အခန်း ၉၉၄
Vol. 67 Ch. 994
အခန်း ( ၉၉၄ ) သွေးစတေးခံနယ်မြေ ဖွင့်လှစ်ပြီ။
ရှုံ့မဲ့နေသော မျက်နှာဖုံးအောက်မှ ကျွင်းရှောင်ယောက်၏ အမူအရာကတော့ မအံ့ဩသလို ငြိမ်သက်နေဆဲပင်။
ယခုအခါ၊ လင်ယွမ်က လင်ယွမ်မျှသာ မဟုတ်တော့ပါ။
သူမ၏ ဝိညာဉ်က အခြေအနေတစ်မျိုးဖြစ်နေပြီ ဖြစ်သည်။
သို့ရာတွင်...
ကံမကောင်းစွာဖြင့် ယခုအချိန်တွင် ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများအား သူ၏အထောက်အထားကို မဖော်ပြနိုင်သေးပါ။
အင်မော်တယ်ခုံရုံးမှ ဧကရာဇ်ငယ် လင်ယွမ်ကို မဆိုထားဘိ။
မင်းသမီးလုံကျိနှင့် တခြားသူများကိုပင် မဖော်ပြခဲ့ပေ။
ထို့ကြောင့် ယခုအချိန်တွင် လင်ယွမ်၏မေးခွန်းနှင့် ရင်ဆိုင်ရသောအခါ...
ကျွင်းရှောင်ယောက်က အပြောင်းအလဲမရှိသော လေသံဖြင့် လျစ်လျူရှုစွာ ပြောလိုက်သည်။
"မင်းက တကယ်သတ္တိရှိတာပဲ၊ ငါ အင်မော်တယ်ခုံရုံးကို ဧကရာဇ်ငယ်အသစ်တစ်ဦး အစားထိုးခွင့်ပေးလိုက်မှာ မင်း မကြောက်ဘူးလား"
သို့သော်လည်း ဤအခိုက်တွင် လင်ယွမ်က ခေါင်းမာတတ်သော ကောင်မလေးတစ်ယောက်ကဲ့သို့ အတင်းတွယ်ကပ်နေသည်။
"ငါ့ကို ပြောပါ၊ နင်က တကယ်ပဲ ဘယ်သူလဲ"
လင်ယွမ်၏ နှလုံးသားက အနည်းငယ် အခုန်မြန်နေခဲ့သည်။
ယင်းက သူကိုယ်တိုင်ကြောင့်လား၊ နတ်သမီးယွမ်ကြောင့်ပဲလား... သူ မသိပေ။
သို့တည်းမဟုတ် နှစ်မျိုးစလုံး ဖြစ်နိုင်သည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က လှည့်မကြည့်ဘဲ ဂရုမစိုက်သလို ပြောလိုက်သည်။
"ငါ ဘယ်သူဆိုတာက အရေးကြီးလို့လား"
"ဘာပဲဖြစ်ဖြစ် ငါတို့က ရန်သူတွေပဲ"
သူပြောသည်က မမှားပေ။
သူ့အထောက်အထားက တိုင်းတစ်ပါးမှ ကစဉ့်ကလျားခန္ဓာ သို့မဟုတ် ကျွင်းမိသားစု၏ နတ်ဘုရားသားတော် ဖြစ်ပါစေ... လင်ယွမ်နှင့် ရန်ဘက်အနေအထားတွင် ရှိသည်။
သို့ဖြစ်ပေရာ၊ သူ့အထောက်အထားများကြား မည်သို့ ကွာခြားပါမည်နည်း။
ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ လင်ယွမ်၏ သိမ်မွေ့သော ခန္ဓာကိုယ်ကလေးက ဆတ်ခနဲ တုန်ခါသွားသည်။
ပတ္တမြားသဖွယ် အနီရဲရဲနှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်၏။
ကျွင်းရှောင်ယောက်ကတော့ ပုံမှန်အတိုင်း ဆက်လျှောက်ပြီး တိုက်ရိုက်ထွက်ခွာသွားတော့သည်။
ထွက်ခွာသွားသော ကျွင်းရှောင်ယောက်၏ ကျောပြင်ကိုကြည့်ရင်း...
သူမ၏ ဖြူနုသော ပါးပြင်မှာ စိုစွတ်နေကြောင်း ရုတ်တရက် သတိပြုလိုက်မိသည်။
မျက်ရည်တစ်စက် စီးကျသွားခြင်း ဖြစ်၏။
ထိုမှသာ ကျွင်းရှောင်ယောက်ကို အမှန်တကယ် ဂရုစိုက်ခြင်း ဟုတ်၊မဟုတ်ဆိုတာ သူမ သိလိုက်သည်။
ကျွင်းရှောင်ယောက် ကွယ်လွန်သွားသည်မှာ နှစ်အတော်ကြာပြီဖြစ်သော်လည်း သူ့ကို လွမ်းဆွတ်နေသေးသည်။
ယင်းက ဝိညာဉ်နှစ်ခု ပေါင်းစည်းခြင်းနှင့် မဆိုင်ပေ။
နတ်သမီးယွမ်၏ ဝိညာဉ်က သူမနှင့် ပေါင်းစည်းထားခြင်း မရှိလျှင်ပင် ဤကဲ့သို့ ဖြစ်နေဆဲပင်။
အမှောင်တွင်းနက်ကြီးအောက်မှ မျိုးဆက်တစ်ရာ ချစ်ခြင်းမေတ္တာ...
ရှန်းရွှီကမ္ဘာမှ ပျော်ရွှင်ခြင်းပန်းနုရောင်ကြာပန်းအတွင်းမှ အဖြစ်အပျက်များ...
ထို့အပြင် သူမ၏ အိစက်သောပေါင်ပေါ်မှ ကျွင်းဆိုသော အမှတ်အသားတစ်ခု...
ကျွင်းရှောင်ယောက်နှင့် အခြေအနေများစွာ တွေ့ကြုံခဲ့ပြီးနောက်တွင်... လင်ယွမ်မှာ တစ်ဖက်လူကို ရန်ဘက်အဖြစ် မသတ်မှတ်နိုင်တော့ပါ။
သူ မသိလိုက်ခင်မှာပင် လဲကျသွားခဲ့ခြင်း ဖြစ်နိုင်သည်။
လင်ယွမ်လည်း ကျောက်စိမ်းလက်ကိုမြှောက်ပြီး ပါးပြင်ထက်မှ မျက်ရည်ကို သုတ်လိုက်သည်။
ထိုအခါမှ စိတ်တည်ငြိမ်မှု ပြန်လည်ရရှိလာခဲ့လေသည်။
အခြားတစ်ဖက်တွင်...
ကျွင်းရှောင်ယောက်က အေးအေးလူလူ လမ်းလျှောက်နေသည်။
လင်ယွမ်နှင့်ယှဉ်လျှင် သူဟာ အလွန် တည်ငြိမ်မှုရှိ၏။
နောက်ဆုံးတွင် စိတ်ခံစားချက်အပိုင်းမှာ အမျိုးသားများက အမျိုးသမီးများထက် အတိုင်းအတာ တစ်ခုအထိ ပို၍ တည်ငြိမ်သည်။
"အစ်ကိုကြီး၊ အဲဒီတစ်ယောက်က အင်မော်တယ်ခုံရုံးက ဖြစ်ပုံရတယ်"
ကျွင်းရှောင်ယောက်၏ ပခုံးပေါ်မှ ရှောင်ယီက ပြောလိုက်သည်။
အဓိပဓိအင်မော်တယ်ခုံရုံး၏ အင်မော်တယ်ရတနာဖြစ်သော ကောင်းကင်ဧကရာဇ်၏ပလ္လင် အမှတ်အသားကို သဘာဝအတိုင်း သူမှတ်မိပေသည်။
"အင်း၊ သူက အဓိပဓိအင်မော်တယ်ခုံရုံးရဲ့ ခေတ်ပြိုင်ဧကရီတစ်ဦးပဲ"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"ဒါပေမဲ့ သူ မင်းကို ဆက်ဆံပုံက..."
ရှောင်ယီက တအံ့တဩဖြင့် ကြည့်လိုက်၏။
အတိတ်တချိန်က ကျွင်းမိသားစုဟာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို စိုးမိုးရန်အတွက် အင်မော်တယ်ခုံရုံးနှင့် ယှဉ်ပြိုင်လိုခဲ့သည်ဟု သူ့အဖေပြောခြင်းကို ကြားခဲ့ဖူးသည်။
သို့ဖြစ်ပေရာ ဤအင်အားကြီးနှစ်ရပ်က ဆန့်ကျင်ဘက် အနေအထားတွင် ရှိသင့်ပေသည်။
ယခုမူ၊ အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်က ကျွင်းမိသားစုမှ နတ်ဘုရားသားတော်အား အမှန်တကယ် စိတ်ဝင်စားနေသည်မှာ အလွန်ထူးဆန်းသည်။
"မိန်းမတစ်ယောက်ရဲ့ စိတ်က ပင်လယ်ထဲက အပ်တစ်ချောင်းလိုပဲ။ သူတို့တွေကို နားလည်ဖို့က ခက်ခဲလွန်းပါတယ်"
"ရှောင်ယီ၊ မင်း ငယ်သေးတယ်။ ဒီရေက မင်းနားလည်ဖို့အတွက် နက်နဲလွန်းတယ် ကောင်လေး"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
ရှောင်ယီလည်း ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။
"အခု ငါတို့ ဘယ်ကိုသွားမလဲ"
"သွေးစတေးခံနယ်မြေ"
ကျွင်းရှောင်ယောက်က အဝေးကို လှမ်းမျှော်ကြည့်လိုက်သည်။
သူ့စိတ်ထဲတွင် အနည်းငယ် ထူးခြားနေ၏။ သွေးနတ်ဆိုးဧကရာဇ်သားတော်၊ ကျိမန်ဧကရာဇ်သားတော်နှင့် အခြားသူများက ယခုအချိန်ထိ မလှုပ်ရှားသေးပေ။
ယခင်က ထိုလူများဟာ သူ့အပေါ် မကောင်းသော အကြံအစည်များ ရှိပုံရသည်ဟု သူ ခံစားခဲ့ဖူးသည်။
"ကြည့်ရတာ သွေးစတေးခံနယ်မြေမှာ နောက်ထပ် ပြပွဲကောင်းတစ်ခု ဖြစ်လာဦးတော့မယ် ထင်တယ်"
ကျွင်းရှောင်ယောက်လည်း စဉ်းစဉ်းစားစားဖြင့် ရေရွတ်လိုက်လေသည်။
သွေးစတေးခံနယ်မြေမှာလည်း အကျိုးအမြတ်များစွာ ရရှိစေနိုင်သည့် အခွင့်အလမ်းရှိကြောင်း သူ ခံစားမိသည်။
ရှောင်ယီကို ခေါ်ဆောင်ရင်း ကျွင်းရှောင်ယောက်လည်း သွေးစတေးခံနယ်မြေသို့ ဦးတည်သွားတော့သည်။
.…….......
ပျက်စီးခြင်းနယ်စပ်ရှိ တားမြစ်နယ်မြေတစ်ခုအနေဖြင့် သွေးစတေးခံနယ်မြေတွင် မကြာသေးမီအချိန်များအတွင်း ကမောက်ကမဖြစ်ရပ်များစွာ ဖြစ်ပေါ်နေသည်။
ဤနေရာမှာ ကမ္ဘာနှစ်ဖက်မှ ထိပ်သီးပါရမီရှင်များ တိုက်ခိုက်ကြသော အဓိကစစ်မြေပြင် တစ်နေရာလည်း ဖြစ်၏။
သွေးစတေးခံနယ်မြေ၏ မြေပြင်က သွေးကဲ့သို့ နီရဲနေသည်။
ယင်းက မြေပြင်၏ သဘာဝအရောင်လော သို့တည်းမဟုတ် အဆုံးမဲ့အသက်များမှ သွေးများ စိမ့်ဝင်နေခြင်းပင်လော မသိနိုင်ပေ။
ဤအတောအတွင်း၌ ကမ္ဘာနှစ်ဖက်မှ ပါရမီရှင်များဟာ သွေးစတေးခံနယ်မြေတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။
သို့ရာတွင်၊ နက်နဲရာကိုတော့ မဝင်နိုင်ကြသေးပေ။
သို့သော်လည်း ကျဆုံးသွားသော ပါရမီရှင်များ၏ သွေးများက မြေကြီးထဲသို့ စိမ့်ဝင်သွားတော့ တုံ့ပြန်မှုတစ်မျိုးမျိုး ဖြစ်ပေါ်လာပုံရသည်။
ဤအခိုက်တွင်၊ သွေးစတေးခံနယ်မြေ၏ အစွန်းတစ်နေရာမှာ...
အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များစွာက သတိထားပြီး ရှေ့သို့ ရွေ့လျားသွားကြသည်။
ရုတ်တရက် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အနီရောင်ရုပ်သွင်တစ်ခု သူတို့ထံ ဦးတည်လာ၏။
"သေချင်နေတာပဲ"
အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များစွာလည်း ချက်ချင်း တုံ့ပြန်ပြီး နတ်ဘုရားသိုင်းများကို အသီးသီး ထုတ်ဖော်လိုက်တော့သည်။
"ဝှစ်"
အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သွားသည်။
နောက်အခိုက်တွင်...
အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်အားလုံး၏ လည်ပင်းတွင် သွေးစီးကြောင်းများ ပေါ်လာခဲ့၏။ ထိူ့နောက်မှာတော့ သွေးများ ပန်းထွက်လာပြီး ဦးခေါင်း ပြတ်ကျကုန်တော့သည်။
သူတို့အားလုံး၏ ရှေးဦးဝိညာဉ်သည်ပင် မလွတ်မြောက်ဘဲ ပျက်သုဉ်းသွားရသည်။
ထိုအခါမှ အနီရောင်ရုပ်သွင်က ရပ်တန့်သွားသည်။
စူးဟုန်ယီ ဖြစ်၏။
သူမက အနည်းငယ်ပိန်ပါးပြီး အနီရောင်ဝတ်စုံကိုသာ ဝတ်ဆင်သည်။
အနက်ရောင် ဆံနွယ်ရှည်များမှာတော့ ရေတံခွန်ကဲ့သို့ ဖြန့်ထား၏။
အရွယ်မရောက်သေးသဖြင့် ဘုရင်မကြီးများလောက် မလှပသေးသော်လည်း လှပနေဆဲ ဖြစ်သည်။
နဖူးထက်မှာတော့ ဆံစတချို့က ပြန့်ကျကာ သွေးနီရောင် မျက်လုံးတစ်စုံကို ဖုံးအုပ်ထား၏။
သူ့ကိုကြည့်ရသည်မှာ ဘေးအိမ်မှ ညီမလေးကဲ့သို့ပင်။
သို့သော်လည်း သွေးနီရောင်မျက်လုံးနှင့် ပြတ်သားသော သတ်ဖြတ်နည်းများက သူမ၏ လှပသောရုပ်သွင်နှင့် မကိုက်ညီပေ။
သူမက ကျွင်းရှောင်ယောက်၏ရှေ့တွင်သာ သိမ်မွေ့သော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ နေသည်။
အခြားလူများရှေ့မှာတော့ သူမက ရေခဲဘုရင်မကဲ့သို့ အေးစက်လှပေသည်။
"အခု ငါ့ရဲ့စွမ်းအားတွေက ပိုပြီး အားကောင်းလာပြီလို့ ခံစားရတယ်။ ကောင်းတယ်၊ ငါ ပိုပြီးတော့ သန်မာလာလေ... သခင်လေးကို ပိုပြီးတော့ ကူညီနိုင်လေလေပဲ"
စူးဟုန်ယီက သွေးစွန်းနေသော သူ့လက်များကို ငုံ့ကြည့်လိုက်သည်။
ငယ်ရွယ်နုပျိုသော သူ့လက်များက သွေးစွန်းနေရပြီဖြစ်သော်လည်း စိတ်အဆင်မပြေမှု သို့မဟုတ် လက်မခံလိုခြင်းမျိုး လုံးဝမရှိခဲ့ပေ။
ထိုအစား ပို၍ ပျော်ရွှင်လာမိသည်။
သူမ ပိုသန်မာလာပြီး ကျွင်းရှောင်ယောက်ကို ကူညီနိုင်သရွေ့ ပျော်ရွှင်နေလိမ့်မည်။
"ဝုန်း"
ဤအခိုက်တွင်... သွေးစတေးခံနယ်မြေ၏ ကောင်းကင်ပြင်က ကွဲအက်သွားပုံရသည်။
ကောင်းကင်တွင် သွေးရောင် တောက်ပသွား၏။
သွေးစတေးခံနယ်မြေ၏ ပတ်လည်ရှိ လူအားလုံး အက်ကြောင်းမှ သွေးများ စိမ့်ထွက်နေသည်ကို တွေ့လိုက်ရတော့သည်။
"သွေး... ဒါ သွေးတွေပဲ..."
လူတချို့၏ မျက်နှာများက ဖြူဖျော့သွားကာ အော်ဟစ်လိုက်ကြသည်။
သွေးစတေးခံနယ်မြေအထက် ကောင်းကင်ယံရှိ အက်ကြောင်းမှ သွေးများ စိမ့်ထွက်လာ၏။
ဒေါသတကြီး အော်ဟစ်နေသော အသံများကိုလည်း မပီပြင်ဝိုးတဝါး ကြားနေရသေးသည်။
ယင်းက ပါရမီရှင်များစွာကို ရေခဲဂူထဲ ပြုတ်ကျသွားသကဲ့သို့ ခံစားရစေခဲ့သည်။
သွေးစတေးခံနယ်မြေက တားမြစ်နယ်မြေတစ်ခုဆိုသည့်အတိုင်း အမှန်တကယ် အနည်းငယ် ထူးဆန်းသည်။
သို့သော်လည်း စူးဟုန်ယီ၏ စိတ်ထဲတွင် နားမလည်နိုင်သော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
သူမ၏ ဝမ်းဗိုက်အောက်ပိုင်းရှိ ကြယ်ပွင့်သဏ္ဍာန် မွေးရာပါအမှတ်အသားမှ ပူလောင်မှုကို ခံစားလိုက်ရ၏။
သွေးနီရောင် မျက်လုံးတစ်စုံမှာလည်း အကန့်အသတ်မဲ့ သွေးပင်လယ် ဖြစ်လာပုံရပြီး ပို၍ပင် နတ်ဆိုးဆန်ဆန်ဖြစ်လာတော့သည်။
"ဝှစ်"
စူးဟုန်ယီလည်း အနည်းငယ်မျှ မတုံ့ဆိုင်းတော့ဘဲ မြှားတစ်စင်းကဲ့သို့ သွေးစတေးခံနယ်မြေ၏ နက်နဲရာကို ပျံသန်းသွားတော့သည်။
အခြားတစ်ဖက်တွင်...
အစွမ်းထက်သော မျိုးစေ့အဆင့် ပါရမီရှင်အုပ်စုတစ်စုလည်း စုရုံးရောက်ရှိလာခဲ့သည်။
"နောက်ဆုံးတော့ သွေးစတေးခံနယ်မြေ ပွင့်သွားပြီ။ ယုန်ကိုစောင့်ပြီး ဖမ်းဆီးဖို့ပဲ ကျန်တော့တယ်"
ရွှေရောင်နဂါး အငွေ့အသက်များဖြင့် ရွှေရောင်နဂါးလှံကို ကိုင်ဆွဲထားသော လူငယ်တစ်ယောက်က ပြောလိုက်သည်။
ထိုလူငယ်ကတော့ နဂါးနန်းတော်၏ မျိုးစေ့အဆင့် ပါရမီရှင် ရွှမ်ဟောက်ချုံမှတပါး အခြားသူမဟုတ်ပေ။
"ဒါပေမဲ့ အဲဒီကစဉ့်ကလျားခန္ဓာက ဖြေရှင်းရ လွယ်ကူတာတော့ မဟုတ်ဘူး"
"ကောင်းကင်ပိုးတောင်ကြားရဲ့ ကောင်းကင်ပိုးသားတော်လည်း ကစဉ့်ကလျားခန္ဓာရဲ့လက်ထဲမှာ ကျဆုံးသွားခဲ့ပြီလို့ ငါကြားတယ်"
"နောက်ပိုင်း သူတော်စင်ယာမာ၊ အခြားသူတွေနဲ့ အင်မော်တယ်ခုံရုံးရဲ့ လူတစ်စုက ပူးပေါင်းပြီး တိုက်ခိုက်တော့လည်း ကစဉ့်ကလျားခန္ဓာကို အပြတ်ရှုံးနိမ့်ခဲ့တယ်တဲ့"
နောက်ကျောတွင် သက်တန့်ရောင်စုံ တောင်ပံတစ်စုံရှိပြီး ချစ်စရာကောင်းသော ရုပ်ရည်မျိုးရှိသည့် မိန်းကလေးတစ်ယောက်ကလည်း ပြောလိုက်သည်။
သူမက ရှေးဟောင်းတော်ဝင်မျိုးနွယ်၊ နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူမှ မျိုးစေ့အဆင့် ပါရမီရှင် တစ်ဦးပင်။ သူမ၏ အမည်က ဟွမ်းနီ ဖြစ်သည်။
"ငါတို့တွေ သွေးစတေးခံနယ်မြေကို အရင်ဝင်ကြတာပေါ့။ နဝမမြောက် ရှေးဟောင်းသတ်ဖြတ်ခြင်း အစီရင်နဲ့ ဒီကစဉ့်ကလျားခန္ဓာကို မသတ်နိုင်ဘူးလို့ ငါမယုံဘူး"
မြင့်မြတ်သော နေမီးလျှံများ တောက်ပနေသော လူတစ်ယောက်က ရှေ့သို့လှမ်းလာရင်း ပြောလိုက်သည်။
သူ့တကိုယ်လုံးကို အလွန်တောက်ပသော အလင်းရောင်များ ဖုံးလွှမ်းပြီး ပြိုးပြိုးပြက်ပြက် တောက်ပနေပုံရ၏။
ထိုလူငယ်ကား နေနတ်ဘုရားတောင်မှ ရွှေကျီးကန်းသူတော်စင်လေး ဖြစ်တော့သည်။
သူတို့အပြင်၊ ဤနေရာတွင် အစွမ်းထက် အရှိန်အဝါများဖြင့် မျိုးစေ့အဆင့် ပါရမီရှင် ဆယ်ဦးကျော် ရှိသည်။ သူတို့တစ်ဦးစီက အထင်ကြီးလောက်စရာ ခွန်အားများ ရှိ၏။
သို့သော်လည်း သူတို့အားလုံးမှာ တူညီသော အချက်တစ်ခု ရှိသည်။ ယင်းမှာ၊ သူတို့အားလုံးက ရှေးဟောင်းတော်ဝင်မျိုးနွယ်များ၏ မျိုးစေ့အဆင့် ပါရမီရှင်များ ဖြစ်နေကြခြင်းပင်။