ်"

ရှောင်ယီက မျက်နှာကို အနည်းငယ်မော့ပြီး ပြောလိုက်၏။ သူက မာနကြီးနေပုံရသော်လည်း သူ့ကိုကြည့်ရသည်မှာ အနည်းငယ် ရယ်စရာကောင်းသည်။

"ဟင်း၊ တကယ်ခက်ခဲပါတယ်။ တစ်လတောင်ရှိနေပြီ၊ အင်အားနိယာမကို နားမလည်သေးဘူး"

ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

"အိမ်း၊ ငါပြောပါ... ဟမ်၊ မင်း ဘာပြောချင်တာလဲ"

ရှောင်ယီ အနည်းငယ် မျက်လုံးပြူးသွားသည်။

ကျွင်းရှောင်ယောက်က မတ်တပ်ထရပ်ပြီး လက်တစ်ဖက်ကို မြှောက်လိုက်သည်။

"ဝုန်း"

မရေမတွက်နိုင်သော နတ်ဆိုးနှင့် နတ်ဘုရားများ ပေါ်လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကစဉ့်ကလျားစွမ်းအင်က ကောင်းကင်ကို လွှမ်းသွား၏။

နတ်ဘုရားနှင့် နတ်ဆိုးများက တောင်များကို သယ်ယူနေပြီး အစွန်းရောက် အင်အားနိယာမ၏ အမျိုးမျိုးသော ပုံရိပ်များလည်း ပေါ်လာတော့သည်။

ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရုံနှင့် ရှေ့မှလေဟာပြင်က ပြိုကွဲသွားရသည်။

ယင်းမှာ၊ ကျွင်းရှောင်ယောက်၏ ယခင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ အင်အားအပြည့်ထက် သာလွန်သည်။

ဤစွမ်းရည်က မည်မျှ အစွမ်းထက်ကြောင်း တွေ့မြင်နိုင်ပေသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး ရှောင်ယီလည်း မူးမေ့မတတ်ဖြစ်ကာ အော်ဟစ်လိုက်သည်။

သူတို့ကဲ့သို့ နတ်ဆိုးနတ်ဘုရားမျိုးနွယ်ဝင်များပင်လျှင် တစ်ဆင့်ပြီးတစ်ဆင့် သင်ယူကြရသည်။

ဖြည်းဖြည်းချင်း နားလည်ဆင်ခြင်ပြီး နောက်ဆုံးမှ ကျွမ်းကျင်လာခဲ့ခြင်း ဖြစ်ချေသည်။

အရေးကြီးဆုံးအချက်မှာ၊ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး ရှောင်ယီ၏ ထိန်းချုပ်မှုသည်ပင် ကျွင်းရှောင်ယောက်ကဲ့သို့ လေးနက်မှုမရှိခြင်း ဖြစ်သည်။

လွန်လွန်းလှချေသည်။

"မင်း ငါတို့မျိုးနွယ်က အစ်ကိုကြီးများလားကွာ"

ရှောင်ယီ အော်ဟစ်လိုက်သည်။

အကယ်၍ သူတို့သာ မျိုးနွယ်တစ်ခုတည်းမှ မဟုတ်ပါက၊ ဤစွမ်းရည်ကို မည်သို့လျင်မြန်စွာ နားလည်နိုင်မည်နည်း။

"မင်းက အများကြီးလျှောက်တွေးနေတာပဲ"

ကျွင်းရှောင်ယောက် ဆွံ့အသွားသည်။

"အစ်ကိုကြီး၊ ငါ့ကိုသင်ပေးပါ"

ရှောင်ယီလည်း ကျွင်းရှောင်ယောက်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ လွန်စွာ ရိုသေလေးစားသော အမူအရာဖြင့် အစ်ကိုကြီးဟုပင် ခေါ်လိုက်သေးသည်။

သို့ရာတွင်၊ ယင်းက ကျွင်းရှောင်ယောက်၏ မျှော်လင့်ချက်အတွင်းမှာ ရှိသည်။

ရှောင်ယီက အကန့်အသတ်မရှိ အလားအလာရှိပြီး အနာဂတ်တွင် ကမ္ဘာ့အုပ်စိုးရှင်တစ်ဦး ဖြစ်လာမည်မှာ သေချာသည်။

သူ့ကို သူ့ဘက်ခေါ်ဆောင်ထားရမည်။

"ရပါတယ်၊ ငါမင်းကို သင်ပေးနိုင်တယ်။ ဒါပေမဲ့... ဧည့်သည်တစ်ယောက်ယောက် ရောက်လာပြီ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။ ကောင်းကင်သင်္ဂြိဟ်တောအုပ်ကို ချဉ်းကပ်လာသော အားကောင်းသည့် အငွေ့အသက်များကို သူ ခံစားရ၏။

နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်မျိုးနွယ်၏ သဘာဝစွမ်းရည်ကို သူနားလည်ပြီးသည်မှာ မကြာသေးသော်လည်း တစ်စုံတစ်ယောက်က လက်ဝှေ့အိတ်အဖြစ် တံခါးဝကို ရောက်လာသည်။

စေတနာကောင်းလွန်းလှပေသည်။

All Chapters