အခန်း ၁၀၁၇
Vol. 68 Ch. 1017
အခန်း ( ၁၀၁၇ ) ဧကရာဇ်ငယ် ခုနစ်ပါးအနက်မှ တစ်ပါး။
"ဒါက..."
ထိုပါ့ယွိ၏ စကားကိုကြားတော့ မျိုးနွယ်စုခေါင်းဆောင်အချို့မှာ တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြသည်။
ကျွန်မျိုးနွယ်စုရှိ သတ္တဝါအများစုက ကံကြမ္မာနှင့် ဖန်ဆင်းခြင်း နတ်ဘုရားကို ယုံကြည်ကိုးကွယ်ကြသည်။
သို့ရာတွင်၊ ထိုနတ်ဘုရားက ကျင့်ကြံသူ အကျော်အမော်များဖြစ်ကြောင်း သိရှိသော မျိုးနွယ်စုခေါင်းဆောင်အချို့လည်း ရှိသေးသည်။
ယခုအခါ သူတို့က ဧကရာဇ်မျိုးနွယ်နှင့် ရင်ဆိုင်နေရသည်။
သူတို့၏အမြင်တွင်၊ ဧကရာဇ်မျိုးနွယ်က နတ်ဘုရားနှင့်တူသော တည်ရှိမှုများ ဖြစ်သည်။
သူတို့ယုံကြည်သော နတ်ဘုရားက သူတို့ကို အမှန်တကယ် ကူညီနိုင်မည်လော။
မျိုးနွယ်စုခေါင်းဆောင်အချို့၏ တုံ့ပြန်မှုကို မြင်လိုက်ရတော့ ထိုပါ့ယွိ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
"နတ်ဘုရားက ငါတို့ကို ဒီအခက်အခဲတွေကနေ ကျော်လွှားနိုင်အောင် ကူညီပေးနိုင်တယ်ဆိုတာ မင်းတို့က မယုံဘူးလား"
"ကံကြမ္မာမဟာမိတ်ရဲ့ ပထမဆုံး စည်းမျဉ်းကို မှတ်မိသေးလား"
"ကံကြမ္မာနဲ့ ဖန်ဆင်းခြင်း နတ်ဘုရားကို အမြဲတမ်းယုံကြည်ပြီး သူ့ရဲ့နာမတော်ကို ချီးမွမ်းရမယ်ဆိုတာ သတိရပါ"
မျိုးနွယ်စုခေါင်းဆောင်များအားလုံး ခေါင်းငုံ့ပြီး လက်အုပ်ချီလိုက်ကြသည်။
"မင်းတို့ သိကြတယ်ဆိုရင် မြန်မြန်သွားကြစမ်း"
ထိုပါ့ယွိ ပြောလိုက်သည်။
မကြာမီ၊ ကြီးကျယ်ခမ်းနားသော ယဇ်ပူဇော်ပွဲ အခမ်းအနားကို စတင်ခဲ့သည်။
သန်းပေါင်းများစွာသော ကျွန်မျိုးနွယ်ဝင်များက ယဇ်ပူဇော်ခြင်းမျှော်စင်ကို ဝန်းရံထားသည်။
မြေပေါ်တွင် ဝပ်တွားပြီး ဦးညွှတ်လိုက်၏။
တစ်ချိန်တည်းမှာပင်၊ အခြားပြည်နယ်ကြီးများမှ ကျွန်မျိုးနွယ်များကလည်း ကိုးကွယ်ဆုတောင်းမှုများ ပြုကြ၏။
အကြောင်းမူကား၊ ထိုပါ့ယွိဟာ ဤအုံကြွမှု၏ အရင်းမြစ် ဖြစ်သည်။
သူ မအောင်မြင်ပါက တခြားနေရာများမှာလည်း သဘာဝအတိုင်း ကျရှုံးရလိမ့်မည်။
ထိုကျွန်မျိုးနွယ်များ သတိမပြုမိခင်တွင်...
သူတို့၏ ရိုသေကိုင်းရှိုင်းသော ယုံကြည်ခြင်းက ယဇ်ပူဇော်ခြင်းမျှော်စင်မှတဆင့် ပျံ့နှံ့သွားပြီး မမြင်နိုင်သော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာထဲရှိ
ယုံကြည်ခြင်းမျိုးစေ့ကို စိမ့်ဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင်...
ကောင်းကင်သင်္ချိုင်းမျှော်စင်၏ အခြားတစ်နေရာတွင်...
ထိုနေရာမှာလည်း တပ်များ နေရာချထားသည်။
ယင်းက တော်ဝင်မျိုးနွယ်စုငါးခု၏ တပ်များ ဖြစ်၏။
သူတို့၏အရေအတွက်က အလွန်နည်းပါးပြီး စုစုပေါင်း နှစ်သိန်းကျော်သာ ရှိသည်။ ယင်းက ကျွန်မျိုးနွယ်များနှင့် ယှဉ်၍မရနိုင်ပါ။
သို့ရာတွင်၊ သူတို့၏ တည်ဆောက်ပုံနှင့် ကျင့်ကြံခြင်းအခြေခံများက အားမနည်းကြပေ။
အရေးကြီးဆုံးက သူတို့မှာ ထိပ်တန်း ကျွမ်းကျင်သူများ အများကြီးရှိသည်။
ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့်မှ အကျော်အမော်ပင် ရှိ၏။
ဤသည်က နှစ်ဖက်တူညီသော စစ်ပွဲမဟုတ်ပေ။
ထိုအစား တစ်ဖက်သတ်ဆန်သော လူသတ်ပွဲ ဖြစ်သည်။
စခန်းအလယ်မှ လေထဲတွင်...
အလွန်ခမ်းနားပြီး ကြီးမားသော သင်္ဘောကြီးတစ်စင်း ရှိနေသည်။
အနေအထားကို ကြည့်လိုက်ရုံဖြင့် ယင်းမှာ တော်ဝင်မျိုးနွယ်စုများ ပိုင်ဆိုင်နိုင်သော အရာမဟုတ်မှန်း သိသာထင်ရှား၏။
ယခုအချိန်တွင်...
သင်္ဘောအတွင်းပိုင်းမှာ ပလ္လင်တစ်ခု ရှိသည်။
ပလ္လင်ပေါ်တွင် လူတယောက် ထိုင်နေသည်။
သူသည် ဝတ်ရုံပွကြီးကို ၀တ်ဆင်ထားပြီး သူ့အသားအရည်ကလည်း သလင်းကျောက်ကဲ့သို့ ကြည်လင်နေ၏။
သူ့မျက်နှာသွင်ပြင်က အလွန်ချောမောပြီး မျက်လုံးများကတော့ အဖြူအိမ်မရှိဘဲ မည်းနက်နေပေသည်။
သူ၏ မျက်လုံးအစုံက တွင်းနက်ကြီးနှစ်ခုကဲ့သို့ နက်ရှိုင်းပြီး အလင်းရောင်မရှိပေ။
သူ့ဆံပင်များကလည်း အလွန်ရှည်လျားပြီး မြေပြင်ပေါ်ထိ ပုံကျသည်။
ဤအခိုက်တွင်၊ ပလ္လင်အောက်မှာ လူများစွာတို့ ရပ်နေသည်။
သွေးရောင်ဝတ်စုံဝတ်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးကလည်း ပလ္လင်တော်ပေါ်ရှိ အမျိုးသား၏ဘေးတွင် ကပ်လျက် ဝိညာဥ်သစ်သီးများကို ခွံ့ကျွေးနေ၏။
သူမက သွေးဝိညာဉ်တော်ဝင်မျိုးနွယ်၏ သွေးဝိညာဉ်သူတော်စင် ဖြစ်သည်။
သွေးဝိညာဉ် တော်ဝင်မျိုးနွယ်သည် တော်ဝင်မျိုးနွယ်စုငါးခုအနက် တစ်ခုအပါအဝင်ပင်။
တော်ဝင်မျိုးနွယ်၏ သူတော်စင်ကို အစေခံအဖြစ် ထားရှိနိုင်ခြင်းက...
ထိုလူ၏ အခြေအနေကို စိတ်ကူးကြည့်နိုင်သည်။ ထိုသူ၏နောက်ခံက ပေါ့သေးသေး မဟုတ်တန်ရာပေ။
"ဧကရာဇ်သားတော်က ကြင်နာမှုပြပြီး အဲဒီကျွန်တွေကို တွေးတောဆင်ခြင်ဖို့ ခုနစ်ရက် အချိန်ပေးသေးလို့သာ။ ကျုပ်သာဆိုရင် တစ်ခါတည်း အားလုံးကို သတ်လိုက်ပြီ"
သံတုံးသံခဲကဲ့သို့ ကြွက်သားများဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်ပြီး မှော်တက်တူးအပြည့်ထိုးထားသည့် လူတစ်ယောက်က ပြောလိုက်သည်။
သူ့လက်တစ်ဖက်ကလည်း ဓားနှင့်တူပြီး အလွန်ထက်မြက်၏။
သူကား ဓားလက်မောင်း အသူရာမျိုးနွယ်၏ ပါရမီရှင် ဖြစ်သည်။ သူသည်လည်း တော်ဝင်မျိုးနွယ်ငါးခုအနက်် တစ်ခုမှ ပါရမီရှင် ဖြစ်ချေသည်။
ပလ္လင်ပေါ်မှ ဧကရာဇ်သားတော်ဆိုသူက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ဒီလောက်များတဲ့ သတ္တဝါတွေကို ဖြေရှင်းမယ်ဆိုရင် အချိန်တစ်ခုယူရလိမ့်မယ်"
"ငါက နောက်ကျရင် တုရှန်ဧကရာဇ်မျိုးနွယ်ရဲ့ အိမ်ထောင်ရေး ညီလာခံကို သွားရဦးမှာ၊ ဒီမှာ နေဖို့ အချိန်မရှိဘူး။ ဒီမတိုင်ခင် ငါ့ရဲ့ ဝါးမျိုခြင်း နတ်လက်စွပ်ကို အပြီးသတ် သန့်စင်ရမယ်"
ထိုလူက သူ့လက်ကို မြှောက်လိုက်သောအခါ လက်ထဲတွင် လက်စွပ်တစ်ကွင်း ပေါ်လာသည်။
ယင်းက ဝိညာဉ်အားလုံးကို ဝါးမျိုနိုင်သော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်၏။
ပတ်ဝန်းကျင်မှ တော်ဝင်မျိုးနွယ်စု၏ ပါရမီရှင်များလည်း တစ်ချက်သာကြည့်ပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အမြန်ခေါင်းငုံ့သွားကြတော့သည်။
အကြောင်းမှာ၊ ထိုလူက ကြင်နာတတ်သူမဟုတ်မှန်း သူတို့အားလုံး သိထားကြခြင်းကြောင့်ပင်။
သူကား နတ်ဘုရားဝါးမျို ဧကရာဇ်မျိုးနွယ်၏ ဧကရာဇ်သားတော် ဖြစ်သည်။
တိုင်းတပါးပြည်ရှိ ဧကရာဇ်ငယ်ခုနစ်ပါးထဲမှ တစ်ဦး ဖြစ်၏။
နတ်ဘုရားဝါးမျိုမျိုးနွယ်သည် အရေအတွက်အားဖြင့် မများပေ။
သူတို့၏ ခန္ဓာကိုယ်က အလွန်ရှားပါးသော နတ်ဘုရားဝါးမျို အင်းဆက် ဖြစ်သည်။
ရှေးခေတ်က ဤမျိုးနွယ်စုဟာ နတ်ဘုရားများကိုပင် စားသုံးနိုင်သည်ဟု လူသိများသည်။
၎င်းတို့က နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်၊ အသွင်ပြောင်းခြင်းဆယ်ခု နတ်ပိုးကောင်နှင့် စိတ်ညှို့လိပ်ပြာကဲ့သို့သော နတ်သားရဲမျိုးနွယ်များနှင့် ပခုံးချင်းယှဉ် ရပ်တည်နိုင်သည့် မျိုးနွယ်အနည်းငယ်ထဲတွင် ပါဝင်ပေသည်။
ဤမျိုးနွယ်စုက အင်မော်တယ်နယမြေကြီးတွင် မျိုးသုဉ်းလုနီးပါးဖြစ်နေပြီ ဖြစ်သည်။
သို့သော်လည်း တိုင်းတစ်ပါးမှာ ပြန့်နှံ့ပြီး နတ်ဘုရားဝါးမျို မျိုးနွယ်စုကို တည်ထောင်ခဲ့ကြသည်။
ထို့အပြင် ဤမျိုးနွယ်စု၏ မွေးရာပါ မှော်အစွမ်းက ကြောက်စရာကောင်းသော ဝါးမျိုခြင်းစွမ်းအား ဖြစ်သည်။
ဤမျိုးနွယ်စု၏ ဝါးမျိုခြင်းစွမ်းအားက အလွန်ကြောက်စရာကောင်းပေသည်။
ဤအချက်ကြောင့် နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ဟာ တိုင်းတစ်ပါးပြည်၏ ဧကရာဇ်ငယ်ခုနစ်ပါးထဲမှ တစ်ဦးဖြစ်ခဲ့ခြင်း ဖြစ်သည်။
သူ၏ မှော်ရတနာဖြစ်သော နတ်ဘုရားဝါးမျို လက်စွပ်ကိုမြှင့်တင်လိုပါက သတ္တဝါအားလုံးကို ဝါးမျိုရမည်။
သူ့မျက်လုံးထဲတွင် ဤကျွန်မျိုးနွယ်များမှ သန်းနှင့်ချီသော သတ္တဝါများက သူ၏ရတနာကို ပြုပြင်ရန် အရင်းအမြစ်များထက် မပိုပေ။
ထို့ကြောင့်ပင်၊ သူ၏ အထောက်အထားဖြင့် တော်ဝင်မျိုးနွယ်စုငါးခုကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
"ဘာလဲ၊ ဒီဧကရာဇ်သားတော်က မင်းတို့ကို ဝါးမျိုလိုက်မှာ ကြောက်နေတာလား"
ခေါင်းကိုငုံ့ထားကာ ခန္ဓာကိုယ်များပင် အနည်းငယ် တုန်ယင်နေသော ပါရမီရှင်များကိုကြည့်ရင်း နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်က တစ်ချက်ပြုံးလိုက်သည်။
"မဟုတ်ပါဘူး"
ပါရမီရှင်တစ်ဦးက သတ္တိမွေးပြီး ပြောလိုက်၏။ သို့သော်လည်း သူ့စိတ်ထဲမှာတော့ လွန်စွာ ကြောက်ရွံ့နေသေးသည်။
ဤနတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ဟာ ပါရမီရှင် အမြောက်အမြားကို ဝါးမျိုခဲ့ဖူးသည်။
သူအနှစ်သက်ဆုံးအရာမှာ အထူးသွေးနှင့် တာအိုခန္ဓာရှိသော ပါရမီရှင်များကို ဝါးမျိုခြင်းပင်။
"စိတ်မပူပါနဲ့၊ ဒီဧကရာဇ်သားတော်က မင်းတို့ကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ အဲဒီကျွန်တွေကို သတ်ပြီး နတ်ဘုရားဝါးမျို လက်စွပ်ကို သန့်စင်ဖို့ လိုအပ်တယ်။ အချိန်တန်ရင် မင်းတို့အတွက် အကျိုးကျေးဇူးတွေ ရရှိလိမ့်မယ်"
နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်က ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်ဧကရာဇ်သားတော်"
ပါရမီရှင်အားလုံး ဦးညွတ်လိုက်ကြလေသည်။
"ဒါနဲ့ အရှင်ဧကရာဇ်သားတော်... အဲဒီ ကျွန်တွေက ကံတရားနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားလို့ခေါ်တဲ့ နတ်ဘုရားကို ယုံကြည်တယ်လို့ ကြားတယ်"
"နောက်ပြီးတော့ သူတို့ရဲ့ ကျင့်ကြံမှုတွေ အရှိန်အဟုန်မြင့်မားနေတာက အဲဒီနတ်ဘုရားရဲ့ လက်ဆောင်နဲ့ ပတ်သက်ပုံရတယ်"
နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ကို ပြုစုရင်း သွေးဝိညာဉ်သူတော်စင်က ပြောလိုက်သည်။
ထိုစကားကိုကြားတော့ နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်က လှောင်ပြောင်ပြောဆိုလိုက်၏။
"ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရား... ရယ်စရာပဲ။ ဘယ်လိုလူက ဒီလို လေသံကြီးနဲ့ ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းကို ကိုယ်စားပြုတယ်လို့ ပြောဝံ့မှာလဲ"
"ငါတို့ကို လှည့်စားနေတာပဲ ဖြစ်လိမ့်မယ်"
"အချိန်တန်လို့ သူတို့အားလုံးကို ဖျက်ဆီးတဲ့အခါ သူတို့ ယုံကြည်တဲ့ နတ်ဘုရားက သူတို့ကို ကယ်တင်ဖို့ လာမလားဆိုတာ ကြည့်ရအောင်"
နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်က ဂရုမစိုက်ပေ။
ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏နတ်ဘုရားက နာမည်ယူသုံးခြင်းသာ ဖြစ်နိုင်သည်။ ယင်းက သာမန်လူများ ပေး၍ရသော နာမည်ဖြစ်သလော။
"နတ်ဘုရားဝါးမျိုလက်စွပ်ကို သန့်စင်ပြီးတာနဲ့ ချစ်စရာကောင်းတဲ့ ဇနီးမယား တစ်ယောက်၊ နှစ်ယောက်လောက် ရနိုင်မလားဆိုတာ သိရအောင် အိမ်ထောင်ရေးညီလာခံကို သွားရမယ်"
"နောက်ပြီးတော့ စစ်နတ်ဘုရားနန်းတော်ရဲ့ ကစဉ့်ကလျားခန္ဓာကို ငါ ဝါးမျိုနိုင်ရင် အရမ်းကောင်းမှာ။ အဲဒါဆိုရင် ငါက တိုင်းတပါးရဲ့ မျိုးဆက်သစ်လူငယ်ထဲမှာ အင်အားအကောင်းဆုံး ဖြစ်လာမှာ သေချာတယ်။ ကံမကောင်းချင်တော့ သူက ထိပါးလို့လွယ်တာ မဟုတ်ဘူး"
နတ်ဘုရားဝါးမျိုပိုးကောင်များအတွက် ဖွံ့ဖြိုးတိုးတက်ရန် အလျင်မြန်ဆုံးနည်းလမ်းမှာ အစွမ်းထက် တာအိုခန္ဓာများကို ဝါးမျိုခြင်းပင် ဖြစ်သည်။
ထိုအတွက် ကစဉ့်ကလျားခန္ဓာက အဖိုးတန်ဆုံးနှင့် အမြင့်မြတ်ဆုံးသော ဆေးဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။
ကစဉ့်ကလျားခန္ဓာ သွေးတစ်စက်က ကျွန်မျိုးနွယ်၏ သန်းပေါင်းများစွာသော သတ္တဝါတွေထက် အများကြီး ပိုတန်ဖိုးရှိသည်။
ကံမကောင်းစွာဖြင့် နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်မှာ ထိုအကြောင်းကို တွေးသာတွေးနိုင်သည်။
ကစဉ့်ကလျားခန္ဓာကို အမှန်တကယ်သတ်ရန် သူ့တွင် အင်အားမရှိသေးပါ။
ခုနစ်ရက်တာက မြန်စွာ ကုန်လွန်သွားခဲ့သည်။
နတ်ဘုရားဝါးမျို ဧကရာဇ်သားတော် ထောက်ပံ့ထားသော တော်ဝင်မျိုးနွယ်ငါးစု၏ တပ်များသည်လည်း ကျွန်မျိုးနွယ်၏ ကံကြမ္မာမဟာမိတ်အဖွဲ့ အခြေစိုက်စခန်းဆီသို့ စတင်ချီတက်လာကြပြီ။
ကျွန်မျိိုးနွယ်ဘက်တွင်လည်း ခုနစ်ရက်ကြာ ဆုတောင်းပြီးနောက် သေသည်အထိ တိုက်ပွဲဝင်ရန် အသင့်ဖြစ်ခဲ့ကြသည်။
စစ်ပွဲကြီးစတော့မည့်အချိန်တွင်...
ကောင်းကင်သင်္ချိုင်းပြည်နယ်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်တစ်ခုအတွင်း၌ ကျွင်းရှောင်ယောက်နှင့် လော့ရှန်းလင်တို့ ပေါ်လာခဲ့ကြသည်။
ကျွင်းရှောင်ယောက်က ထိုပါ့ယွိကိုထိန်းချုပ်နိုင်ပြီး အချက်အလက်အချို့ကို ချက်ချင်း ရှာဖွေတွေ့ရှိခဲ့၏။
'တော်ဝင်မျိုးနွယ်စု ငါးခုက သူတို့ကို ဝိုင်းထားတာပဲ။ သူတို့နောက်မှာလည်း တစ်ယောက်ယောက်ရှိနေတယ်'
'ငါ့အစီအစဉ်တွေကို ဘယ်လိုလူကများ ဟန့်တားဝံ့သလဲဆိုတာ ကြည့်ရအောင်'
ကျွင်းရှောင်ယောက်၏ မျက်လုံးများက နက်နဲသွားပြီး အေးစက်စက်ဖြင့် အဝေးမှ စစ်မြေပြင်ကို ကြည့်လိုက်သည်။