← Chapters

အခန်း ၁၀၁၄

Vol. 68 Ch. 1014

အခန်း ၁၀၁၄

Vol. 68 Ch. 1014

အခန်း ( ၁၀၁၄ ) လော့ရှန်းလင် အချစ်မှာ ကျရှုံးပြီ။

ကျွင်းရှောင်ယောက်ကို ဤအချိန်မျိုးမှာမှ ရုတ်တရက် နိုးလာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

‌လော့ရှန်းလင်က သူ့လက်ကို ပြန်ရုတ်ချင်သော်လည်း ကျွင်းရှောင်ယောက်က လွှတ်‌မပေးဘဲ ခပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့သည်။

"မင်း... မင်း နိုးပြီလား"

‌လော့ရှန်းလင် တွန့်ဆုတ်စွာ ပြောလိုက်သည်။

သူမ၏ ရှည်လျားသော မျက်တောင်များက အနည်းငယ် ညွှတ်ဆင်းပြီး မျက်လွှာချသွား၏။

ကျွင်းရှောင်ယောက်၏ စူးရဲသော မျက်လုံးများကို သူမ မကြည့်ဝံ့တော့ပေ။

'ငါဘာဖြစ်နေတာလဲ'

‌လော့ရှန်းလင်လည်း သူ့ကိုယ်သူ အနည်းငယ် မယုံနိုင်သလို ခံစားလိုက်ရသည်။

သူကား စစ်နတ်ဘုရားနန်းတော်၏ မြင့်မြတ်သော အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော် လော့ဝမ် ဖြစ်သည်။

ကျွင်းရှောင်ယောက်ကမူ အဓိပဓိတစ်ပါးသာ ဖြစ်၏။

သူတို့နှစ်ဦးကြားမှ ကွာခြားမှုက မိုးနှင့်မြေပမာ ကြီးမားလွန်းလှသည်။

သို့သော်လည်း သူမ၏ နှလုံးသားမှာ ရှုပ်ထွေးနေလေသည်။

အကယ်၍ အခြားသူများသာ ဤနေရာတွင် ရှိနေပါက အားလုံး အံ့ဩမဆုံးနိုင် ဖြစ်ရမည် ဖြစ်သည်။

ရေခဲကဲ့သို့ အေးစက်သော လော့ဝမ်သည်လည်း ဆယ်ကျော်သက် ကောင်မလေးပမာ ရှက်ရွံ့နေတတ်သေးသလော။

ယင်းက လော့ဝမ်အပေါ် သူတို့၏ နားလည်မှုကို ပြန်လည်ဆန်းသစ်စေလိမ့်မည်။

"ဒီရက်တွေထဲမှာ ကျွန်တော်ကို ရှန်းလင် ပြုစုပေးနေခဲ့တာပဲ"

ကျွင်းရှောင်ယောက်က ‌လော့ရှန်းလင်ကို ကြည့်လိုက်သည်။

"မင်း နေကောင်းမှတော့ ငါလည်း စိတ်ချနိုင်ပါပြီ"

‌လော့ရှန်းလင်လည်း လှုပ်ရှားနေသော သူမ၏စိတ်ကို ထိန်းချုပ်လိုက်သည်။

ကျွင်းရှောင်ယောက်၏ရှေ့တွင် ရှက်စရာကောင်းအောင် ဆယ်ကျော်သက်လေးတစ်ဦးကဲ့သို့ သူမ မပြုမူချင်ပေ။

"ကျေးဇူးအများကြီးတင်ပါတယ်"

ကျွင်းရှောင်ယောက်လည်း မတ်တပ်ထရပ်ပြီး ရိုးရိုးသားသား ပြောလိုက်သည်။

ဤသည်က ဟန်ဆောင်နေခြင်း မဟုတ်ပေ။

ကျွင်းရှောင်ယောက်၏ မူလရည်ရွယ်ချက်က နောက်ခံကောင်းအတွက် လော့ရှန်းလင်၏ပေါင်ကို ဖက်ထားရန်သာ ဖြစ်သည်။

သို့သော်လည်း ယခုတော့ အခြေအနေများက မျှော်လင့်ထားသည်ထက် များစွာ တိုးတက်နေခဲ့ပြီ။

သူ သရုပ်ဆောင်ချင်လျှင်ပင် မစဉ်းစားနိုင်တော့ပေ။

"မင်း ငါ့လက်ကို အရင်လွှတ်ပေးလို့ရမလား"

‌လော့ရှန်းလင်က တိုးညှင်းသောလေသံလေးဖြင့် ပြောလိုက်သည်။

ဤနေရာတွင် အခြားမည်သူမျှမရှိသော်လည်း အနည်းငယ် ရှက်ရွံ့နေသေးသည်။

"အို...တောင်းပန်ပါတယ်"

ကျွင်းရှောင်ယောက်လည်း ဤတော့မှ သူ့လက်ကို လွှတ်လိုက်သည်။

သူတို့ နှစ်ယောက်ကြားတွင် ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်သွား၏။

"ဒါနဲ့၊ ကျွန်တော်ရဲ့ ဒဏ်ရာတွေ..."

ခဏကြာမှ၊ ကျွင်းရှောင်ယောက်က မသိချင်ဟန်ဆောင်ကာ မေးလိုက်သည်။

"ဒါက မင်းရဲ့ခန္ဓာကိုယ်ထဲကို စစ်နတ်ဘုရားနန်းတော်ရဲ့ နဂါးသွေးကြောကို ပေါင်းထည့်ပေးလိုက်လို့ပဲ"

‌လော့ရှန်းလင်က ပြောလိုက်သည်။

"ဒီလိုကိုး..."

ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်၏။

သူ့ခန္ဓာကိုယ်အတွင်း၌ နဂါးသွေးကြောတစ်ခုကို ဖိနှိပ်ထားပြီး သူ့ခန္ဓာကိုယ်အား အာဟာရဖြည့်ပေးနေသည်ကို သူခံစားနိုင်သည်။

ထို့နောက်မှာတော့ ကျွင်းရှောင်ယောက်က နဂါးသွေးကြောကို အတွင်းစကြာဝဠာထဲသို့ ပေါင်းထည့်ရလိမ့်မည်။

သူ၏ အတွင်းစကြာဝဠာတွင်၊ ရှန်းရွှီကမ္ဘာမှ ရရှိထားသော အင်မော်တယ်ရင်းမြစ် ဘိုးဘွားသွေးကြောလည်း ရှိသည်။

ဤနည်းအားဖြင့် သူ၏ အတွင်းစကြာဝဠာတွင် အင်မော်တယ်ရင်းမြစ် ဘိုးဘွားများသွေးကြောများနှင့် နဂါးသွေးကြောများ ရှိလာလိမ့်မည်။

ထိုအခါ သူ၏ အတွင်းစကြာဝဠာတွင် လုံလောက်သော ဝိညာဉ်စွမ်းအင်များရှိပြီး ပို၍လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်သည်။

ယင်းက သူ၏ ကျင့်ကြံခြင်းအတွက်လည်း အလွန်အကျိုးရှိပေသည်။

"မင်းက တကယ်ကို အံ့သြစရာကောင်းတာပဲ။ ပျက်စီးခြင်းနယ်စပ်မှာ မင်းလုပ်ခဲ့တဲ့ အောင်မြင်မှုတွေက အံ့ဖွယ်ကောင်းလှတယ်။ အဲဒီအတွက် နောက်ကျရင် နန်းတော်က မင်းအတွက် ပွဲတစ်ခု လုပ်ပေးပါလိမ့်မယ်"

‌လော့ရှန်းလင်က ပြောလိုက်သည်။

"ဒါဟာ သေးငယ်တဲ့ အောင်မြင်မှုလေးတွေပါ။ ပျက်စီးခြင်းနယ်စပ်မှာ ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ နာမည်ဂုဏ်သတင်း ကျော်ကြားတာထက်စာရင်... ရှန်းလင်ရဲ့ ဝါးတောလေးထဲမှာပဲ ရှန်းလင်နဲ့အတူ တာအိုတရားဆွေးနွေးရင်း လက်ဖက်ရည်သောက်ရတာကို ပိုနှစ်သက်တယ်"

ကျွင်းရှောင်ယောက်က ‌လော့ရှန်းလင်ကိုကြည့်ရင်း ပြုံးပြီး ပြောလိုက်၏။

‌လော့ရှန်းလင်၏ နှုတ်ခမ်းဖူးလေးများက တွန့်ကွေးပြီး ပြုံးသွားသည်။ သူမ၏ မျက်လုံးများမှာလည်း သူကိုယ်တိုင် သတိမထားမိသော ပျော်ရွှင်မှုအရိပ်အယောင်များ ပေါ်လာတော့သည်။

သူမ၏ဘေးတွင် ကျွင်းရှောင်ယောက် ရှိနေခြင်းကို သူ သဘောကျသည်။

ထို့နောက်တွင်၊ တစ်ခုခုကို သတိရသွားဟန်ဖြင့် ‌လော့ရှန်းလင်၏ အမူအရာက လေးနက်လာပြီး ပြောလိုက်၏။

"ရှောင်ယောက်၊ ငါ့ကိုပြောစမ်းပါ။ ပိအန်းမင်းသားနဲ့ တခြားသူတွေရဲ့ နောက်ကွယ်ကလူဟာ ဘုရင်ဖုဖုန်း မဟုတ်လား"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားသည်။

‌လော့ရှန်းလင်လည်း သတိထားမိပုံရ၏။

သို့ရာတွင်၊ သူက ခဏစဉ်းစားပြီးနောက် ဘာမျှ မပြောတော့ပါ။

"ငါ့ကိုပြောပါ၊ ဒါ အမှန်ပဲလား။ အမှန်ဆိုရင် သူ့ကိုသတိပေးမယ်၊ မဟုတ်ရင်လည်း ရှန်းအောင်ဘုရင်ကို ဆုံးမခိုင်းရမယ်"

‌လော့ရှန်းလင်က ရှားရှားပါးပါး လေးနက်သော လေသံဖြင့် ပြော၏။

ဤကိစ္စကို သူမ အလွန် အလေးအနက်ထားကြောင်း ထင်ရှားသည်။

ရှန်းအောင်ဘုရင်က စစ်နတ်ဘုရားနန်းတော်၏ အင်မော်တယ်ဘုရင်ဖြစ်မှန်း ကျွင်းရှောင်ယောက် သိပေသည်။

သို့သော်လည်း သူက ခေါင်းကို အနည်းငယ်ခါယမ်းပြီး ပြောလိုက်သည်။

"ဒါက ဘုရင်ဖုဖုန်း ဖြစ်နိုင်မှန်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သူ့ကိုသွားရှာစရာ မလိုဘူး"

"ဘာလို့လဲ"

‌လော့ရှန်းလင် အံ့ဩသွား၏။

"ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေထဲ ရှန်းလင်ကို မပါဝင်စေလို့ပဲ"

"ဘာပဲဖြစ်ဖြစ် ဘုရင်ဖုဖုန်းက အင်မော်တယ်ဘုရင်တစ်ပိုင်းဖြစ်ပြီး ရှန်းလင်နဲ့ အဆင့်တူပဲလေ။ သူ့ကို စော်ကားမယ်ဆိုရင် ရှန်းလင်လည်း အခက်ကြုံရလိမ့်မယ်"

"ရှန်းလင်က အေးချမ်းမှုကို နှစ်သက်တယ် မဟုတ်လား။ ကျွန်တော်ကြောင့် ရှန်းလင်ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး"

ကျွင်းရှောင်ယောက်က တည်ငြိမ်ပြီး ရိုးသားသော လေသံဖြင့် ပြောလိုက်၏။

ထိုစကားကို ကြားရသောအခါ ‌လော့ရှန်းလင်၏စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။

ကျွင်းရှောင်ယောက်က သူ့ဘက်ကို လွန်စွာ တွေးပေး၏။

ကျွင်းရှောင်ယောက်ဟာ သူမ၏‌ အေးချမ်းမှုကို အနှောင့်အယှက် မဖြစ်‌စေရန်အတွက်၊ အားကောင်းသော ရန်သူ၏ ပစ်မှတ်ထားခြင်းကိုပင် ဂရုမစိုက်ခဲ့ပေ။

မည်သည့် အမျိုးသမီးက ဤကြင်နာမှုမျိုးကို တောင့်ခံနိုင်မည်နည်း။

ကျွင်းရှောင်ယောက်၏ သရုပ်ဆောင်မှုနှင့် ပရောပရည်ပြုခြင်းစွမ်းရည်က အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟုသာ ပြောနိုင်သည်။

‌လော့ရှန်းလင်ကဲ့သို့ သန်မာသော်လည်း ရိုးသားဖြူစင်သော အမျိုးသမီးကို မဆိုထားဘိ...

နက်ရှိုင်းသော အတွေ့အကြုံနှင့် ရင့်ကျက်သော အမျိုးသမီးများပင်လျှင် သေသည်အထိ လှည့်စားခြင်းခံရလိမ့်မည်။

‌လော့ရှန်းလင်၏ နီမြန်းနေသော မျက်နှာလေးကို မြင်ရပြီးနောက်...

ကျွင်းရှောင်ယောက် အနည်းငယ် အံ့ဩသွားသည်။

ရှက်ရွံ့နေသော ‌‌လော့ရှန်းလင်၏ပုံစံလေးက တစ်မျိုးတစ်ဖုံ ချစ်စရာကောင်း၏။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားပြီးနောက် ရှေ့သို့လှမ်းကာ ‌လော့ရှန်းလင်ကို ညင်သာစွာ ပွေ့ဖက်လိုက်တော့သည်။

‌လော့ရှန်းလင်၏ ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်သွားသည်။

မူလက အရိုးမရှိသကဲ့သို့ နူးညံ့ပျော့ပျောင်းသော ခန္ဓာကိုယ်လေးက ဤအခိုက်တွင် အေးစက်တောင့်တင်းသွား၏။

သူမ အသိစိတ်ရှိကတည်းက တစ်စုံတစ်ယောက်နှင့် ဤကဲ့သို့ နီးကပ်စွာဆက်ဆံပြီး‌ ပွေ့ဖက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

သူမ ဘာကိုမျှ မတွေးနိုင်တော့ပေ။

ကြောင်တက်တက်ဖြစ်နေပြီး ကျွင်းရှောင်ယောက်ကို ပွေ့ဖက်ခွင့်ပေးလိုက်သည်။

ဤအခိုက်တွင် အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့် စွမ်းအင်အားလုံး ပျောက်ကွယ်နေသလို စုစည်းမရတော့ပေ။

ယခုအချိန်မှာ သူမက တကယ်ကို ရိုးရှင်းသော ကောင်မလေးတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။

ကျွင်းရှောင်ယောက်က ပွေ့ဖက်ထားရင်းမှ ‌လော့ရှန်းလင်၏ ဖြူနုသော နားအနီးသို့ကပ်ကာ ခပ်တိုးတိုးတိုး ပြောလိုက်လေသည်။

"ရှန်းလင်၊ ဒီအတောအတွင်းမှာ ကျွန်တော်ရဲ့ ဒဏ်ရာတွေကို ကုသဖို့ မင်းအများကြီး အားထုတ်ခဲ့ရမယ်ဆိုတာ သိပါတယ်"

"ဒါ့အပြင် မင်းမှာ မင်းရဲ့အတိတ်နဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေရှိတယ်ဆိုတာ သိတယ်"

"ဒါကို အတင်းမေးမှာ မဟုတ်ဘူး"

"ဒါပေမဲ့ တစ်နေ့မှာ တစ်ခုခုကို ရင်ဖွင့်ချင်ရင် ကျွန်တော် နားထောင်ပေးမယ်"

ဤနူးညံ့သိမ်မွေ့သောစကားများက ‌လော့ရှန်းလင်၏ ခန္ဓာကိုယ်လေးကို အနည်းငယ်ပျော့ပျောင်းသွားစေခဲ့သည်။

သူ့တွင် မည်သူ့ကိုမျှမပြောဖူးသော ကိုယ်ပိုင်အတိတ်နှင့် လျှို့ဝှက်ချက်များ အမှန်တကယ် ရှိ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်က ပါးနပ်ပြီး ထိုအကြောင်းကိုသိသည့်တိုင် အတင်းအကြပ် မမေးပေ။

ထိုသို့ နားလည်ပေးတတ်သော...

ထိုသို့ ငဲ့ညှာပေးတတ်သော ယောက်ျား။

"အင်း"

‌လော့ရှန်းလင်လည်း ခပ်တိုးတိုးလေး တုံ့ပြန်လိုက်သည်။ ကျွင်းရှောင်ယောက်ကတော့ သူ့ကို ပွေ့ဖက်ထားဆဲပင်။

အတန်ကြာမှ ကျွင်းရှောင်ယောက်က ပွေ့ဖက်ခြင်းမှ လွှတ်လိုက်သည်။

‌လော့ရှန်းလင်လည်း သူမ၏ နှလုံးသားထဲတွင် တစ်စုံတစ်ခုကို ဆုံးရှုံးသွားသလို ခံစားလိုက်ရလေသည်။

"ဒါနဲ့၊ မကြာသေးမီက တိုင်းတပါးမှာ ဘာတွေများ ထူးခြားမှုရှိသေးလဲ"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"နောက်ထပ် ကမ္ဘာဖျက်ဆီးခြင်းဘုရင်တစ်ပါး နိုးလာပြီ"

‌လော့ရှန်းလင် ပြောလိုက်၏။

"အိုး"

ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်သည်။

ယင်းက ထိုမြင်းထိန်းလေးများ ဖြစ်မလား။

ထိုအတိုင်းသာမှန်လျှင် စိတ်ဝင်စားစရာကောင်းလိမ့်မည်။

"နောက်ပြီးတော့ တုရှန်ဧကရာဇ်မျိုးနွယ်က အိမ်ထောင်ရေးညီလာခံကို ကျင်းပတော့မယ်"

‌လော့ရှန်းလင်က ပြောလိုက်သည်။

"အိမ်ထောင်ရေး ညီလာခံ"

ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်၏။

တုရှန်ဝမ်ဝမ်နှင့် တုရှန်ချွန်းချွန်းတို့ မထွက်သွားမီက ထိုအကြောင်းကို ပြောပြခဲ့ဖူးသည်။

ထိုအချိန်တွင်၊ ကြာရှည်စွာ ငြိမ်သက်နေသော စနစ်၏ စက်ရုပ်ဆန်ဆန်အသံက ကျွင်းရှောင်ယောက်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ လက်မှတ်ထိုးဝင်ဖို့ တည်နေရာအသစ်ကို ပြန်လည်ဆန်းသစ်ပြီးပါပြီ"

"ကျေးဇူးပြုပြီး တုရှန်ဧကရာဇ်မျိုးနွယ်ရဲ့ အိမ်ထောင်ရေး ညီလာခံမှာ လက်မှတ်ထိုးဝင်ပါ"

ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွား၏။

မင်္ဂလာဧည့်ခံပွဲကဲ့သို့ နေရာမျိုးမှာ မည်သို့သောရတနာကို ရရှိနိုင်မည်နည်း။

All Chapters