အခန်း ၉၉၀
Vol. 66 Ch. 990
အခန်း ( ၉၉၀ ) အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့အဆင့် ပါရမီရှင်များ ပေါ်လာပြီ။
ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်တွင် အနည်းငယ် ထူးခြားသော အမူအရာများ ပေါ်လာသည်။
လုံယောက်အာကို ဤမျှအစွမ်းထက်ပြီး ကြီးစိုးသည့် ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ ဘုရင်မဖြစ်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဤမျှအားကောင်းသော ခန္ဓာကိုယ်ကိုပင် လေ့ကျင့်နိုင်ခဲ့သည်။
တစ်နည်းဆိုရသော်၊ ကျွင်းရှောင်ယောက် တစ်ဦးတည်းသာလျှင် ထိုနဂါးမလေးကို အောင်နိုင်ပေသည်။
"နင်..."
လုံယောက်အာလည်း သူမ၏ တုံ့ပြန်မှုကို သတိပြုမိသွားသည်။ ပတ္တမြားသဖွယ် အနီရဲရဲ နှုတ်ခမ်းလေးကိုကိုက်ရင်း ရှက်ရွံ့ခြင်းနှင့် ဒေါသ အရိပ်အယောင်များက သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့၏။
ထိုအရာအားလုံးက ကျွင်းရှောင်ယောက်၏ အပြစ် ဖြစ်သည်။
ကျွင်းရှောင်ယောက်က သူမကို အကြိမ်ကြိမ် ရိုက်နှက်ခဲ့ပြီး ထူးဆန်းသော စရိုက်တချို့အား နိုးထစေခဲ့ပေသည်။
ဟုတ်သည်၊ ယခုအချိန်တွင် သူရင်ဆိုင်နေရသော ကစဉ့်ကလျားခန္ဓာက ကျွင်းရှောင်ယောက်ဖြစ်မှန်းတော့ မသိခဲ့ပေ။
ကျွင်းရှောင်ယောက်လည်း နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်မျိုးနွယ်၏ အင်အားနိယာမဖြင့် ကစဉ့်ကလျားကြိုးကို လွှဲယမ်းကာ ဆက်လက် တိုက်ခိုက်လိုက်သည်။
လုံယောက်အာသည် အားကောင်းသော ရွှေရောင်ရှေးနဂါးနှင့် အသျှင်ခန္ဓာ သွေးမျိုးဆက်နှစ်ခုကို ပိုင်ဆိုင်ထားသော်လည်း...
ယခုအချိန်၊ ကျွင်းရှောင်ယောက်နှင့် ရင်ဆိုင်ရချိန်မှာတော့ ကလေးဆန်လွန်းကာ ခုခံတိုက်ခိုက်နိုင်စွမ်း မရှိသေးပေ။
သူမ၏ နုနယ်သော ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်က ကစဉ့်ကလျားစွမ်းအင်၊ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်မျိုးနွယ်၏ အင်အားနိယာမတို့ဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
လုံယောက်အာလည်း ဤလက်ဝါးအောက်တွင် အမှုန့်ကြေရတော့မလို ခံစားလိုက်ရသည်။ စကြာဝဠာကြီးတစ်ခုလုံး ကျရောက်လာသကဲ့သို့ ခံစားရပြီး တာအိုနိယာမများပင် တုန်လှုပ်သွားသည်။
လုံယောက်အာ၏ ပါးစပ်မှ သွေးများ အန်ထွက်လာ၏။ သူ့တကိုယ်လုံးမှ အင်အားများ အားလုံး ကုန်သွားသကဲ့သို့ လွန်ကဲစွာ ဖိနှိပ်ခံလိုက်ရတော့သည်။
နောက်ဆုံးတွင်၊ လုံယောက်အာ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နက်နဲသော တွင်းကြီးတစ်ခု ပေါ်လာခဲ့ရသည်။
ပို၍ အံ့ဩစရာကောင်းသည်မှာ၊ လုံယောက်အာ၏ ခန္ဓာကိုယ်က ခရမ်းရောင်အလင်းများနှင့်အတူ လျင်မြန်စွာ ကျုံ့သွားခြင်း ဖြစ်၏။
တခဏအတွင်းမှာပင် သူမက ကလေးမလေးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။
ယင်းက အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များကို တုန်လှုပ်ချောက်ချားစေခဲ့သည်။
"ငါ... ဒါက ဘယ်လိုဖြစ်ရတာလဲ"
လုံယောက်အာကိုယ်တိုင်လည်း လွန်စွာ တုန်လှုပ်သွား၏။
သူမ၏ မူလပုံစံသို့ အမှန်တကယ် ရိုက်ခံလိုက်ရပြီ။
သူမ၏ ရှည်လျားသော ခြေတံများ ပျောက်ကွယ်သွားပြီး ဖွံ့ဖြိုးသော ရင်သားများလည်း ချပ်သွားသည်။ ယခုတော့ သူဟာ ဒေါသကြီးပြီး ချစ်စရာကောင်းသည့် နဂါးမလေးအဖြစ်သို့ ပြန်ရောက်သွားခဲ့ပြီ။
ထို့ကြောင့်ပင် လုံယောက်အာ လက်မခံနိုင်ဘဲ အော်ဟစ်လိုက်မိသည်။
ထို့ထက်... သူမ လက်မခံနိုင်ဆုံး အရာကတော့ သူမ၏အသံပင်လျှင် ကလေးပေါက်စ သံနေသံထားသို့ နို့ဆီပြန်သွားခြင်းပင်ဖြစ်သည်။
ယင်းက လုံယောက်အာ၏ စိတ်ဓာတ်ကို လုံးဝ ပြိုလဲသွားစေခဲ့သည်။
"ဝှစ်"
ထိုအချိန်တွင်၊ ကစဉ့်ကလျားကြိုးက လုံယောက်အာ၏ ကျောက်စိမ်းလည်တိုင်ကို ရစ်ပတ်သွားပြန်သည်။
"လှဲနေစမ်း"
ကျွင်းရှောင်ယောက် ပြောလိုက်၏။
လုံယောက်အာ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် လဲကျသွားပြီး ထူးခြားသော မြင်ကွင်းတစ်ခု ထပ်မံပေါ်လာတော့သည်။
မြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာ တိုက်ပွဲတွင်လည်း ဤကဲ့သို့ဖြစ်ခဲ့ပြီး အရှက်ရခဲ့သေးသည်။
ယခုအခါ ကစဉ့်ကလျားခန္ဓာကလည်း သူ့အား ထပ်မံရိုက်နှက်နေခဲ့သည်။
လုံယောက်အာ အမှန်တကယ် ငိုချင်နေခဲ့ပြီ။ ဆိုးရွားသော ရှုံးနိမ့်မှုများက သူမ၏ တာအိုနှလုံးသားကို ယိမ်းယိုင်သွားစေခဲ့သည်။
ထိုစဉ်၊ ကလေးတစ်ယောက်၏ စကားသံကို ကြားလိုက်ရသည်။
"ဒီနေ့ခေတ်ရဲ့ နဂါးမျိုးနွယ်တွေက ဒီလောက်တောင် အားနည်းကြတာလား"
ထိုစကားသံကြောင့် ခေါင်းမော့ကြည့်လိုက်ပြီးနောက် လုံယောက်အာ ပို၍ မူးနောက်သွား၏။
ပုရွက်ဆိတ်တစ်ကောင်က ကျွင်းရှောင်ယောက်၏ ပခုံးပေါ်တွင်ရပ်ပြီး သူမကို ရှုတ်ချပြောဆိုနေသည်။
ယခုတော့ ပုရွက်ဆိတ်တစ်ကောင်တောင် သူ့ကို လှောင်ပြောင်နေပြီ။
"မဟုတ်သေးလူး၊ အဲဒါ... နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်နဲ့တူတယ်"
အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်တချို့လည်း သေချာကြည့်လိုက်ပြီးနောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်က အင်မော်တယ်နယ်မြေကြီးရှိ ရှေးဦးသားရဲမျိုးနွယ်များထဲမှ တစ်ခု ဖြစ်၏။
ယခုကဲ့သို့ တိုင်းတပါးမှ ကစဉ့်ကလျားခန္ဓာ၏ ပခုံးပေါ်ကို အဘယ်ကြောင့် ရောက်နေရသနည်း။
"နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်က အခု ငါ့လက်အောက်ကို ရောက်နေပြီ"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောပြီး ကစဉ့်ကလျားကြိုးကို ဆွဲလိုက်သည်။
လုံယောက်အာ၏ ခန္ဓာကိုယ်သေးသေးလေးက မြေပြင်ပေါ်တွင် တွားသွားလိုက်ရ၏။ ဤအခိုက်တွင်၊ ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ ဘုရင်မဟူသော အရှိန်အဝါမျိုး သူ့တွင် မရှိတော့ပေ။
သူမ အလွန်ရှက်ရွံ့ခဲ့ရသည်။
သူ့ရှေ့မှလူသာ တိုင်းတပါးမှ ကစဉ့်ကလျားခန္ဓာမဟုတ်ပါက ကျွင်းရှောင်ယောက် ပြန်လာပြီဟု သူမ အမှန်တကယ် အထင်မှားလိမ့်မည်။
ထိုအချိန်တွင် အဝေးမှ ပြင်းထန်သော အရှိန်အဝါများစွာ ပေါ်လာခဲ့သည်။
"ရပ်လိုက်စမ်း"
ငွေရောင်ဆံပင်ရှည်များနှင့် လူငယ်တစ်ယောက် ဦးစွာပေါ်လာ၏။ ထိုလူငယ်ကား ယွီဟွာဝမ်ပင် ဖြစ်သည်။
ယွီဟွာဝမ်ကို မြင်လိုက်ရတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများက ရှုပ်ထွေးသောအရိပ်အမြွက်များ ပေါ်လာသည့်တိုင် လျစ်လျူရှုထားဆဲပင်။
ယွီဟွာဝမ်သည် သူ့ကို သစ္စာဖောက်ခဲ့သူဖြစ်သော်လည်း သူ့စိတ်ထဲတွင် မုန်းတီးခြင်းမျိုး မရှိခဲ့ပါ။
အကြောင်းမှာ၊ ယခင်ကတည်းက ကြိုတင်မျှော်လင့်ထားပြီး၍ ဖြစ်သည်။
အနည်းငယ် စိတ်ပျက်မိရုံသာ ရှိပေသည်။
ယွီဟွာဝမ်လည်း ကျွင်းရှောင်ယောက်ကို မြင်လိုက်ရတော့ အနည်းငယ် အမူအရာပြောင်းသွားသည်။ သို့ရာတွင်၊ ခဏချင်း ပုံမှန် ပြန်ဖြစ်သွား၏။
ထိုလူက သူ့မှတ်ဉာဏ်ထဲမှ ရုပ်သွင်နှင့် ဆင်တူသော်လည်း...
ကစဉ့်ကလျားခန္ဓာ တစ်ခုတည်းက ယုတ္တိမရှိသော ထင်မြင်ယူဆချက်အားလုံးကို ဖြတ်တောက်ပစ်နိုင်သည်။
ထိုအချိန်တွင် အခြားတစ်ဖက်မှ ဖြူဖျော့ဖျော့ အသားအရေနှင့် လူငယ်တစ်ဦး ထပ်မံ ပေါ်လာသည်။
"မြင့်မြတ်ဝိညာဉ်ကျွန်းမှ အရိုးဖြူသခင်လေး ရောက်လာပြီ"
သူ့ကိုမြင်တော့ အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များ ပို၍ စိတ်လှုပ်ရှားလာခဲ့ကြသည်။
နောက်ဆုံးတွင်၊ သူက ခေတ်ပြိုင် တားမြစ်ပါရမီရှင်မဟုတ်ဘဲ မြင့်မြတ်ဝိညာဉ်ကျွန်းမှ မျိုးစေ့အဆင့် ပါရမီရှင် ဖြစ်၏။
မြင့်မြတ်ဝိညာဉ်ကျွန်းမှ လူအားလုံးက တာအိုသတ္တုအမျိုးမျိုး၊ ကျောက်သန္ဓေများနှင့် အရင်းအမြစ်ကျောက်များမှ မိုးနှင့်မြေ၏ အနှစ်သာရဖြင့် အသွင်ပြောင်းခဲ့ကြခြင်း ဖြစ်သည်။
ဤအရိုးဖြူသခင်လေးမူကား၊ မြင့်မြတ်ဝိညာဉ်အရင်းမြစ်ဖြစ်ပြီး ထိပ်သီးပါရမီရှင်များ၏ အရိုးများနှင့်ပေါင်းစပ်ကာ မွေးဖွားလာသူဖြစ်ကြောင်း ကောလာဟလသတင်းများ ရှိပေသည်။
ထို့ကြောင့်ပင် သူ့ကို အရိုးဖြူသခင်လေးဟုခေါ်ကြခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင်၊ အရိုးဖြူသခင်လေးက သားကောင်ကို မြင်လိုက်ရသော မုဆိုးကဲ့သို့ စိတ်လှုပ်ရှားသော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
"တကယ်လို့ ငါသာ ကစဉ့်ကလျားသွေးအနှစ်သာရနဲ့ လေ့ကျင့်နိုင်ရင် အသွင်ကူးပြောင်းမှုကို ရရှိနိုင်တယ်"
အရိုးဖြူသခင်လေး၏ နှလုံးသားက ပူလောင်လာခဲ့သည်။
သူကား မြင့်မြတ်ဝိညာဉ်၏ အရင်းအမြစ်ပင်တည်း။ အကယ်၍ ကစဉ့်ကလျား သွေးအနှစ်သာရဖြင့် လေ့ကျင့်နိုင်ပါက ပို၍ အားကောင်းလာမည်မှာ သေချာသည်။
ထို့ကြောင့်၊ သူ့အတွက်တော့ ကစဉ့်ကလျားခန္ဓာကို အမဲလိုက်ခြင်းမှာ ဂုဏ်သိက္ခာမပြင် သူ၏ အသွင်ပြောင်းခြင်းနှင့်လည်း သက်ဆိုင်သည်။
အရိုးဖြူသခင်လေး၏အကြည့်ကို ခံစားမိတော့ ကျွင်းရှောင်ယောက် တစ်ချက်ပြုံးလိုက်လေသည်။
သူသည်လည်း မြင့်မြတ်ဝိညာဉ်ကျွန်းကို အနည်းငယ်မျှ နှစ်သက်ခြင်းမရှိပေ။
ယခင်က သူဟာ မြင့်မြတ်ဝိညာဉ်ကျွန်းမှ ပါရမီရှင် မော့ကျင်းယွိကိုပင် သတ်ခဲ့ဖူးသည်။
"ဟားဟားဟား၊ ဒီမှာ တကယ်အသက်ဝင်တာပဲ"
တစ်ဖက်က စကားသံကို ကြားလိုက်ရသည်။
နတ်ဆိုးစွမ်းအင်များ တဟုန်ထိုး တက်လာပြီး ကောင်းကင်ကို ဖုံးလွှမ်း၍ မှောင်မိုက်သော ညအဖြစ် ပြောင်းလဲသွား၏။
ထို့နောက် အနက်ရောင်ဝတ် အမျိုးသားတစ်ဦး ပေါ်လာတော့သည်။
အမှောင်ဘုရင်မျိုးရိုးမှ သူတော်စင်ယာမာ။
ထိုသူက အမှောင်ဘုရင်မျိုးရိုးမှ မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦးပင်။
"ဒီနေ့ ကစဉ့်ကလျားခန္ဓာကို ငါသတ်မယ်"
သူတော်စင်ယာမက ပြောလိုက်သည်။
သူ့လေသံက မာနကြီးပုံရသော်လည်း ထိုသို့ပြောနိုင်သော အရည်အချင်းမျိုး ရှိ၏။
ကျွင်းရှောင်ယောက်က သူတော်စင်ယာမာကို တစ်ချက်ကြည့်လိုက်သည်။
သဘာဝပတိုင်း၊ ကျွင်းရှောင်ယောက်က အမှောင်ဘုရင်မျိုးရိုးမှ လူများကို သက်ညှာလိမ့်မည် မဟုတ်ပေ။
ယခင်က ကျွင်းမိသားစု၏ အင်မော်တယ်စစ်ပွဲတွင် အမှောင်ဘုရင်မျိုးရိုးသည်လည်း ဝင်ရောက်စွက်ဖက်ခဲ့သည်။
ထိုစဉ်ကတည်းက သူဟာ ဤအမျိုးအနွယ်ကို သတ်ပစ်ချင်ခဲ့ပေသည်။
"ဘယ်သူတွေ ရှိသေးလဲ၊ ထွက်ခဲ့ကြ"
ကျွင်းရှောင်ယောက်က နက်နဲသော မျက်လုံးများဖြင့် အဝေးကို လှမ်းကြည့်လိုက်သည်။
ပုံရိပ်များစွာ ထပ်မံပေါ်လာခဲ့၏။
ယင်းက အင်မော်တယ်ခုံရုံးမှ ကူတိကျစ်၊ လင်ယွမ်၊ စန်းလီ၊ ယောင်ချင်းနှင့် အခြားသူများ ဖြစ်သည်။
အင်မော်တယ်ခုံရုံးမှ လူများ ရောက်လာပြီ။
ကျွင်းရှောင်ယောက်ကို ပထမဆုံး မြင်ရပြီးနောက် လင်ယွမ်၏ မျက်လုံးများက အံ့အားသင့်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
အသက်ရှူတာတောင် ခဏရပ်သွား၏။
ထိုလူက သရဲမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ကစဉ့်ကလျား အငွေ့အသက်များဖြင့် ဝန်းရံထားသည်။
သို့သော်လည်း လွန်စွာရင်းနှီးသော ခံစားချက်မျိုး ရှိ၏။
ထိုသူနှင့် အလွန်တူသည်။
သို့သော်လည်း အခြေအနေအမျိုးမျိုးက မဖြစ်နိုင်ကြောင်း လင်ယွမ်အား ပြောပြနေခဲ့ပေသည်။
ကစဉ့်ကလျားခန္ဓာတစ်ခုတည်းက အရာအားလုံးကို ရှင်းပြရန် လုံလောက်သည်။
ကျွင်းရှောင်ယောက်က မည်မျှ ထူးခြားသူဖြစ်နေစေကာမူ၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာမှ ကစဉ့်ကလျားခန္ဓာသို့ ပြောင်းလဲရန် မဖြစ်နိုင်ပေ။
ထို့အပြင်၊ ကောင်းကင်သရဖူက ကောင်းကင်နှင့်ကစားပွဲတွင် ကျွင်းရှောင်ယောက် ကျရှုံးသွားခဲ့ပြီဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ခဏတာ ငေးမောပြီးနောက် လင်ယွမ် သတိပြန်ဝင်လာခဲ့သည်။
'မဟုတ်ဘူး၊ ဒါက သူ မဟုတ်ဘူး။ သူ ဖြစ်လည်းမဖြစ်နိုင်ဘူး...'
လင်ယွမ်လည်း သူ့စိတ်ထဲမှ ရေရွတ်လိုက်လေသည်။
သို့သော် သူမ၏ နှလုံးသားထဲမှ နားလည်ရခက်သော နာကျင်မှုကို ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် ကောင်းကင်သင်္ဂြိုဟ်တောအုပ် တစ်ခုလုံးက အေးစိမ့်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်သွား၏။
အင်မော်တယ်ခုံရုံးမှ မျိုးဆက်များ၊ အမှောင်ဘုရင်မျိုးနွယ်မှ မျိုးစေ့အဆင့် ပါရမီရှင်၊ ယွီဟွာဝမ်၊ အရိုးဖြူသခင်လေးနှင့် အခြားသူများ...
ထိပ်သီး ပါရမီရှင်များစွာက ကစဉ့်ကလျားခန္ဓာကို ဝိုင်းရံထားကြပြီ။
တိုက်ပွဲကြီးတစ်ခု အမှန်တကယ် စတင်တော့မည် ဖြစ်သည်။