← Chapters

အခန်း ၁၀၀၂

Vol. 67 Ch. 1002

အခန်း ၁၀၀၂

Vol. 67 Ch. 1002

အခန်း ( ၁၀၀၂ ) ကမ္ဘာဦးကျမ်း၏ တတိယပုံစံ၊ နတ်ဘုရား၏ စတေးခြင်း။

ကျွင်းရှောင်ယောက်က ကြယ်ကောင်းကင်တွင် ရပ်နေသည်။

ရှေးဟောင်းတော်ဝင်မျိုးနွယ်များမှ မျိုးစေ့အဆင့် ပါရမီရှင် တစ်ဒါဇင်ကျော်လည်း နဝမမြောက် ရှေးဟောင်း သတ်ဖြတ်ခြင်း အစီရင်ကို ပူးပေါင်းကာ ထိန်းချုပ်လိုက်၏။

သို့သော်လည်း တစ်ဖက်လူကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ပါ။

ကျွင်းရှောင်ယောက်က နေရာတွင်ရပ်ပြီး သူတို့ကို စိတ်ကြိုက် တိုက်ခိုက်စေခဲ့သော်လည်း သူ့အပေါ်တွင် သက်ရောက်မှု လုံးဝ မရှိခဲ့ပေ။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ရွှေကျီးကန်း သူတော်စင်လေး၊ ရွှမ်ဟောက်ချုံ၊ ဟွမ်းနီနှင့် အခြားသူများလည်း အမူအရာများ ပျက်ယွင်းကြသည်။ သူတို့၏ မျက်နှာများက စက္ကူကဲ့သို့ ဖြူဖျော့သွားတော့သည်။

ကျွင်းရှောင်ယောက် အဆင့်တက်သွားလျှင်ပင် သူတို့၏အမြင်မှာတော့ အားနည်းနေသင့်သည်။

နောက်ခြေတစ်လှမ်းဆုတ်ဦးမည်။

ကျွင်းရှောင်ယောက် ဒဏ်ရာမရခဲ့ပေ။

သို့သော်လည်း ကျင့်ကြံခြင်းအခြေခံက သူတို့နှင့်တူညီသော အဓိပဓိနယ်ပယ်သာ ဖြစ်သည်။

သို့ရာတွင် သူတို့က ဆယ်ဦးကျော်ဖြစ်ပြီး ကျွင်းရှောင်ယောက်ကတော့ တစ်ယောက်တည်း ဖြစ်၏။

အဓိပဓိနယ်ပယ်တွင်၊ ဆယ်ဦးကျော်နှင့် တစ်ဦးကို မဆိုထားဘိ။ နှစ်ယောက် တစ်ယောက် တိုက်ခိုက်ရန်ပင် မလွယ်ပေ။

"မဟုတ်သေးဘူး၊ သူ့နယ်ပယ်က သာမာန် အဓိပဓိနယ်ပယ် မဟုတ်ဘူး!"

"အဓိပတိနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ပဲ"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဆင့်ငယ် လေးခုကို ဆက်တိုက် ဖြတ်ကျော်သွားတာလား"

အရပ်ရပ်မှ ပါရမီရှင်များ အံ့ဩဘနန်း ဖြစ်သွားခဲ့ကြသည်။

သာမန်လူဖြစ်ပါက ကပ်ဘေးဖြတ်ကျော်ပြီးလျှင် အဓိပဓိနယ်ပယ် အစောပိုင်းအဆင့်သို့သာ ရောက်နိုင်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်‌ကတော့ အဓိပဓိနယ်ပယ် နှောင်းပိုင်းအဆင့်သို့ တိုက်ရိုက်ဖြတ်ကျော်သွားခဲ့ပြီ။

"ကြောက်စရာကောင်းလွန်းတယ်"

အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

သူတို့အတွက်၊ တိုင်းတပါးမှ ကစဉ့်ကလျားခန္ဓာမှာ နောက်ဆုံးသူဌေးကြီးကဲ့သို့ တည်ရှိမှုတစ်ခု ဖြစ်နေပြီ။

တိုင်းတစ်ပါးမှ အင်မော်တယ်ဘုရင်များထက်ပင် သူ၏ဖိအားက ပို၍ ကြီးမားသည်။

နောက်ဆုံးတွင်၊ ထိုအင်မော်တယ်ဘုရင်များက မည်မျှပင် သန်မာနေစေကာမူ... လက်ရှိအဆင့်မှ ရှေ့သို့ ခြေတစ်လှမ်းတိုးရန် အလွန်ခက်ခဲပြီး နှစ်ပေါင်းများစွာ ကြာလိမ့်မည်။

သို့ရာတွင်၊ အဆုံးစွန်ကပ်ဘေးကို လွတ်မြောက်ခဲ့သော ကစဉ့်ကလျားခန္ဓာက အဆုံးမဲ့အလားအလာများ ရှိသည်။

"သေစမ်း"

အောင်ပွဲက လက်ထဲတွင်ရှိသည်ဟု ယုံကြည်မှုရှိနေသော ရွှေကျီးကန်းသူတော်စင်လေးသည်ပင် ဤအခိုက်တွင် စိုးရိမ်မှုတို့ ခံစားလာရသည်။ သူ၏ မသိစိတ်မှ နောက်ဆုတ်ချင်စိတ်များပင် ဖြစ်လာခဲ့သည်။

သူ့နောက်ကျောမှ ချွေးစေးများပင် စီးကျလာ၏။

သို့သော်လည်း ကောင်းကင်တွင်ရပ်နေသော ကျွင်းရှောင်ယောက်က လျစ်လျူရှု‌သောအကြည့်ဖြင့် အားလုံးကို ကြည့်နေသည်။

ကမ္ဘာဦးကျမ်း၏ တတိယပုံစံကို စမ်းသပ်ရန် ဤမျိုးစေ့အဆင့် ပါရမီရှင်များကို အသုံးပြုပါက သင့်လျော်မည်။

ကျွင်းရှောင်ယောက်က သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်စွမ်းအားများ စီးဆင်းလာ၏။

မိုးနှင့်မြေကြားမှ ကမ္ဘာကြီးက ရုတ်တရက် မှောင်မိုက်သွားခဲ့သည်။

လေထဲတွင် သွေးမှုန်များ လွင့်မျောလာ၏။

ကျမ်းစာရွတ်ဆိုသံများလည်း မပီပြင်ဝိုးတဝါး ထွက်ပေါ်လာတော့သည်။

သို့သော်...

ဤကျမ်းစာများက ဗုဒ္ဓကျမ်းစာ ရွတ်ဖတ်သံများ မဟုတ်ပါ။

ထိုအစား...

နတ်ဆိုးများ၊ တစ္ဆေများ၊ အသူရာများက ရွတ်ဆိုနေသကဲ့သို့ ဖြစ်သည်။

တချိန်တည်းမှာပင် လေထဲမှာ ကမ္ပည်းစာလုံးများက ပြည့်နှက်စွာ ပေါ်လာခဲ့၏။

ယင်းက သက်ရှိအားလုံးကို သွေးစတေးခြင်း၏ ကမ္ပည်းစာများ ဖြစ်တော့သည်။

"ဘာ... ဘာတွေဖြစ်လာတာလဲ"

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်၏ ခြေဖဝါးအောက်မှာ အဆုံးမဲ့အရိပ်များ ပေါ်လာသည်။

မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ ငိုကြွေးမြည်တမ်းပြီး ကျိန်ဆိုနေကြပုံ ရ၏။ တချိန်တည်းမှာပင် အမှောင်မီးလျှံများ တောက်လောင်လာတော့သည်။

ထိုမီးတောက်များက မြေကြီးတပြင်လုံးကို လောင်ကျွမ်းစေသည်။

အမှောင်မီးတောက်အတွင်းမှလည်း သတ္တဝါများ အော်ဟစ်ညည်းညူသံများက သွေးပျက်ချောက်ချားဖွယ် ထွက်ပေါ်နေတော့သည်။

မြင်ကွင်းက အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းသည်။

ယင်းကြောင့် ပတ်ဝန်းကျင်မှ ပါရမီရှင်အားလုံး ကြက်သီးတဖြန်းဖြန်းထလာခဲ့ရသည်။ တချို့ဆိုလျှင် နေရာမှ ထပ်မံ ဆုတ်သွားကြ၏။

ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်က အမှောင်နှင့်ဖျက်ဆီးခြင်း၏ နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

သူ၏ ခြေတစ်လှမ်းဖြင့် သက်ရှိသတ္တဝါအားလုံး သေကြေပျက်စီးကြလိမ့်မည်။

"နတ်ဘုရား၏ စတေးခြင်း"

ကျွင်းရှောင်ယောက်က သူ၏ညာဖက်လက်ကို မြှောက်လိုက်သည်။ အတွင်းစကြာဝဠာရှိ စကြဝဠာ၏မူလစွမ်းအားက သက်ရှိသတ္တဝါများကို စတေးခံခြင်းမှ ကျွင်းရှောင်ယောက် နားလည်ထားသော စွမ်းအားနှင့် ပေါင်းစပ်သွား၏။

ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုက အဝေးသို့ ပျံ့နှံ့ထွက်ပေါ်လာတော့သည်။

"မြန်မြန် ပြန်ဆုတ်ကြ"

ဤအခိုက်တွင်၊ ရွှေကျီးကန်းသူတော်စင်လေးနှင့် ရှေးဟောင်းတော်ဝင်မျိုးနွယ်များမှ အခြား မျိုးစေ့ပါရမီရှင်များပင် သွေးပျက်သွားကြသည်။

သို့သော်...

ထိုအခါမှ နယ်မြေတစ်မျိုးမျိုးဖြင့် ထိန်းချုပ်ခံထားရသကဲ့သို့ မလွတ်မြောက်နိုင်တော့ကြောင်း တွေ့လိုက်ရ၏။

"ဘာ... ဘာကြီးလဲ"

ဟွမ်းနီ၏ နူးညံ့သော ခန္ဓာကိုယ်ကလေးက တဆတ်ဆတ် တုန်သွားသည်။

ထိုအခိုက်တွင်၊ သူမ၏ ဖြူနုသော လက်မောင်းပေါ်မှာ သွေးနီရောင် မန္ဒလာပန်းပွင့်လေး ရုတ်တရက် ပေါက်လာသည်ကို သူ တွေ့လိုက်ရသည်။

ဤမန္ဒလာပန်းက သွေးဖြင့်ရေလောင်းထားသကဲ့သို့ ရွှဲနစ်နေ၏။

ဟွမ်းနီလည်း သူမ၏ ခန္ဓာကိုယ်ထဲတွင် ပေါင်းစည်းထားသော နိယာမက ဆွေးမြေ့ပြိုကွဲသွားပြီး မန္ဒလာပန်း၏ စုပ်ယူခံရသည်ကို ခံစားလိုက်ရတော့သည်။

ထို့နောက် ဟွမ်းနီ၏ ခန္ဓာကိုယ်ပေါ်တွင် ဒုတိယနှင့် တတိယ မန္ဒလာပန်းများ ပေါ်လာခဲ့သည်။

ထိုပန်းပွင့်အားလုံးကလည်း ဟွမ်းနီ၏ စွမ်းအင်၊ နိယာမစွမ်းအား စသည်တို့ကို စုပ်ယူနေကြ၏။

သူတို့အတွက် ဟွမ်းနီ၏ နူးညံ့သော ခန္ဓာကိုယ်ကလေးက မြေသြဇာကောင်းသော မြေဆီလွှာတစ်ခု ဖြစ်နေသကဲ့သို့ပင်။

ယင်းက အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းလှသည်။ ဟွမ်းနီ၏ လှပသောမျက်နှာကလေးက ကြောက်လွန်းသဖြင့် ဇီးရွက်မျှသာ ရှိတော့သည်။

သူ့အပြင် ရွှေကျီးကန်းသူတော်စင်‌လေး၊ ရွှမ်ဟောက်ချုံနှင့် ရှေးဟောင်းတော်ဝင်မျိုးနွယ်များမှ အခြားသူများမှာလည်း အလားတူပင် ဖြစ်သည်။

"ဒါက ဘာကြီးလဲ"

"ဒါက ငါ့ရဲ့ နိယာမစွမ်းအားကို စုပ်ယူနေတာပဲ"

ရွှမ်ဟောက်ချုံက ကြောက်လန့်တကြား‌ အော်ဟစ်ပြီး ဆွဲဖယ်ပစ်ရန် ကြိုးစားလိုက်သည်။

သို့ရာတွင် ဆွဲနှုတ်လိုက်သည်နှင့် ပြင်းထန်သော နာကျင်မှုကို ခံစားရ၏။

မန္ဒလာပန်းက နှုတ်မရနိုင်ဘဲ နှလုံးသားထဲမှာ အမြစ်တွယ်နေသကဲ့သို့ပင်။

ယင်းက ရှေးဟောင်းတော်ဝင်မျိုးနွယ်များမှ မျိုးစေ့ပါရမီရှင် တစ်ဒါဇင်ကျော်စလုံးကို ဆံပင်များထောင်ထသွားစေခဲ့သည်။

သူတို့သာမကဘဲ ဘေးမှ ကြည့်နေကြသည့် ပါရမီရှင်များလည်း ကြောက်ရွံ့မှုကို ခံစားလိုက်ကြရလေသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ လုပ်လေ့ရှိသည့် တိုင်းတစ်ပါးမှ ပါရမီရှင်များပင်လျှင် လေအေးကြီးကို ရှူရှိုက်လိုက်မိသည်။

"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ရွှေကျီးကန်းသူတော်စင်လေး၏ ခန္ဓာကိုယ်က နေမီးလျှံများ တောက်လောင်လာခဲ့သည်။ သူက သွေးနီရောင်မန္ဒလာပန်းများကို လောင်ကျွမ်းပစ်ရန် ကြိုးစားခြင်း ဖြစ်၏။ သို့သော်လည်း အသုံးမဝင်ပေ။

ယင်းကြောင့် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ အမူအရာကတော့ မပြောင်းလဲပေ။

သက်ရှိသတ္တဝါအားလုံးကို စတေးပြီး သေဆုံးခြင်းကို ထိန်းချုပ်ထားသော ပျက်စီးခြင်း၏ဘုရားကဲ့သို့ လက်ကို မြှောက်ထားဆဲ ဖြစ်သည်။

ဤသည်မှာ နတ်ဘုရား၏အလင်းနှင့် နတ်ဘုရား၏ပြစ်ဒဏ်ပြီးနောက် ကျွင်းရှောင်ယောက် ဖန်တီးထားသော တတိယပုံစံ ဖြစ်သည်။

ကမ္ဘာဦးကျမ်း၊ နတ်ဘုရား၏ စတေးခြင်း။

နတ်ဘုရားကို သာမန်လူများနှင့် စတေးခံ ယဇ်ပူဇော်ခြင်း။

နတ်ဘုရားက သက်ရှိသတ္တဝါများနှင့် ဝိညာဉ်အားလုံးကို လျစ်လျူရှုထားသည်။

သာမန်လူများကို စတေးပြီး ကိုယ့်ကိုကိုယ် ပြန်လည်ကျွေးမွေး၏။

ဤအခိုက်အတန့်တွင်...

ရွှေကျီးကန်း သူတော်စင်လေးနှင့် အခြားသူအားလုံးက စတေးခံများဖြစ်ကြောင်း သံသယဖြစ်စရာ မလိုတော့ပေ။

ဖျက်ဆီးခြင်း၏ နတ်ဘုရား ကျွင်းရှောင်ယောက်အား ယဇ်ပူဇော်ခြင်း ဖြစ်သည်။

"ဝမ်"

သွေးနီရောင်မန္ဒလာပန်းများက ကျိုးယိုးတောင်ဆက်ခံသူ၏ ခန္ဓာကိုယ်တွင် ပေါက်လာခဲ့သည်။

ထို့နောက် သွေးရောင် မန္ဒလာပန်းအားလုံးက တပြိုင်နက်တည်း လုံးလုံးလျားလျား ပွင့်သွား၏။

ကျိုးယိုးတောင်ဆက်ခံသူ၏ ခန္ဓာကိုယ်သည်လည်း ချက်ချင်း ပျက်သုဉ်းသွားတော့သည်။

ထိုအခါ သွေးရောင်မန္ဒလာပန်းက သွေးစီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။

ကျွင်းရှောင်ယောက်လည်း နိယာမအပိုင်းအစများနှင့် စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာကြောင်း ချက်ချင်း ခံစားလိုက်ရလေသည်။

သွေးရောင်မန္ဒလာပန်းက ကျိုးယိုးတောင်ဆက်ခံသူ၏ ခန္ဓာကိုယ်မှ နိယာမနှင့် စွမ်းအင်များကို စုပ်ယူပြီးနောက် ကျွင်းရှောင်ယောက်ထံ တစ်ဖန် ပို့ပေးသည်။

ဤလှုပ်ရှားမှုကို လွန်စွာ လွှမ်းမိုးချုပ်ကိုင်သည်ဟု ဆို၍ရပေသည်။

"မျိုးစေ့အဆင့် ပါရမီရှင်တစ်ယောက်က ဒီလိုမျိုး နည်းနည်းမှ မခုခံနိုင်ဘဲ သေသွားရတယ်။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..."

ပတ်ဝန်းကျင်ရှိ နယ်ပယ်နှစ်ခုမှ ပါရမီရှင်များအားလုံး အလွန်အေးစက်သော ရေခဲလှိုဏ်ဂူတစ်ခုထဲသို့ ကျသွားသလို ခံစားလိုက်ကြရသည်။

"ဒီလိုနည်းလမ်းမျိုးက..."

လင်ယွမ်သည်ပင် တုန်လှုပ်သွားမိသည်။

ဤမျှ ကြောက်စရာကောင်းသော လှုပ်ရှားမှုက သူမကို တုန်လှုပ်ချောက်ချားစေခဲ့၏။

ထူးဆန်းပြီး ကြောက်စရာကောင်းလွန်းလှပေသည်။

All Chapters