အခန်း ၁၀၁၉
Vol. 68 Ch. 1019
အခန်း ( ၁၀၁၉ ) နတ်ဘုရား၏တမန်တော်။
သူတို့ ဘာမြင်ခဲ့သနည်း။
သန်းပေါင်းများစွာသော သက်ရှိသတ္တဝါများမှာ လက်ဖျစ်တစ်ချက်တီးရုံမျှဖြင့် ပြာဖြစ်သွားသည်။
ဤသည်က အားအနည်းဆုံး ကျွန်မျိုးနွယ်များဖြစ်လျှင်ပင်...
သူတို့အားလုံးကိုသတ်ရန် အနည်းငယ် လုပ်ဆောင်ရလိမ့်မည်။
ရလဒ်အနေဖြင့် ကျွင်းရှောင်ယောက်က လက်ဖျစ်တစ်ချက်တီးပြီး လူသန်းပေါင်းများစွာကို ပွဲချင်းပြီးသတ်ခဲ့သည်။
ဤမြင်ကွင်းက ရှိနေသည့် လူအားလုံးကို ကြက်သီးတဖြန်းဖြန်းထစေခဲ့ပေသည်။
တော်ဝင်မျိုးနွယ်စုငါးခုမှ လူများပင်လျှင် ဤမျှ ကြောက်စရာကောင်းသော နည်းလမ်းမျိုးကို တစ်ခါမျှ မတွေ့ဖူးပေ။
သူတို့အားလုံး အံ့အားသင့်သွားကြသည်။ ဦးခေါင်းထက်မှ ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ တကိုယ်လုံး အေးခဲသွား၏။
သွေးဝိညာဉ်သူတော်စင်နှင့် အခြားသူများလည်း အသက်ပြင်းပြင်းရှူလိုက်မိတော့သည်။
ဤကျွန်များကို ပုရွက်ဆိတ်များဟု မှတ်ယူကြသော်လည်း...
လက်ဖျစ်တစ်ချက်တီးရုံမျှဖြင့် သန်းပေါင်းများစွာသော သက်ရှိသတ္တဝါများကို သုတ်သင်နိုင်မည်ဟု သူတို့ မထင်ခဲ့ပေ။
ဤသည်မှာ မိုးနှင့်မြေကို တုန်ခါစေနိုင်သော နည်းလမ်းများ ဖြစ်သည်။
အခြားသူအားလုံး တုန်လှုပ်ချောက်ချားကုန်သော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာကတော့ မပြောင်းပါ။
တာအိုနှလုံးသားနတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်ထားသရွေ့ သူတို့၏ သေခြင်းရှင်ခြင်းက သူ့အတွေးတစ်ခုပေါ်တွင်သာ မူတည်သည်။
တစ်ဖက်မှာတော့၊ လော့ရှန်းလင်က အနည်းငယ် အံ့အားသင့်ကာ ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
ပထမတော့ သူဟာ ကျွင်းရှောင်ယောက်က သူနှင့် ချိန်းတွေ့လိုသည်ဟု ထင်ခဲ့သည်။
နောက်မှ ဤနေရာသို့ ရောက်လာမှန်း သိလိုက်ရပေသည်။
သူ့အား အကူအညီအဖြစ်သာ ခေါ်ခဲ့သည်။
သို့သော်လည်း လော့ရှန်းလင်က စိတ်မဝင်စားပေ။
ကျွင်းရှောင်ယောက်ကို ကူညီနိုင်သရွေ့ သူမ ကျေနပ်သည်။
"နင်ဘယ်သူလဲ၊ နင် ဘာလုပ်ချင်လို့လဲ"
သွေးဝိညာဉ်သူတော်စင်၏ အမူအရာက လေးနက်လာခဲ့သည်။
ဤကျွန်မျိုးနွယ်များက နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်မှ နတ်ဘုရားဝါးမျိုလက်စွပ်ကို သန့်စင်ရန် အသုံးပြုသော ပစ္စည်းများ ဖြစ်၏။
ရလဒ်အနေဖြင့်၊ တပြိုင်နက်တည်း သန်းနှင့်ချီသော သတ္တဝါများ သေဆုံးခဲ့ကြပြီ။ သူတို့၏တာဝန်ကို မပြီးမြောက်စေပါက ရလဒ်မှာ ဆိုးရွားပေလိမ့်မည်။
သို့သော်လည်း သူတို့ရှေ့မှ သရဲမျက်နှာဖုံးဖြင့်လူက တကယ့်ကို ထူးဆန်းသည်။
သူတို့၏ အငွေ့အသက်ကိုလည်း မခံစားနိုင်ပေ။
သို့သော်လည်း သွေးဝိညာဉ်သူတော်စင်၏ အမူအရာက ငြိမ်သက်နေဆဲ ဖြစ်သည်။
သူတို့၏နောက်တွင် နတ်ဘုရားအဆင့်ရှိ ဆန်းကျယ်ကောင်းကင်အဓိပဓိတစ်ပါး ရပ်တည်နေသေးသည် မဟုတ်လော။
သူတို့ မယှဉ်သာလျှင်ပင် နတ်ဘုရားဝါးမျို ဧကရာဇ်မျိုးနွယ်မှ နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်၏ အထောက်အပံ့ရှိနေဆဲ ဖြစ်သည်။
တိုင်းတပါးတွင်၊ အန္တိမဧကရာဇ်မျိုးနွယ်မှ အကျော်အမော်များ ပေါ်မလာပါက...
နတ်ဘုရားဝါးမျိုဧကရာဇ်သားတော်ကို မည်သူမျှ ထိပါးဝံ့မည် မဟုတ်ပေ။
သို့ရာတွင်၊ ယေဘူယျအားဖြင့် အန္တိမဧကရာဇ်မျိုးနွယ်မှ တည်ရှိမှုများက အမည်မဲ့နယ်မြေများတွင်သာ နေထိုင်ပြီး ပြည်နယ်ကြီးဆယ်ခုသို့ မထွက်ခွာကြချေ။
"ဟားဟားဟား၊ မင်းတို့က ငါ့လူတွေကို ပစ်မှတ်ထားပြီး ငါ့ကို ဘာလုပ်ချင်တာလဲလို့ မေးချင်တာလား"
ကျွင်းရှောင်ယောက် ရယ်မောလိုက်သည်။
ဤစကားက ထိုပါ့ယွိ၊ ထိုပါ့လန်နှင့် အခြားသူများကို တုန်လှုပ်သွားစေသည်။
"နင့်ရဲ့လူတွေလား"
သွေးဝိညာဉ်တော်စင်မှာတော့ ပို၍ စိတ်ရှုပ်ထွေးသွား၏။
"ငါက ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားရဲ့တမန်တော်ပဲ"
ကျွင်းရှောင်ယောက်က သူ့အထောက်အထားကို တိုက်ရိုက်ထုတ်ဖော်လိုက်သည်။
ယခုတော့ အမှောင်ထဲမှာ ပုန်းနေစရာ မလိုတော့ပေ။
သူ့အဆင့်အတန်းဖြင့် ဩဇာလွှမ်းမိုးမှု အတော်အသင့်ရှိနေပြီ ဖြစ်သည်။
"ဘာ၊ ဒါတကယ်ပဲလား"
ထိုပါ့ယွိလည်း စိတ်လှုပ်ရှားလွန်းသဖြင့် သူ့မျက်လုံးများ လှုပ်ရှားသွားသည်။
"နတ်ဘုရားက ငါတို့ကို စွန့်ပစ်မှာမဟုတ်ဘူးဆိုတာ ငါသိတယ်။ ထိုပါ့ယွိ... တမန်တော်ကို နှုတ်ခွန်းဆက်ပါတယ်"
ထိုပါ့ယွိက ကျွင်းရှောင်ယောက်ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။
သူက ယုံကြည်လွယ်တာ မဟုတ်ပေ။
သစ္စာဖောက် သန်းပေါင်းများစွာကို တခဏချင်း သတ်ပစ်ခဲ့သည့် ကျွင်းရှောင်ယောက်၏ နည်းလမ်းက သူ့ကိုယုံကြည်စေခဲ့တာ ဖြစ်သည်။
ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားနှင့် သက်ဆိုင်သူများသာ ထိုသို့ ပြုလုပ်နိုင်လိမ့်မည်။
"နတ်ဘုရားရဲ့တမန်တော်ကို နှုတ်ခွန်းဆက်ပါတယ်"
ထိုပါ့လန်လည်း ဒူးထောက်ကာ ဦးညွတ်လိုက်သည်။
အခြားသော ကျွန်မျိုးနွယ်ဝင်တို့လည်း တခဏမျှ တုန်လှုပ်သွားပြီးနောက် ဒူးထောက်ကာ အရိုအသေပေးကြတော့သည်။
စိတ်ပျက်အားငယ်နေရသည့် အချိန်တွင် အလင်းတန်းတစ်ခု ပေါ်လာပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က သူတို့၏ ကယ်တင်ရှင်ဖြစ်မည်မှာ သေချာလှပေသည်။
မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် သန်းပေါင်းများစွာသော သတ္တဝါများကို ကြည့်ရင်း ကျွင်းရှောင်ယောက် အလွန်ကျေနပ်သွားသည်။
ကျန်လူအားလုံးက သစ္စာရှိသော ယုံကြည်သူများ ဖြစ်ချေသည်။
ထိုသူများက သူကိုယ်တိုင် ကယ်တင်ပေးရန် ထိုက်တန်သည်။
ကျွန်မျိုးနွယ်များနှင့် ဆန့်ကျင်ဘက်မှာတော့...
သွေးဝိညာဉ်သူတော်စင်နှင့် အခြားသူများက လှောင်ပြောင်ရယ်မောလိုက်ကြသည်။
"ခစ်ခစ်၊ စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီ အမှိုက်နတ်ဘုရားမှာ တမန်တော်တစ်ယောက်ရှိဖို့ ငါ မမျှော်လင့်ထားဘူး"
သွေးဝိညာဉ်တော်စင်က လှောင်ပြောင်လိုက်သည်။
ကျန်တော်ဝင်မျိုးနွယ်၏ ပါရမီရှင်များကလည်း ကျယ်လောင်စွာရယ်မောကြ၏။
ကျွင်းရှောင်ယောက်၏ဘေးမှ လော့ရှန်းလင်က ဤမြင်ကွင်းကိုမြင်တော့ ရယ်ချင်ဟန်ဖြင့် အနည်းငယ် မျက်တောင်ခတ်လိုက်သည်။
သွေးဝိညာဉ်သူတော်စင်သာ သူမ လှောင်ပြောင်နေသူ၏ အထောက်အထားကိုသိပါက သေးတဖြန်းဖြန်း ပါကျသွားမှာကို ကြောက်ရသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ အမူအရာကတော့ မပြောင်းလဲသလို စကားများများ မပြောပေ။
အားရပါးရ ရယ်မောပြီးနောက် ဓားလက်မောင်းအသူရာမျိုးနွယ် ပါရမီရှင်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။
"ဧကရာဇ်သားတော်ရဲ့အချိန်ကို မဖြုန်းတော့ဘူး၊ သူ့ကို တိုက်ရိုက်သတ်လိုက်ရအောင်"
ပြောဆိုပြီးနောက် ဓားလက်မောင်းအသူရာမျိုးနွယ် ပါရမီရှင်က သူ၏ ဓားလက်မောင်းဖြင့် ကျွင်းရှောင်ယောက်ကို ခုတ်ချလိုက်သည်။
သွေးရောင် ဓားအလင်းတစ်ခုက ကောင်းကင်ကို ဖြတ်သွား၏။
သူ၏ ကျင့်ကြံခြင်းအခြေခံက သူတော်စင်သခင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီ။
"တမန်တော်အရှင်၊ သတိထား"
ထိုပါ့ယွိနှင့် အခြားသူများလည်း အမူအရာပြောင်းသွားခဲ့ကြသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က လှုပ်ရှားရန် မဆိုထားဘိ၊ သူ့လက်တစ်ချောင်းကိုပင် မလှုပ်ခဲ့ပေ။
ရိုးရိုးရှင်းရှင်း တစ်ချက်သာ ကြည့်လိုက်သည်။
သူ့မျက်လုံးထဲတွင် ဘဝတစ်ရာ ပြန်လည်ဝင်ခြင်းကပ်ဘေးကဲ့သို့ ရှေးဦးဝိညာဉ်စွမ်းအားများ စီးဆင်းလာ၏။
မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှု စွမ်းရည်၊ ပြန်လည်ဝင်စားခြင်း ကပ်ဘေး။
ဤသည်မှာ ပြန်လည်ဝင်စားခြင်း တွင်းနက်ထဲတွင် ကျွင်းရှောင်ယောက် နားလည်သဘောပေါက်ခဲ့သော ရှေးဦးဝိဉာဉ်နည်းလမ်းဖြစ်သည်။ ထိုအထဲတွင် သူနှင့်လင်ယွမ်တို့ဟာ ဘဝတစ်ရာ ပြန်လည်ဝင်စားခြင်းကို တွေ့ကြုံခံစားခဲ့ကြရသည်။
ထိုကပ်ဘေးကို သူတို့ ကျော်ဖြတ်နိုင်ခဲ့သော်လည်း လူတိုင်း ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။
စိတ်ဓာတ်မခိုင်မာပါက ရှေးဦးဝိညာဉ် တိုက်ရိုက်ပြိုလဲသွားနိုင်သည်။
"ဘာ... ဘာကြီးလဲ"
ဓားလက်မောင်းအသူရာမျိုးနွယ်၏ ပါရမီရှင် ရုတ်တရက် ရပ်တန့်သွားသည်။
ထို့နောက်တွင် သူ ရူးသွပ်သွားပုံရ၏။
အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက်...
"ဖောင်း"
ဓားလက်မောင်းအသူရာမျိုးနွယ်မှ ပါရမီရှင်၏ ဦးခေါင်းက ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားတော့သည်။ သူ၏ ရှေးဦးဝိညာဉ်သည်လည်း မလွတ်မြောက်နိုင်ဘဲ ပျက်စီးသွားပေသည်။
ဤတစ်ကြိမ်တွင် လူတိုင်း အသက်ရှူရပ်သွားသည်။
ထိုသူကား သာမန်မဟုတ်၊ သူတော်စင်သခင်ပင်တည်း။
"နတ်ဘုရားရဲ့ တမန်တော် ဖြစ်ထိုက်ပါပေတယ်"
ယင်းကိုမြင်တော့ ထိုပါ့ယွိလည်း ပို၍ စိတ်ပိုင်းဖြတ်လာတော့သည်။
အကြည့်တစ်ချက်ဖြင့် လူတစ်ယောက်ကိုသတ်နိုင်ခြင်းက ကံကြမ္မာနှင့် ဖန်ဆင်းခြင်း နတ်ဘုရား၏ တမန်တော်သာ ဤစွမ်းရည်မျိုး ရှိနိုင်သည်။
သွေးဝိညာဉ်တော်စင်လည်း အနည်းငယ် ဖျားသွားမိသည်။
လက်ဖျစ်တစ်ချက်တီးကာ သန်းပေါင်းများစွာသော သတ္တဝါများကို သေစေပြီး အကြည့်တစ်ချက်ဖြင့် သူတော်စင်သခင်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူအား သေဆုံးစေသည်။
ယင်းက မည်သို့သောစွမ်းရည်မျိုး ဖြစ်သနည်း။
အရေးကြီးဆုံးအချက်မှာ သူမ၏ ကျင့်ကြံခြင်းမှာလည်း သူတော်စင်သခင်အဆင့်သာ ဖြစ်သည်။
သို့ဖြစ်ပေရာ၊ တစ်ဖက်လူက သူမကိုလည်း အလွယ်တကူ သတ်နိုင်သည်ဟု မဆိုလိုပါလော။
ထိုသို့တွေးမိသောအခါ သွေးဝိညာဉ်သူတော်စင်လည်း ကြောက်ရွံ့လာပြီး ချက်ချင်း လှည့်ပြောလိုက်သည်။
"အကြီးအကဲ၊ ကျေးဇူးပြုပြီး လှုပ်ရှားပါတော့"
စကားသံအဆုံးတွင်၊ တော်ဝင်မျိုးနွယ်စုငါးခု၏ တပ်မဟာများ အနောက်ဘက် လေဟာပြင်မှ ကြောက်မက်ဖွယ်ကောင်းသော နိယာမဖိအားများ ပေါက်ကွဲထွက်လာခဲ့သည်။
ထိုသူမှာ တော်ဝင်မျိုးနွယ်စုငါးခုမှ ဆန်းကျယ်ကောင်းကင်အဓိပဓိ ဖြစ်၏။
ဆန်းကျယ်ကောင်းကင်အဓိပဓိက ဧကရာဇ်မျိုးနွယ်တွင်ပင် အဆင့်မြင့်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
တော်ဝင်မျိုးနွယ်မှာတော့ သူဟာ ဘိုးဘွားနှင့် ခေါင်းဆောင်တစ်ဦးကဲ့သို့ပင်။
လေထဲတွင် နတ်ဖန်ဆင်းခြင်း အဓိပဓိနှစ်ပါးနှင့် ဆန်းကျယ်ကောင်းကင်အဓိပဓိလေးပါး ပေါ်လာခဲ့သည်။
"ဧကရာဇ်သားတော်ရဲ့ ကောင်းမှုကုသိုလ်တွေကို ဘယ်သူက ဖျက်ဆီးဝံ့တာလဲ"
ဆန်းကျယ်ကောင်းကင်အဓိပဓိတစ်ပါးက အေးစက်စက်ဖြင့် ငေါက်ပြီး ကျွင်းရှောင်ယောက်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ကောင်းကင်ကြီး တုန်ခါပြီး ဟင်းလင်းပြင်က စက္ကူတစ်ရွက်ပမာ ဆုပ်ပြဲသွား၏။
ဆန်းကျယ်ကောင်းကင်အဓိပဓိတစ်ပါး၏ စွမ်းအားက ကမ္ဘာကြီးကို တုန်ခါသွားစေသည်။
"တမန်တော်အရှင်"
ကျွန်မျိုးနွယ်ဘက်တွင် မရေမတွက်နိုင်သော သတ္တဝါများ တုန်လှုပ်သွားကြသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က မလှုပ်ရှားပေ။
ဘေးမှ လော့ရှန်းလင်၏ မျက်လုံးများမှာတော့ သတ်ဖြတ်ချင်စိတ်တို့ ဖြစ်ပေါ်လာသည်။
သူဟာ အပြစ်ကင်းစင်ပြီး ရိုးရှင်းသူ ဖြစ်သည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်တစ်ဦးသာ သူ့ကို ပြုံးရယ်စေနိုင်စွမ်း ရှိ၏။
အခြားသူများအတွက်တော့ လော့ရှန်းလင်ဟာ အရှိန်အဝါကြီးသော အင်မော်တယ်တစ်ပိုင်း အကျော်အမော်တစ်ဦးပင်။
ယခုအချိန်တွင်၊ တစ်စုံတစ်ယောက်က ကျွင်းရှောင်ယောက်ကို တိုက်ခိုက်နေကြောင်း မြင်ရပြီးနောက်...
သူမ၏ လက်ကို လေထဲသို့ဆန့်ကာ ဖမ်းဆုပ်ဟန် ပြုလိုက်သည်။
ချက်ခြင်းပင်၊ ဆန်းကျယ်ကောင်းကင် အဓိပဓိအနီးရှိ ဟင်းလင်းပြင်က ကျုံ့ဝင်သွားသည်။
ဆန်းကျယ်ကောင်းကင်အဓိပဓိလည်း အတွင်းမှာ ဖိသိပ်ခံရပြီး တကိုယ်လုံး ကြေမွသွား၏။ သူ၏ ရှေးဦးဝိညာဉ်သည်ပင် မလွတ်မြောက်နိုင်ခဲ့ပေ။
လော့ရှန်းလင်က မထိန်းချုပ်ထားတော့ပါ။ သူမ၏ အနက်ရောင် ဆံပင်များက လေထဲတွင် လူးလွန့်လှုပ်ရှားလာခဲ့သည်။ အင်မော်တယ်တစ်ပိုင်း အရှိန်အဝါများကလည်း ကမ္ဘာကို တုန်လှုပ်စေသော နတ်ဘုရားမကဲ့သို့ ပေါက်ကွဲထွက်လာ၏။
အခြား ဆန်းကျယ်ကောင်းကင်အဓိပဓိနှင့် နတ်ဖန်ဆင်းခြင်း အဓိပဓိများမှာ ဘာမျှပင် မလုပ်နိုင်ခဲ့ပေ။
အင်မော်တယ်တစ်ပိုင်း အကျော်အမော်တစ်ပါး၏ ကြောက်စရာကောင်းသော နိယာမစွမ်းအားက တိုးဝင်လာခဲ့သည်။
ဆန်းကျယ်ကောင်းကင်အဓိပဓိနှင့် နတ်ဖန်ဆင်းခြင်း အဓိပဓိတို့၏ ခန္ဓာကိုယ်နှင့် ရှေးဦးဝိညာဉ်များက နိယာမမြစ်ကြီးအတွင်း၌ အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။
သူတို့အားလုံး မည်မျှပင် ရုန်းကန်နေစေကာမူ မလွတ်မြောက်နိုင်တော့ပါ။ အင်အားကွာဟမှုက ကြီးမားလွန်းသည်။
ခဏတာအတွင်းမှာပင်၊ တော်ဝင်မျိုးနွယ်စုငါးခု၏ ဆန်းကျယ်ကောင်းကင်အဓိပဓိနှင့် နတ်ဖန်ဆင်းခြင်း အဓိပဓိအားလုံး ကျဆုံးသွားပေသည်။
ဤအခိုက်အတန့်တွင် ခြောက်ခြားဖွယ်ကောင်းအောင် တိတ်ဆိတ်မှုက ကမ္ဘာကို လွှမ်းခြုံသွားပြီး ဟင်းလင်းပြင်သည်ပင် အေးခဲသွားပုံရသည်။
သွေးဝိညာဉ်သူတော်စင်နှင့် အခြားသူများလည်း တုန်လှုပ်လွန်းသဖြင့် လိပ်ပြာဝိညာဉ်များပင်လျှင် လွင့်စဉ်မတတ် ဖြစ်သွားတော့သည်။